ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာ့လူဦးရေအများဆုံး ၁၀ နိုင်ငံထဲက ၈ နိုင်ငံ ကမ္ဘာ့ဖလားမှာမပါတာ ဘာကြောင့်လဲ
- ရေးသားသူ, ဖာဒန်ဒို ဒူတာတေး
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၇
ဇွန်လ ၁၇ ရက်မှာ အာဂျင်တီးနားအသင်း ၂၀၂၆ ကမ္ဘာ့ဖလား အဖွင့်ပွဲ ကစားချိန် အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ် မက်ဆီတစ်ယောက် အယ်လ်ဂျီးရီးယားအသင်း ဂိုးသမားကို ကျော်ပြီး ဂိုးသွင်းကြတဲ့အခါ ဒီပွဲကို စောင့်ကြည့်နေတဲ့ပရိသတ်တွေကြား အုန်းအုန်းကျက်ကျက်ဖြစ်ကုန်ပါတယ်။
သူတို့တွေ အာဂျင်တီးနားအသင်းကို အားပေးနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ လူအုပ်ထဲမှာ အာဂျင်တီးနားနိုင်ငံသား တစ်ယောက်တောင် မပါဝင်ပါဘူး။ ပရိသတ်တွေ ပျော်လွန်းလို့ ထ ခုန်ကြပါတယ်။ အများစုက အာဂျင်တီးနားအသင်းနဲ့နာမည်ကျော် အဖြူရောင်နဲ့ ကောင်းကင်ပြာရောင်အင်္ကျီတွေ ဝတ်ထားကြပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာက ဘောလုံးပွဲစုကြည့်ကြတဲ့လေဟာပြင်ပွဲ တစ်ခုမှာ မြင်ရတာပါ။
အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က မြို့ကြီးတွေမှာလည်း အလားတူ မြင်ကွင်းမျိုးနဲ့ ကွင်းထဲ ဘောလုံးစုကြည့်ကြတာတွေ ရှိပါတယ်။
ဒီလူတွေဟာ သူတို့နိုင်ငံအသင်းတွေ ကမ္ဘာ့ဖလား ခြေစစ်ပွဲတောင် မအောင်ကြတဲ့အခါ မက်ဆီနဲ့ အာဂျင်တီးနား အသင်းသားတွေကို သူတို့ နိုင်ငံအသင်းလို မှတ်ယူပြီး အားပေးလိုက်ကြတာဖြစ်ပါတယ်။
ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံ ၁၀ နိုင်ငံထဲက အမေရိကန်နဲ့ ဘရာဇီး ၂ နိုင်ငံပဲ လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲထဲ ရောက်ပါတယ်။ အရင်ကတော့ ရုရှားနဲ့ နိုင်ဂျီးရီးယားတို့လည်း ကမ္ဘာ့ဖလား ဝင်ကန်နိုင်ခဲ့ကြပါတယ်။
ကမ္ဘာမှာနာမည်အကျော်ဆုံး ကမ္ဘာ့ဖလားပွဲမှာ တရုတ်နဲ့ အင်ဒိုနီးရှားတို့လည်း ဝင်ပြိုင်ဖူးကြပါတယ်။
ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အီသီယိုးပီးယားနဲ့ ပါကစ္စတန်နိုင်ငံတို့ လည်း ကမ္ဘာ့ဖလားပြိုင်ဖို့ အိမ်မက်မက်နိုင်တဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်။ တကယ်တော့ အိန္ဒိယဟာ ၁၉၅၀ ဘရာဇီးကမ္ဘာ့ဖလားကို ခြေစစ်ပွဲ အောင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲစခင် တစ်လတောင် မတိုင်ခင်မှာပဲ ပွဲကနေ နုတ်ထွက်သွားပါတယ်။
''ဘောလုံးပရိသတ် သန်းနဲ့ချီ ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဘောလုံးအားကစားမှာ နောက်ကျကျန်ရစ်နေတာကတော့ လုံးဝ လက်မခံနိုင်စရာပါပဲ'' လို့ ဘင်္ဂလားဒေ့ရှ် နာမည်ကျော် သရုပ်ဆောင်လည်းဖြစ်၊ စာရေးသူလည်းဖြစ်သလို ဘောလုံးပရိသတ် တစ်ဦးလည်းဖြစ်တဲ့ အော်ဒီတက် ကရင်းက ဘီဘီစီကို ပြောပါတယ်။
ဒါဆို လူဦးရေများတာနဲ့ ဘောလုံးလောကမှာ အောင်မြင်မှု ထပ်တူ မကျနိုင်တာ ဘာကြောင့်လဲ။
လူဦးရေက တကယ်အရေးပါလား
သီအိုရီအရဆိုရင်တော့ နိုင်ငံတစ်နိုင်ငံဟာ လူဦးရေများတယ်ဆိုရင်တော့ အားကစားသမားကောင်းကို ထွက်လာဖို့လည်း ပိုပြီး အခွင့်အရေးများပါတယ်။
ကမ္ဘာ့ဖလားကို နိုင်ခဲ့တဲ့ နိုင်ငံ ၈ နိုင်ငံထဲက ၇ နိုင်ငံ (အာဂျင်တီးနား၊ ဘရာဇီး၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ စပိန်)ဟာ လူဦးရေများတဲ့အချိန်ဖြစ်ပါတယ်။
ဒီနေရာမှာ ချွင်းချက်က ဉရုဂွေး ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တခြားနိုင်ငံတွေလည်း ပါလာပါတယ်။
ဒါပေမဲ့ လူဦးရေအရွယ်အစားဟာ အရေးကြီးအကြောင်းရင်းတွေထဲက တစ်ခုပဲဖြစ်တယ်လို့ ဗြိတိသျှ စီးပွားရေးပညာရှင် စတီဖန် ဇီမန်စကီက ပြောပါတယ်။
''ဘောလုံး အားကစားဟာလည်း နိုင်ငံ့စီးပွားရေးလိုပါပဲ။ နိုင်ငံ့စီးပွားရေးတိုးတက်ဖို့ဆိုရင် လူအင်အား လိုအပ်တယ်။ ပြီးတော့ ငွေအားနဲ့ အခြေခံအဆောက်အအုံအားလည်း လိုအပ်တယ်''လို့ သူက ပြောပါတယ်။ သူက အားကစားလောက အောင်မြင်မှုနဲ့ ကျဆုံးမှုတွေကို အချက်အလက်နဲ့ စိစစ်ခွဲခြမ်းစိတ်ဖြာတဲ့ရောင်းအားကောင်းစာအုပ် ဘောလုံးစီးပွားကို ရေးသားသူဖြစ်ပါတယ်။
''ဘောလုံးလောကအတွက်ဆိုရင်တော့ လေ့ကျင့်ရေးပြည်စုံနဲ့ ခြေစွမ်းရှိသူကို ရှာနိုင်စွမ်းပေါ့''
ဇီမန်စကီကတော့ ဘောလုံးအားကစားမှာ အောင်မြင်တဲ့နိုင်ငံတွေရဲ့တူညီတဲ့နောက်တစ်ချက်က ချမ်းသာကြွယ်ဝမှုဖြစ်တယ်လို့ သူ လေ့လာထားတာကို ပြောပြပါတယ်။
ဘောလုံးစီးပွားဆိုတဲ့စာအုပ်ထဲမှာ ဇီမန်စကီနဲ့ ပူးတွဲရေးသားသူ ဆိုင်မွန် ကူပါတို့ဟာ နိုင်ငံတွေအနေနဲ့ ''ဘယ်အရာမှာမဆို အနိုင်ရဖို့ဆိုရင် နှစ်စဉ် တစ်ဦးချင်း ဝင်ငွေဟာ ပျမ်းမျှ ဒေါ်လာ ၁၅,၀၀၀ အနည်းဆုံးရှိဖို့'' လိုအပ်မယ်လို့ ရေးထားပါတယ်။
ဒါပေမဲ့ ဘရာဇီးနဲ့ အာဂျင်တီးနားတို့က လူတစ်ဦးရဲ့ပျမ်းမျှဝင်ငွေဟာ ဒီနှုန်းရဲ့အောက်မှာရှိနေပါတယ်။ ဒါပေမဲ့ သူတို့နှစ်နိုင်ငံပေါင်းဆိုရင် ကမ္ဘာ့ဖလားနိုင်တာ ၈ ကြိမ်အထိရှိခဲ့ပြီးဖြစ်ပါတယ်။
ဇီမန်စကီကတော့ ဒါဟာ တတိယအချက်ဖြစ်တဲ့နည်းနာနဲ့ နည်းစနစ်ပိုင်းမှာ အရေးကြီးတာကိုလည်း ပြသတယ်လို့ဆိုပါတယ်။
''ဒါက အတွေ့အကြုံနဲ့လည်းဆိုင်ပါတယ်။ ကမ္ဘာ့ဖလားနိုင်ဖူးသမျှနိုင်ငံတွေဟာ ကိုလိုနီနယ်ချဲ့မှု မပြီးဆုံးခင် လွန်ခဲ့တဲ့နှစ်တစ်ရာကတည်းက ဘောလုံးအားကစားကို လွှမ်းမိုးထားတဲ့နိုင်ငံတွေ ဖြစ်နေပြန်တယ်''
အမီလိုက်ရတဲ့ကစားနည်း
ရိုးရိုးရှင်းရှင်းပြောရရင်တော့ ကမ္ဘာ့ဖလားမှာ ပုံမှန်ဝင်ပြိုင်တွေနဲ့နိုင်ငံတွေအပြင် ဘောလုံးမှာ အောင်မြင်တဲ့နိုင်ငံတွေဟာ ကမ္ဘာ့ဖလားပွဲသမိုင်းမှာ များများဝင်ပြိုင်ကြတဲ့နိုင်ငံတွေလည်းဖြစ်ပါတယ်။ အထူးသဖြင့် တောင်အမေရိကနဲ့ ဥရောပတို့ဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ယှဉ်ပြိုင်မှုအားကောင်းတဲ့ဒေသတွေဖြစ်ပါတယ်။
တောင်အမေရိကက လူဦးရေ ၃ သန်းခွဲပဲ ရှိတဲ့ ဉရုဂွေးနိုင်ငံဟာ ၁၉၃၀ နဲ့ ၁၉၅၀ မှာ ကမ္ဘာ့ဖလား ၂ ကြိမ်နိုင်ခဲ့တာကလည်း နမူနာဖြစ်ပါတယ်။ ဥရုဂွေးဟာ ပထမဆုံးကစားတဲ့ နိုင်ငံတကာပွဲမှာ အာဂျင်တီးနားကို ၆ ဂိုးပြတ်နဲ့ရှုံးခဲ့ပါတယ်။ အဲဒါက ၁၉၀၂ ခုနှစ်မှာ ကန်ခဲ့တာပါ။ ပြီးတော့ အဲဒီပွဲဟာ ဘရာဇီးဟာ သူ့ရဲ့ပထမဆုံးနိုင်ငံတကာပွဲကို မပြိုင်ခင် ၁၂ နှစ် ကြိုစော ကန်ခဲ့တာဖြစ်ပါတယ်။
အာဖရိကနဲ့ တောင်အာရှနိုင်ငံတွေဟာ ဘောလုံးလောကမှာ နောက်ပိုင်းရောက်မှ အမီလိုက်ခဲ့ရတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အတော်လေး အမီလိုက်ခဲ့ကြရတာပါ။
တချို့နိုင်ငံတွေကတော့ ထူးထူးချွန်ချွန်ပဲ ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် စပိန်နဲ့ ပြင်သစ် လက်ကနေ ၁၉၅၆ ခုနှစ်မှာ လွတ်လပ်ရေးရတဲ့ မော်ရိုကိုပါ။ မော်ရိုကိုဟာ ၂၀၂၂ ခုနှစ် ကာတာမှာလုပ်တဲ့ ကမ္ဘာ့ဖလားမှာ အကြိုဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တဲ့ ပထမဆုံး အာဖရိကနိုင်ငံဖြစ်လာပါတယ်။ တောင်ကိုရီးယားကတော့ ၂၀၀၂ ခုနှစ်မှာ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့အခါမှာ ထိပ်ပိုင်း ၄ သင်းရောက်ခဲ့တဲ့ ပထမဆုံးအာရှနိုင်ငံဖြစ်ခဲ့ပါတယ်။
''ဒါပေမဲ့ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနိုင်ငံတွေဟာ အမီမလိုက်နိုင်တာတွေလည်း မြင်ခဲ့ရပါတယ်'' လို့ ဇီမန်စကီက သူ့တွေ့ရှိချက်ကို ပြောပါတယ်။
ဒီနိုင်ငံတွေဟာ အရင်းအမြစ်နဲ့ စွမ်းဆောင်ရည်မလုံလောက်မှုတွေကြောင့် ရုန်းကန်ခဲ့ကြရတာလို့လည်း စီးပွားရေးပညာရှင် ဇီမန်စကီက ပြောပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံတွေဟာ ဘောလုံးအားကစားမှာ နည်းစနစ်ပိုင်းမှာလည်း ရုန်းကန်နေရတုန်းပဲလို့ သူက ယုံကြည်ပါတယ်။
အီသီယိုးပီးယားရဲ့ အခက်အခဲတွေ
အီသီယိုးပီးယားဟာ ကမ္ဘာ့ဖလားကို ဘယ်တုန်းကမှ ခြေစစ်ပွဲမအောင်ခဲ့ပါဘူး။ ဒါပေမဲ့ အာဖရိက နေးရှင်းဖလားမှာတော့ ၁၉၆၂ ခုနှစ်တုန်းက အနိုင်ရခဲ့ဖူးပါတယ်။ အီသီယိုးပီးယားဟာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားအတွက် အာဖရိက အသင်းတွေ ခြေစစ်ပွဲအတွက် အိမ်ကွင်း အဝေးကွင်း ကန်ခဲ့ရတာတော့ရှိခဲ့ပါတယ်။ ခြေစစ်ပွဲ အောင် မအောင်ဆုံးဖြတ်တဲ့အဆင့်အရောက်မှာ နိုင်ဂျီးရီးယားကို ရှုံးနိမ့်ခဲ့ပါတယ်။
လက်ရှိမှာတော့ အီသီယိုးပီးယား ဘောလုံးလောကဟာ ငွေကြေးစိုက်ထုတ်ရင်းနှီးမြှုပ်နှံမှု အားလျော့နေတာကို ရင်ဆိုင်နေရတယ်လို့ ဒေသတွင်း မီဒီယာတွေက သတင်းဖော်ပြပါတယ်။ ဒီထဲက နမူနာတစ်ခုကတော့ အီသီယိုးပီးယားရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံး လိဂ်ပြိုင်ပွဲဟာ အခုအထိကန်နေဆဲ ဘောလုံးရာသီမှာ ကစားပွဲတွေ ကျင်းပဖို့ သင့်တော်တဲ့ကွင်း မလုံလောက်မှုနဲ့ ကြုံတွေ့နေပါတယ်။
''ဒီရာသီဟာ ကန်ရမယ့်ပွဲပေါင်းက ၃၈၀ ကျော်အထိ ရှိနေပါတယ်။ အဲဒါကို ကန်နိုင်မယ့် ကွင်းက ၃ ကွင်းနဲ့ပဲ အသုံးပြုနေရတယ်'' လို့ အီသီယိုးပီးယား ပရီးမီးယားလိဂ် အမှုဆောင်အရာရှိချုပ် ကီဖယ် ဆိုင်ဖီက The Reporter သတင်းစာကို ဇွန်လ ၂၇ ရက်တုန်းက ပြောထားပါတယ်။
အဲဒီလိုမလုံလောက်မှုဟာ အမျိုးသားအသင်းအပေါ်လည်း သက်ရောက်ပါတယ်။ ဒါကြောင့် အီသီယိုးပီးယားဟာ အာဖရိက ခြေစစ်ပွဲတွေအတွက် အိမ်ကွင်းပွဲတွေကို မော်ရိုကိုမှာ သွားကန်ခဲ့ရတာဖြစ်ပါတယ်။
ခရစ်ကတ်က တောင်အာရှအတွက် ဘောလုံးအစားထိုး ကစားနည်းလား
တချို့နိုင်ငံတွေဟာလည်း တစ်ဖက်မှာ ဘောလုံးထက် တခြားအားကစားနည်းတွေ တိုးတက်နေပြန်ပါတယ်။ အထူးသဖြင့် အိန္ဒိယဟာ ကမ္ဘာမှာ ခရစ်ကတ် ကစားနည်း အလွှမ်းမိုးဆုံးနိုင်ငံဖြစ်ပြီး သူ့ရဲ့ပရော်ဖက်ရှင်နယ်ပြိုင်ပွဲ IPL ဟာ ကမ္ဘာမှာ ငွေကြေးအသုံးအများဆုံးဖြစ်နေပါတယ်။
အိန္ဒိယရဲ့နိုင်ငံတကာကစားသမား ရှေယမ် သာပါအပြောအရဆိုရင် ဒါဟာ ကစားသမားကို စုဖို့ အခက်အခဲအများကြီး ကြုံခဲ့ရပါတယ်။ IPL အောင်မြင်လာချိန်မှာ လူလတ်တန်းစားနဲ့ အထက်တန်းလွှာက မိဘတွေဟာ သူတို့ ကလေးတွေကို ဘောလုံးကစားထက် ခရစ်ကတ်ဘက်ကို ကစားဖို့ လမ်းကြောင်းပြောင်းလာမှုလည်း မြင့်လာပါတယ်။
''မိဘတွေအနေနဲ့ ဘောလုံးအားကစားနည်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်၊ ငွေရှာနိုင်တယ်ဆိုတာကိုလည်း နားလည်ဖို့လိုပါတယ်'' လို့ သာပါက ဘီဘီစီ သတင်းကို ပြောပါတယ်။
ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် သရုပ်ဆောင်လည်းဖြစ်၊ ဘောလုံးပရိသတ်တစ်ဦးလည်းဖြစ်တဲ့ အော်ဒီတက် ကရင်း ကတော့ သြစတြေးလျနဲ့ နယူးဇီလန်တို့ဟာ ခရစ်ကတ်အားကစားနည်းမှာရှေ့ပြေးပေမဲ့ ဘောလုံးအားကစားနည်းကိုလည်း တိုးတက်အောင်လုပ်နေပြီဆိုတဲ့အချက်ကို သူက ထောက်ပြပါတယ်။
''ခရစ်ကတ် နာမည်ကြီးလို့ အဲဒီဘက်ကို ဇောင်းပေးတယ်ဆိုတာက ဆင်ခြေသက်သက်ပါ'' လို့ သူက ပြောပါတယ်။ သူကိုယ်တိုင်လည်း ခရစ်ကတ်ကစားနည်းကို အားပေးတဲ့သူပါ။
''ကမ္ဘာ့ဖလားမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံအဆင့် ပြင်ဆင်တာ၊ မူဘောင်ချတာမျိုး ဘာမှကို ရှိမနေတာပါ''
တရုတ်ဟာ ဘောလုံးလောကအတွက် အိပ်ပျော်နေဆဲလား
ဘောလုံးလောကနဲ့ တရုတ်အကြောင်းပြောရင်တော့ ပဟေဠိဆန်ပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ တရုတ်ဟာ အိုလံပစ်လို အားကစားတွေမှာ အအောင်မြင်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်နေပါတယ်။ ဒါပေမဲ့ တရုတ် အမျိုးသားဘောလုံးအသင်းကတော့ အလားတူ ရလဒ်မျိုး မဆောင်ကျဉ်းနိုင်သေးပါဘူး။
''တရုတ်လို နိုင်ငံကြီးအနေနဲ့ ကမ္ဘာ့အဆင့် ဘောလုံးသမားတွေကို မပျိုးထောင်နိုင်၊ မထွက်နိုင်ဘူးဆိုတာ ဖြစ်နိုင်ခြေရှိပါတယ်'' လို့ ဘေကျင်းအခြေစိုက် တရုတ်ဘောလုံးလောကရေးရာ ကျွမ်းကင်သူ မာ့ခ် ဒရေယာက ပြောပါတယ်။
''တကယ့် ပြဿနာက တရုတ်ဟာ အရာအားလုံးကို နိုင်ငံတော်က ချုပ်ကိုင်တယ်။ ထိပ်ပိုင်းကနေမှ အောက်ခြေအဆင့်ဆင့် ဆင်းတာမျိုးဖြစ်တယ်။ ဘောလုံးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ချဖို့ဆိုရင် ဘောလုံးလောကမှာ ကျွမ်းကျင်တဲ့သူဖြစ်ဖို့လိုတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ စွက်ဖက်မှုက သိပ်ကိုများလွန်းတယ်''
တရုတ်ဟာ ၂၀၁၀ ပြည်နှစ်တွေကစလို့ ဘောလုံးအားကစားအတွက် ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် လုပ်ခဲ့ပေမဲ့ ၂၀၀၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားဆီကို ခြေဦးမလှည့်သေးပါဘူး။ ဘောလုံးအားကစားမှာ ရင်းနှီးမြှုပ်နှံတဲ့အကြောင်းပြောရရင်တော့ တရုတ်ဟာ ကစားတဲ့အဆင့်အတန်းမြှင့်ဖို့ဆိုပြီး တောင်အမေရိကနဲ့ ဥရောပတို့က နာမည်ကြီး ကစားသမားစုံကို သူ့ရဲ့ ပရော်ဖက်ရှင်နယ်လိဂ်ထဲ ခေါ်သွင်းတာလည်း ပါဝင်ပါတယ်။
တရုတ်လိုပဲ အင်ဒိုနီးရှားဟာလည်း ၁၉၃၈ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲ အရသာကို မမြည်းစမ်းနိုင်သေးပါဘူး။ အဲဒီတုန်းကတော့ အင်ဒိုနီးရှားဟာ နယ်သာလန်ရဲ့ ကိုလိုနီနယ် ဒတ်ချ် အရှေ့ အင်ဒီးစ်အဖြစ် ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။
အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလည်းဖြစ်တဲ့ အင်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာတော့ တာထွက်ကောင်းခဲ့ပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံးအဆင့်အထိရောက်ခဲ့ပါတယ်။
ဒါပေမဲ့ အင်ဒိုမှာမွေး အင်ဒိုမှာကြီးတဲ့ ခြေစွမ်းကောင်း ဘောလုံးသမားတွေထက် အင်ဒိုနွယ် ဥရောပဖွား ကစားသမားတွေကို အသင်းအတွက် စုစည်းခဲ့တာက စွမ်းဆောင်ရည်အပိုင်းကို သိနိုင်တဲ့အချက်ဖြစ်ခဲ့ပါတယ်။
''အသင်းအတွက် ကစားသမား ရွေးချယ်တဲ့အခါမှာ ဥရောပဖွား ကစားသမားတွေက ၈ ယောက် ဒါမှမဟုတ် ၉ ယောက်လောက် ပါနေတဲ့အခါမျိုးလည်း တွေ့ရတယ်'' လို့ ဘီဘီစီ အင်ဒိုနီးရှားဘာသာစကားဌာန သတင်းအယ်ဒီတာ ဂျမုန်း ဝီရဝမ်က ပြောပါတယ်။
ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ကမ္ဘာ့ဖလား အာရှ ခြေစစ်ပွဲတွေမှာ အုပ်စုအဆင့်မှာတင် နုတ်ထွက်ရပါတယ်။ နှစ်သင်းစလုံး အုပ်စုအဆင့်ကစားတဲ့ ၆ ပွဲစလုံး မနိုင်ခဲ့ကြပါဘူး။ နောက်ပြီး ပါကစ္စတန်ဟာ နိုင်ငံ့ဘောလုံးအဖွဲ့ချုပ်ထဲက အာဏာအားပြိုင်မှုတွေကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ၂၀၁၇ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့ဖလားတွေမှာ ဝင်ပြိုင်ခွင့် ၃ ကြိမ်အထိ တားမြစ်ခဲ့ပါတယ်။
ရတဲ့နည်းလမ်းနဲ့ကမ္ဘာ့ဖလားကို အားပေးမယ်
ဒါကြောင့် နိုင်ငံအများစုက ဘောလုံးပရိသတ်တွေအတွက်တော့ နိုင်ငံအသင်း ကမ္ဘာ့ဖလားမှာ အောင်ပွဲခံတာကို မြင်တွေ့ရဖို့ အလှမ်းဝေးနေပါသေးတယ်။
ဒီအတောအတွင်းမှာတော့ ဘောလုံးပရိသတ်တွေ နှစ်သိမ်ဖြေသာစရာက ကမ္ဘာ့ဖလားမှာ ကိုယ်ကြိုက်နှစ်သက်တဲ့အသင်းကို အားပေးတာပဲလို့ ကရင်းက ပြောပါတယ်။
''တကယ့်လက်တွေ့အခြေအနေမှာ ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့ဖလားဝင်ပြိုင်နိုင်ဖို့ရာ လမ်းမမြင်သေးပါဘူး''
''ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် ဘောလုံးပရိသတ်တွေကတော့ ကမ္ဘာ့ဖလားရဲ့အပျော်ကို သူတို့ ထိတွေ ကူးစက်ချင်နေကြတုန်းပါပဲ''