ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, လူ ၂၀၀ ‌ကျော်သေဆုံးခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ဆောက်လုပ်ရေးပိုင်ရှင် ထောင် ၅ နှစ်ကျ

လူ ၂၀၀ ‌ကျော်သေဆုံးခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ဆောက်လုပ်ရေးပိုင်ရှင် ထောင် ၅ နှစ်ကျတဲ့သတင်းအပါအဝင် ဇူလိုင် ၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ရန်ကုန်တိုင်းထဲက ဥက္ကံမြို့၊ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ထဲက ငဖြူကလေးရွာနဲ့ မွန်ပြည်နယ်ထဲက ပေါင်မြို့နယ်တို့မှာ လေဆင်နှာမောင်းတိုက်လို့ အိမ်အလုံးရေ ၅၀ ထက်မနည်းပျက်စီး
  • မဲခေါင်မြစ်ကနေ မဂ္ဂါဝပ် ၂,၇၀၀ ကျော် လျှပ်စစ်ဓာတ်အားထုတ်ဖို့ စီမံကိန်းဖြစ်တန်ခြေသဘောတူညီချက် မြန်မာ-လာအို နှစ်နိုင်ငံလက်မှတ်ရေးထိုး
  • ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အလှူပြုလုပ်ခဲ့တဲ့အကြောင်း လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်း နိုင်ငံတော်ဆူပူစေရန်လှုံဆော်မှုနဲ့ အမှုဖွင့်ခံရ
  • လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့တဲ့ မန္တလေး၊ ချမ်းအေးသာစံမြို့က Sky Villa ကွန်ဒိုကိုဆောက်ခဲ့တဲ့ NTL ‌ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးနိုင်ထွန်းလင်း ထောင် ၅ နှစ်ချမှတ်ခံရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လူ ၂၀၀ ‌ကျော်သေဆုံးခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ဆောက်လုပ်ရေးပိုင်ရှင် ထောင် ၅ နှစ်ကျ

    မြန်မာမှာ ၂၀၂၅ ခုနှစ်၊ မတ်လတုန်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးအတွင်း လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့တဲ့မန္တလေးမြို့က Sky Villa ကွန်ဒိုကို ဆောက်လုပ်တဲ့ပိုင်ရှင် ဦးနိုင်ထွန်းလင်းဟာ ပုဒ်မ ၃၀၄(က)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၅ နှစ် ချမှတ်ခံလိုက်ရတယ်လို့ ဒီအခြေအနေကိုသိရတဲ့ သတင်းရင်းမြစ်တချို့က ဘီဘီစီကို အတည်ပြုပါတယ်။

    Sky Villa ကွန်ကိုဆောက်ခဲ့တဲ့ NTL ‌ဆောက်လုပ်ရေးပိုင်ရှင် ဦးနိုင်ထွန်းလင်းကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် တရားရုံးကနေ လူသေစေမှု ပုဒ်မနဲ့ ဇွန်လ ၂၃ ရက်မှာ အမိန့်ချလိုက်တာလို့ အမှုအခြေနေသိရှိသူက ပြောပါတယ်။

    သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ ထောင်ဒဏ် ၅ နှစ်ချတဲ့ တရားရုံးရဲ့ စီရင်ချက်အပေါ် တရားလိုဘက်က ကျေနပ်မှုမရှိတာကြောင့် ပြင်ဆင်ပေးဖို့ အထက်တရားရုံးဖြစ်တဲ့ ခရိုင်တရားရုံးကို လျှောက်ကြားထားတယ်လို့လည်း နားလည်ရပါတယ်။

    ဒီအမှုကို အောင်မြေသာစံမြို့နယ်၊ မန္တလေးနန်းရှေ့၊ အမှတ် ၁ ရဲစခန်းမှာ ဖွင့်ခဲ့တာဖြစ်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)ကနေ အမှုကို ကိုင်တွယ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနသတင်းရင်းမြစ်တစ်ဦးက အစောပိုင်းကတည်းက ပြောပါတယ်။

    Sky Villa ကွန်ဒိုအိမ်ရာဟာ ငလျင်လှုပ်ခတ်ပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပဲ အဆောက်အဦအားလုံးနီးပါးပြိုကျပျက်စီးခဲ့လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူ လူ ၂၀၆ ဦး သေဆုံးခဲ့ပါတယ်။ Sky Villa ကွန်ဒိုတိုက်ခန်းတွေကို ကြော်ငြာရောင်းချခဲ့ချိန်မှာ ငလျင်ဒဏ်ခံနိုင်တဲ့ဆိုတဲ့ အချက်ကိုပါ ထည့်သွင်း‌ ကြော်ငြာခဲ့တာဖြစ်ပါတယ်။

    ဒါပေမဲ့ ငလျင်ကြီးလှုပ်ခတ်တဲ့အခါ ပြိုကျပြီး လူပေါင်းရာချီ သေဆုံးရမှုမှာ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးနိုင်ထွန်းလင်းဟာ ထောင် ၅ နှစ်ချမှတ်ခံရတဲ့အပေါ် ပြိုကျမှုမှာ နစ်နာခဲ့သူတွေက မကျေမနပ်ဖြစ်နေကြတယ်လို့ Sky Villa ပြိုကျမှုမှာ မိသားစုဝင် ၄ ဦး ဆုံးရှုံးလိုက်ရသူ တစ်ဦးက ထုတ်ပြောပါတယ်။

    “အကုန်လုံးက ဂရုထဲမှာ ရေးနေ ပြောနေကြတာ၊ လူတွေ အများကြီး သေတယ်။ အခန်းတွေလည်း ဆုံးရှုံးတယ်။ ထောင်ဒဏ်က ၅ နှစ်တည်းဆို‌တော့ ဘယ်သူမှ မကျေနပ်ကြဘူး”လို့ ကွန်ဒို မပြိုကျခင် အခန်းပိုင်ရှင်တွေ စုဖွဲ့ထားတဲ့အွန်လိုင်းဂရုမှာ ရေးသားနေကြတာတွေ မြင်တွေ့နေရတာကို သူက ရှင်းပြပါတယ်။

    Sky Villa ဘက်ကတော့ သေဆုံးခဲ့သူတစ်ဦးကို “ကရုဏာကြေး” အဖြစ်ဆိုပြီး ကျပ်သိန်း ၁၀၀ ထောက်ပံ့ခဲ့ပြီး ပြီးခဲ့တဲ့မတ်လမှာတော့ အုပ်ချုပ်ရေးဦးစီးဌာနက အခန်းပိုင်ရှင်တစ်ယောက်ချင်းစီအတွက် ''ကူညီငွေ'' အနေနဲ့ တစ်ယောက်ကို ကျပ်ငွေ သိန်း ၂၀၀နဲ့ ဆောက်လုပ်ရေးပစ္စည်းတချို့ ပေးခဲ့တယ်လို့ အခန်းပိုင်ရှင်တချို့ဆီကနေ မတ်လတုန်းက သိရပါတယ်။

    ဒါပေမဲ့ ငလျင်ကြောင့် Sky Villa ပြိုကျမှုမှာ ပျက်စီးသွားတဲ့အခန်းတွေရဲ့ ပိုင်ရှင်တွေအတွက် နစ်နာကြေးပေးမယ်ဆိုတာမျိုး အခု ဇူလိုင်လအထိ ကွန်ဒိုဘက်က ပြောလာတာ မရှိသေးဘူးလို့ ငလျင်မှာအိမ်ခန်းဆုံးရှုံးခဲ့သူတွေဆီကနေ သိရပါတယ်။V

  2. ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အလှူလုပ်တဲ့ NLD အမတ်ဟောင်း အင်းစိန်ထောင်မှာ ဖမ်းဆီးခံနေရ

    ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အလှူပြုလုပ်ခဲ့တဲ့အကြောင်း လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်း ဒေါက်တာစောနိုင်ဟာ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံရပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

    သွားဆရာဝန် ဒေါက်တာစောနိုင်ဟာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး လွတ်မြောက်ဖို့ ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ သံဃာတွေကို လှူဖွယ်ဆက်ကပ်ပြီး ဆုတောင်းတဲ့ဓာတ်ပုံနဲ့စာကို သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ ရေးသားခဲ့ပြီးတဲ့နောက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    အဲဒီနေ့မှာပဲ အာဏာပိုင်တွေက ဒေါက်တာစောနိုင်နဲ့ဇနီးဖြစ်သူကို ရန်ကုန်မြို့၊တောင်ဥက္ကလာမြို့နယ်ထဲက သူတို့ရဲ့နေအိမ်ကို လာရောက်ဖမ်းဆီးခဲ့ပြီး ဇနီးဖြစ်သူကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

    ဒါပေမဲ့ ဒေါက်တာစောနိုင်ကတော့ နိုင်ငံတော်ဆူပူစေရန်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမှုဖွင့်တရားစွဲခံထားရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

    “အခုတော့ ဦးစောနိုင်ကို အင်းစိန်ထောင်ကို ပို့ထားတယ်”လို့ သိရတဲ့အကြောင်း ရှေ့နေတစ်ဦးက ပြောပါတယ်။

    ဒေါက်တာစောနိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ်ကနေ NLD ပါတီ ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်ပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။

    မြန်မာနိုင်ငံရှေ့နေ့များကောင်စီ(BLC) ရဲ့ အဖွဲ့ဝင်တစ်ဦးကတော့ ဒေါက်တာစောနိုင် ဖမ်းဆီးအမှုဖွင့်ခံရတဲ့အပေါ် ဒါဟာ နိုင်ငံရေးလှုပ်ရှားမှုတစ်ခုမဟုတ်သလို ကိုးကွယ်တဲ့ ဘာသာအလိုက် မွေးနေ့မှာ ဆွမ်းကပ်ပြီး ဆုတောင်းစာမျှဝေတာဟာ အမှုဖွင့် အရေးယူရတဲ့အထိ ပြစ်မှုမမြောက်ဘူးလို့ ကန့်ကွက်ပြောဆိုပါတယ်။

    ဒေါက်တာစောနိုင် တရားစွဲဆိုခံထားရတဲ့ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဟာ ထောင်ဒဏ်နဲ့ ငွေဒဏ်၂ ရပ်လုံးအရေးယူခံရနိုင်သလို အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

  3. မဲခေါင်မြစ်ကနေ ဓာတ်အား မဂ္ဂါဝပ် ထောင်ချီထုတ်ဖို့ နေပြည်တော်နဲ့လာအို ခြေလှမ်း

    မြန်မာနဲ့ လာအိုကို ဖြတ်သန်းစီးဆင်းတဲ့ မဲခေါင်မြစ်ကနေ မဂ္ဂါဝပ် ၂,၇၀၀ ကျော် လျှပ်စစ်ဓာတ်အားထုတ်ဖို့ စီမံကိန်းဖြစ်တန်ခြေသဘောတူညီချက်ကို နေပြည်တော်နဲ့ လာအိုတို့ လက်မှတ်ရေးထိုးလိုက်တယ်လို့ နှစ်ဖက်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    မဲခေါင်မြစ်ကနေ ရေအားလျှပ်စစ်ထုတ်ဖို့ စီမံကိန်းဖြစ်တန်ခြေလေ့လာရေး သဘောတူညီချက်ကို နေပြည်တော်နဲ့ လာအိုကြား ဗီယန်ကျင်းမြို့မှာ ဇူလိုင် ၄ ရက်တုန်းက လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။

    နေပြည်တော် သမ္မတဦးမင်းအောင်လှိုင် လာအိုနိုင်ငံကို သွားတဲ့ ၃ ရက်ကြာခရီးအတွင်းမှာ ဒီစီမံကိန်း လက်မှတ်ထိုးခဲ့တာလည်း ဖြစ်ပါတယ်။

    မဲခေါင်မြစ်ဟာ မြန်မာမှာဆိုရင် ရှမ်းအရှေ့ တာချီလိတ်နဲ့ လာအိုဘက်မှာဆိုရင် လွမ် နမ်သာ ခရိုင်တို့ကို ဖြတ်သန်းစီးဆင်းပြီး မိုင် ၁၅၀ နီးပါးနဲ့ မြန်မာ- လာအိုပိုင်နက်ကို ပိုင်းခြားထားပါတယ်။

    နေပြည်တော်ကတော့ ရည်မှန်းထားတဲ့ ဒီရေအားလျှပ်စစ်စီမံကိန်းကနေ လျှပ်စစ် မဂ္ဂါဝပ် ၂,၇၉၀ အထိထုတ်လုပ်ဖို့နဲ့ စီမံကိန်းဖြစ်တန်ခြေကို ၃ နှစ်အတွင်းပြုလုပ်ဖို့ သဘောတူထားတယ်လို့ ထုတ်ပြန်ချက်တွေက ဆိုပါတယ်။

    ဒီစီမံကိန်းအတွက် မြန်မာဘက်က Primus Sapphire Power Co., Ltd နဲ့ လာအိုနိုင်ငံက Phongsupthavy Group Sole Co., Ltd တို့ ပူးပေါင်းလုပ်ဆောင်ဖို့ လက်မှတ်ထိုးထားတယ်လို့လည်း ဆိုပါတယ်။

    အရပ်သားအစိုးရတွေလက်ထက်မှာ လာအိုနဲ့ မြန်မာကြား လျှပ်စစ်ကဏ္ဍပူးပေါင်း‌ ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MOU)အရ ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ပါတယ်။

    လာအိုဘက်မှာ ထုတ်တဲ့ ရေအားလျှပ်စစ်တွေကို မြန်မာဘက်ကို လျှပ်စစ်လိုင်းတွေသွယ်တန်းပြီး ရောင်းချဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့ကြတယ်လို့ နှစ်နိုင်ငံထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

    ရှမ်းအရှေ့က တာချီလိတ်မြို့ဟာ ထိုင်းနဲ့ လာအိုက တဆင့်ရောင်းချတဲ့လျှပ်စစ် ဓာတ်အားကို မီခိုနေရတာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ကျားဖြန့်နှိမ်နင်းရေးအောက်ကနေ ထိုင်းဘက်က လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်တဲ့အခါ လာအိုရဲ့လျှပ်စစ်ကို ပိုပြီး မှီခိုနေရပါတယ်။

    မဲခေါင်မြစ်ဝှမ်းမှာ လာအိုဟာ တရုတ်နည်းပညာအကူအညီယူပြီး သူ့တစ်ဦးတည်းသာမက တရုတ်နဲ့ ပူးပေါင်းမှုတွေလုပ်ထားတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ အများဆုံးလုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်ပြီး လာအိုနိုင်ငံအနေနဲ့ “အရှေ့တောင်အာရှရဲ့ ဘက်ထရီ” ဖြစ်လာဖို့အထိ ရည်မှန်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

    လာအိုနိုင်ငံမှာဖြတ်သန်းစီးဆင်းတဲ့ မဲခေါင်မြစ်မကြီးပေါ်က ဆည်တချို့မှာလည်း ရေကာတာ ထပ်ဆောက်မယ့်စီမံကိန်းတွေရှိနေသလို မြစ်လက်တက်တွေ ပေါ်မှာလည်း ရေကာတာတွေ အရွယ်အစားအလိုက် ဆယ်နဲ့ချီရှိတယ်လို့ လာအိုက သတင်းဌာနတချို့ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

    တစ်ဖက်မှာလည်း လာအိုရဲ့မဲခေါင်မြစ်ဝှမ်းက ရေအားလျှပ်စစ် စီမံကိန်းတွေကြောင့် မဲခေါင်ဒေသရဲ့ငါးလုပ်ငန်းအပါအဝင် ‌ဂေဟစနစ်ပျက်စီးသလို မဲခေါင်မြစ်အောက်ဘက်က ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာလည်း ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေထိခိုက်တယ်ဆိုပြီး ဒီစီမံကိန်းတွေကို နိုင်ငံတကာ၊ ဒေသတွင်းနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက်နေကြပါတယ်။

  4. ရခိုင်ရိုးမကပွိုင့်စခန်းတွေကို အေအေသိမ်းအပြီး ဧရာဝတီကို စစ်တပ်အင်အားဖြည့်

    ရခိုင်နဲ့ ဧရာဝတီအစပ်မှာ ခြေသံလုံလုံနဲ့စစ်ရေးဖော်ဆောင်နေတဲ့ အာရက္ခတပ်တော် (အေအေ)ဟာ ရခိုင်ရိုးမအရှေ့ခြမ်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ပွိုင့်စခန်း ၃ ခုနဲ့ ကာကင်း ၂ ခုကို သိမ်းယူလိုက်တဲ့အကြောင်း ဆက်တိုက်သတင်းထုတ်လာပါတယ်။

    အေအေသိမ်းလိုက်တဲ့ ပွိုင့်စခန်းတွေဟာ ဧရာဝတီတိုင်း ရေကြည်နဲ့ သာပေါင်းမြို့နယ်အစပ် ရခိုင်ရိုးမအခြေက စခန်းတွေလို့ စခန်းသိမ်းတိုက်ပွဲ အခြေအနေသိရှိသူက ပြောပါတယ်။

    အေအေကတော့ စခန်းတွေ အသိမ်းခံရတဲ့ စစ်တပ်ဟာ ရေကြည်မြို့နယ်ကနေ ရခိုင်အဝင် ဂွ- ငါးသိုင်းချောင်းလမ်းပေါ်က အမှတ် ၃၄၄ အမြောက်တပ်ရင်း၊ ငါးသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ်တွေထဲမှာပါ အင်အားဖြည့်နေတယ်လို့ပြောပါတယ်။

    စစ်ရေးသုံးသပ်သူတွေကတော့ ဒီစခန်းတွေဟာ ရခိုင်ရိုးမတစ်လျှောက် စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်ဖို့နဲ့ ဂွမြို့နယ်ဘက်ကို စစ်တပ် မထိုးဖောက်နိုင်အောင် ပြင်ဆင်ကာကွယ်ဖို့ အရေးပါတယ်လို့ မှတ်ချက်ပေးပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. ရန်ကုန်နဲ့ မွန် အပါအဝင် ဒေသ ၃ ခုမှာ လေဆင်နှာမောင်းတိုက်၊ အိမ်အလုံးရေ ၅၀ ထက်မနည်းပျက်စီး

    ရန်ကုန်တိုင်းထဲက တိုက်ကြီး-ဥက္ကံမြို့၊ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ထဲက ငဖြူကလေးရွာနဲ့ မွန်ပြည်နယ်ထဲက ပေါင်မြို့နယ် စတဲ့နေရာတွေမှာ ဇူလိုင် ၅ ရက် ညပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်နဲ့ အဆောက်အဦဆယ်ချီပျက်စီးသွားတယ်လို့ အဲဒီနေရာတွေမှာနေထိုင်တဲ့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

    ဥက္ကံမြို့ထဲက ဘိုသိုးကျေးရွာမှာ နေအိမ် ၃၀ ထက်မနည်းပျက်စီးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ပေါင်မြို့ထဲက ကဒါရပ်ကွက်မှာတော့ နေအိမ်အပြင် စာသင်ကျောင်း၊ ဌာနဆိုင်ရာရုံး၊ ဘုန်းကြီးကျောင်း၊ ဈေးဆိုင်တချို့အပါအဝင် အဆောက်အအုံဆယ်ချီ ပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်‌ရေးဆောင်ရွက်ပေးသူတချို့ဆီက သိရပါတယ်။

    ဒ့ါအပြင် ဘုန်းကြီးကျောင်းထဲက သံဃာတစ်ပါးလည်း လေဆင်နှာမောင်းတိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရခဲ့ပြီး မနေ့ညပိုင်းမှာပဲ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပေါင်မြို့နယ် နာရေးကူညီမှုအသင်းက ပြောပါတယ်။ ငဖြူကလေးကျေးရွာမှာတော့ လေဆင်နှာမောင်းတိုက်လို့ အထကခွဲ စာသင်ကျောင်းဆောင်တစ်ခု အမိုးလန်သွားတယ်လို့ သိရပါတယ်။

    အလားတူ ရန်ကုန်တိုင်းထဲက ကွမ်းခြံကုန်းမြို့နယ်နဲ့ မွန်ပြည်နယ်ထဲက မော်လမြိုင်မြို့နယ်ထဲက ကျေးရွာတချို့မှာလည်း မနေ့ညပိုင်းမှာပဲ မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀ လုံးထက်မနည်း အမိုးလန်ပြီးထိခိုက်ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီဌာနကတော့ ဒီကနေ့ ဇူလိုင် ၆ ရက် မနက်ပိုင်း မှာ အိန္ဒိယ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေကို ဘာလဆောမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့်လည်းကောင်း လာမယ့် သီတင်းပတ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။

    မိုးကြီးတာနဲ့အတူ ကုန်းမြင့်ဒေသအပါအဝင် ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေကို ဂရုပြုကြဖို့ ပြောထားပါတယ်။

  6. မင်္ဂလာပါ။ ဇူလိုင် ၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။