အွန်လိုင်းပေါ်က အနိုင်ကျင့် တိုက်ခိုက်မှုတွေ ပိုဆိုးလာနေတဲ့ တရုတ်နိုင်ငံ

ဓာတ်ပုံ ရင်းမြစ်, ZHENG LINGHUA'S WEIBO ACCOUNT
သူတက်ချင်နေတဲ့ တက္ကသိုလ် ဝင်ခွင့်ရလို့ အပျော်ကြီးပျော်နေတဲ့ ဂျန်လင်းဟွာ ဟာ အိပ်ရာထဲလဲနေတဲ့ အဖိုးဖြစ်သူနဲ့ အတူ တွဲရိုက်ထားတဲ့ပုံကို ဆိုရှယ်မီဒီယာပေါ် တင်ခဲ့အပြီး ၆ လအကြာမှာပဲ ဆုံးပါးသွားခဲ့ပါတယ်။
ပန်းရောင်ဆိုးထားတဲ့ ဆံပင်နဲ့ အသက် ၂၃ နှစ်အရွယ် ဂျန်လင်းဟွာ က တရုတ်အရှေ့ပိုင်း နော်မယ်လ် တက္ကသိုလ်မှာ သူဂီတပညာ သင်ယူခွင့်ရတော့မယ်ဆိုတဲ့အကြောင်း ရှောင်ဟောင်ရှူ တရုတ်ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်ကနေ ထုတ်ဖော်ပြောခဲ့တာပါ။ သူအရမ်း စိတ်လှုပ်ရှား ပျော်ရွှင်နေတယ်ဆိုတာကို အထင်းသား မြင်နိုင်ပါတယ်။
“အဘိုးက ကျွန်မ ငယ်ငယ်လေးကတည်းက ကျွန်မရဲ့ အားကိုးရာပါ။ ဒီတက္ကသိုလ်ကို လျှောက်ရတဲ့ အကြောင်းရင်းတစ်ခုက ကျွန်မအဘိုး ဂုဏ်ယူစေချင်လို့ပါ” လို့ ဆိုရှယ်မီဒီယာပေါ်မှာ သူရေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပျော်ရွှင်မှုက တာရှည်မခံခဲ့ပါဘူး။
ရက်ပိုင်းအတွင်းမှာပဲ အွန်လိုင်းပေါ်မှာ သူ့ကို ပစ်မှတ်ထား တိုက်ခိုက်ဆဲဆို ရေးသားလာခဲ့ကြပါတယ်။ သူ့ဓာတ်ပုံကို မဟုတ်မမှန် စော်ကားရေးထားတဲ့ စာတွေ တပ်ပြီး လျှောက်ဖြန့်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ ဂျန်လင်းဟွာ ဟာ ရက်ရက်စက်စက် ကဲ့ရဲ့ပြောဆိုမှုတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီး တချို့က သူ့ကို “ညကလပ်မယ်”၊ “မကောင်းဆိုးဝါးမ” စသဖြင့် ခေါ်ဝေါ် သမုတ်ခဲ့ကြပါတယ်။
ဂျန်လင်းဟွာ ဘယ်လို ဆုံးပါးသွားခဲ့တာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့လကတော့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်က “အွန်လိုင်းပေါ်နဲ့ ကျောင်းမှာ အနိုင်ကျင့်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဂျန်လင်းဝါ ဘဝအဆုံးသတ်သွားပါပြီ” ဆိုပြီး ရှောင်ဟောင်ရှူ ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်မှာ တင်ထားခဲ့ပါတယ်။
အွန်လိုင်းပေါ်ကနေ အနိုင်ကျင့်တိုက်ခိုက်မှုတွေ ကမ္ဘာ့နေရာအနှံ့ ဖြစ်နေချိန်မျိုးမှာ တရုတ်နိုင်ငံမှာက အုပ်စုဖွဲ့ တိုက်ခိုက်တတ်တဲ့ စရိုက်ကြောင့်ရယ်၊ ဒီလိုဖြစ်ရပ်မျိုးတွေကို တားဆီးဖို့ ဆိုရှယ်မီဒီယာကုမ္ပဏီတွေအပေါ် ဖိအားပေးတာမျိုး မရှိတာကြောင့်ရယ်တွေကြောင့် အွန်လိုင်း အနိုင်ကျင့်တိုက်ခိုက်မှုတွေက အရှိန်အဟုန် ပိုကြီးလာနေပါတယ်။
တရုတ်နိုင်ငံမှာ ဆိုရှယ်မီဒီယာ သုံးသူ ၂၀၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ရာမှာ ၁၀ ယောက်မှာ ၁ ယောက်က အွန်လိုင်း အနိုင်ကျင့်တိုက်ခိုက်ခံရမှု တစ်မျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီလို အွန်လိုင်း အနိုင်ကျင့် တိုက်ခိုက်ခံရသူ ၁၆ ရာခိုင်နှုန်းဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ဖြစ်ခဲ့မိတယ်လို့ ဆိုပါတယ်။ အနိုင်ကျင့်ခံရသူ တစ်ဝက်နီးပါးလောက်ဟာ စိုးရိမ်သောကစိတ်တွေ ဖိစီးခဲ့ကြသလို ၄၂ ရာခိုင်နှုန်းက ညဘက်အိပ်မပျော်တဲ့ဝေဒနာ ခံစားခဲ့ကြတယ်လို့ ပြောပါတယ်။ ၃၂ ရာခိုင်နှုန်းဆိုရင် စိတ်ကျဝေဒနာ ခံစားကြရတယ်လို့ ဆိုပါတယ်။
ဂျန်လင်းဟွာဟာ အစပိုင်းကတော့ သူ့ကို အွန်လိုင်းကနေ စော်ကားရေးသားသူတွေကို ဥပဒေကြောင်းအရ တရားစွဲဖို့ စီစဉ်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“နောက်ကွယ်ကနေ ကိုယ့်ကို စော်စော်ကားကား တိုက်ခိုက်နေသူတွေကို ဘယ်လို တရားစွဲလို့ ရမလဲ” လို့ ဝေဘို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စက်တင်ဘာလက သူတင်ခဲ့တဲ့ ပို့စ်တစ်ခုမှာ တွေ့ရပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူဟာ စိတ်ကျဝေဒနာ ရသွားခဲ့ပြီး ဆေးကုခံခဲ့ရပါတယ်။ ဒီအကြောင်းကို သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ပြောပြခဲ့ပြီး အိပ်မပျော် အစားအသောက်ပျက်တဲ့ ဝေဒနာကို သူဘယ်လိုခံစား ရုန်းကန်နေရသလဲဆိုတာကို အသေးစိတ် ရေးသားမျှဝေခဲ့ပါတယ်။ နိုဝင်ဘာလမှာ ဂျန်လင်းဟွာဟာ စိတ်ကျဝေဒနာကို အကြီးအကျယ် ကုနေရတယ် ဆိုတဲ့ စာနဲ့အတူ ဆေးရုံ အဆောင်ထဲက သူ့ဓာတ်ပုံကို တွဲတင်ခဲ့ပါတယ်။ သူသေဆုံးမှုဟာ တရုတ်နိုင်ငံမှာ အွန်လိုင်းအနိုင်ကျင့် စော်ကားမှုတွေနဲ့ ဆက်နွှယ်နေတဲ့ သေဆုံးမှုတွေအများကြီးထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ရှန်တိုင်းမြို့က အသက် ၁၇ နှစ်အရွယ် လီယူ ရှူဂျောင်ဟာ သူ့မွေးမိဘတွေနဲ့ ပြန်ဆုံစည်းမှု အဆင်မပြေဖြစ်ခဲ့အပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ သူ့မွေးမိဘတွေနဲ့ ဖြစ်တဲ့ ပြဿနာ အွန်လိုင်းပေါ် ရောက်သွားခဲ့ရာမှာ တချို့က သူ့ကို တစ်ကိုယ်ကောင်း ဆန်သူ လို့ စွပ်စွဲခဲ့ကြပါတယ်။
၄ နှစ်သားအရွယ်မှာ မိဘရဲ့ စွန့်ပစ်ခံခဲ့ရတဲ့ လီယူ ရှူဂျောင်ဟာ သူ့ရဲ့ အတိတ်က အနိုင်ကျင့်ခံခဲ့ရပုံတွေ၊ စိတ်ကျဝေဒနာတွေအကြောင်း အသေးစိတ်ရေးထားတဲ့ စာတစ်စောင်နဲ့အတူ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တာပါ။
နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်က သမိုင်းဆရာ လီယူ ဟန်ဘို ဟာလည်း သူ့ရဲ့ အွန်လိုင်း သင်ကြားပို့ချမှုတွေထဲ အကြိမ်ကြိမ် ဝင်နှောင့်ယှက် စော်ကားခံခဲ့ရအပြီး အဲဒီနှစ် နိုဝင်ဘာလမှာပဲ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ သူ အွန်လိုင်းပေါ်ကနေ စာသင်နေချိန်မှာ အတင်းဝင်လာပြီး သီချင်းတွေအကျယ်ကြီးဖွင့်၊ မက်ဆေ့ဂျ်တွေ ပို့တာမျိုးတွေ လုပ်ခဲ့ကြပါတယ်။
အာဏာပိုင်တွေကတော့ လီယူ ဟန်ဘို သေဆုံးခဲ့မှုမှာ မသင်္ကာစရာ တစုံတရာ မတွေ့ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း သူ အွန်လိုင်း နှောင့်ယှက်စော်ကားခံခဲ့ရတာမျိုး ရှိတယ်ဆိုရင်တော့ စုံစမ်းစစ်ဆေးတာမျိုး လုပ်ပါ့မယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း အွန်လိုင်းပေါ်က နာမည်ကြီးပုဂ္ဂိုလ် အသက် ၃၈ နှစ်အရွယ် ဆွန်ဖန်ဘောင်း သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ သူဟာ သူ့ဖော်လိုဝါတွေထဲက တစ်ဦးရဲ့ နှောင့်ယှက်စော်ကားမှုကို အကြိမ်ကြိမ်ခံခဲ့ရပြီး သူမသေခင် လထဲမှာ စိတ်ကျဝေဒနာ ဖြစ်လာခဲ့တယ်လို့ သူ့ရဲ့ ဇနီးသည်က ပြန်ပြောပြပါတယ်။ ဆွန်ဖန်ဘောင်း ဟာ ၂၀၂၁ ခုနှစ်မှာ ရှန်ဒေါင်းပြည်နယ်ကနေ ကီလိုမီတာ ၄၀၀၀ ၀ေးတဲ့ တိဘက်ဒေသကို လယ်ထွန်စက်တစ်စင်းနဲ့ သွားခဲ့ပုံကို မှတ်တမ်းတင် တင်ပြခဲ့ရာကနေ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။
အုပ်စုဖွဲ့ အနိုင်ကျင့်မှုဓလေ့ကြောင့် လက်သည်တရားခံရှာရခက်
တရုတ်လိုနိုင်ငံမျိုးမှာ အုပ်စုဖွဲ့ အနိုင်ကျင့်မှုတွေ ရှိနေရာမှာ အများနဲ့မတူ ကွဲပြားသူအဖြစ် စွပ်စွဲ ခံရသူတွေအနေနဲ့ အကြီးအကျယ် အနိုင်ကျင့်ခံရလေ့ရှိတယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက ထောက်ပြကြပါတယ်။ ဒါ့အပြင် ဝိုင်းအရှက်ခွဲတတ်ကြတဲ့ ဓလေ့စရိုက်ကြောင့်လည်း ပိုဆိုးသွားစေတယ်လို့ ဆိုပါတယ်။
“တရုတ်နိုင်ငံမှာ အုပ်စုဖွဲ့ အနိုင်ကျင့်တတ်တဲ့ စရိုက်ကြောင့် လူအများမြင်တွေ့နိုင်တဲ့ အွန်လိုင်း ဆိုရှယ်မီဒီယာလို နေရာမျိုးမှာ နောက်လူတစ်ယောက်အပေါ် ရန်လို အကြမ်းဖက် စော်ကားမှုတွေ လုပ်လာတဲ့အခါ ခံရသူအနေနဲ့ အရှက်ကွဲ သိက္ခာကျခံရမှုတွေကနေ လွတ်မြောက်ဖို့ သေကြောင်းကြံတာမျိုးအထိ လုပ်လာကြတယ်”လို့ နော့တင်ဟမ် နင်ဘို တရုတ် တက္ကသိုလ်က ဒုတိယအကြီးအကဲ ဒေါက်တာ ကေ ကိုဟန် တန် က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပို့စ်တွေ၊ မှတ်ချက်တွေကို ဖတ်ကြည့်ရင် ဂျန်လင်းဟွာကို ဘာ့ကြောင့် အွန်လိုင်းကနေ နှောင့်ယှက် စော်ကားခဲ့ကြတာလဲ ဆိုတာကို သိဖို့ ခက်လှပါတယ်။ သူ့ကို အွန်လိုင်းကနေ စော်ကားရေးသားခဲ့သူတွေတချို့ရဲ့ မှတ်ချက်တွေအရတော့ သူ့ရဲ့ ခေတ်ရှေ့ပြေးတဲ့ ပန်းရောင် ဆံပင်ကြောင့် အများကြီး ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ တချို့ကဆိုရင် သူဟာ အသက်ကြီးကြီး လူတစ်ယောက်နဲ့ ကြိုက်နေတာ လို့ ရေးခဲ့ကြပြီး သူ့အဘိုးကိုတောင် အဲဒီလူ လို့ ဖော်ပြခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ အွန်လိုင်းပေါ်ကနေ စော်ကား အနိုင်ကျင့်သူတွေဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်လုပ်ရပ် ဒါမှမဟုတ် ရွေးချယ်မှုတွေအပေါ် ဝေဖန်ရှုတ်ချတတ်ကြပါတယ်။ အဲဒီကနေ နောက်ပိုင်းမှာ အုပ်စုလိုက်ကြီး ဝိုင်းဖွဲ့ စော်ကားတာတွေ လုပ်လာကြတာ ဖြစ်တယ်လို့ ဒေါက်တာ တန်က ပြောပါတယ်။ အဲဒါတွေ ပေါင်းလိုက်တဲ့အခါ ခံရသူတွေမှာ အားကိုးမဲ့သလို ခံစားလာရတတ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ အွန်လိုင်းပေါ်မှာ ခါးခါးသီးသီး စော်ကားပြောဆိုမှုတွေကို နိုင်ငံရေးအရ အရေးယူတာမျိုး လုပ်လေ့မရှိဘဲ လက်ယာစွန်း အမျိုးသားရေးဝါဒီတွေရဲ့ အွန်လိုင်း အနိုင်ကျင့်တိုက်ခိုက်မှု တစ်မျိုးကိုတော့ တရုတ်အစိုးရက လက်ပိုက်ကြည့်နေတတ်တယ်လို့ ဟောင်ကောင် တရုတ်တက္ကသိုလ်က သတင်းနဲ့ စာနယ်ဇင်း ပါမောက္ခ ဖန်းကီချန်းက ပြောပြပါတယ်။ ဒီလိုအနိုင်ကျင့် တိုက်ခိုက်မှုမျိုး ခံရသူတွေဟာ ကမ္ဘာ့မြင်ကွင်းမှာ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို ညစ်ထေးအောင် လုပ်နေသူတွေအဖြစ် အများက ရှုမြင်ထားကြပါတယ်။
ဝူဟန်မြို့မှာ ကိုဗစ်လော့ခ်ဒေါင်းကာလ နေခဲ့ရချိန်အကြောင်း စာရေးဆရာမ ဖန်ဖန်ရဲ့ “ဝူဟန်ဒိုင်ယာရီ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်ခဲ့သူ မိုက်ကယ် ဘယ်ရီ ဆိုရင်လည်း ဒီလို အွန်လိုင်း နှောင့်ယှက်တိုက်ခိုက်မှုမျိုးကို ခံခဲ့ရပါတယ်။
"တချို့က ကျွန်တော်တို့ တရုတ်ပြည်ကို ပြန်လာရင် ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်"လို့ ဒေါက်တာ ဘယ်ရီက အမေရိကန် အခြေစိုက် WhyNot မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။
“မှတ်ချက်အတော်များများထဲမှာ ဆိုးဆိုးရွားရွား ခြိမ်းခြောက်မှုတွေ ပါပြီး ကျွန်တော်တို့ကို ခါးခါးသီးသီး မုန်းတီးတယ် ဆိုတဲ့အကြောင်းတွေ ပြောထားတယ်။ တချို့ဆိုရင် ဒီလို မက်ဆေ့ဂျ်မျိုးတွေကို နေ့စဉ်ရက်ဆက် ပို့ခဲ့ကြပါတယ်။”
စာရေးဆရာမ ဖန်ဖန်လည်း အွန်လိုင်းပေါ်ကနေ တန်ပြန်ရိုက်ခတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး တချို့ဆိုရင် ဖန်ဖန်ဟာ တရုတ်နိုင်ငံကို တိုက်ခိုက်ဖို့ နိုင်ငံခြားသားတွေကို ဓားကြီးတစ်ချောင်း ပေးခဲ့တယ်လို့တောင် ခိုင်းနှိုင်း စွပ်စွဲခဲ့ကြပါတယ်။
နယူးယောက် မဂ္ဂဇင်းရဲ့ ဝန်ထမ်းသတင်းသမား ဖန် ဂျီယာယန်းနဲ့ သူ့မိခင် ဆိုရင်လည်း တရုတ်အမျိုးသားရေးဝါဒီတွေရဲ့ အွန်လိုင်းတိုက်ခိုက်မှုတွေကို ခံခဲ့ရပါတယ်။ ကိုဗစ်ကာလအတွင်း သူ့မိခင် ALS အာရုံကြောရောဂါနဲ့ မနည်းရုန်းကန် အသက်ရှင်ခဲ့ရပုံကို အများသိအောင် ဖော်ပြခဲ့အပြီးမှာ ဖန် ဂျီယာယန်းကို သစ္စာဖောက်အဖြစ် အမျိုးသားရေးဝါဒီတွေက ခေါ်ဝေါ် သမုတ်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံက ဆိုရှယ်မီဒီယာ ပလက်ဖောင်းဟာ တခြား ကမ္ဘာ့နိုင်ငံတွေက ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေထက် အများကြီး ပိုတာဝန်ကြီးတယ်လို့ အတော်များများက ယူဆကြပါတယ်။
ခံရသူတွေအနေနဲ့ ဥပဒေကြောင်းအရ အကာအကွယ်ယူနိုင်ဖို့၊ အမှန်တရားအတိုင်း ဖြစ်အောင် လုပ်နိုင်ဖို့က အရမ်းကို ခက်လှတယ် လို့ လက်ထောက်ပါမောက္ခ ဖန်းက ပြောပါတယ်။ ကျူးလွန်သူတွေနဲ့ အဲဒီဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို အပြစ်ပေးအရေးယူတာမျိုးက အတော်လေးကို နည်းတယ်လို့ ဆိုပါတယ်။
ဒါဟာ အွန်လိုင်း အနိုင်ကျင့်မှုမျိုးကို ပြဿနာတစ်ခုအဖြစ် ဆိုရှယ်မီဒီယာကုမ္ပဏီတွေ ဒါမှမဟုတ် တရုတ်အစိုးရက ဦးစားပေး ကိုင်တွယ် ဖြေရှင်းတာမျိုး မလုပ်ဘဲ အတိုက်အခံတွေ ဒါမှမဟုတ် နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ စကားအပြောအဆိုမျိုးတွေကိုပဲ တင်းကျပ် ကန့်သတ်ဖို့ ဆင်ဆာ တည်းဖြတ်မှုတွေကိုသာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေလို့ ဖြစ်ပါတယ်။
လတ်တလောမှာ အစိုးရက တစ်နေ့တခြား တိုးမြှင့်ချမှတ်လာတဲ့ အွန်လိုင်းရှာဖွေမှုတားမြစ် ဆင်ဆာစည်းမျဉ်းတွေကို တရုတ်နိုင်ငံမှာရှိတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေက လက်ခံလိုက်နာနေကြတယ်လို့ သိရပါတယ်။ အွန်လိုင်းရှာဖွေမှု တားမြစ်ပိတ်ပင်ခံထားရတဲ့ စာလုံးတွေထဲမှာ ကိုဗစ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားရာ အူရွမ်ချီးနဲ့ ရှန်ဟိုင်းမြို့တွေရဲ့ နာမည်တွေ ပါဝင်ပါတယ်။
“တရုတ်အစိုးရမှာ အွန်လိုင်းပေါ်က အကြောင်းအရာတွေကို စောင့်ကြည့်ဖို့ အားကောင်းတဲ့ နည်းပညာပိုင်း ကိရိယာတွေ ရှိပါတယ်။ ဒီအရင်းအမြစ်တွေကို အွန်လိုင်း အနိုင်ကျင့် နှောင့်ယှက်မှုတွေကို တားဆီးထိန်းချုပ်ရာမှာ ပြောင်းလဲ အသုံးပြုသင့်ပါတယ်။ အွန်လိုင်းပေါ်က အမုန်းတရားဖြန့်ချိနေမှုတွေကို အစိုးရအနေနဲ့ လက်ပိုက်ကြည့်မနေသင့်ပါဘူး” လို့ နော်တင်ဟန် တက္ကသိုလ်က တရုတ်ရေးရာ ကျွမ်းကျင်သူလည်းဖြစ်၊ နိုင်ငံရေးသိပ္ပံ ပညာရှင်လည်း ဖြစ်တဲ့ ဂျော်နသန် ဆူလီဗန် က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DOUYIN SCREENGRAB
တချို့ကလည်း အွန်လိုင်းပေါ်မှာ လုံခြုံမှုရှိရေး လူထုကို ပို အသိပညာပေးဖို့ တောင်းဆိုနေကြပါတယ်။
"သဘောကွဲလွဲမှုတွေကို အဖြေရှာတတ်ဖို့၊ တာဝန်ယူတတ်တဲ့ ဆုံးဖြတ်ချက်မျိုး ချတတ်ဖို့ ကျောင်းသားတွေကို သင်ကြားပေးတဲ့ စိတ်ခံစားမှုပိုင်း၊ လူမှုရေးပိုင်း အစီအစဉ်မျိုးတွေကို ကျောင်းတွေမှာ လုပ်ပေးသင့်တယ်"လို့ ကောနဲလ် တက္ကသိုလ်က “ကိုယ့်ကိုယ်ကို အနာတရဖြစ်စေရာကနေ ပြန်လည်ထူထောင်နိုင်ရေးဆိုင်ရာ ကောနဲလ် သုတေသန စီမံကိန်း”ရဲ့ ညွှန်ကြားရေးမှူး ဂျဲနစ်စ် ဝစ်လော့ခ် က ပြောပါတယ်။
ဒါ့ထက်ပို အခြေခံကျစေဖို့ စိတ်ကျန်းမာရေး စောင့်ရှောက်မှုကို ပိုခိုင်မာအောင် တရုတ်နိုင်ငံမှာ လုပ်သင့်တယ်လို့ ဒေါက်တာ ဆူလီဗန်က ပြောပါတယ်။
တရုတ်နိုင်ငံမှာ ရုတ်တရက်ဆိုသလို တင်းကျပ်တဲ့ ကိုဗစ်လော့ခ်ဒေါင်း စည်းမျဉ်းတွေ ၃ နှစ်နီးပါး ချမှတ်ထားခဲ့တာကြောင့် လူတွေ အွန်လိုင်းသုံးတဲ့အချိန် ပိုများလာခဲ့ပြီး အွန်လိုင်း အနိုင်ကျင့် တိုက်ခိုက်မှု ဖြစ်ရပ်တွေကလည်း ပိုများလာခဲ့တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက ပြောပါတယ်။
“လနဲ့ချီ လော့ခ်ဒေါင်း အလုပ်ခံထားရရင် တခြား ဘာလုပ်စရာရှိမှာလဲ။ ဒီတော့ အွန်လိုင်းပေါ်ကနေ အကြမ်းဖက် စော်ကားတာ၊ အနိုင်ကျင့်တာတွေကို ပိုပိုတိုးလာစေပါတယ်။ ဒါ့အပြင် လူတွေ အလုပ်ပြုတ်ကုန်ကြလို့ စိတ်ဆိုးဒေါသထွက်နေကြတာတွေကလည်း တစ်စိတ်တစ်ပိုင်း ပါပါတယ်” လို့ ဒေါက်တာ ဘယ်ရီက ပြောပါတယ်။
“လူတွေက ထွက်ပေါက်ရှာဖို့ ကြိုးစားကြတာပါ။ ဖြစ်ရပ်အတော်များများကို ကြည့်မယ်ဆိုရင် ကီးဘုတ်ပေါ်ကနေ တရားစီရင် အဆုံးအဖြတ်ပေးတာမျိုးတွေနဲ့ ကိုယ့်ဒေါသတွေကို ဖောက်ချရင်း ဆယ်လီတွေနဲ့ တခြား နာမည်ကြီးပုဂ္ဂိုလ်တွေအပေါ် အွန်လိုင်းကနေ တိုက်ခိုက်တာမျိုးတွေ လုပ်လာကြတယ်” လို့ သူက ပြောပါတယ်။
အောက်တိုဘာလက ဂျန်လင်းဟွာ နောက်ဆုံးတင်ခဲ့တဲ့ ဝေဘို ပို့စ်တစ်ခုထဲမှာ မနှစ်တုန်းက သူကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း ပြန်ပြောင်း ဖော်ပြခဲ့ပါတယ်။ အွန်လိုင်းပေါ်ကနေ စော်ကားရေးသားမှုတွေ၊ အင်တာနက်ပေါ်ကနေ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ၊ စိတ်ကျ ဝေဒနာအကြောင်းနဲ့ တက္ကသိုလ်ကျောင်း ဝင်ခွင့်အကြောင်းတွေ ပါပါတယ်။
“ဟုတ်ပါတယ်။ ကျွန်မရဲ့ ပြဇာတ်ဆန်တဲ့ ဘဝက အပြောင်းအလဲမြန်၊ အတက်အကျ မြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအရာတွေက ဘဝဇာတ်ခုံအနိမ့်အမြင့်ကို ဖြတ်ကျော်နိုင်ဖို့၊ လမ်းမပျောက်ဖို့ ကျွန်မကို ခွန်အားဖြစ်စေခဲ့ပါတယ်။ နောင်နှစ်ကျရင်တော့ ပိုကောင်းလာမှာ သေချာပါတယ်” လို့ သူက ရေးခဲ့ပါတယ်။
အဲဒီအချိန်မှာတော့ သူ့ဆံပင်ကို ပန်းရောင်ကနေ အနက်ရောင် ပြောင်းဆိုးခဲ့ပါတယ်။
အဲဒါပြီးပြီးချင်း ဂျန်လင်းဟွာ တစ်ယောက် ဆိုရှယ်မီဒီယာပေါ်ကနေ ပျောက်သွားပါတော့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လအထိ သူ့သူငယ်ချင်းတွေနဲ့ ဖော်လိုဝါတွေက သူ့ဝေဘိုအကောင့်ပေါ်မှာ မှတ်ချက်တွေ ရေးနေကြဆဲ ဖြစ်ပြီး အတော်များများက သူဆုံးပါးသွားတဲ့အတွက် ဝမ်းနည်း တုန်လှုပ်မိကြောင်း ရေးထားကြပါတယ်။
“လုံးဝ မယုံနိုင်ဘူး။ နင်က စိတ်ထားကောင်းတဲ့ လူသားတစ်ယောက်ပါ” လို့ တစ်ယောက်က ရေးထားတာ တွေ့ရပါတယ်။
နောက်တစ်ယောက်ကလည်း “ဖော်မပြတတ်အောင် ဝမ်းနည်းမိပါတယ်။ ဒီလောကကြီးကို အကြီးအကျယ် စိတ်ပျက်မိတယ်” လို့ ရေးထားပါတယ်။








