မတ် ၉ ရက် နိုင်ငံတဝန်းထူးခြားသတင်းများအနှစ်ချုပ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, အာဏာရှင်တော်လှန်ရေးပြည်သူ့ကာကွယ်ရေးတပ်မတော်

ဓာတ်ပုံ ပုံစာ, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)
ရေးသားခဲ့သည်။

ကနီမြို့ကို ကာကွယ်ရေးအဖွဲ့တွေ မထိန်းချုပ်နိုင်သေး

စစ်ကိုင်းတိုင်း ကနီမြို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထိန်းချုပ်နိုင်ပြီဆိုပြီး သတင်းတွေထွက်ပေါ်နေပေမဲ့ မြို့ထဲကို စစ်အင်အားတွေ ထပ်တိုးချလာတာကြောင့် ထိန်းချုပ်နိုင်တာမရှိသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

စစ်ကောင်စီကမြို့ထဲမှာစစ်အင်အားတိုးချဲ့ထားသလို လေကြောင်းပစ်ကူတွေနဲ့အတူ ခုခံနေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာ ကနီမြို့ ရပ်ကွက် သုံးခုကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် နှစ်ထောင်ဝန်းကျင်ကို ကူညီပေးနေရပြီး စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေကိုပါ စောင့်ရှောက်ထားတယ်လို့ ပြည်သူ့လုံခြုံရေး ဒုတိယ တာဝန်ခံက ပြောပါတယ်။

“အခုအခြေအနေကတော့ သူတို့တွေ အင်အားဖြည့်ထားတာ ၈၀ လောက်ရှိတယ်။ ရှေ့တန်းက ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နေရတယ်၊ ဒီနေ့ဆို ၂၂ ယောက် ခေါ်ခဲ့ရတယ်။ ဒီနောက်ပိုင်းတော့ ထပ်ဝင်လို့ မရတော့ဘူး။ ပိတ်မိနေတဲ့သူတွေက မြို့ပြင်ကို ထွက်လာမှပဲ ကယ်ပေးလို့ရတော့မယ်။ အထဲမှာ သူတို့နေရာယူထားတယ်”လို့ သူက ပြောပါတယ်။

Non CDM ဝန်ထမ်းတွေကို CDM ဘာ့ကြောင့် မဝင်သလဲလို့ မေးမြန်းတဲ့အခါ အသက်ကြီးနေတဲ့ မိဘတွေကို မထားနိုင်တာကြောင့် မဝင်တာလို့ ပြန်ဖြေတဲ့အကြောင်း သူက ပြောပါတယ်။

ကနီမြို့မှာ တိုက်ပွဲဖြစ်တဲ့ မတ် ၂ ရက်ကစပြီး ဒီနေ့ မတ် ၉ ရက်အထိ ထိခိုက်သေဆုံးသူ စာရင်းတွေကိုလည်း အတိအကျမရကြသေးပါဘူး။

စစ်ကောင်စီထောက်ခံသူတွေရဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ကနီဆေးရုံနဲ့ ပညာရေးမှူးရုံးက ဝန်ထမ်းတွေ အဖမ်းခံထားရပြီး နိုင်ငံဝန်ထမ်းတွေရဲ့ အသက်ရှင်ရေးဟာ စစ်ကောင်စီ‌ပေါ်မှာ မူတည်နေတယ်လို့လည်း ရေးသားဖော်ပြနေကြပါတယ်။

စစ်ကောင်စီကတော့ မတ်လ ၆ ရက်က ကနီမြို့မှာ ဓာတုဗုံးသုံးတိုက်ခိုက်တာမရှိကြောင်း သတင်းထုတ်ပြန်ထားပြီး တိုက်ပွဲအခြေအနေကိုထည့်သွင်းပြောတာမရှိသလို နောက်ရက်မှာလည်းကနီမြို့တိုက်ပွဲနဲ့ပတ်သက်ပြီးသတင်းထုတ်တာမရှိသေးပါဘူး။

KNLA နဲ့ PDF အဖွဲ့တွေ သိမ်းပိုက်လိုက်တဲ့ မြဝတီရဲစခန်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, KNLA နဲ့ PDF အဖွဲ့တွေ သိမ်းပိုက်လိုက်တဲ့ မြဝတီရဲစခန်း

သင်္ဃန်းညီနောင် ခမရ-၃၅၅ စခန်းနဲ့ ရဲစခန်းကို KNLAနဲ့ PDF ပူးပေါင်းတပ်ကသိမ်းခဲ့

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သင်္ဃန်းညီနောင် ကိုလက်မလွှတ်ရရေးစစ်ကောင်စီကလေကြောင်းပစ်ကူသုံးတိုက်ခိုက်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်အနီးက စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ-၃၅၅) စခန်းနဲ့ ရဲစခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် - KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

မနေ့ မတ် ၈ ရက်နဲ့ ဒီကနေ့ မတ် ၉ ရက်မှာတော့ စစ်တပ်ကလည်း အဲဒီနေရာတွေကိုလေကြောင်းပစ်ကူနဲ့ ဗုံးကြဲချဖျက်ဆီးနေတယ်လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူသတင်းရင်းမြစ်က အတည်ပြုပါတယ်။

လက်ရှိမှာ သင်္ဃန်းညီနောင်ဗျူဟာကုန်းကို KNLAပူးပေါင်းတပ်တွေက ဝိုင်းပတ်တိုက်နေတဲ့အခြေအနေဖြစ်ပြီး စစ်ကောင်စီကလည်း သင်္ဃန်းညီနောင်ကိုလက်မလွှတ်ရရေး ဗျူဟာကုန်းပတ်ချာလည်ကို လေကြောင်းပစ်ကူနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

'' တော်လှန်ရေးတပ်တွေက သိမ်းထားတဲ့နေရာတွေက သိမ်းပြီးပြန်ဆုတ်လိုက်ပြီ။ စစ်တပ်ကလည်းသင်္ဃန်းညီနောင်အခြေချစစ်ဗျူဟာကုန်းကိုကပ်လို့မရအောင် အဲဒီနေရာ‌ပတ်ချာလည်ကို ရဟတ်ယာဥ်နဲ့ ဗုံးကြဲချနေတယ်။ မြေပြင်စစ်သားတွေကတော့ပြေးကြတာလည်းရှိတယ်'' လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

လက်ရှိမှာ မြဝတီမြို့ခြေလျင်တပ်ရင်း (ခလရ-၂၇၅) တပ်ဘက်၊ အာရှလမ်းနဲ့ ကုန်သွယ်ရေး ဇုန်ဘက်မှာလည်း ပစ်ခတ်နေသလို ကျောက်တောင် ၊ လက်ခတ်တောင်၊ မဲကနယ်နဲ့ အတွင်းကွင်းကလေးကျေးရွာဘက်မှာ တိုက်ပွဲနဲ့ စစ်တပ်ဘက်ကလက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့သိရပါတယ်။

သင်္ဃန်းညီနောင် ၃ ရက်တာတိုက်ပွဲအတွင်း စစ်တပ်လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကြောင့် သင်္ဃန်းညီနောင် အနီး ကျေးရွာတွေက ဒေသခံနေအိမ် အလုံး ၃၀ ဝန်းကျင်ခန့် မီးလောင်ပျက်စီးထားသလို အရပ်သား ထိခိုက်သေ ဆုံးသူ ၄ ဦးထက်မနည်းရှိပြီး ဒဏ်ရာရရှိသူ ၁၀ ဦး ကျော်ရှိတယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။

မြစ်ကြီးနားလေဆိပ် ( ပုံဟောင်း )

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မြစ်ကြီးနားလေဆိပ် ( ပုံဟောင်း )

လက်နက်ကြီးကျပြီးနောက်မြစ်ကြီးနားလေဆိပ်ကိုပိတ်လိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က လေဆိပ်နဲ့ စစ်ဆေးရုံကြားကို ဒီနေ့ မတ် ၉ ရက် မနက်ပိုင်းက လက်နက်ကြီးကျရောက်ခဲ့တာကြောင့် မြစ်ကြီးနားနဲ့ တခြားဒေသတွေရဲ့ အသွားအပြန်လေကြောင်းခရီးစဉ်တွေကို ရပ်နားလိုက်ပြီး လေဆိပ်ကိုလည်း ပိတ်လိုက်တယ်လို့ လေဆိပ်ကနေလှည့်ပြန်ခဲ့ရတဲ့လေကြောင်းခရီးသွား တချို့ကပြောပါတယ်။

မြစ်ကြီးနားလေဆိပ်ရောက်ပြီးမှ ပြန်လာခဲ့ကြရတဲ့ ခရီးသည်တွေရှိသလို မြစ်ကြီးနားကိုသွားဖို့ ရန်ကုန်၊ မန္တလေးမြို့တွေက လေဆိပ်တွေမှာ ရောက်နေတဲ့ ခရီးသည်တွေလည်း လေယာဉ်ခရီးစဉ် ပျက်ခဲ့တယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားမှတ်ချက်ပေးထားကြပါတယ်။

လေဆိပ်နဲ့လေကြောင်းပျံသန်းမှုကို ဘယ်နှစ်ရက်ကြာပိတ်ထားမလဲဆိုတာနဲ့ ခရီးစဥ်ဝယ်ယူထားသူတွေကို ဘယ်လိုစီစဥ်ပေးမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ခရီးသည်တချို့ကပြောပါတယ်။

“ညနေ မန္တလေးကိုသွားဖို့ လေဆိပ်ကိုသွားတာ၊ လမ်းမှာ လေဆိပ်ပိတ်တယ်ဆိုပြီး လက်မှတ်ဝယ်တဲ့ဆီကပြောလာလို့ လှည့်ပြန်လာခဲ့ရတယ်။ အတူတူသွားမယ့်သူတွေလည်း ပြန်လာကြရတယ်။ ဘယ်ရက်အထိ အကန့်သတ်နဲ့ပိတ်တယ်ဆိုတာလည်း မသိရဘူး။ လေယာဉ်ပြေးလမ်း ထိတယ်လို့လည်း ကြားတာပဲ”လို့ ဒီနေ့ လေကြောင်းခရီးစဉ် ပျက်ပြီး ပြန်လာခဲ့ရတဲ့ ခရီးသည်တစ်ယောက်က ပြောပါတယ်။

လေဆိပ်နဲ့ စစ်ဆေးရုံရှိတဲ့ မြစ်ကြီးနား- ရွှေဘို ကားလမ်းနေရာကို လေဆိပ်သွားမယ့်ခရီးသည်နဲ့ ရပ်ကွက်နေပြည်သူတချို့သာ ဖြတ်သန်းသွားလာလို့ရပြီး ကျန်တဲ့ ခရီးသည်တင်ကားတွေ ဖြတ်သန်းခွင့်မရတာ နှစ်ချီနေပါပြီ။

ဒီကနေ့မှာတော့ မြစ်ကြီးနားကိုသွားမယ့် လေယာဉ်လက်မှတ် ရောင်းချတာတွေကိုလည်း ရပ်ဆိုင်းထားတယ်လို့လည်း လေယာဉ်လက်မှတ် ဝန်ဆောင်မှုကုမ္ပဏီတချို့က ထုတ်ပြန်ထားကြပါတယ်။

ကချင်ပြည်နယ် ဗန်မော်လေဆိပ်မှာလည်း ပြီးခဲ့တဲ့ မတ် ၇ ရက်က ရှော့တိုက်ဒုံးနဲ့ ပစ်ခံရတာကြောင့် လေယာဉ်ပြေးလမ်းပျက်စီးခဲ့တဲ့အတွက် လေဆိပ်ပိတ်ထားရပါတယ်။

ဒီနေ့ မနက်ပိုင်းမှာပဲ နောက်ထပ်လက်နက်ကြီးတစ်လုံးကလည်း မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်ထဲကျခဲ့တာရှိပြီး ပေါက်ကွဲတာမရှိလို့ အထိအခိုက် မရှိဘူးလို့လည်း သိရပါတယ်။

'' ဆောက်လက်စအိမ်ကြီးပေါ်ကျတာ၊ မကွဲလို့ ၊ သွားကြည့်ပြီးပြီ။ လူတွေအများကြီးပဲ ၊ မကွဲလို့ ကွဲများကွဲရင် မတွေးရဲဘူး'လို့' ဒေသခံတစ်ဦးကပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ် KIA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး မြစ်ကြီးနားမြို့တွင်းကိုလည်း လက်နက်ကြီးကျရောက်တာတွေ၊ ဗုံးကွဲတာတွေ မကြာခဏ ဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

KIA တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, KIA တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)

၂ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၁၅ ခုထက်မနည်း သိမ်းပိုက်ထားတယ်လို့ KIA ပြော

ကေအိုင်အေထိုးစစ်ဆင်နေတဲ့ လိုင်ဇာမြို့အနီး ၁၀ မိုင်အကွာ မြစ်ကြီးနား - ဗန်းမော်ကားလမ်းပိုင်း တိုက်ပွဲမှာ နှစ်ရက်အတွင်း ကာကင်းစခန်းငယ်တွေအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၅ ခုထက်မနည်းကို ရရှိထားပြီလို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။

ဒီနေ့မှာလည်း KIA ဌာနချုပ်ရှိတဲ လိုင်ဇာနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ခါရာဘွမ်တောင်စခန်းကို ကေအိုင်အေက ဆက်တိုက်ခိုက်နေသလို စစ်ကောင်စီကလည်း တိုက်ပွဲဧရိယာတဝိုက်ကို လေကြောင်းကနေ လာရောက်ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

“မနေ့က သိမ်းတာကတော့ ဒေါ့ဖုန်းယမ်ဘက်က ၁၄၂ စခန်းတွေကို သိမ်းတာရှိပါတယ်။ တချို့ကျန်တာရှိသေးတယ်။ မနေ့က ထပ်သိမ်းတာတော့ ငါး ခုရှိတာပေါ့။ မနေ့ကသိမ်းတဲ့ ဆွမ်ပရာဘွမ်ဘက်က စခန်းကလည်း အရေးကြီးတဲ့စခန်းတစ်ခုဖြစ်ပါတယ်။ နောက် ဒေါ့ဖုန်းယမ် ၁၄၂ စခန်းတွေလည်း အရေးကြီးတဲ့စခန်းတွေဖြစ်ပါတယ်။ အဲ့စခန်းတွေက လမ်းတွေကို ပိတ်ထားတဲ့စခန်းတွေဖြစ်ပါတယ်။ ဆွမ်ဘရာဘွမ်ကလည်း အဲ့စခန်းကို သွားလို့ရှိရင် မလိခမြစ်ရှိပါတယ်။ အဲ့ဘက်ကို သွားလာတဲ့လမ်းကို ပိတ်ထားတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ သူလည်း ဗျူဟာအရ အရေးကြီးလို့ လိုအပ်တာဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ် KIAနဲ့ PDF ပူးပေါင်းတပ်တွေအနေနဲ့ မတ်လ ၇ ရက်ကစတင်တဲ့ မြစ်ကြီးနား - ဗန်း‌မော်ကားလမ်းပိုင်းထိုးစစ်အတွင်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက စစ်တပ်စခန်းတွေကို သိမ်းပိုက်ဖို့အထိ လုပ်မယ်ဆိုပြီး ကေအိုင်အေဘက်ကပြောပါတယ်။

မနေ့က ဆွမ်ပရာဘွမ် မြို့တွင်းတပ်အပါအဝင် တပ်စခန်း ၃ နေရာကို KIA ကတပြိုင်တည်း ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး မြို့နဲ့ ၅ မိုင်အကွာအဲဒီထဲက ဒိန်ဝါရွမ် (Ding Wa Rum) တပ်စခန်းတစ်ခု သိမ်းပိုက်နိုင်တာလို့ မြေပြင်သတင်းအရသိရပါတယ်။

ရက္ခိုင့်တပ်တော် အေအေကလည်း ကချင်ပြည်နယ် လိုင်ဇာမြို့နားနဲ့ မြစ်ကြီးနား- ဗန်းမော်လမ်းက စစ်ကောင်စီစခန်းတွေ၊ ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် ၉၃၆ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့် ၂၅၉ လေယာဉ်ကွင်းစခန်းအပါအဝင် စစ်ကောင်စီစခန်းတွေကိုသိမ်းပိုက်ရေး KIA နဲ့ မဟာမိတ်အဖြစ် ပူးတွဲပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ မတ် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒ့ါအပြင် မိုးမောက်မြို့နားက တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀၃ တပ်ရင်း လေယာဉ်ကွင်းစခန်းကုန်းနဲ့ ဒေါ့ဖုန်းယန်မြို့နားက စခန်းကုန်းတွေကို ထိုးစစ်ဆင်နေတယ်လို့လည်း အေအေက ဆိုပါတယ်။

AA က မြို့ ၇ မြို့ ကိုသိမ်းပိုက်လိုက်ပြီးနောက် ရခိုင်မှာ ဘာတွေဖြစ်နေလဲ

ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်နိုင်တဲ့ဓာတ်ပုံတွေကို အေအေက မတ် ၉ ရက်မှာ ထုတ်ပြန်လာတာပါ။

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်နိုင်တဲ့ဓာတ်ပုံတွေကို အေအေက မတ် ၈ ရက်မှာ ထုတ်ပြန်လာတာပါ။

ပြီးခဲ့တဲ့ရက်က ရက္ခိုင့်တပ်တော် အေအေ သိမ်းပိုက်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့ နဲ့ ပတ်သက်တဲ့ ဓာတ်ပုံမှတ်တမ်းတွေကို မတ်လ ၈ ရက်မှာ အေအေကထုတ်ပြန်လာပါတယ်။

ရခိုင်ပြည်နယ်ထဲက မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့ စတဲ့ မြို့ ၆ မြို့နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့အပါအဝင် စုစုပေါင်း မြို့ ၇ မြို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ မနေ့ မတ် ၈ ရက် အထိ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ရှိနေတယ်လို့ ပုဏ္ဏားကျွန်း လူငယ်အစည်းအရုံး တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“ဒီနေ့မနက်ပိုင်းတော့ တိုက်ပွဲက ငြိမ်နေတယ်၊ AA က သိမ်းလိုက်ပေမဲ့ မြို့ထဲကို မဝင်ကြရသေးပါဘူး။ မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်တော့ ပျက်စီးသွားတယ်။ မြို့သစ်ရပ်ကွက်နဲ့ အလယ်စုရပ်ကွက်က အရမ်းအထိနာတယ်”လို့ သူက ပြောပါတယ်။

ရမ်းဗြဲကတော့ ရက္ခိုင့်တပ်တော် အေအေက သိမ်းလိုက်ပြီလို့ သတင်းတွေထွက်နေပေမဲ့ ရက္ခိုင့်တပ်တော်ကတော့ တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။‌ မြေပြင်အခြေအနေသိရှိသူတချို့ကတော့ စစ်ကောင်စီတပ်တွေကလည်း ရမ်းဗြဲမှာရှိသေးတယ်လို့ ပြောပါတယ်။

မင်းပြားမြို့နယ်မှာလည်း ခြိတ်တောင်ရွာနဲ့ အိုးသည်ရွာမှာ ပြီးခဲ့တဲ့ည ၁၁ နာရီးဝန်းကျင်မှာ လက်နက်ကြီးကျည်တွေကျရောက်ခဲ့တယ်လို့ ရွာသားတစ်ယောက်ကပြောပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ စစ်တွေမြို့ဘက်ကပစ်ခတ်လိုက်တာဖြစ်ပြီး အေအေသိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေရှိတဲ့ နေရာအနီးဝန်းကျင်ကကျေးရွာတွေမှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။

လက်ကြီးကျည်ကျရောက်ခဲ့တဲ့ကျေးရွာတွေဟာ မင်းပြားမြို့မြောက်ဘက် ၃ မိုင်ခန့်အကွာ ကျိန်းတောင်ရဲ့ တောင်တန်းအဆုံးမှာရှိတဲ့ရွာတွေဖြစ်ကြပါတယ်။

"ည ၁၀ နာရီ၄၅ လောက်မှာ အပစ်ခံရတာပါ။ ခြိတ်တောင်ရွာအစမှာတစ်လုံးကျတယ်။အိုးသည်ရွာပြင်မှာတစ်လုံးကျတယ်။ လူထိခိုက်မှုတော့မရှိဘူး။ ရွာသားတွေကတော့ စိုးရိမ်ပြီးရှောင်တဲ့လူတွေရှောင်နေကြတာရှိတယ်။"လို့ ရွာသားတစ်ဦးကပြောပါတယ်။

ခြိတ်တောင်ရွာမှာ စစ်ရှောင် ၅၀၀ ခန့်ရှိပြီး အိုးသည်ရွာမှာတော့ စစ်ရှောင် ၂၀၀ လောက်ခိုလှုံနေရတယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ်တစ်ခုလုံးကို အေအေသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက စာသင်ကျောင်း ဆေးရုံးနဲ့ ကျေးကွာတွေကို လေကြောင်းကနေပစ်ခတ်တာ ၂ ကြိမ် လက်နက်ကြီးပစ်ခတ်တာ ၁ ကြိမ် ၊ စုစုပေါင်းသုံးကြိမ်အတွင်း ပစ်ခတ်ခံရတဲ့ ကျေးရွာ ၅ ရွာရှိပြီလို့ဆိုပါတယ်။

‌ရေနက်ဆိပ်ကမ်းစီမံကိန်းရှိနေတဲ့ ကျောက်ဖြူမြို့ ဘက်မှာတော့ စစ်ကောင်စီက လေယာဉ်နဲ့ စစ်အင်အား ၂၀၀ ကျော်ပို့လာပြီးနောက်ပိုင်း ကျောက်ဖြူမြို့နဲ့ ၈ မိုင်ခန့်အကွာ တိုက်ပွဲဖြစ်သွားတဲ့နေရာတွေကို စစ်ကြောင်းထိုးနေတာရှိသလို ခမရ ၃၂ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားတွေကို ခေါ်ပြီး ဘန်ကာကင်းစခန်းတွေဆောက်နေကြတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။