အရပ်သားတွေ ဂါဇာမြောက်ပိုင်းက ထွက်ခွာဖို့ အစ္စရေးပြော - အောက်တိုဘာ ၁၃ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဇာမြောက်ပိုင်းကနေ ၂၄ နာရီအတွင်း ပါလက်စတိုင်း အမြောက်အမြားကို နောက်ဆက်တွဲ လူမှုဘေးဒုက္ခဆိုး မရှိဘဲ အန္တရာယ်ကင်းကင်းနဲ့ ကယ်ထုတ်နိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။
ဂါဇာ မြောက်ပိုင်းကနေထွက်ခွာဖို့ ပြောနေတဲ့ အစ္စရေးတို့ရဲ့ အမိန့်ဟာ မတော်တရော် လုပ်ရပ်ဖြစ်ပြီး လူဦးရေ ထူထပ်တဲ့ ဂါဇာ ကမ်းမြောင်ကနေ နှင်ထုတ်တာဟာ မကြုံစဖူး ဆိုးရွားလှတယ်လို့ ဂါဇာက အကြီးဆုံး ကုလအေဂျင်စီ UNRWA က ထောက်ပြပါတယ်။
ဂါဇာဟာ ပြိုကျတော့မယ့် နေချင်စဖွယ်မရှိတဲ့ နေရာ ဖြစ်လာပြီး သူတို့အနေနဲ့လည်း အရပ်သားတွေကို ကူညီနိုင်ဖို့ ရုန်းကန် နေကြရတယ်လို့ ဆိုပါတယ်။
စစ်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း အားလုံး အနေနဲ့လည်း လိုက်နာရမယ့် စည်းမျဉ်းတွေကို စောင့်ထိန်းကြဖို့ ကုလအေဂျင်စီက တိုက်တွန်းထားပါတယ်။
ဟားမတ်စ် အဖွဲ့ကတော့ အစ္စရေးရဲ့ အမိန့်ဟာ စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာလို့ ပြောပါတယ်။
လက်ရှိတော့ ဂါဇာနယ်စပ်တွေမှာ အစ္စရေးက တင့်ကားတွေ ချထားပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ စနေနေ့မှာ ဟားမတ်စ်အဖွဲ့က အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်ခဲ့ပြီး လူအများအပြားကို ဓားစားခံအဖြစ် ခေါ်ဆောင်သွားမှုကို လက်တုံ့ပြန်မှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
ဂါဇာကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက ကြေညာချက် တရပ် ထုတ်ပြန်ရာမှာ ဟားမတ်စ် အဖွဲ့ဟာ အရပ်သားတွေကို လူသားဒိုင်း အဖြစ် အသုံးချနေတယ်လို့ စွပ်စွဲ ပြောကြားထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စနေနေ့နောက်ပိုင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဂါဇာမှာ လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အစ္စရေးကို ထောက်ပံ့ကူညီမှုဟာ ခိုင်မာတဲ့ အကာအကွယ်ပေးမှုပါ။ ဟားမတ်စ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတဲ့ အစ္စရေးပြည်သူတွေ ဆုံးရှုံးခဲ့ရတဲ့အတွက် အကြီးအကျယ် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ အပြစ်မဲ့တဲ့ အစ္စရေး အမျိုးသား၊ အမျိုးသမီး ကလေးငယ်တွေ ပြန်လည်လွတ်မြောက်လာဖို့ အမေရိကန် အနေနဲ့ ဆက်လက် ပူးပေါင်း ကူညီသွားမှာပါလို့ တဲလ်ဗိမြို့က သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂလန့်လည်း ဟားမတ်စ် တိုက်ခိုက်မှုဟာ အစ္စရေးတွေကို စစ်ကြေညာလိုက်တာဘဲလို့ ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ကတော့ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနဲ့ ဂါဇာအရေး ဆွေးနွေးနေပါတယ်။
သူ့ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း ဂျော်ဒန်နိုင်ငံ အာမန်မြို့ဟာ ဒုတိယ တထောက်နားရာ နေရာပါ။
ဂျော်ဒန်ဘုရင်ကတော့ ဂါဇာကို အရေးပေါ် လိုအပ်နေတဲ့ ဆေးဝါးနဲ့ လူမှုကယ်ဆယ်ရေး အကူအညီတွေ ဝင်ပေးနိုင်ဖို့ လမ်းဖွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
မစ္စတာ ဘလင်ကင်ဟာ ဂျော်ဒန်ပြီးရင် ကာတာ ၊ ဘာရိန်း ၊ ဆော်ဒီအာရေဗျ ၊ ယူအေအီးနဲ့ အီဂျစ်တို့ကို လေကြောင်းနဲ့ သွားရောက်ဖို့ ရှိပါတယ်။
လက်ဘနွန်နိုင်ငံမှာ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ ဟစ်ဇဘိုလာရဲ့ လက်ထောက် အကြီးအကဲက ဂါဇာအရေးမှာ လက်ရှောင်နေဖို့ တောင်းဆိုချက်ကို ပယ်ချလိုက်ပါတယ်။
သူတို့အဖွဲ့ဟာ အစ္စရေးကို တိုက်တဲ့ စစ်ပွဲမှာ အချိန်ကျလာရင် အသင့် ဖြစ်နေပြီး အပြည့်အဝ ပြင်ဆင်ထားတယ်လို့ နာရင်မ် ကွာဆမ် က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လစ်ဘနွန် နယ်စပ်မှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ဟစ်ဇဘိုလာတို့ တိုက်ပွဲ အကြိမ် တော်တော်များများ ဖြစ်ခဲ့တာပါ။
သူ့ပြောဆိုချက်ဟာ အီရန် နိုင်ငံခြားရေး ဝန်ကြီး လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ကို ရောက်နေချိန်နဲ့ သွား တိုက်ဆိုင်နေပါတယ်။
အီရန် အစိုးရဟာ ငွေရေးကြေးရေး အရရော စစ်ရေးအရပါ ဟစ်ဇဘိုလာ အဖွဲ့ကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။
ဘာရိန်းဆိုင်ရာ အမေရိကန် သံအမတ် ကြေညာချက်ထုတ်ပြန်မှု အငြင်းပွားဖွယ်ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘာရိန်းမှာ အမေရိကန်သံအမတ်ရဲ့ ထုတ်ပြန်ချက်ကို အတိုက်အခံ အဖွဲ့တွေက ရှုတ်ချလိုက်ပါတယ်။
ဘာရိန်းအစိုးရနဲ့ အမေရိကန် အစိုးရပေါင်းပြီး ပြီးခဲ့တဲ့စနေနေ့က ဟားမတ်စ် အဖွဲ့ရဲ့ အစ္စရေးတောင်ပိုင်း တိုက်ခိုက်မှုကို ရှုတ်ချကြောင်း အမေရိကန် သံအမတ်က ထုတ်ပြန်ခဲ့တာပါ။
ဒါကို အကြမ်းဖက် တိုက်ခိုက်မှုလို့ ပြောဆိုနေတာဟာ ပါလက်စတိုင်းတွေ ပိုပြီး သွေးထွက်သံယို ဖြစ်အောင်၊ ဘာရိန်းရဲ့ အချုပ်အခြာ အာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်တယ်လို့ ဘာရိန်း အတိုက်အခံတွေက ပြောပါတယ်။
ဘာရိန်း နိုင်ငံခြားရေး ဝန်ကြီးကတော့ သူတို့ရဲ့ တရားဝင် ရပ်တည်ချက်ကို ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်လို့ မရပါဘူးလို့ ဆိုပါတယ်။
အစ္စရေးရောက် အိန္ဒိယနိုင်ငံသားတွေကို စင်းလုံးငှားလေယာဉ်နဲ့ ကယ်ထုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ္စရေးမှာ ရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကယ်ထုတ်နေရာမှာ ပထမအသုတ် ဒေလီမြို့ကို ရောက်ရှိလာပါတယ်။
အစိုးရ အစီအစဉ် စင်းလုံးငှားလေယာဉ်နဲ့ ရောက်လာသူ ၂၁၂ ယောက် ရှိပါတယ်။
အိန္ဒိယလေကြောင်းဟာ အစ္စရေးနိုင်ငံ တဲလ်ဗိမြို့ကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်တွေကို တိုက်ခိုက်မှုတွေ စဖြစ်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကတည်းက ရပ်ဆိုင်းထားခဲ့ပါတယ်။
မြောက်ကိုရီးယားက ဘက်ပြောင်းလာသူတွေကို တရုတ်က နေရပ်ပြန်ပို့နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်မှာ မြောက်ကိုရီးယားက ဘက်ပြောင်းလာသူတွေကို သူတို့ဆန္ဒမပါဘဲ နေရပ်ပြန်ပို့နေတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
အခုသီတင်းပတ်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ တရုတ်ဟာ ထိန်းသိမ်းရေးစခန်းမှာ ထားရှိတဲ့ ဘက်ပြောင်းခိုလှုံလာသူ ၆၀၀ လောက်ကို အတင်းအကျပ် ပြန်ပို့နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြန်ပို့ခံရသူတွေဟာ ထောင်ချ၊ နှိပ်စက် ၊ မျက်ကွယ်တရားစီရင်တာတွေနဲ့ ကြုံရနိုင်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက သတိပေးထားပါတယ်။
တောင်ကိုရီးယား အစိုးရကတော့ အဲဒီသတင်းတွေက ဖြစ်နိုင်ပေမဲ့ ပြန်ပို့ခံရသူ အရေအတွက်ကိုတော့ အတည်မပြုနိုင်ဘူးလို့ ပြောပါတယ်။
တရုတ်ဟာ ဘက်ပြောင်းခိုလှုံလာသူတွေကို ဒုက္ခသည်အဖြစ်သာ သတ်မှတ်တာပါ။ သူတို့တွေဟာ စီးပွားရေးအခြေအနေကြောင့် ရွှေ့ပြောင်းဝင်ရောက်လာတယ်ဆိုပြီး ပြန်ပို့လေ့ရှိတာ ဖြစ်ပါတယ်။
ဒါဟာ နိုင်ငံတကာ စံသတ်မှတ်ချက်တွေကို ဆန့်ကျင်တာပဲလို့ တောင်ကိုရီးယားက ပြောပါတယ်။








