ထီးနန်းဆက်ခံနိုင်သူ ထိုင်းမင်းသမီး နှလုံးကျန်းမာရေးကြောင့် လဲကျ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းဘုရင်ရဲ့ အကြီးဆုံး သမီးတော် နှလုံးကျန်းမာရေးကြောင့် မနေ့ ဗုဒ္ဓဟူးနေ့ညနေက လဲကျခဲ့တယ်လို့ ထိုင်းတော်ဝင်နန်းတော်က ပြောပါတယ်။
ထိုင်းဘုရင် ဝဇီရာလောင်ကွန်းရဲ့ အကြီးဆုံးသမီးတော် ဖာချရာ ခစ်တရားဖားဟာ ဘန်ကောက်မြို့ အရှေ့မြောက်ပိုင်းမှာ သူရဲ့ ခွေးတွေကို လေ့ကျင်ပေးနေတုန်း လဲကျခဲ့တယ်လို့ နန်းတော်က ဆိုပါတယ်။
အသက် ၄၄ နှစ် အရွယ် မင်းသမီးကို အနီးအနားက ဆေးရုံကို ခေါ်ဆောင်သွားပြီးနောက် ရဟတ်ယာဥ်နဲ့ ဘန်ကောက်ကို ခေါ်ပြီးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ကညကတော့ သူအခြေအနေတစ်ခုအထိ တည်ငြိမ်နေတယ်လို့ နန်းတော်က ဆိုပါတယ်။
နန်းတော်ရဲ့ ထုတ်ပြန်ချက်က သိပ်များများစားစား ရှင်းလင်း ဖော်ပြမထားလို့ သူဘယ်လောက်အထိ စိုးရိမ်ရတယ်ဆိုတာ မသိရဘူးလို့ ဘန်ကောက်မြို့က ဘီဘီစီ သတင်းထောက် ဂျွန်နသန်ဟက်က ပြောပါတယ်။
တချို့သတင်းတွေကတော့ သူ့ကျန်းမာရေးဟာ ဖော်ပြထားတဲ့ အခြေအနေထက် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
မင်းသမီးဟာ ထိုင်းဘုရင်နဲ့ ပထမဇနီး စုန်ဆဝါလီတို့ရဲ့ အကြီးဆုံး သမီးဖြစ်ပါတယ်။ သူဟာ သူ့ဖခင် ဘုရင် နန်းမွေဆက်ခံခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ဘုရင်ရဲ့ အတွင်းစည်းအကျဆုံးရှိသူတွေထဲက တစ်ဦးဖြစ်ပြီး ဘုရင့် ကိုယ်ရံတော်တပ်ဖွဲ့မှာ အဆင့်မြင့်အရာရှိ ရာထူးရယူထားပါတယ်။
သူဟာ ဘုရင့်အတွင်းစည်းထဲက အထူးချွန်ဆုံးသူတစ်ဦး ဖြစ်ပြီး အမေရိကန် တက္ကသိုလ် နှစ်ခုက ဥပဒေ ဘွဲ့လွန် ဒီဂရီတွေ ရရှိထားပါတယ်။
ထိုင်းဘုရင်က သူ့နေရာ ဆက်ခံမယ့်သူကို မသတ်မှတ်ရသေးပေမဲ့ မင်းသမီး ဖာချရာ ခစ်တရားဖားဟာ နန်းမွေဆက်ခံဖို့ အသင့်တော်ဆုံးသူအဖြစ် အများက သိထားကြပါတယ်။
တရားဝင် တော်ဝင်ဘွဲ့ခံထားတဲ့ ဘုရင်ရဲ့ သားသမီး သုံးဦးထဲက တစ်ဦးဖြစ်တဲ့ မင်းသမီးဟာ နန်းတော်ရဲ့ ၁၉၂၄ နန်းမွေဆက်ခံရေး ဥပဒေအရ ထီးနန်းဆက်ခံနိုင်ခွင့် ရှိသူလည်း ဖြစ်ပါတယ်။
သူဟာ ကျန်းမာကြံ့ခိုင်ရေး လိုက်စားသူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ဥပဒေပြုပြင်ပြောင်းလဲရေးတွေကို တောက်လျှောက်ဦးဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
မင်းသမီးဟာ အထူးသဖြင့် အမျိုးသမီး အကျဥ်းသားတွေအရေး ဆောင်ရွက်ခဲ့သူပါ။
သူဟာ သြစတြီးယားနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ်လည်း ၂၀၁၂ ကနေ ၂၀၁၄ အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။








