မြန်မာစစ်တပ်က ဗိုလ်လောင်းတွေကို သင်တန်းပေးမှု ဆိုင်းငံ့တော့မယ်လို့ ဂျပန်ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာစစ်တပ်က ဗိုလ်လောင်းတွေကို လက်ခံသင်တန်းပေးနေတာကို လာမယ့်နှစ်ကစပြီး ဆိုင်းငံ့တော့မယ်ဆိုပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောလာတယ်လို့ ဂျပန်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
မြန်မာစစ်တပ်က သင်တန်းသားအသစ်တွေကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအောက်က ပညာရပ်ဆိုင်ရာကျောင်းတွေမှာလက်ခံတာကို လာမယ့် ၂၀၂၃ ခုနှစ်ကစတင်ပြီး ရပ်ဆိုင်းတော့မယ့်အကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒီနေ့မှာ ကြေညာလိုက်တာလို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အာဏာသိမ်းမှုအောက်က မြန်မာစစ်တပ်ကနေလာတဲ့ပညာတော်သင်တွေကို လက်ခံတာဟာ မသင့်တော်တာကြောင့် ဝန်ကြီးဌာနဘက်က အခုလိုဆုံးဖြတ်လိုက်တာဆိုပြီး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ မြန်မာစစ်တပ်က ကျောင်းသား ၁၁ ဦးဟာ ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီနဲ့ တခြားပညာရပ်ဆိုင်ရာကျောင်းတွေမှာ ကျောင်းဆက်နေဆဲဖြစ်ပြီး သူတို့ကိုတော့ သင်တန်းတွေ ပြီးဆုံးတဲ့အထိ လက်ခံသွားမယ်လို့ ဆိုပါတယ်။
မြန်မာပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေကို ဆက်ပြီး လက်ခံသင်တန်းပေးနေတာကို လူ့အခွင့်အရေးအဖွဲ့တွေက ကျယ်ကျယ်လောင်လောင်ထောက်ပြပြောဆိုခဲ့အပြီးမှာ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဘက်က အခုလို ပြောဆိုလာတာဖြစ်ပါတယ်။
လက်ယက်ကုန်းရွာက ကလေးငယ်တွေသေဆုံးမှု ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး UNICEF ဝေဖန်ခံနေရ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းစစ်ရှောင်ကူညီရေး
ကုလသမဂ္ဂကလေးသူငယ်ကူညီစောင့်ရှောက်ရေးအဖွဲ-ယူနီဆက်ဖ်(UNICEF) ဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း လက်ယက်ကုန်းကျေးရွာထဲက စာသင်ကျောင်းမှာ ကျောင်းတက်နေတဲ့ကလေးငယ်တွေ သေဆုံးခဲ့ရမှု ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်တာခံနေရပါတယ်။
လက်ယက်ကုန်းရွာထဲမှာ စစ်တပ်က စက်တင်ဘာလ ၁၆ ရက်နေ့ကပြုလုပ်တဲ့ လေကြောင်းပစ်ခတ်မှုမှာ စာသင်ကျောင်းထဲက ကလေးငယ် ၈ ဦးအပါအဝင် လူ ၁၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။
ဒါပေမဲ့ ယူနီဆက်ဖ်ထုတ်ပြန်ချက်ထဲ စစ်တပ်ကို ဖော်ပြထားတာမရှိဘဲ စာသင်ကျောင်းအပါအဝင် အရပ်သားတွေနေထိုင်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှု၊ ပစ်ခတ်မှုလုပ်ခဲ့တာတွေကို ရှုတ်ချပြောဆိုကြောင်းပဲ ပါဝင်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထောက်ပြပြောဆိုနေကြတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ကေအိုင်အေနဲ့ ပီဒီအက်ဖ် လက်နက်ကိုင်အဖွဲ့တွေဟာ လက်ယက်ကုန်းရွာမှာ လှုပ်ရှားမယ်ဆိုတဲ့သတင်းပေးပို့မှုကြောင့် စစ်ဆင်ရေး သွားလုပ်ခဲ့တာဖြစ်ပြီး လေကြောင်းတိုက် ခိုက်မှုလုပ်ခဲ့တဲ့ကိစ္စနဲ့ ကလေးငယ်တွေ သေဆုံးတဲ့ကိစ္စကို ထုတ်ပြန်ပြောဆိုတာမရှိခဲ့ပါဘူး။
ဒီနေ့ စက်တင်ဘာလ ၂၀ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စစ်ကောင်စီဘက်က လက်ယက်ကုန်းဖြစ်စဥ်ဟာ ကုလသမဂ္ဂညီလာခံနဲ့အချိန်ကိုက် နိုင်ငံရေးပယောဂပါတဲ့ဖြစ်ရပ်ဖြစ်သလို ကေအိုင်အေနဲ့ ပီဒီအက်ဖ် တပ်ဖွဲ့တွေဟာ ကလေးတွေကို လူသားဒိုင်းလို အသုံးချခဲ့တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
ထုတ်ပြန်ချက်ကို အခြေခံတဲ့ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက ယူနီဆက်ဖ် ဘက်ဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
မြောက်ဦးက သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရခိုင်ပြည်နယ် မြောက်ဦးမြို့က သတင်းထောက်ဟောင်း ကိုဖိုးသီဟကို စစ်ကောင်စီတပ်ဖွဲ့တွေက သူ့ရဲ့နေအိမ်ကနေ ဒီကနေ့ စက်တင်ဘာ ၂၀ ရက် နေ့လယ် ၁ နာရီခန့်မှာ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောဆိုကြပါတယ်။
ကိုဖိုးသီဟဟာ လက်ရှိမှာတော့ သတင်းထောက်အလုပ်ကို ရပ်နားထားပြီး မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက်မှာ မိသားစုတွေနဲ့အတူနေထိုင်သူလည်းဖြစ်ပါတယ်။
သူ့ကိုနေအိမ်ကနေ လာရောက်ဖမ်းဆီးခဲ့တာကတော့ စစ်တပ်နဲ့ရဲပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရသေးဘူးလို့ လက်ကောက်ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ပုက ပြောပါတယ်။
“ဖိုးသီဟ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ နေ့လယ်၁ နရီကျော်လောက်မှာပါ။ စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့ကလာဖမ်းသွားတာ လို့ကြားပါတယ်။ ကျွန်တော်လည်းမသိလိုက်ဘူး။ အဲ့ဒီနေရာကိုသွားကြည့်ဖို့ကလည်း တစ်မြို့လုံးကင်းပုန်းဝပ်နေကြတော့ မထွက်ရဲဘူးဖြစ်နေတယ်”လို့ ဦးမောင်ပုက ပြောပါတယ်။
ကိုဖိုးသီဟဟာ DSA စစ်တက္ကသိုလ်၊ တက်ရောက်ခဲ့ဖူးသလို ကျောင်းဆရာတစ်ယောက်အဖြစ်လည်း လုပ်ကိုင်ခဲ့ကာ ၂၀၂၀ ခုနှစ်အရှေ့ပိုင်းတွေမှာ သတင်းထောက်တစ်ယောက်အဖြစ် ဖြတ်သန်းခဲ့သူလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ သူ့ကိုဘယ်နေရာကိုခေါ်ဆောင်သွားတယ်ဆိုတာ မသိရှိနိုင်သေးသလို မြောက်ဦးတစ်မြို့လုံး စစ်တပ်ကနေရာယူထားတာကြောင့် မြို့ခံတွေလည်း အပြင်ထွက်သွားလာလှုပ်ရှားမှုတွေ မလုပ်ကြဘဲ တိတ်ဆိတ်နေတယ်လို့ သိရပါတယ်။
အခုလ ၄ ရက်နေ့ကလည်း မြောက်ဦးမြို့တောင်ရပ်ရပ်ကွက်က ကိုဖိုးလပြည့်ကို အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားက လာရောက်ဖမ်းဆီးသွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ဆက်စပ်တယ်ဆိုကာ ပုဒ်မသုံးခုနဲ့အမှုဖွင့်ခံလိုက်သလို သူ့ကိုတော့ စက်တင်ဘာ ၁၉ ရက် မနေ့က မြောက်ဦးခရိုင်တရားရုံး ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
နယ်စပ်က ပစ်ခတ်မှုတွေ စစ်ကောင်စီနိုင်ငံခြားရေးက ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ခေါ်ယူရှင်းပြ

ဓာတ်ပုံ ရင်းမြစ်, ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲတာနဲ့ ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကို စစ်ကောင်စီနိုင်ငံခြားရေးက ခေါ်ယူရှင်းပြခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက် နိုင်ငံခြားရေးက မဟာဗျူဟာလေ့လာရေးနဲ့ လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဖြိုးဝင်းက မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
နယ်စပ်က ပစ်ခတ်မှုတွေဟာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ အာဆာအဖွဲ့တို့ ပူးပေါင်းပြီး နှစ်နိုင်ငံ နယ်စပ်က တောင်ပြိုဝဲရဲကင်းစခန်းနဲ့ တောင်ပြိုယာ ရဲကင်းစခန်းတို့ကို ပစ်ခတ်ချိန် ထွက်ပေါ်လာရတဲ့ မော်တာကျည် တွေဖြစ်တယ်လို့ စစ်ကောင်စီဘက်က အစောပိုင်းသတင်းထုတ်ပြန်ထားခဲ့တဲ့အတိုင်း နိုင်ငံခြားရေး တာဝန်ရှိသူက သံအမတ်ကို ရှင်းပြခဲ့တာလို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တစ်ဖက်မှာလည်း နယ်စပ်က ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက် မြန်မာသံအမတ်ဟာ တစ်လကျော်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကို လေးကြိမ်မြောက် ဆင့်ခေါ်ခံခဲ့ရပါတယ်။
နယ်စပ်မှာ လက်နက်ကြီးကျည်ကျရောက်မှုနဲ့ ပတ်သတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ပြင်းပြင်းထန်ထန်ကန့်ကွက်နေတာဖြစ်ပါတယ်။
အခုနောက်ဆုံးတစ်ကြိမ် ဆင့်ခေါ်ခံရမှုမှာလည်း ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာကို ကန့်ကွက်လွှာပေးခဲ့ တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့အခြေစိုက်သတင်းဌာနတချို့က ဖော်ပြနေတဲ့ရုပ်သံဖိုင်မှာတော့ ဆင့်ခေါ်ခံရအပြီး ပြန်ထွက်လာတဲ့ မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်မီဒီယာတွေက မေးခွန်းမေးမြန်းဖို့ ကြိုးပမ်းပေမဲ့ သံအမတ်က ခပ်သုတ်သုတ် ရှောင်ထွက်သွားတာတွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီရုပ်သံနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အေအေဘက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်တုန်းက ဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာလူငယ်တစ်ဦးသေဆုံးခဲ့တဲ့ လက်နက်ကြီးကျရောက်မှုတွေဟာ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တာလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
ရူဘယ်နဲ့ကျပ်ငွေ တိုက်ရိုက်ဖလှယ်သုံးနိုင်ရေး စစ်ကောင်စီခြေလှမ်း

ဓာတ်ပုံ ရင်းမြစ်, ဝီကီ
ရုရှား ရူဘယ်ငွေနဲ့ မြန်မာကျပ်ငွေကို တိုက်ရိုက်ဖလှယ်သုံးနိုင်ရေး စစ်ကော်စီဘက်က ခြေလှမ်းနေတဲ့အကြောင်း စစ်ကောင်စီဘက်ကပြုလုပ်တဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲအရ သိပါတယ်။
စီးပွားရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ ဆက်စပ်လုပ်ငန်းတွေမှာ ရူဘယ်ငွေနဲ့ ကျပ်ငွေ တိုက်ရိုက်ပေးချေဖို့ လုပ်ဆောင်နေတဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရသူက ထုတ်ပြောသွားတာဖြစ်ပါတယ်။
‘’ကျွန်တော်တို့ လာမယ့် နိုဝင်ဘာလမှာ ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေး ရှိပါတယ်။ အဲဒီအစည်းအဝေးမတိုင်ခင်မှာ ရုရှားနိုင်ငံ ဗဟိုဘဏ် ငွေကြေးဆိုင်ရာ စာတိုပို့စနစ် (SPFS) သုံးစွဲနိုင်ရေး အမြန်ဆုံး ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရူဘယ်နဲ့ ကျပ် တိုက်ရိုက်ပေးချေနိုင်ဖို့ မျှော်လင့်ပါတယ်’’ လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒါ့ပြင် ရုရှား-မြန်မာငွေကြေးဆိုင်ရာပူးပေါင်းမှုနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံဗဟိုဘဏ်ရဲ့အီလက်ထရောနစ်ငွေပေးချေမှုစနစ်သုံး MIR ဆိုတဲ့ကကို မြန်မာပြည်တွင်းက ငွေပေးချေမှုစနစ်တွေမှာ အသုံးပြုနိုင်ဖို့ ဆွေးနွေးတာတွေလုပ်နေတယ်လို့လည်း သူက ဆိုပါတယ်။
ငွေကြေးတိုက်ရိုက်ပေးချေနိုင်ဖို့ မြန်မာပြည်တွင်းက ဘဏ်တွေအနေနဲ့ ရုရှားနိုင်ငံမှာ အကောင့်ဖွင့်လှစ်ဖို့လိုမှာဖြစ်တယ်လို့လည်း သူက ထည့်ပြောသွားပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အခုလအစောပိုင်း ရုရှားခရီးစဥ်မှာ မြန်မာက ရုရှားကနေ စက်သုံးဆီဝယ်ယူတာနဲ့ ဆက်စပ်ပြီး ငွေပေးချေရာမှာ ရူဘယ်ငွေနဲ့ပေးချေလိုတဲ့အကြောင်း ပြောဆိုပြီး တခြားနိုင်ငံခြားသုံးငွေဆိုရင် အကန့်အသတ်ရှိနေကြောင်း ပြောဆိုထားပါတယ်။
မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနေရာပြန်ယူ

ဓာတ်ပုံ ရင်းမြစ်, မိုးဗြဲပီဒီအက်ဖ်
စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်နဲ့ ကယား(ကရင်နီ)ပြည်နယ်နယ်စပ် မိုးဗြဲမြို့က ရပ်ကွက်အများစုမှာ ဒီနေ့ ဝင်ရောက်နေရာယူထားပြီးဖြစ်သလို လမ်းမကြီးတွေမှာပါ နေရာယူထားတယ်လို့ မြေပြင်အခြေသိသူတွေက ဘီဘီစီကို ပြောပါတယ်။
မနေ့တုန်းကတော့ မိုးဗြဲမြို့တွင်းမှာနေရာယူဖို့ ကြိုးပမ်းတဲ့စစ်ကောင်စီတပ်ဟာ ဒေသကာကွယ်ရေး ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအတွင်းမှာ လက်နက်ကြီးနဲ့ရော တင့်ကားပစ်ကူတွေနဲ့ပါ သုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့မှာတော့ စစ်ကောင်စီတပ်ဟာ နှစ်ဖက်တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် မိုးဗြဲမြို့တောင်ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက နေအိမ်တွေကို ထိမှန်ထားတယ်လို့သိရပါတယ်။
တစ်ချိန်တည်းမှာပဲ မနေ့က စက်တော်ရာဘုရားမှာပိတ်မိနေတဲ့ စစ်ရှောင်မိသားစုတွေဟာ ပြန်လည် လွတ်မြောက်လာပြီလို့ဆိုပေမဲ့ မွေတော်ဘုရားမှာ ပိတ်မိနေတဲ့လူငယ်တွေဟာ အခုအချိန်အထိ ဖမ်းဆီးခံထားရဆဲလို့လည်း မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
"စက်တော်ရာက မိသားစုသုံးစုလောက်တော့ ကယ်ထုတ်လိုက်နိုင်တယ်၊ အခုသူတို့(စစ်တပ်)က အရင်တခါ သူတို့စခန်းချခဲ့တဲ့နေရာတွေမှာ ပြန်နေရာယူနေကြပြီ။ ပွဲကုန်းရပ်ကွက်တွေအထိပါ ဝင်နေကြပြီ" လို့ မိုးဗြဲကူညီရေးအသင်းဝင်တစ်ဦးက ပြောပါတယ်။
မနေ့ကတနေကုန်နီးပါးတိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့ဘက်က ၂ဦးသေဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း သေဆုံးနိုင်ချေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၈ ရက်ကနေ ၁၂ ရက်အတွင်း မိုးဗြဲမြို့တွင်းတိုက်ပွဲဖြစ်ခဲ့ဖူးပြီး အဲဒီတုန်းက စစ်ကောင်စီတပ်တွေဟာ အထိနာကာ မြို့တွင်းကနေ ဆုတ်ခွာသွားခဲ့ကြတာဖြစ်ပါတယ်။
မြန်မာ့အရေး ထိရောက်စွာဖြေရှင်းဖို့ မလေးနိုင်ငံခြားရေးဝန်ကြီးနဲ့နိုင်ငံတကာလွှတ်တော်အမတ်တွေတောင်းဆို

ဓာတ်ပုံ ရင်းမြစ်, APRH
မြန်မာ့အရေးကို ထိထိရောက်ရောက်နဲ့လက်တွေ့ကျကျဖြေရှင်းဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အက်ဘ်ဒူလာ၊ ဥရောပနဲ့အာရှက လွှတ်တော် အမတ်တွေက နိုင်ငံတကာအသိုင်းအဝိုင်းကို ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတကာလွှတ်တော်အမတ်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဝန်ကြီးတွေ တွေ့ဆုံပြီး မြန်မာမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။
‘’မြန်မာ့အရေးဖြေရှင်းမယ်ဆို NUG နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)လို ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံးပါဝင် ဘက်စုံ မျှတတဲ့တိုင်ပင်ဆွေးနွေးမှုတွေရှိသင့်ပါတယ်။ ဒါမှသာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး ရှင်းလင်းပြတ်သားတဲ့အဆုံးသတ်အတွက် မူဘောင်တစ်ခုရှိလာမှာဖြစ်ပါတယ်'' လို့ ဝန်ကြီးကပြောပါတယ်။
အခုတစ်ပတ်အတွင်းကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကိုရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေး အစည်းအဝေးတစ်ရပ်ကို ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်တပ်ဘက်က အကောင်အထည်ဖော်မှုအပိုင်းကို ဝေဖန်ထောက်ပြလေ့ရှိသူဖြစ်ပြီး အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အခြားနည်းလမ်းတွေနဲ့ ချဥ်းကပ်ဖို့ကိုလည်း ထုတ်ဖော်ပြောဆိုနေသူဖြစ်ပါတယ်။
မစိန်နယ်မြေရဲစခန်းကိုတိုက်ခိုက်မှု ရဲ ၇ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ကလေးဝပီဒီအက်ဖ်
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ် နယ်မြေရဲစခန်းကို ကလေးဝပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ချိန် ရဲ ၇ ဦးသေဆုံးတယ်လို့ ကလေးဝ ပီဒီအက်ဖ်က သတင်းထုတ်ပြန်ပါတယ်။
ရဲစခန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းမိတယ်လို့ ကလေးဝ ပီဒီအက်ဖ်က ဒီနေ့မှာ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
ရဲစခန်းကို တိုက်ခိုက်ချိန် ရဲအချို့ ထိခိုက်ဒဏ်ရာနဲ့ ထွက်ပြေးသွားပြီး ရဲစခန်းကိုလည်း မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်ဆိုတာကို ကြားသိရတဲ့အတွက် စိတ်မကြောင်းဖြစ်ရတဲ့အကြောင်း ကလေးဝ ပီဒီအက်ဖ်က ပြောထားပါတယ်။
တိုက်ပွဲစဖြစ်တဲ့ စက်တင်ဘာလ ၁၈ ရက်အပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချင်းတွင်းမြစ်ဘေးက မစိန်ကျေးရွာတစ်လျှောက်မှာ စက်လှေတွေနဲ့ကင်းလှည့်တာ၊ ရွာထဲကို အလုံးအရင်းနဲ့ဝင်ရောက်လာတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာလည်း ရဲစခန်းတိုက်ခိုက်ခံရမှုအပြီးမှာ လုံခြုံရေးစိုးရိမ်ပြီး တိမ်းရှောင်ကြတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေဟာ အခုအချိန်အထိ ကျေးရွာထဲကို ပြန်လာတာမရှိသေးဘူးလို့လည်း သိရပါတယ်။








