မင်းတုန်း ဒေသကာကွယ်ရေးပူးပေါင်းတပ်စခန်းတစ်ခုစီးနင်းခံရပြီး အဖွဲ့ဝင် ၃၀ နီးပါးဖမ်းဆီးခံရ အနီးအနားကျေးရွာဒေသခံတွေကိုလည်း ဆက်တိုက်ဖမ်းဆီးနေ

ဓာတ်ပုံ ရင်းမြစ်, MDY Image
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ထဲက မင်းတုန်း၊ သရက်၊ ကံမ မြို့နယ်သုံးခု ပူးပေါင်းဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေးတပ်စခန်းတစ်ခု ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကဝင်ရောက်စီးနင်းခံလိုက်ရပြီး အဖွဲ့ဝင် ၂၉ ဦးဖမ်းဆီးခံလိုက်တယ်လို့ မင်းတုန်းပြည်သူ့တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ ၃ ခုပူးပေါင်းထားလို့ အင်အားဆယ်ချီရှိတဲ့ ဒီစခန်းဟာ သတင်းပေးလမ်းပြသူကြောင့် စီးနင်းခံလိုက်ရတာဖြစ်ပြီး လွတ်မြောက်သွားတဲ့ အဖွဲ့ဝင်တွေလည်းရှိတယ်လို့သိရပါတယ်။
"သူတို့အဖွဲ့ကဒေသတွင်းမှာ စစ်ဆင်ရေးတွေတော့ တောက်လျှောက်လုပ်လာတာ။ အဲဒီကတည်းက အဲဒီအဖွဲ့ကို အဝေးက လှမ်းပစ်တာတွေ၊ တောက်လျှောက်တော နင်းရှာတာတွေလုပ်လာတာ။ အခုဖမ်းမိတာတော့ သတင်းပေးက ဦးဆောင်ပြီး စခန်းရှိတဲ့နေရာအထိလမ်းပြလိုက်တာ။ မထင်မှတ်တဲ့ အချိန် စီးနင်းခံလိုက်ရတာ။ အယောက် ၄၀ ကျော်လွတ်သွားပြီး ၂၉ ယောက် အဖမ်းခံလိုက်ရတယ်’’ လို့ မင်းတုန်းပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံဆလိုင်းအာကာ က ဘီဘီစီကိုပြောပါတယ်။
ဒီလို PDF စခန်းကို စီးနင်းတိုက်ခိုက်အပြီးမှာလည်း စခန်းအနီးအနားမှာရှိနေတဲ့ လက်ပွရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အုပ်ချုပ်ရေးမှူးအပါအဝင်ဒေသခံတွေကို စခန်းကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်တိုက်ဖမ်းဆီးတာတွေလုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။
"လက်ပွရွာမှာလည်း ဆက်တိုက်အဖမ်းခံနေရတာကို လွတ်မြောက်လာသူတွေက သူတို့ရွာကို ကူပေးဖို့လာပြောကြတယ်။ ရွာအုပ်ချုပ်ရေးမှူးကိုပါ ဖမ်းသွားတာ၊ စခန်းနားမှာရှိနေရင် စခန်းကိုထောက်ပံ့မှာပဲဆိုတဲ့စွပ်စွဲချက်တွေနဲ့ ဖမ်းနေတာ"လို့ မင်းတုန်းပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တာဝန်ခံ ကဆက်ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်မှာလည်း သရက်၊ ကံမဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ ပခုက္ကူ ဒေသဘက်ကနေ လက်နက်တချို့ သယ်ဆောင်လာရင်း သတင်းပေါက်ကြားမှုကြောင့် မဲဇလီတံတားအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တိုက်ပွဲဖြစ်ခဲ့ပြီး PDF အဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့ပါတယ်။
စစ်ကောင်စီသတင်းတွေကို ဖြန့်ချိနေတဲ့ တယ်လီဂရန်ချယ်နယ်တွေမှာတော့ စက်တင်ဘာ ၄ ရက်နေ့ကမင်းတုန်းနယ်ထဲက PDF စခန်းကိုသိမ်းပြီးပြီး အဖွဲံဝင် ၂၀ ကျော်နဲ့ အတူ လက်နက်တွေဖမ်းဆီးရမိကြောင်းထုတ်ပြန်နေပါတယ်။
အူရီဒူးမြန်မာကို စင်ကာပူကုမ္ပဏီထံ အမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ရောင်းချ
ကာတာနိုင်ငံအခြေစိုက် အူရီဒူးမြန်မာဆက်သွယ်ရေးကုမ္ပဏီလုပ်ငန်းကို စင်ကာပူက Nine Communication ကုမ္ပဏီထံ အမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ရောင်းချကြောင်း သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်တယ်လို့ ရိုက်တာသတင်းကဖော်ပြလာပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရှယ်ယာတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၂ သန်းအပါအ၀င် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၅၇၆ သန်းနဲ့ လွှဲပြောင်းရောင်းချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံမှာ နောက်ဆုံးကျန်ရစ်နေတဲ့ နိုင်ငံတကာဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ အူရီဒူးကို စင်္ကာပူအခြေစိုက် မြန်မာလူမျိုးပိုင်ကုမ္ပဏီတစ်ခုဆီရောင်းချတော့မယ်လို့ စက်တင်ဘာ ၅ ရက်က စပြီး နိုင်ငံတကာသတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြရေးသားခဲ့ကြတာပါ။
စစ်ကောင်စီရဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကိုလည်း တင်ပြထားပြီလို့ သတင်းတွေမှာဖော်ပြထားပါတယ်။ဆက်သွယ်ရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်ကို ဘီဘီစီက စက်တင်ဘာ ၅ ရက်မှာ ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အူရီဒူးလုပ်ငန်းဘက်က ရောင်းချဖို့တင်ပြတာလည်းမရှိသလို သူတို့လည်းမသိသေးဘူးလို့ တုံ့ပြန်ပါတယ်။
ဒီဂျစ်တယ်အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ အူရီဒူးလုပ်ငန်းကို ဝယ်ယူဖို့ကြိုးစားနေတဲ့ ကုမ္ပဏီတွေဟာ စစ်ကောင်စီနဲ့နီးစပ်တာကြောင့် မရောင်းချဖို့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စာထုတ်ကန့်ကွက်ကြပါတယ်။အူရီဒူးကုမ္ပဏီကတော့ တက်ကြွလှုပ်ရှားသူတွေ ရဲ့ ကန့်ကွက်မှုတွေကို တစုံတရာတုံ့ပြန်တာမရှိသလို ရောင်းချဖို့အစီအစဉ်နဲ့ပတ်သက်ပြီး ဘီဘီစီက ဒီကနေ့မှာဆက်သွယ်မေးမြန်းရာမှာလည်း ပြန်လည်မဖြေကြားပါဘူး။
ငွေလွှဲငွေထုတ် လုပ်မယ့်သူတွေ မှတ်ပုံတင်မဖြစ်မနေယူဆောင်လာဖို့ Wave Money ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Wave Myanmar Facebook
မိုဘိုင်းငွေရေးကြေးရေး၀န်ဆောင်မှုလုပ်ငန်း စည်းမျဥ်းစည်းကမ်းတွေအရ ငွေလွှဲ၊ငွေထုတ်လုပ်ငန်းစဥ်တွေ ပိုမိုလုံခြုံ စိတ်ချရစေဖို့ လုံခြုံရေး အဆင်မြှင့်တင် ဆောင်ရွက်ပေးနေပြီး ဒီလို အဆင်မြှင့်တင်လုပ်ဆောင်ချက်တွေအရ Wave ဆိုင်တွေမှာ ငွေလွှဲ၊ငွေထုတ်ဝန်ဆောင်မှုပြုလုပ်မယ်ဆိုရင် မှတ်ပုံတင်ကို မဖြစ်မနေ ယူလာပြီး အချက်အလက်အပြည့်အစုံကို ဖြည့်စွက်ဖို့လိုအပ်ကြောင်း Wave Money က ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
အဲဒီလိုပြုလုပ်မှသာ ငွေလွှဲ၊ငွေထုတ်လုပ်ငန်းစဥ်တွေ ဆောင်ရွက်နိုင်မှာဖြစ်ပြီး Wave Money ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း လုပ်ငန်းတွေအားလုံးအတွက် မှတ်ပုံတင် ယူဆောင်လာဖို့ လုံးဝမမေ့လျော့ဖို့ဆိုပြီး ဆက်လက်ပါရှိပါတယ်။
ဗဟိုဘဏ်က ပြီးခဲ့တဲ့လအတွင်း မိုဘိုင်းလ်ငွေလွှဲငွေထုတ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်တဲ့ ဆိုင်တွေမှာ စီစီတီဗီကင်မရာတွေတပ်ဆင်ထားဖို့နဲ့ ငွေလွှဲငွေထုတ် ဝန်ဆောင်မှုလာရောက်ပြုလုပ်သူတွေကိုလည်း လျှို့ဝှက်ကင်မရာနဲ့ ဓာတ်ပုံမှတ်တမ်းရယူထားဖို့ဆိုတဲ့ညွှန်ကြားချက် ရှိထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNDF
ကယား(ကရင်နီ) ပြည်နယ်ထဲမှာ အခုစက်တင်ဘာ ပထမပတ်တစ်ပတ်လုံး စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း အင်အားနဲ့ ရိက္ခာတွေဖြည့်တင်းနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ စက်တင်ဘာ ၈ ရက်မှာ စစ်ရေးအခြေအနေထုတ်ပြန်လာပါတယ်။
စက်တင်ဘာ ပထမပတ်ထဲမှာ ဖရူဆို ၊ ဖယ်ခုံ၊ ဒီးမောဆို စတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေအနီးမှာနှစ်ဖက်တိုက်ပွဲတွေနဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၁၆ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတဲ့အကြောင်း KNDF ရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် ဒီကနေ့ စက်တင်ဘာ ၈ ရက်မှာလည်း ရှမ်း၊ ကယားနယ်စပ်က မိုးဗြဲမှာ နှစ်ဖက် တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်က လူနေရပ်ကွက်တွေအထိ ဝင်ရောက်ပစ်ခတ်မှုတွေလုပ်နေလို့ ဒေသခံတွေလုံခြုံရာရွှေ့ပြောင်းနေကြဖို့ကိုလည်း မိုးဗြဲ PDF က သတိပေးထုတ်ပြန်ထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ အခုစက်တင်ဘာလထဲမှာပဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့် ဒီးမောဆိုမြို့နယ်ထဲကဒေသခံအရပ်သားတွေနေတဲ့ နေရာအထိ လက်နက်ကြီးတွေကျတဲ့ဖြစ်စဥ်တွေလည်းရှိနေကြောင်း ဒေသခံတွေကပြောဆိုထားပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းကတိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲမှာတော့ ပြီးခဲ့တဲ့ သြဂုတ်လမှာလည်း တိုက်ပွဲပေါင်း ၄၆ကြိမ်ဖြစ်ခဲ့ပြီး အရပ်သားသေဆုံးမှုတွေလည်း ရှိတဲ့အကြောင်း KNDF ကသတင်းထုတ်ပြန်ထားပါတယ်။
ကိုဗစ်ကူးစက်ပြီး ၇တန်းကျောင်းသူသေဆုံးခဲ့အုတ်တွင်းအ.ထ.က ကျောင်းမှာ ၅ ဦးကိုဗစ်ပိုးထပ်တွေ့

ဓာတ်ပုံ ရင်းမြစ်, ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)
ပြီးခဲတဲ့ စက်တင်ဘာ ၅ ရက်နေ့က အုတ်တွင်းမြို့နယ်ထဲက အ.ထက ကျောင်းမှာ၇တန်း ကျောင်းသူတစ်ဦးကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးတယ်ဆိုတဲ့ ဖြစ်စဥ်အပြီးကျောင်းတွင်းစစ်ဆေးမှုတွေထပ်လုပ်တဲ့နေရာမှာ ဆရာမ ၃ဦးနဲ့ ကျောင်းသား ၂ ဦးမှာကိုဗစ်ရောဂါပိုးထပ်တွေ့ခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေကပြောပါတယ်။
စက်တင်ဘာ ၅ ရက်နေ့က ကျောင်းသူမခင်အိဖြူဟာ ကျောင်းတွင်းဆော့ကစားနေစဥ်မေ့လဲရာကနေ တောင်ငူဆေးရုံကို ပို့ဆောင်ခဲ့ရပြီး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံပို့ပို့ဆောင်ကုသရာမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကအတည်ပြုထားကြောင်း လူမှုကူညီရေးအသင်းတွေဘက်ကပြောပါတယ်။
အဲဒီနောက်သေဆုံးသူကလေးငယ်နဲ့ ပတ်သက်တဲ့ ဆက်စပ်မိသားစုဝင် ၁၀ ဦးကို စစ်ဆေးရာမှာ ကိုဗစ်ပိုးမတွေ့ရဘူးလို့ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)ကပြောပါတယ်။
နောက်ဆက်တွဲအနေနဲ့ အုတ်တွင်း အ.ထ.က(၁) ကျောင်းနဲ့ ဗောဓိကုန်အထက်တန်းကျောင်းမှာရှိတဲ့ ဆရာ၊ဆရာမတွေအပါအဝင် ၅၀၀ ကျော်ကို စစ်ဆေးရာမှာ ၅ ဦးမှာ ကိုဗစ် Positive ထပ်တွေ့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
‘’ ကျောင်းမှာ ကူးစက်မှုကတော့ ဒီနှုန်းဆိုရင် .၉၅ လောက်ပဲရှိတော့ ကျောင်းကိုဆက်ဖွင့်ထားတယ်။ကူးစက်ခံရသူတွေကလည်း ကာကွယ်ဆေး နှစ်ကြိမ်၊ သုံးကြိမ်ထိုးထားပြီးသားဆိုတော့အိမ်မှာပဲ သီးခြားကွာရန်တင်းလုပ်ခိုင်းထားတယ်။ ကလေးငယ်နဲ့ ဆက်စပ်တဲ့ မိသားစုဝင်တွေကိုတော့All Negative ဖြစ်နေတာ RTD Test နဲ့ မတွေ့ဘူးဆိုရင် PCR ထပ်ယူသင့်တယ်လို့မြင်တယ်။ကူညီမှုအသင်းဆိုတော့ ဌာနဆိုင်ရာကိုမစွက်ချင်ပါဘူး။ အသံတိတ်ကူးစက်မှုတွေဖြစ်နေမှာစိုးလို့ မြို့အတွကစိုးရိမ်လို့ပြောတာ’’ လို့ ရင်ခုန်သံရှင်ရေးကူညီမှုအသင်းတာဝန်ရှိသူကပြောပါတယ်။
လက်ရှိမှာတော့ အုတ်တွင်းအ.ထ.က ကျောင်းကို ရင်ခုန်သံရှင်ရေးကူညီမှုအသင်းကနေ ကျောင်းအတွင်း သေဆုံးခဲ့တဲ့ ကျောင်းသူသင်ကြားခဲ့တဲ့ စာသင်ခန်းနဲ့ တခြားစာသင်ခန်းတွေကို ပိုးသတ်ဆေးဖြန်းတာတွေလုပ်ဆောင်ပေးခဲ့တယ်လို့လည်းသိရပါတယ်။
ကိုဗစ်ရောဂါကူးစက်မှုအနေနဲ့ အခုစက်တင်ဘာ ပထမပတ်မှာပဲ ပြည်တွင်းကူးစက်မှုရက်ပိုင်းအတွင်းရာချီတိုးလာတာတွေ့ရသလို သေဆုံးသူ ၃ ဦးအထိရှိလာတယ်လို့စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရသိရပါတယ်။
မိုးကောင်းမြို့က ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာရှိတဲ့ စိုးကံသာတည်းခိုခန်းနဲ့စားသောက်ဆိုင်ပိုင်ရှင် ဦးစိုး ဆိုသူကို ဒီကနေ့ စက်တင်ဘာ ၈ ရက်မနက်ပိုင်းက လူတစ်စုက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်နေရာမှာတင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့မနက် ၄ နာရီလောက်မှာ ဦးစိုးဟာ ဆိုင်ဖွင့်ဖို့ပြင်ဆင်နေချိန် လူငယ် ၃ ယောက်က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်သံ ၅ ချက်လောက်ကြားရလိုက်တယ်လို့လည်း အနီးအနားက ဒေသခံတွေကပြောပါတယ်။
ပစ်ခတ်ခံရသူဟာ စျေးကုန်းရပ်ကွက်ထဲမှာ စိုးကံသာတည်းခိုခန်းနဲ့ စားသောက်ဆိုင် ဖွင့်လှစ်ထားသလို စျေးကုန်းရပ်ကွက်ရဲ့ ရာအိမ်မှူးတစ်ဦးလည်းဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
"သူက စျေးကုန်းမှာဆိုရာအိမ်မှူးပေါ့နော်။ ရာအိမ်မှူးဆိုပေမဲ့ အုပ်ချုပ်ရေးမှူးက ကျန်းမာရေးမကောင်းတော့ မလုပ်နိုင်တော့ ဦးစိုး ပဲ လုပ်နေတာ။ အဲဒါကြောင့် သူ့အပေါ် ပစ်မှတ်ရောက်သွားတာပေါ့။ သူရဲတွေဘာတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေလည်းရှိတယ်။ ပျူစောထီးလို့ ပြောကြပေမဲ့ အဲဒါတော့ သေချာမသိဘူး" လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုဖြစ်ချိန်မှာ ဆိုင်အတွင်းမှာ သူတစ်ယောက်တည်းရှိတာဖြစ်တယ်လို့သိရပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီးတော့ ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့လယ် ပိုင်းအထိထုတ်ပြန်ပြောဆိုလာတာမရှိသေးပါဘူး။
ဒီးမော့ဆို အနောက်ခြမ်းက ကိုယ်ထူကိုယ်ထစာသင်ကျောင်းထဲ လက်နက်ကြီးကျလို့ စစ်ရှောင်နေအိမ်တစ်လုံး ပျက်စီး

ဓာတ်ပုံ ရင်းမြစ်, Karenni Voice
ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းဝင်းထဲ မနေ့စက်တင်ဘာ ၇ ရက်နေ့လယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ Karenni's Voice မှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူဖော်ပြလာပါတယ်။
ဒီပစ်ခတ်မှုကြောင့် စာသင်ကျောင်းဝင်းထဲမှာရှိတဲ့ ဆရာမတစ်ဦးနဲ့ စစ်ရှောင်ကျောင်းသူတစ်ဦး နေထိုင်တဲ့ အိမ်ပေါ်ကို လက်နက်ကြီးကျပြီး ပေါက်ကွဲပြီး နေအိမ်ပျက်စီးခဲ့ပါတယ်။
လက်နက်ကြီးကျချိန်မှာတော့ နေအိမ်ထဲမှာ လူမရှိခဲ့ဘူးလို့သိရပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲမှာတော့စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် ဒေသခံနေအိမ်တွေဆီ လက်နက်ကြီးထိမှန်ပြီးသေဆုံးတာ၊ နေအိမ်အနီးမှာထောင်ထားတဲ့ မိုင်းတွေကြောင့် သေဆုံးထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တဲ့အကြောင်း ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေက ပြောကြားထားသလို ကရင်နီလူမှုအဖွဲ့အစည်းတွေကလည်း ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်းမှာ အရပ်သားသေဆုံးမှု ၂၆၀ ကျော်အထိရှိနေပြီလို့ ကရင်နီလူမှုအဖွဲ့အစည်းများကွန်ရက်က ထုတ်ပြန်ထားပါတယ်။
အခုလို ဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ စက်တင်ဘာ ၈ ရက်အထိ သတင်းတုံ့ပြန်ထုတ်ပြန်တာမရှိသေးပါဘူး။
ဘာသာရေးမှိုင်းတိုက်မှုကို လက်မခံကြဖို့ ရန်ကုန်ကလူငယ်တွေ ဆန္ဒထုတ်ဖော်၊ ရွှေဝါရောင်တော်လှန်ရေး ၁၅ နှစ်ပြည့်ပြီ

ဓာတ်ပုံ ရင်းမြစ်, BYRF
ရန်ကုန်တော်လှန်ရေးအင်အားစုက လူငယ်တွေနဲ့ သုံးခွမြို့နယ်က ကျောင်းသားသမဂ္ဂက လူငယ်တွေ ပူးပေါင်းပြီး ဒီကနေ့ စက်တင်ဘာ ၈ ရက်မနက်ပိုင်းက စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြောက်ကျားသပိတ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်စက်တင်ဘာကဖြစ်ခဲ့တဲ့ 'သံဃာ့အရေးအခင်းက သံဃာ့သွေးတွေ မခြောက်သေးဘူး' ဆိုတဲ့ ကြွေးကြော်သံပါတဲ့ စာတန်းကို ကိုင်ဆွဲပြီး အခုအချိန်မှာ ဘာသာရေးမှိုင်းတိုက်လို့မရတော့ဘူးလို့ ထုတ်ဖော်ဆန္ဒပြခဲ့ကြပါတယ်။
ပြည်သူတွေအနေနဲ့လည်း ဘာသာရေးမှိုင်းတိုက်မှုတွေကိုလက်မခံဖို့ တော်လှန်ရေးအင်အားစုကလူငယ်တွေက ထုတ်ပြန်တောင်းဆိုထားတာတွေ့ရပါတယ်။
လောင်စာဆီစျေးနှုန်းတွေမြင့်တက်ရာကစပြီး လူထု အထွေထွေအကျပ်အတည်းဆိုက်လို့ ကုန်စျေးနှုန်းကြီးမြင့်မှုတွေ ရှိလာခဲ့တဲ့အပေါ် သံဃာထုက ဦးဆောင်ပြီး စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟာ အခု ဒီစက်တင်ဘာမှာ ၁၅ နှစ် ပြည့်မြောက်ပြီဖြစ်ပါတယ်။
မြစ်ကြီးနားမြို့ သီတာ ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်ပြီး ဒေသခံတချို့ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာရှိတဲ့ သီတာရပ်ကွက်မှာ ဒီကနေ့ စက်တင်ဘာ ၈ ရက်မနက်ပိုင်းက ပစ်ခတ်သံတွေကြားနေရပြီး လမ်းသွားလမ်းလာဒေသခံတချို့ ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။
ဒီကနေ့မနက်ပိုင်း ၉ နာရီလောက်ကစလို့ ပစ်ခတ်သံတွေ ကြားခဲ့ရတာဖြစ်ပြီး ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာအမျိုးသားတစ်ဦး ကျည်ရှပ်ထိခဲ့သလိုဆိုင်ကယ်စီးနေတဲ့ အမျိုးသမီးတစ်ယောက်ဟာလည်း ပစ်ခတ်မှုဖြစ်စဥ်ကနေ လွတ်ရာလွတ်ကြောင်း တိမ်းရှောင်ဖို့ ကြိုးစားရင်း အနီးက ဓါတ်တိုင်နဲ့ ဆိုင်ကယ်ဝင်တိုက်မိပြီး ဒဏ်ရာရခဲ့တယ်လို့အနီးအနားက ဒေသခံတွေက ပြောပါတယ်။
“ဖြစ်စဉ်က ကားပေါ်ကနေ ရမ်းပစ်သွားတာပဲ။ ဗုံးတော့မဟုတ်ဘူး၊ လောင်ချာထင်တယ်။ ခါးထိုးပြီးပစ်တဲ့ဟာမျိုးနဲ့လည်းပစ်သွားတယ်။ အချိုရည် ကုမ္ပဏီက မန်နေဂျာ ဆိုလား မသိဘူး ။အဲဒီ တစ်ယောက်ကျောကုန်းမှာ ဒဏ်ရာနှစ်ချက်မှန်တယ်။ နောက်ရှေ့နေမလေးတစ်ယောက်ကလည်းလမ်းဘေးကိုလန့်ပြီးဝပ်လိုက်တဲ့အချိန် ဓာတ်မီးတိုင်နဲ့ဝင်တိုက်မိ ပြီးမျက်နှာထိသွားတယ်’’ လို့ မျက်မြင်တွေ့ရသူက ဘီဘီစီကိုပြောပါတယ်။
ပစ်ခတ်သူတွေဟာ လူတစ်စုဖြစ်တယ်လို့သာဒေသခံတွေကပြောကြပြီး ဘယ်အဖွဲ့အစည်းကဆိုတာအတည်ပြုနိုင်တာမရှိပါဘူး။
ဒါ့အပြင် ဒီကနေ့ ပစ်ခတ်မှုဖြစ်ချိန်မှာ အဲဒီအနီးအနားက စာသင်ကျောင်းကိုကျောင်းသား၊ ကျောင်းသူတွေသွားလာနေချိန်ဖြစ်တာကြောင့် မြစ်ကြီးနားဒေသခံတွေဟာလည်း စိုးရိမ်နေကြတယ်လို့ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ဓာတ်ငွေ့သိုက်တွေ တွေ့ရှိထားလို့ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ စစ်ခေါင်းဆောင်ဖိတ်ခေါ်

ဓာတ်ပုံ ရင်းမြစ်, MWD
မြန်မာနိုင်ငံမှာ ကုဗပေ ၂ ထရီလီယံကျော်ထွက်ရှိမယ့် ဓာတ်ငွေ့သိုက်တစ်ခု တွေ့ထားသလို မကြာခင်စီးပွားဖြစ်တူးဖော်ထုတ်ယူနိုင်တော့မှာဖြစ်သလို နောက်ထပ် ပိုမို ကြီးမားတဲ့ ဓါတ်ငွေ့သိုက်တစ်ခုကိုလည်းတူးဖော်နိုင်မယ့် အလားအလာရှိနေလို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ကြဖို့ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံမှာကျင်းပတဲ့လုပ်တဲ့အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ မနေ့ စက်တင်ဘာ ၈ ရက်က မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းဖိတ်ခေါ်ခဲ့ပါတယ်။
လက်ရှိမှာလည်း ဘင်္ဂလားပင်လယ်အော်မှာ သဘာဝဓါတ်ငွေ့ ၂ ထရီလီယံကုဗပေကျော်တွေ့ထားပြီး ကြီးမားတဲ့ ဓါတ်ငွေ့သိုက်တွေလည်း တူးဖော် နိုင်မယ့်အလားအလာရှိနေလို့ လာမယ့်သုံးနှစ်အတွင်း သဘာဝဓါတ်ငွေ့ကိုအခြေခံတဲ့ စက်မှုလုပ်ငန်းတွေ ဖြစ်တော့မှာလို့ သူ့မိန့်ခွန်းမှာထည့်ပြောနေပါတယ်။
ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူတွေအဆင်ပြေဖို့ လိုအပ်တဲ့ ဥပဒေတွေပြဋ္ဌာန်းနေလို့ ပြည်ပရင်းနှီးမြှုပ်နှံလိုသူတွေ မြန်မာနိုင်ငံကိုလာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အကျိုးအမြတ်များမယ်လို့ သူ့မိန့်ခွန်းကဆိုပါတယ်။
ပြည်တွင်းမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကဏ္ဍ နဲ့ပတ်သက်ပြီး ဓါတ်ငွေ့ရေနံလုပ်ကွက် ၅၁ ကွက်သတ်မှတ်ထားပြီး လုပ်ကွက် ၈ကွက်မှာ ဘသာဝဓါတ်ငွေ့တွေ့ရှိပြီးပြည်တွင်းပြည်ပကိုတင်ပို့ရောင်းချနေတယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌရဲ့ မိန့်ခွန်းအရသိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ရှာဖွေဖော်ထုတ်တာမလုပ်ရသေးတဲ့ ရေနံသိုက်တွေ အများကြီးကျန်နေသလို ကြေးနီ၊သံ၊ ခဲမဖြူ တွေဟာလည်း ကမ္ဘာစျေးကွက်ကိုတင်ပို့နိုင်တဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေဖြစ်တယ်လို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလာဖို့ ဆွဲဆောင်ပြောဆိုသွားတာတွေ့ရပါတယ်။
ဒါပေမဲ့တစ်ဖက်မှာလည်း ရေနံနဲ့စွမ်းအင်တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ တိုတယ်၊ ရှယ်ဗရွန်၊ ၀ုဒ်ဆိုက် စတဲ့ ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပြီး လက်ရှိမှာ မြန်မာရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေမှာ ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီနဲ့ ပြည်တွင်းကုမ္ပဏီတချို့ တို့ ဆက်လက်လုပ်ကိုင်ဖို့ရှိနေတာဖြစ်ပါတယ်။
ဒီလိုရေနံနဲ့သဘာ၀ဓာတ်ငွေ့တူးဖော်ထုတ်လုပ်တဲ့လုပ်ငန်းတွေဟာ အခြေခံအဆောက်အဦအပါအ၀င် ကုန်ကျစရိတ်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဖြစ်သလို စစ်ကောင်စီအတွက်လည်း ကြီးမားတဲ့ဝင်ငွေရလမ်းလည်း ဖြစ်နေပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်ချိန်လူထုအချင်းချင်း ကူညီတဲ့ ငွေကျပ် ၁၀၀ နဲ့ဆန်နဲ့ကြက်ဥရောင်းချမှုတွေ ရှိလာ

ဓာတ်ပုံ ရင်းမြစ်, Aladdin Fashion Shop
အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းတွေဆက်တိုက်မြင့်တက်နေချိန်မှာ ဆန်တစ်ပြည် ငွေကျပ် ၁၀၀၊ ကြက်ဥတစ်လုံးငွေကျပ် ၁၀၀ နဲ့ရောင်းချလှူဒါန်းမှုတွေ ပြန်ရှိလာပါတယ်။ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမှာရှိတဲ့ Aladdin Fashion Shop မှာရောင်းချလှူဒါန်းပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လထဲမှာလည်း အခုလိုတန်ဖိုးနည်းရောင်းချလှူဒါန်းမှုလုပ်ခဲ့သေးတယ်လို့ဆိုပါတယ်။ '' လာဝယ်တဲ့လူတွေဆီကတော့ အခက်အခဲမျိုးစုံကြားရတယ်။ အခုကာလအိမ်ထောင်စုတစ်စုမှာ လူတစ်ယောက်ဝင်ငွေနဲ့ရပ်တည်လို့မရကြတော့လို့ တချို့ဆို ထမင်းကို နှစ်နပ်ကိုတစ်နပ် ပေါင်းစားနေရတာတွေ၊ နှစ်ရက်မှ တစ်ခါစားရတာတွေကြားနေရတယ်။ တော်တော်လည်းစိတ်မကောင်းဖြစ်မိတယ်။ ကိုယ်လုပ်ပေးနိုင်တာကလည်း ဒီလောက်အတိုင်းအတာပဲလုပ်ပေးနိုင်တယ်'' လို့ Aladdin Fashion Shop က ကိုအောင်ကိုလတ်က ဘီဘီစီကိုပြောပါတယ်။ အခုလိုလှူဒါန်းမှုကိုလည်း ပြည်ပကမိတ်ဆွေသူငယ်ချင်းတွေနဲ့ ပြင်ပက လှူဒါန်းမှုတွေနဲ့အတူ နောက်လတွေမှာလည်း လူဦးရေ ၇၀၀ ကနေ ၁၀၀၀ အထိ လှူနိုင်အောင်ဆက်လုပ်သွားဖို့ရှိတယ်လို့သူကဆက်ပြောပါတယ်။ ပြည်တွင်းမှာ ကိုဗစ်တတိယလှိုင်းရိုက်ခတ်မှုရှိချိန်မှာလည်း ရန်ကုန်ကမြို့နယ်တချို့နဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အခြေခံစားသောက်ကုန်တွေကို ငွေကျပ် ၅၀၊ ၁၀၀ စတဲ့ တန်ဖိုးနည်းလှူဒါန်းရောင်းချမှုတွေရှိခဲ့ပါတယ်။
ကမ္ဘာ့ ငွေကြေးဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ရဲ့အမည်ပျက်စာရင်းမှာ မြန်မာပါ၀င်လာနိုင်

ဓာတ်ပုံ ရင်းမြစ်, MWD
ငွေကြေးခ၀ါချမှုနဲ့ အကြမ်းဖက်မှုတွေမှာ ငွေကြေးထောက်ပံ့မှုတွေကိုတားဆီးဖို့ပျက်ကွက်တယ််ဆိုပြီး မြန်မာနိုင်ငံဟာ ကမ္ဘာ့ငွေကြးဘဏ္ဍာရေးစာင့်ကြည့်ရေးအဖွဲ့ရဲ့အမည်ပျက်စာရင်းမှာ ထည့်သွင်းခံရနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့ နစ်ကီးအေးရှန်းသတင်းဌာနက ဖော်ပြပါတယ်။ ဒါဟာ မြန်မာ စစ်ကောင်စီအတွက် စီးပွားရေးဆိုင်ရာ ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်တယ်လို့လည်းဆိုပါတယ်။ အဲဒီလိုအမည်မည်းစာရင်းမှာ အီရန်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံပါ၀င်နေတာဖြစ်ပြီး မြန်မာသာဒီစာရင်းထဲ ပါ၀င်ခဲ့ရင် နိုင်ငံတကာကုမ္ပဏီကြီးတွေ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလာရောက်တော့မှာမဟုတ်သလို သွင်းကုန်ထုတ်ကုန်တင်ပို့တင်သွင်းမှုတွေအတွက် ပြည်ပကနေ ငွေတွေလွှဲပြောင်းမှု ပိုမိုခက်ခဲသွားမယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ထားပါတယ်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် နောက်လမှာ ကျင်းပဖို့ရှိနေတဲ့ ဆွေးနွေးပွဲမှာ ကမ္ဘာ့ငွေကြေးဘဏ္ဍာရေးဆိုင်ရာအဖွဲ့ Financial Action Task Force(FATF) အဖွဲ့၀င်တွေက ဒီဆုံးဖြတ်ချက်ကိုအတည်ပြုဖို့မျှော်လင့်ရကြောင်း အနောက်နဲ့ အာရှဒေသ အစိုးရအရာရှိကြီး ၄ ဦးကို ကိုးကားပြီး နစ်ကီးအေးရှန်းသတင်းက ဖော်ပြထားပါတယ်။
ပဲရစ်မြို့အခြေစိုက် FATF အဖွဲ့ကို G-7 ခုနစ်နိုင်ငံက ၁၉၈၉ ခုနှစ် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ငွေကြးခဝါချမှုကိုတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုတွေကိုငွေကြးထောက်ပံ့မှုတွေကို တားဆီးကာကွယ်ရေးနဲ့ ကမ္ဘာ့လုံးဆိုင်ရာငွေကြးစနစ်အတွင်းမှာ ခြိမ်းခြောက်မှုတွေကို တားဆီးဖို့ ရည်ရွယ်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ဒီအဖွဲ့ရဲ့အမည်မည်းစာရင်းထဲသာ မြန်မာပါ၀င်လာခဲ့ရင် စစ်ကောင်စီရဲ့ အကန့်အသတ်နဲ့သာရှိနေတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ဒါမှမဟုတ် ဆွဲဆောင်ထားနိုင်ဖို့ စွမ်းဆောင်ရည်ကို ထပ်မံထိခိုက်မှုတွေရှိလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ကိုဗစ်ရောဂါပြည်တွင်းကူးစက်မှုရက်ပိုင်းအတွင်း ရာချီတိုး၊ တစ်ပတ်အတွင်း သေဆုံးသူ ၃ ယောက် ရှိ

ဓာတ်ပုံ ရင်းမြစ်, MPA
ကိုဗစ်ရောဂါကူးစက်မှုတွေရက်ပိုင်းအတွင်း ရာချီတိုးလာပြီး ရက်သတ္တပတ်အတွင်းသေဆုံးသူ ၃ ယောက်အထိရှိလာတာကို စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။
ထုတ်ပြန်တဲ့စာရင်းတွေအရ မနေ့စက်တင်ဘာ ၇ ရက်နေ့က နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းအရ ကိုဗစ်ကူးစက်သူပေါင်း ၂၂၃ ဦးရှိပြီး အဲဒီထဲမှာ ပြည်တွင်းကူးစက်မှု ၂၀၉ ဦးအထိရှိလာနေပါတယ်။
ကိုဗစ်နဲ့လူသေဆုံးမှုမရှိခဲ့တာ ရက်ပေါင်း ၁၂၆ ရက်ကြာမြင့်ပြီးတဲ့နောက် ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်မှာ သေဆုံးသူတစ်ဦးပြန်စရှိလာပြီး အဲဒီလထဲမှာပဲ သေဆုံးသူ ၄ ဦးအထိရှိခဲ့တာပါ။
အခုစက်တင်ဘာလထဲမှာတော့ ပထမပတ်တစ်ပတ်တည်းမှာတင် သေဆုံးသူ ၃ ဦးအထိဖြစ်လာပြီး ကူးစက်မှုတွေဟာလည်း နေ့စဥ် ဆယ်ဂဏန်းရှိရာကနေတရိပ်ရိပ်တိုးလာပြီး ရက်ပိုင်းအတွင်း ၂၀၀ ကျော်အထိဖြစ်လာတာတွေ့ရပါတယ်။
ဒီစာရင်းတွေဟာဆိုရင် စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ရရှိထားတဲ့စာရင်းတွေဖြစ်ပြီးကျန်းမာရေးဌာနတွေဆီမဆက်သွယ်ဘဲ နေအိမ်မှာတင် ကူးစက်မှုကို ကုသနေကြသူတွေရှိနေသလိုပြင်ပဆေးရုံဆေးခန်းတွေမှာလည်း ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးလာရောက်ကုသသူတွေရှိသလိုကူးစက်မှုတွေလည်းတွေ့နေရတယ်လို့ ပြင်ပက အထွေထွေသမားတော်ကြီးတစ်ဦးကဘီဘီစီကိုပြောပြထားပါတယ်။
မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်နဲ့သူ့ရဲ့မျိုးစိတ်အသစ်တွေကို သတိထားဖို့ လိုအပ်ပြီးထပ်ဆောင်းကာကွယ်ဆေးတွေထိုးနှံဖို့ ကိုလည်းစစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်နေသလို သမားတော်ကြီးတွေကလည်းတိုက်တွန်းထားပါတယ်။








