ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၆ရက် ထိပ်တန်းရောက်သတင်းများ
မြို့နယ် ၁၆ ခု မီးပေးမယ့်အချိန်ဇယားကို လျှပ်စစ်ဌာနထုတ်ပြန်
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကနေ ဦးစားပေးအဆင့် (က) ထဲမှာပါတဲ့ မြို့နယ် ၁၆ ခုကို မီးအလှည့်ကျပေးမယ့် အချိန်ဇယား ဒီနေ့ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဦးစားပေး အဆင့် (က) မှာပါဝင်တဲ့မြို့နယ်တွေကတော့ ရန်ကုန်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ တာမွေ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်း ဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့မကြေညာခင်ကတည်းက ပျက်နေတာဆိုတော့ ကိုယ့်ဘာသာကိုယ် အမှတ်အသားထားရတယ်။ မနက် ၉ နာရီဆို မီးပျက်မယ်ဆို နေ့လယ် ၁ နာရီမှ လာမယ်ပေ့ါ။ မနက် ၉ နာရီ မီးလာရင်တော့ နေ့လယ် ၁ နာရီဆို ပျက်ပြီပေါ့။ အခုလိုထုတ်ပြန်တော့လည်း သိထားရတာပေါ့။ မီတာတွေဆောင်လည်း ပျက်တာက ပျက်မှာပါပဲ” လို့ လှိုင်မြို့နယ်က ဒေသခံတစ်ယောက်က ပြောပါတယ်။
အဲဒီထဲကနေ အုပ်စု အေ၊ ဘီ ခွဲထားပြီး မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ အလှည့်ကျဓာတ်အားပေးမှာ ဖြစ်ပါတယ်။ ညနေ ၄ နာရီကနေ မနက် ၉ နာရီအထိကတော့ အားလုံးကို ဓာတ်အား ဖြန့်ဖြူးပေးမယ်လို့ သိရပါတယ်။
တောင်ဥက္ကလာစက်မှုဇုန်ကိုလည်း မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိသာ ဓာတ်အားပေးတော့မှာ ဖြစ်ပေမယ့် အဲဒီမြို့နယ်တွေထဲက ဆေးရုံတွေနဲ့ အရေးကြီးဌာနဆိုင်ရာတွေကိုတော့ ၂၄ နာရီ ဓာတ်အားပေး မှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က အင်းတိန်နဲ့ လေသာရွာ ဒီနေ့မီးထပ်ရှို့ခံရ
စစ်ကြောင်းထိုးခံနေရတာ တစ်ပတ်လောက်ကြာပြီဖြစ်တဲ့ ထီးချိုင့်မြို့နယ်မှာ ကျေးရွာတွေဆက်တိုက်မီးရှို့ခံနေရပြီး ဒီနေ့ မနက်နဲ့နေ့လယ်မှာ အင်းတိန်နဲ့လေသာရွာ မီးရှို့ခံရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
အင်းတိန်ရွာကို မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့တာဖြစ်ပြီး၊ လေသာရွာကိုတော့ နေ့လယ် ၂ နာရီလောက်မှာ မီးရှို့တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“မီးတွေ များမှများ၊ မီးခိုးတွေကို မဲမှောင်နေတာပဲ၊ ဟိုရက်ကရှို့ထားလို့ ကျန်တဲ့အိမ်တွေကို လာထပ်ရှို့တာ။ ပစ်ခတ်သံတွေလည်းကြားနေရတယ်။ လက်နက်ကြီးသံတွေကြားရတာ၊ တိုက်ပွဲဖြစ်တာမရှိဘူး။ စစ်ကောင်စီက ပစ်ဝင်ပြီး မီးရှို့တာ”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အိမ်ခြေ ၃၀၀ နီးပါးရှိတဲ့ လေသာရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်မှာ စစ်ကောင်စီတပ်တွေ မီးရှို့တာကြောင့် နေအိမ် ၂၀၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့တယ်လို့ ပြောကြပါတယ်။
ထီးချိုင့်မြို့ပေါ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အင်အားပြအပြီးမှာ ထိုးစစ်ဆင်ခံရတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ KIA တပ်ဖွဲ့ဝင်တွေကို မတွေ့ရတော့သလို တိုက်ပွဲဖြစ်တာမဟုတ်ဘဲ ထိုးစစ်ဆင်ခံနေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ PDF နဲ့ KIA တပ်ဖွဲ့ဝင်တွေက နေအိမ်တွေကို မီးရှို့တာလို့ ဆိုပါတယ်။
ဒေသခံတွေအများစုကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့တာဖြစ်တယ်လို့ ပြောကြပါတယ်။
နိုဝင်ဘာ ၂၇ ရက်က ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ KIA, PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် လေကြောင်းထိုးစစ်တွေနဲ့ပါ စစ်ကောင်စီက တိုက်ခိုက်လာခဲ့သလို နေ့စဉ်နီးပါး စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင်အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော်ဟာ သူတို့ရဲ့နေရပ်ကျေးရွာတွေကို ပြန်သွားဖို့ရှိနေတယ်လို့ ပြည်နယ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဘီဘီစီကိုပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ မြောက်ဦးခရိုင်အတွင်းက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူတွေဖြစ်ကြပြီး သူတို့ရဲ့မူလနေရပ်ကျေးရွာတွေကို ပြန်လည်သွားရောက်နေထိုင်ချင်ကြကြောင်း ပြည်နယ်ကောင်စီကို စာရင်းပေးထားကြတယ်လို့ ဆိုပါတယ်။
“တချို့ကလည်း ပြန်ချင်တယ်လို့ပြောပါတယ်။ ပြန်ချင်တယ်ဆိုတော့ လတ်တလောဒီရက်ပိုင်းမှာ စာရင်းကောက်လိုက်တော့ မြောက်ဦးခရိုင်က အိမ်ထောင်စုပေါင်း ၁၂၀၀ လောက် ပြန်ချင်တယ်လို့ စာရင်းပေးပါတယ်။ ကျွန်တော်တို့က သေချာအောင် ပြန်ပြီးတော့ ကောက်ခိုင်းထားပါတယ်”လို့ ဦးလှသိန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ခရိုင်သုံးခုဖြစ်တဲ့ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နဲ့ မောင်တောခရိုင်တွေက ဒုက္ခသည်စခန်းပေါင်း ၁၀၀ ကျော်တို့မှာ စစ်ရှောင်ဦးရေ ၁ သိန်းကျော်ခိုလှုံနေကြတာဖြစ်ပါတယ်။
တိုက်ပွဲရှောင်တွေရွာပြန်ဖို့ဆိုရင် သူတို့ပြန်မယ့်ရွာတွေကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ အဲ့ဒီရွာတွေကို မိုင်းရှင်းပေးပြီး မိသားစုတစ်စုကို ပြည်နယ်အစိုးရက ငွေကျပ် ငါးသိန်း၊ ဘေးစီမံက ၁ သိန်းထောက်ပံ့ပေးပြီးတော့ ရိက္ခာသုံးလစာ ထောက်ပံ့ကူညီပေးတယ်လို့ ဦးလှသိန်းက ပြောပါတယ်။
အဲဒီနေရပ်ပြန်တဲ့မိသားစုတစ်စုကို ငွေကျပ်ငါးသိန်းစီထောက်ပံ့ပေးတာဟာ ရခိုင်ပြည်နယ်အစိုးရမှာ သီးသန့်ဘတ်ဂျက်မရှိတဲ့အတွက် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးရန်ပုံငွေထဲကနေ ထုတ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။
အမ်းမြို့နယ်အတွင်းက စစ်ရှောင်တွေကတော့ အခုနှစ်မိုးဦးကာလက နေရပ်ကိုပြန်သွားခဲ့ကြပြီဖြစ်တဲ့အတွက် အမ်းမြို့နယ်အတွင်းမှာ ဒုက္ခသည်တွေမရှိတော့ဘူးလို့ ဆိုပါတယ်။
ပြည်နယ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်ဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ရေးနဲ့ စခန်းတွေဖျက်သိမ်းရေးအတွက် ပြင်ဆင်လျက်ရှိနေပြီး မြို့နယ်အလိုက် နေရပ်ပြန်ပို့နိုင်ရေးအတွက် စီမံချက်တွေရေးဆွဲနေတယ်လို့ သိရပါတယ်။
သို့သော် အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်ချင်ကြတဲ့သူတွေကိုတော့အတင်းအဓမ္မပြန်ပို့မှာမဟုတ်ဘူးလို့ ဦးလှသိန်းက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီကနေ ဘူးသီးတောင်နဲ့ ကျောက်တော်မြို့နယ်တို့က ဒုက္ခသည်တွေကို နေရပ်ပြန်ခိုင်းနေတာတွေရှိနေပြီး ဒုက္ခသည်တွေကတော့ နေရပ်ကျေးရွာတွေဆီ ပြန်လည်သွားရောက်နေထိုင်ချင်ကြပေမယ့် တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုစိုးရိမ်ကြသလို ကျေးရွာအနီးဝန်းကျင်တွေမှာ စစ်တပ်စခန်းတွေရှိနေတာတွေကြောင့် မပြန်ရဲကြဘူးလို့ ပြောဆိုကြပါတယ်။
စစ်ကြောင်းထိုးတဲ့ ၅ ရက်တာကာလအတွင်း ရွာ ၉ ရွာမီးရှို့ခံရ
စစ်ကြောင်းထိုးခံရတာတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ၊ နများကျေးရွာကို ဒီနေ့ ဒီဇင်ဘာ ၆ ရက်မနက်ပိုင်း ၇ နာရီလောက်ကစပြီး မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက်ကတည်းက မီးရှို့တာ အခု ၁၁ နာရီထိုးတော့မယ် မီးခိုးတွေမြင်နေရတုန်း”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
နများကျေးရွာက ပြည်သူ အယောက် ၃၀ နီးပါးလည်း အဖမ်းခံထားရပြီး လက်ရှိ စစ်ကြောင်းထိုးခံနေရတာကြောင့် သူတို့တွေရဲ့ အခြေအနေတွေကို မသိကြရသေးပါဘူး။
ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်း နှစ်ကြောင်းရှိနေပြီး နောက်ထပ်စစ်ကြောင်းတစ်ခုက မရကန်ကျေးရွာကို ဝင်ရောက်နေသလို ဘုန်းကြီးကျောင်းက ဘုန်းကြီးတစ်ပါးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒီပဲယင်းဒေသတွင်းစာမျက်နှာတွေကနေ သိရပါတယ်။
စစ်ကြောင်းထိုးတဲ့ ဒီဇင်ဘာ ၂ ရက်ကနေ ၆ ရက်ဒီနေ့မနက်အထိ မစိုးရိမ်၊ ပျော်ဘွယ်၊ ညောင်လှ၊ ဝဲကြီး၊ ယဉ်ကျေး၊ မူးရိုးကုန်း၊ ဘန့်ဘွေး၊ ကုန်းကြီး၊ နများ စတဲ့ကျေးရွာတွေဆက်တိုက် မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကြောင်းထိုးခံရ၊ မီးရှို့ခံရတဲ့ ရွာတွေက ရွာနီး၊ ရွာစဉ်တွေ၊ ဒီပဲယင်း၊ ခင်ဦး၊ ရေဦး မြို့အစပ်က ရွာတွေဆိုတော့ စီးပွားရေးဖွံ့ဖြိုးတယ်။ သူတို့က ရိက္ခာလိုနေပြီထင်တယ်၊ အဲ့ဒါ ရိက္ခာစုချင်လို့ ဝင်ကြတာ။ ကျေးလက်နေတဲ့ ပြည်သူတွေဆိုတော့ ထွက်ပြေးရင် ဆိုင်ကယ်နဲ့လူပဲ လွတ်အောင်ပြေးနိုင်တာလေ။ အကုန်ထားခဲ့ရတာ”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက်က မီးရှို့ခံရတဲ့ မူးရိုးကုန်းနဲ့ ညောင်လှကျေးရွာထဲမှာ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေ အပါဝင် နေအိမ် ၅၀ နီးပါး မီလောင်ကျွမ်းခံခဲ့ရသလို မူးရိုးကုန်းကျေးရွာထဲကို လက်နက်ကြီးတွေ ကျတာကြောင့် ကိုယ်ဝန်ဆောင်တစ်ယောက်အပါအဝင် အရပ်သားပြည်သူ ၂၃ ယောက် လက်နက်ကြီးစ ထိမှန်ပြီး ဆေးကုသမှုခံနေရတယ်လို့လည်း ဒေသတွင်းသတင်းစာမျက်နှာတွေကနေ သိရပါတယ်။
နိုင်ငံကူးလက်မှတ်ရက်ချိန်းပေးမှုကို နှစ်ပတ်ကျော်ကြာ ရပ်ဆိုင်းထားမည်
အရေးပေါ်လိုအပ်နေသူများ လူကိုယ်တိုင် လာရောက်လျှောက်ထားခွင့်ပြု
လက်ရှိ အင်တာနက်ကနေ တန်းစီစနစ် Online Booking ကနေ ရက်ချိန်းပေးထားတာတွေ ရပ်ဆိုင်းထားချိန်မှာ အရေးပေါ်နိုင်ငံကူးလက်မှတ်လုပ်ဖို့ လိုအပ်သူတွေအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ထောက်ခံချက်၊ စာရွက်စာတမ်းအချက်လက်တွေနဲ့အတူ လာရောက်လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဘီဘီစီကို ပြောပါတယ်။
လိုအပ်တဲ့ ထောက်ခံချက် ၊ စာရွက်စာတမ်းတွေနဲ့အတူ တစ်ရက်ကြိုတင်ပြီး လူကိုယ်တိုင် လာရောက်လျှောက်ထားရမယ်လို့လည်း ပြောပါတယ်။
နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ Online Booking စနစ်နဲ့ QR Code ရက်ချိန်းပေးတာကို ဒီဇင်ဘာ ၅ ရက်ကစပြီး ရပ်ဆိုင်းလိုက်တာပါ။
နိုင်ငံကူးလက်မှတ်လျှောက်ထားချင်သူတွေများလွန်းနေလို့ ဒီနှစ်မတ်လကစပြီး QR Code ကို စီစဥ်ခဲ့ပေမယ့် ဒီစနစ်ဟာ အဆင်မပြေဘဲ ပြည်သူတွေအတွက် ငွေကုန်ကြေးကျပိုများခဲ့တယ်လို့ ဝေဖန်ခံခဲ့ရတာပါ။
တစ်ရက်ကို လူ ၂၅၀၀ အထိ ခွင့်ပြုခဲ့ပြီး ၃ လအထိ ရက်ချိန်းယူခွင့်ပြုထားခဲ့တာဖြစ်ပါတယ်။ QR Code ကနေ ရက်ချိန်းယူဖို့ အချိန်အပေါ်မူတည်ပြီး ငွေကျပ်သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ စျေးပေါက်ခဲ့တယ်လို့ နိုင်ငံကူးလက်မှတ်လျှောက်ထားခဲ့သူတွေဆီက စုံစမ်းသိရှိရပါတယ်။
“အဲ့QR ကို လုပ်ထားတဲ့သူတွေက ပွဲစားတွေချည်းပဲ။ ပွဲစားနဲ့ အထဲကရဲတွေက ပေါင်းလုပ်ကြတာဆိုတော့ ကျမတို့ ပြည်သူတွေက အဲ့ Website ထဲကို ဝင်လို့မရဘူး။ ပွဲစားနဲ့လုပ်မှ ကိုယ်လိုချင်တဲ့ ၁၀ ရက်လောက်အတွင်းကို ရတာ။ အခု QR ဖျက်လိုက်လည်းကောင်းတယ် ”
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်) ကတော့ ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာလျှောက်ထားနိုင်ဖို့ Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေပြီး အသုံးပြုလို့ရမယ့်နေ့ကို အသိပေးမယ်လို့ ထုတ်ပြန်ပါတယ်။
စနစ်သစ်ရေးဆွဲနေတဲ့ကာလက နှစ်ပတ်ကနေ သုံးပတ်အထိ ကြာနိုင်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးက ပြောပါတယ်။
QR Code နဲ့ ရက်ချိန်းရယူထားပြီးသူတွေကတော့ ရက်ချိန်းရထားတဲ့ နေ့တွေမှာ ဆက်လက် ဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
QR Code စနစ်မှာ လိမ်လည်မှုတွေအမြောက်အများရှိခဲ့ပြီး ပြီးခဲ့တဲ့ဇွန်လက ပွဲစားတစ်ဦးထဲကနေ လူ ၁၉ ယောက်ကိုလိမ်လည်သွားတယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ပါတယ်။ ဒီကာလတွေထဲက ဘိုကင်တွေအတွက်ငွေကြေးပိုသုံးရပြီးအဆင်မပြေတာတွေရှိခဲ့သလို နေ့စဥ်လူတန်းရှည်ကြီးနဲ့ အချိန်ကြာမြင့်စွာလည်းစောင့်ဆိုင်းခဲ့ကြရတာပါ။
ဒါ့ကြောင့် Online Booking စနစ်သစ်ဟာ ဘယ်လောက်အလုပ်ဖြစ်မလဲ မသိရသေးပေမယ့် QR Code စနစ်ကိုရပ်ဆိုင်းပြီး Online Booking စနစ်သစ်မစတင်ခင်မှာလည်း မှောင်ခိုစျေးကွက်က ပိုအားကောင်းလာနိုင်တယ်လို့ ခန့်မှန်းသုံးသပ်မှုတွေ ရှိနေပါတယ်။
ရခိုင်မှာ အငတ်ဘေးနဲ့ ရင်ဆိုင်ရတဲ့ စစ်ရှောင်တွေပိုများလာ
ရခိုင်က စစ်ရှောင်ဒုက္ခသည်စခန်းတွေ ရိက္ခာထောက်ပံ့မှု ဖြတ်တောက်ခံနေရတဲ့အတွက် အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရတဲ့ စစ်ရှောင်မိသားစုတွေ ပိုများလာတယ်လို့ စစ်ရှောင်ရှောင်တွေနဲ့ သူတို့အရေးကူညီပေး နေသူတွေထံကသိရပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ခတ်ရပ်စဲထားကြပေမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီတွေကို မရရှိတာကြောင့် အခုလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။
တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဩဂုတ်လအတွင်းကစလို့ ရခိုင်ပြည်နယ်ထဲက စစ်ရှောင် ဒုက္ခသည်စခန်းတွေကို အကူအညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေကို အကူအညီတွေ ဆက်မပေးဖို့ စစ်ကောင်စီက တားမြစ်ထားတာဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေကို ငဲ့ညှာတဲ့အနေနဲ့ လူသားချင်းစာနာမှုအပစ်ခတ်ရပ်စဲလိုက်ကြပေမယ့် အမှန်တကယ်အခက် အခဲနဲ့ကြုံနေရတဲ့ ဒုက္ခသည်တွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေမရရှိကြသေးပါဘူး။
အခုလို အငတ်ဘေးနဲ့ရင်ဆိုင်နေကြရတဲ့ ဒုက္ခသည်စခန်းတွေကတော့ ရသေ့တောင်၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေက စခန်းတွေမှာ အများဆုံးရှိနေပြီး အကျပ်အတည်းကာလဖြစ်တာကြောင့် စခန်း တာဝန်ရှိသူတွေအနေနဲ့လည်း ဒီအခက်အခဲတွေကို မဖြေရှင်းနိုင်တော့ဘူးလို့ ဆိုပါတယ်။
ထောက်ပံ့ကူညီမှုတွေကို မှီခိုနေကြရတဲ့ စစ်ရှောင်ဒုက္ခသည်တွေဟာ အခုလို အချိန်ကြာမြင့်စွာ ရိက္ခာဖြတ်တောက်ခံနေကြရတာကြောင့် အငတ်ဘေးနဲ့ကြုံနေကြရတဲ့ အိမ်ထောင်စုတွေ ပိုတိုးလာနေတယ်လို့ မြို့ဦးခေါင်းစခန်းတာဝန်ခံ ဦးဝင်းနိုင်က ပြောပါတယ်။
အထောက်အပံ့တွေမရရှိကြတဲ့အချိန် ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေလည်းကျဆင်းနေတဲ့အတွက် အပြင်ထွက်အလုပ်လုပ်ကိုင်ဖို့ အလုပ်အကိုင်တွေလည်းမရှိတာကြောင့် အခုလိုအငတ်ခံပြီး နေနေကြရ တာလို့ ပြောဆိုကြပါတယ်။
အစိုးရအနေနဲ့တော့ ဒုက္ခသည်စခန်းတွေကို ကူညီထောက်ပံ့ပေးနေသလို နိုင်ငံတကာအဖွဲ့အစည်း တွေကိုလည်း လုံခြုံရေးအရ တာဝန်မယူနိုင်တဲ့နေရာတွေက လွဲလို့ ကျန်တဲ့မြို့ပေါ်စခန်းတွေကို သွားလာ ခွင့်ပြုထားတယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက တုံ့ပြန်ပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၈ ခုအတွင်းက ဒုက္ခသည်စခန်းပေါင်း ၁၀၀ ကျော်လောက်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၁ သိန်းကျော်ခန့်ရှိနေပြီး အဲ့ဒီစစ်ရှောင်တွေဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကုန်ပိုင်းကစလို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာခဲ့ကြသူတွေဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ပြင်ဆင်နေပြီး ဒုက္ခသည်စခန်းတွေကိုလည်း ဖျက်သိမ်းသွားဖို့ရှိနေတယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေး မှုတွေလုပ်နေသလို ကျူးလွန်သူ မည်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့လုပ်ဆောင်နေတယ်တယ်လို့ ဒီဇင်ဘာလ ၅ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
NUG ရဲ့ ထုတ်ပြန်ချက်မှာ တမူးဖြစ်စဥ်က စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ ဆန့်ကျင်သွေဖည်နေတာကို သိရှိရတယ်လို့လည်း ထည့်သွင်းဖော်ပြပါတယ်။
အဲဒီအတွက် ဖြစ်စဥ်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ ပါဝင်ပတ်သက်ခြင်းရှိမရှိ သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကို စစ်ဘက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ လုပ်ဆောင်ဖို့၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေအရ လုံးဝလက်မခံနိုင်တဲ့ ကိစ္စရပ်ဖြစ်လို့ ဖြစ်စဥ် ကွင်းဆက်တွေကို စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်သူ မည်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့လုပ်ဆောင်နေတယ်လို့လည်း ထည့်သွင်းဖော်ပြပါတယ်။
အဲဒါအပြင် ပြည်သူ့ခုခံတွန်းလှန်စစ်ကို စစ်ဘက်ဆိုင်ရာဥပဒေများ၊ စစ်ရေးညွှန်ကြားချက် တွေနဲ့ စီမံဆောင်ရွက်ကြဖို့ တိုက်တွန်းပြောဆိုသလို၊ အခုလိုဖြစ်စဥ်မျိုး နိုင်ငံအတွင်းကဘယ်နေရာမှာမဆို ထပ်မံမဖြစ်ပွားဖို့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ကွပ်ကဲကြပ်မတ်မယ်လို့ ထုတ်ပြန်ပြောဆိုလာပါတယ်။
အဲဒီလိုတပြိုင်နက်ထဲမှာဘဲ အကြမ်းဖက်မှုတွေပြုလုပ်နေတယ်လို့ စစ်ကောင်စီဘက်က ပုံဖော်ဖို့ကြိုးပမ်းမှုများအပေါ် တော်လှန်ရေးအဖွဲ့တွေက သတိပြုကြဖို့ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့စတဲ့ အဖွဲ့အသီးသီးကိုလည်း ထုတ်ပြန်ချက်အတွင်း ပြောဆိုထားပါတယ်။
တမူးဖြစ်စဥ် ရုပ်သံဖိုင်ဟာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ဒီဇင်ဘာ ၃ရက်နေ့ ညပိုင်းမှာ စတင်ပျံ့နှံ့လာရာကနေ လူသုံးများတဲ့ ဖေ့ဘုတ်စ်လူမှုကွန်ရက်စာမျက်နှာပေါ်တွေကိုပါ ရောက်လာခဲ့သလို သတင်းဌာနတွေရဲ့ မှတ်ချက်ပေးကွန်မန့်နေရာတွေမှာလည်း ဝင်ရောက်ရေးသားလာကြတာဖြစ်ပါတယ်။
အဲဒီဖြစ်စဥ်ဖြစ်ပြီးနောက်ပိုင်းမှာပဲ NUG စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေပြီး ၃ရက်မြောက်နေ့မှာတော့ အခုလိုထုတ်ပြန်ပြောဆိုလာတာဖြစ်ပါတယ်။
ထုတ်ပြန်ချက်အရ စုံစမ်းစစ်ဆေးမှုနဲ့ ကျူးလွန်သူအဖွဲ့၊ လူပုဂ္ဂိုလ်စတာတွေကိုတော့ သိရှိရတာမျိုး မရှိသေးပါဘူး။