ဧပြီ ၂၁ ရက် မြဝတီမြို့ တိုက်ပွဲအခြေအနေ အပါအဝင် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်
မြဝတီစစ်ရှောင်တွေ သောင်ရင်းမြစ်ဘေး ရွက်ဖျင်တဲအောက်နေထိုင်နေရ

ဓာတ်ပုံ ရင်းမြစ်, လင်းလက်ညီ
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် မြဝတီဘက်ခြမ်းကနေ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ထဲကိုဝင်ဖို့ကြိုးစားတဲ့စစ်ရှောင်တွေကို ထိုင်းဘက်က ဝင်ခွင့်မပေးတာကြောင့် မြစ်ကမ်းဘေးမှာပဲ ရွက်ဖျင်တဲထိုးနေကြရတယ်လို့ အဲဒီစစ်ရှောင်တွေကို ကူညီနေသူတွေက ဘီဘီစီကိုပြောပါတယ်။
ထိုင်းဘက်က မြစ်ကို ဖြတ်သန်းကူးခွင့် မပေးတဲ့နေရာဟာ မြဝတီမြို့နဲ့ မဲဆောက်ကို စက်လှေနဲ့ ကုန်စည်တွေ ပုံမှန် ဖြတ်သန်းနေတဲ့ ၁၂ ဂိတ်ဘက်ခြမ်းမှာဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရေပူကျေးရွာ၊ နောက် အမှတ် ၂ ချစ်ကြည်ရေးတံတားနဲ့လည်း တစ်မိုင်နီးပါးအကွာမှာ ရှိနေပါတယ်။
အဲဒီမှာ စစ်ရှောင် ရာနဲ့ချီရှိနေပြီး ထိုင်းဘက်ကမ်းကို ရောက်နိုင်ဖို့ မနေ့ တိုက်ပွဲပြင်းထန်ချိန်ကတည်းက စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ မနေ့ညနေပိုင်းအထိ ကူးခွင့်မရကြဘဲ ညနေ ၆ နာရီမှာတော့ ဂိတ်ကတာဝန်ရှိသူတွေက နေခွင့်မပေးတော့တာကြောင့် မြဝတီမြို့ထဲက ဘုန်းကြီးကျောင်းမှာ သွားနေကြရပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း ထိုင်းဘက်ကို ကူးခွင့်ရနိုးနိုးနဲ့ စောင့်နေခဲ့ကြပြီး နေ့လယ်ပိုင်းမှာတော့ ထိုင်းဘက်ခြမ်းကနေ စက်လှေတွေနဲ့ အစားအသောက်ဘူးတွေကို သယ်လာပြီး စစ်ဘေးရှောင်တွေကို ဝေငှပေးတာရှိခဲ့ပါတယ်။
မနေ့က မြဝတီဘက်က နယ်စပ်ဖြတ်ပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးကြသူ သုံးထောင်နီးပါးနဲ့ ချစ်ကြည်ရေးတံတား အမှတ် ၁ ကနေ ကူးလာကြသူ တစ်ထောင်နီးပါး စုစုပေါင်း မြန်မာစစ်ရှောင် လေးထောင်နီးပါးအထိရှိနေတယ်လို့ အဲဒီ စစ်ရှောင်တွေအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်အခြေအနေကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် သွားကြည့်ဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, ထိုင်းအစိုးရအဖွဲ့ရုံး
ထိုင်းနိုင်ငံနဲ့နယ်စပ် မြဝတီမြို့နယ်ထဲမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို မဲဆောက်ကို မြန်မာစစ်ရှောင်ထောင်နဲ့ချီ ရောက်ရှိလာတာအပါအဝင် မဲဆောက်က အခြေအနေတွေကို သိနိုင်ဖို့ ထိုင်းဝန်ကြီးချုပ်ဆေထာ ထဝီဆင်ဟာ မဲဆောက်သွားဖို့ ရှိနေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြလာပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က အခြေအနေတွေကို လူကိုယ်တိုင်သွားကြည့်မယ့် ဝန်ကြီးချုပ်ရဲ့အစီအစဥ်ကို ကြိုဆိုတယ်လို့လည်း ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ နပါဒေါ် ပတ်တာမာက ပြောထားပါတယ်။
မြန်မာမှာ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းရာမှာ ထိုင်းဘက်က ဦးဆောင်ကဏ္ဍကနေ ပါဝင်ပြီး လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေးကိုလည်း အားထုတ်ဖို့ သူက တိုက်တွန်းပါတယ်။
ဝန်ကြီးချုပ်ဆေထာရဲ့ မဲဆောက်ခရီးစဥ်နဲ့ပတ်သက်လို့ ထိုင်းအစိုးရအဖွဲ့ရုံးဘက်ကတော့ ဒီနေ့ မွန်းလွဲပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ထိုင်းအစိုးရဟာ မြဝတီ-မဲဆောက် နယ်စပ်က အခြေအနေတွေကို အနီးကပ် မပြတ်စောင့်ကြည့်နေပြီး အချုပ်အခြာနဲ့နိုင်ငံသားတွေဘေးကင်းရေးကို ကာကွယ်ရေး လုပ်ဆောင်မယ်လို့ မနေ့က ထုတ်ပြန်ပြောဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအခြေအနေ ပုံမှန်အတိုင်းပြန်လည်ရောက်ရှိအောင် ထိုင်းနိုင်ငံဘက်က တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားမယ်လို့လည်း ပြောထားပါတယ်။
မြဝတီမြို့နယ်ထဲက တိုက်ပွဲကြောင့် အရပ်သား ၈ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ မနေ့ ဧပြီလ ၂၀ ရက်တုန်းကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အရပ်သား ၈ ဦးသေဆုံးပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးခဲ့သူတွေက ဘီဘီစီကိုပြောပါတယ်။
''လက်နက်ကြီးကျလို့ ဒဏ်ရာရပြီး ထိခိုက်သေဆုံးတာနဲ့ တိုက်ပွဲကြားထဲရောက်ပြီး ပစ်ခတ်ခံရလို့ သေဆုံးသူတွေဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲက ၃ ဦးကိုတော့ မြဝတီ ဆေးရုံတင်ထားရတယ်။ နောက် ၂ ဦးကိုတော့ မဲဆောက်ဘက်ခြမ်းကို ပို့လိုက်ရတယ်။ လက်နက်ထိလို့ ဆေးရုံပို့ရတယ်ဆိုပေမဲ့ မဲဆောက်ဘက်က အကူအညီ ပေးပါတယ်။ ဒါပေမဲ့ ထိခိုက်မှု အခြေအနေကိုတော့ ဆေးရုံဘက်ကို အသေးစိတ် ပြောပြခဲ့ရတောတော့ရှိတာပေါ့'' လို့ ကူညီရေးလုပ်ပေးခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးခဲ့သူတွေအများစုဟာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပြီး မြေပြင်မှာလည်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ မြဝတီ-မဲဆောက် အမှတ်၂ ချစ်ကြည်ရေးတံတားအနီး၊ အာရှလမ်းမကြီးဘေးက ရေပူရွာမှာဖြစ်တယ်လို့လည်း သိရပါတယ်။
သေဆုံးခဲ့သူတွေထဲမှာ အမျိုးသမီး ၂ ဦးလည်း ပါဝင်ပြီး သူတို့ နှစ်ဦးဟာ စစ်ရှောင်ဖို့ မိသားစုဝင်တွေနဲ့အတူ ကားတစ်စီးနဲ့ထွက်ချိန် ပစ်ခတ်မှုကြား ပိတ်မိပြီး ထိခိုက် သေဆုံးခဲ့တာလို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရေပူရွာဘက်ကို ဧပြီလ ၂၀ ရက်ညနှောင်းပိုင်းကနေ ၂၁ ရက်မနက် ၈ နာရီအထိ လေကြောင်းကနေ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ပါတယ်။
အဲဒီနောက် ဧပြီ ၂၁ ရက် မနက် ၉ နာရီခန့်မှာ လေယာဥ်ပစ်ခတ်မှုရော၊ မြေပြင်ပစ်ခတ်မှုရော မရှိတော့ဘဲ ပစ်ခတ်သံတွေ တိတ်ဆိတ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
အသံတွေ တိတ်သွားတာကြောင့် မြဝတီမြို့ထဲမှာလည်း လူသွားလူလာပြန်ရှိလာတာကိုတွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
ပြင်ဦးလွင်၊ ညောင်ကုန်းနဲ့ မိုးကြိုးရွာအနီး တိုက်ပွဲဖြစ်နေ
ပြင်ဦးလွင်မြို့အနီး၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်က ညောင်ကုန်းရွာနဲ့မိုးကြိုးရွာဘက်တွေမှာ ဒီနေ့ မနက်ပိုင်း လက်နက်ကြီးပစ်ခတ်မှုတွေရှိနေသလို တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောလာပါတယ်။
သရက်ကုန်း၊ ဆင်စားကုန်း၊ ညောင်ကုန်းဘက်တွေမှာ မနေ့ညပိုင်းကနေ ဒီကနေ့ မနက် ဧပြီ ၂၁ ရက်အထိ လက်နက်ကြီးသံတွေ ဆူညံနေပြီး ဒေသခံတွေဟာ သွားလာရေးတွေအတွက်စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်ကတော့ မေမြို့-မိုးကုတ်လမ်း၊ မိုးကြိုးအကျော် ညောင်ကုန်းဘက်ကနေ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY PDF) သရက်ကုန်းရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့လှမ်းပစ်နေတာလို့ ပြောပါတယ်။
ဒါအပြင် လေယာဥ်တွေလည်းဝဲပျံနေပြီး သရက်ကုန်းနဲ့ ညောင်ကုန်းတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေလို့ ဆိုပါတယ်။
ဒီကနေ့မနက်ပိုင်းသတင်းအရ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA)ဘက်ကနေ လက်နက်ကြီးပစ်ကူပေးနေသလို သရက်ကုန်းရွာကို လေယာဉ်နဲ့ ဗုံးကြဲချတာ ၄ ကြိမ်ထက်မနည်းရှိပြီလို့ မြေပြင်ရင်းမြစ်ကပြောပါတယ်။
မြဝတီနယ်စပ်က အခြေအနေကြောင့် ထိုင်းလေတပ် ၂၄ နာရီကင်းလှည့်

ဓာတ်ပုံ ရင်းမြစ်, ထိုင်းလေတပ်
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်နဲ့ ကပ်လျက်က မြဝတီမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက် ခိုက်တာတွေလုပ်နေချိန်မှာပဲ ထိုင်းစစ်တပ်က နယ်စပ်ဝေဟင်ပိုင်နက်မှာ တိုက်လေယာဥ်တွေ တိုးမြှင့် ကင်းလှည့်နေပါတယ်။
မြဝတီက အခြေအနေကြောင့် နယ်စပ်မှာနေထိုင်တဲ့ ထိုင်းနိုင်ငံသားတွေ လုံခြုံရေးအတွက်လည်း ရည်ရွယ်ပြီး ၂၄ နာရီပတ်လုံး ကင်းလှည့်နေတာလို့ ထိုင်းတော်ဝင်လေတပ်က ပြောပါတယ်။
ဒီနေ့ မနက်ခင်းမှာပဲ ထိုင်းတော်ဝင်လေတပ်က F16 အမျိုးအစား တိုက်လေယာဥ် ၂ စီးဟာ နယ်စပ် လေပိုင်နက်မှာ ကင်းလှည့်တာတွေလုပ်ခဲ့ပါတယ်။
ထိုင်းလေတပ်ကွပ်ကဲရေးစင်တာဟာ ၂၄ နာရီပတ်လုံး လေကြောင်းထောက်လှမ်းနေပြီး အခြေအနေကို စောင့်ကြည့်နေသလို ထိုင်းလေပိုင်နက်ထဲကို ကျူးကျော်မှုဖြစ်လာမယ်ဆိုရင် ကြားဖြတ်ဟန့်တားဖို့ အဲဒီ F16 တိုက်လေယာဥ်ကို အမိန့်ပေးထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာဘက်ခြမ်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းလေတပ်ဟာ လုံခြုံရေးအတွက် မောင်းသူမဲ့ ဒရုန်းကိုလည်း ဖြန့်ကြက်ဖို့ ပြင်ဆင်နေပါတယ်။
မြဝတီတိုက်ပွဲ သောင်ရင်းမြစ်ဖြတ်ကူးတဲ့ စစ်ရှောင်တွေတိုးလာနေ

ဓာတ်ပုံ ရင်းမြစ်, The Reporters
မြဝတီမြို့ကထွက်ပြေးလာသူတွေကိုထားရှိတဲ့ ထိုင်းဘက်ခြမ်းမဲဆောက်မြို့ က နွားခြံ(ယာယီကယ်ဆယ်ရေးစခန်း) ထဲမှာ စစ်ရှောင် ၃၀၀၀ ထက်မနည်းရှိလာပြီလို့ ကူညီကယ်ဆယ်ပေးရေးလုပ်ကိုင်နေသူတွေကပြောပါတယ်။
မနေ့ ဧပြီ ၂၀ ရက် တစ်ရက်လုံး နေ့ရောညပါ စစ်တပ်ကလေကြောင်းပစ်ကူတွေတောက်လျှောက်သုံးနေပြီး ဒီကနေ့ ဧပြီ ၂၁ ရက် မနက်ပိုင်းအထိ လေကြောင်းပစ်ခတ်တာတွေရှိနေလို့ ညတွင်းချင်း စစ်ရှောင်နေသူတွေလည်းရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေကပြောပါတယ်။
မဲဆောက်ဘက်ကို မြဝတီမြို့ဘက်ခြမ်းကနေ သောင်ရင်းမြစ်ကိုဖြတ်ကူးလာတဲ့စစ်ရှောင်ကတင် ၃၀၀၀ နီးပါးရှိနေပြီး တံတားပေါ်က ကူးလာသူတွေနဲ့ဆိုရင် ၃၀၀၀ ကျော်ထက်မနည်းရှိလာနိုင်ပြီလို့ မဲဆောက်ဒေသခံကူညီရေးလုပ်ဆောင်နေသူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ စစ်ရှောင်တွေအတွက် စားစရာနဲ့ အကူအညီတွေကို မဲဆောက်မြို့တော်ဝန်ရုံးကတိုက်ရိုက်စီမံခန့်ခွဲမှာဖြစ်ပြီး ထိုင်းစစ်တပ်ကလည်းနေရာချထားပို့ဆောင်တာတွေလုပ်ပေးနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဘုန်းကြီးကျောင်းတွေမှာလည်း နေရာချထားဖို့ပြင်ဆင်ထားတယ်လို့သိရပါတယ်။
ချစ်ကြည်ရေးတံတားအမှတ် ၁ မှာ မြန်မာဘက်က ပိတ်ထား၊ ရာနဲ့ချီတဲ့မြန်မာတွေ မဲဆောက်ဘက် ကူးမရဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, CJ
မြဝတီ-မဲဆောက်နယ်စပ် ချစ်ကြည်ရေးတံတားက မြန်မာဘက်ခြမ်းမှာ လူဝင်မှုကြီးကြပ်ရေးဌာနက ဒီနေ့မနက်ပိုင်းမှာ ပိတ်ထားတာကြောင့် ထိုင်းဘက်ကို ထွက်မယ့်သူ ရာနဲ့ချီ စုဝေးတန်းစီနေရတယ်လို့ ဒေသခံတွေ ဆီကနေ ဘီဘီစီက သိရှိရပါတယ်။
‘‘ထိုင်းဘက်ခြမ်းကတော့ ၁ ပတ်နဲ့ ၁၄ ရက် စာအုပ်အပြာနဲ့ထွက်မယ့်သူတွေ သွားလာနိုင်အောင် ဖွင့်ထားတယ်။ မြန်မာဘက်ခြမ်းက မဖွင့်သေးလို့ အခုတံတားထိပ်မှာ တန်းစီနေကြတုန်းပဲ’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဘာကြောင့် အခုလို ပိတ်ထားတယ်ဆိုတာ မြန်မာအာဏာပိုင်တွေ ဘက်က သတင်းထုတ်ပြန်ပြောတာမရှိသေးပါဘူ။
ထိုင်းမီဒီယာတွေတော့ အမှတ် ၁ ချစ်ကြည်ရေးတံတားရဲ့ ထိုင်းဘက်ခြမ်းမှာ ပုံမှန်ပြန်ဖွင့်ထားတယ်လို့ သတင်းဖော်ပြနေပါတယ်။
ဒေသခံတစ်ဦးကတော့ ‘‘ထိုင်းဘက်ခြမ်းက နိုင်ငံကူးလက်မှတ်ရှိတဲ့သူကိုပဲ ပေးဖြတ်နေတယ်။ မြန်မာဘက်ခြမ်းမှာ လူတွေဖြတ်တာများတော့ ယာယီဖြတ်သန်းခွင့်ကို လောလောဆယ် ပေးမဖြတ်သေးဘူး’’ လို့ လည်း ဒီနေ့မနက်ပိုင်းမှာ နယ်စပ်ဖြတ်သန်းဖို့ ကြိုးစားခဲ့တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ညနေပိုင်းတုန်းကတော့ မြဝတီဘက်က အခြေအနေတွေကြောင့် ထိုင်းဘက်က ပုံမှန်ဆို ညနေ ၆ နာရီဝန်းကျင်မှာပိတ်တဲ့ ချစ်ကြည်ရေးတံတားကို ည ၈ နာရီအထိ ဖွင့်ထားခဲ့ပါတယ်။
ဧပြီလ ၂၁ ရက် မနက်ပိုင်း မြဝတီ အခြေအနေ

ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ခြမ်း ထိုင်း - မြန်မာ အမှတ် ၂ တံတား တဝိုက်မှာ စစ်ကောင်စီနဲ့ KNLA/PDF ပူးပေါင်းတပ်တွေကြား ၂ ရက် ဆက် တိုက်ပွဲပြင်းထန်နေပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်နေတာကြောင့် မြဝတီမြို့ က အရပ်သားဒေသခံတွေက ထိုင်းဘက်ခြမ်းကို ဒီကနေ့ ဧပြီ ၂၁ ရက် မနက်အစောပိုင်းမှာ တိမ်းရှောင်ဖို့ အမှတ် ၁ တံတားအနီး စောင့်ဆိုင်းနေကြတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။
အမှတ် ၁ တံတားကို ဧပြီ ၂၁ ရက် ဒီကနေ့မနက် ၈ နာရီမှာ ပိတ်ထားတာကြောင့် ကမ်းကူးပြီး တဖက်ကိုတိမ်းရှောင်မယ့်သူတွေ တံတားထိပ်မှာ အများအပြားစောင့်ဆိုင်းနေကြရတယ်လို့ ဆိုပါတယ်။ ဘယ်အချိန်ပြန်ဖွင့်မလဲဆိုတာနဲ့ ဘယ်လိုပုံစံနဲ့ ကမ်းကူးနိုင်သလဲဆိုတာကိုတော့ တိတိကျကျသိရတာမရှိသေးဘူးလို့ မြို့ခံတချို့ကပြောပါတယ်။
ဒါအပြင် မနေ့ကတစ်ရက်လုံး လေကြောင်းတိုက်ခိုက်မှုဆက်ရှိသလို ညပိုင်းအထိ ပစ်ခတ်မှုတွေဆက်ရှိတာကြောင့် မြဝတီမြို့ခံစစ်ရှောင်တွေဟာ ထိုင်းဘက်ခြမ်းကို တခြားလမ်းကြောင်းတွေကနေ ညတွင်းချင်းတိမ်းရှောင်နေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
ဧပြီ ၂၁ ရက် ဒီကနေ့မနက်အစောပိုင်းကတည်းက ပစ်ခတ်မှုတွေဆက်တိုက်ရှိနေပြီး မဲဆောက်ဘက်ခြမ်းကနေတောင် လက်နက်ကြီးပစ်သံတွေကြားနေရတယ်လို့ မဲဆောက်မှာနေထိုင်သူတချို့ကပြောပါတယ်။
ဧပြီ ၂၀ ရက် မနေ့ မနက်အစောပိုင်းကတည်းက ဖြစ်တဲ့တိုက်ပွဲကြောင့် မနေ့ကတည်းက ထိုင်း - မြန်မာ နယ်စပ် အမှတ် ၂ တံတားအနီး မြန်မာ ဘက်ခြမ်းမှာနေထိုင်သူတွေက မဲဆောက်ဘက်ခြမ်းကို သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ပြောင်းရွှေ့နေကြတာဖြစ်ပါတယ်။
ထိုင်းစစ်တပ်ကလည်း ထိုင်း - မြန်မာနယ်စပ်တစ်လျှောက်မှာတပ်လှန့်ထားပြီး လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားသလို မြန်မာစစ်ရှောင်တွေကိုလည်း မဲဆောက်ဘက်ခြမ်း နွားခြံလိုနေရာတွေမှာ နေရာချထားပေးပြီး စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။
၂ ရက်အတွင်း မဲဆောက်ဘက်ခြမ်းကိုရောက်လာတဲ့ မြန်မာနိုင့်ငံသားစစ်ရှောင်က ၃၀၀၀ ထက်မနည်းရှိနေပြီလို့ သိရပါတယ်။










