ရင်းနှီးမြှုပ်နှံ သူတွေကြား ရေပန်းစားလာတဲ့ စျေးကွက် ၃ ခု

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
အခုနှစ်အတွင်း မြန်မာနိုင်ငံက ရွှေ မော်တော်ကားနဲ့ အိမ်ခြံမြေဈေးကွက်တွေ ထူးထူးခြားခြား စျေး မြင့်တက်လာနေပြီးတော့ အရောင်းအဝယ်တွေလိုက်နေတယ်လို့ ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက ရွှေနဲ့ ကားအပါအဝင် အိမ်ခြံမြေစျေးတွေ တရိပ်ရိပ်တက်လာတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က မြန်မာ စစ်ကောင်စီထိန်းချုပ်တဲ့ MFTB နဲ့ MICB ဘဏ်တို့ကို အမေရိကန်က ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့တဲ့နောက်ပိုင်း စျေးတွေ ပိုတက်လာခဲ့တယ်လို့ ရန်ကုန်မြို့က အိမ်ခြံမြေ ဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
" မြောက်ဒဂုံလို နေရာမျိုးမှာ အရင် သိန်း ၂၀၀၀ လောက်နဲ့ ရောင်းနေတဲ့ မြေကွက်တွေဟာ အခု သိန်း ၃၀၀၀ လောက်ကို ဖြစ်သွားတယ်၊ ပင်လုံလမ်းမလို နေရာတွေက သိန်း သောင်းဂဏန်း အထိရောက်လာတယ်"လို့ သူကပြောပါတယ်။
ရွှေက တစ်ကျပ်သားကို ၃၂ သိန်း ကျော် ပေါက်နေပြီး နာမည်ကြီးဆိုင်အချို့ကတော့ သိတဲ့သူလောက်ပဲ ဝယ်လို့ရကြောင်း ရန်ကုန်မြို့ခံ အချို့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YGEA
ကမ္ဘာ့ဘဏ်ရဲ့ အညွှန်းကိန်းအရ မြန်မာ့ငွေကြေးဖောင်းပွမှုန်းနှုန်းဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိကို ၁၄ ရာခိုင်နှုန်းကျော်အထိ ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကထက် ၂ ဆကျော်အထိ ရှိနေတဲ့ နှုန်းပါ။ ဒါကြောင့် ရွှေ၊ အိမ်ခြံမြေနဲ့ ကားအရောင်းအဝယ်စျေးကွက်ထဲမှာ ဝယ်လိုကြသူအများ အပြားရှိနေပြီး စျေးတန်းမျိုးစုံနဲ့ကို အရောင်းအဝယ်တွေ ဖြစ်နေကြတာလို့ ဆိုကြပါတယ်။
ရွှေစျေးကွက်ထဲမှာဆိုရင် စျေးကွက်အခေါ် ရွှေအပိုင်းအစ ဝယ်လိုတဲ့သူတွေ အများအပြားရှိနေတယ် လို့သိရပါတယ်။ အဲဒီလို အဝယ်များနေတာကြောင့် ရွှေဆိုင်အများစုမှာ အခေါက်ရွှေအပိုင်းအစရောင်းချမှုကို ပိတ်ထားတာ မျိုးလည်းရှိနေပါတယ်။
ဝယ်ယူသူတွေဘက်ကတော့ ရောင်းချတဲ့ဆိုင်တွေကို စုံစမ်းမေးမြန်းကာ လိုက်လံ ဝယ်ယူကြတာကို ဘီဘီစီကတွေ့ရှိထားရပါတယ်။
ဇွန်လ ၉ ရက်၊ မွန်းတည့်အချိန် အခေါက်ရွှေ ၁ ကျပ်သားစျေးနှုန်းဟာ ငွေကျပ် ၃၂ သိန်း ၂သောင်းခွဲပေါက် စျေးရှိပါတယ်။ အခုစျေးဟာ ရွှေအသင်းကသတ်မှတ်တဲ့ စျေးထက် ၁၀ သိန်းနီးပါးကွာခြားမှုရှိတဲ့ အရောင်း အဝယ်ဖြစ်နေတဲ့ စျေးကွက်စျေးဖြစ်ပါတယ်။
"အခုဟာက ဝယ်ပြီး ပြန်ရောင်းကြတာ ၊ မြတ်ရင် ပြန်ရောင်းနေကြတာ" လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuter
ရွှေအလားတူ ကားစျေးကွက်မှာလည်း ဝယ်ယူသူအများအပြားနဲ့ ရောင်းသူနဲ့ ဝယ်သူအကြားအဆင်ပြေတဲ့ စျေးနှုန်းသတ်မှတ်ချက်နဲ့ ကားအရောင်းအဝယ်စျေးကွက် လည်ပတ်နေကြပါတယ်။
အရင်ကျပ်သိန်း ၁၆၀ ကျော် သာရှိတဲ့ ဂျပန်တပတ်ရစ်ကားတွေက အခု ကျပ်သိန်း ၄၀၀ ကျော်အထိရှိလာ ပေမယ့် အဲဒီကားတွေကိုပဲ လိုက်လံဝယ်ယူကြသူတွေနဲ့ စျေးကွက်က အသက်ဝင်နေတယ်လို့ ကားရောင်း ကားဝယ်အကျိုးဆောင်တွေ ကပြောကြပါတယ်။
၂၀၁၀ နောက်ပိုင်း တည်ငြိမ်ခဲ့တဲ့ ကားစျေးဟာ အခုကာလမှာတော့ အမြင့်ဆုံးအထိကိုရောက်နေတယ်လို့ အကျိုးဆောင်တွေကပြောကြပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ကားတင်သွင်းခွင့် ခွင့်ပြုချက်တွေကို ပိတ်ထားတာ ၂ နှစ်ကျော်အထိရှိလာတာ၊ နိုင်ငံ ခြားသုံးငွေ စျေးမြင့်တက်နေတာ၊ စျေးကွက်အတွင်း ကားအသစ်ဝင်ရောက်မှုမရှိတာ၊ စျေးကွက်အတွင်း ပစ္စည်းရှားပါးပြီး ဝယ်လိုအားများပြားနေတာတွေကြောင့်ကားစျေးနှုန်းတွေမြင့်တက်နေသလို၊ ငွေကြေး ထက် ကားဝယ်မြှုပ်နှံလိုသူတွေများတာကြောင့်လို့ ကားဝယ်ရောင်းနဲ့ အကျိုးဆောင်တွေဘက်က သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အလားတူ ခိုင်မာမှုရှိတဲ့ မြေကွက်တွေဝယ်ယူမှုတွေလည်း အများအပြားရှိနေပါတယ်။
ရန်ကုန်မှာဆို ဒဂုံမြို့သစ် အပါအဝင် မြို့သစ်တွေဘက်က သိန်း ၅၀၀ ကနေ ၁၀၀၀ ကျော်တဲ့ နှုန်းတွေအထိ အိမ်ခြံမြေတွေက အရောင်းအဝယ် ဖြစ်နေတာကို အိမ်ခြံမြေစျေးကွက်အတွင်းက သိရပါတယ်။
ဝယ်လိုသူတွေကလည်း မြေကွက်လွတ်ပါမကျန်၊ အိမ်အပါမြေတွေ၊ တိုက်ခန်းတွေကို လိုက်လံဝယ်ယူနေကြပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ၆ လအတွင်း သိန်း ၂၀၀ တန်ဖိုးရှိတဲ့ ပေ ၂၀ / ၆၀ မြေကွက် စျေးဟာ အခုအချိန်မှာ ကျပ်သိန်း ၃၅၀ အထက်နဲ့ အရောင်းအဝယ်ဖြစ်နေတာကို အရောင်းအဝယ်အကျိုးဆောင်တွေထံကသိရပါတယ်။
အခုရက်ပိုင်း သိန်းသောင်းချီတဲ့ အိမ်ခြံမြေအရောင်းတွေကတော့ လတ်တလော အဝယ်အေးတယ်လို့ အိမ်ခြံမြေအကျိုး ဆောင်အသင်းအဖွဲ့တွေဘက်က သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက် က အမေရိကန် အစိုးရက မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူပိတ်ဆို့ ခဲ့ပါတယ်။။
အဲဒီဂယက်က ကျပ်ငွေအပေါ် မယုံကြည်မှုတွေကို တိုးစေကာ မြန်မာ့ငွေကြေး စျေးကွက်မှာ ဒေါ်လာစျေးတွေ ထိုးတက်ခဲ့ပါတယ်။ အရင်က ဒေါ်လာစျေးက ကျပ် ၂,၉၀၀ ဝိုက်မှာပဲ ရှိနေရာကနေ ဇွန်လ ၂၃ ရက်မနက်လောက်မှာ ၃,၁၀၀ ကျပ် တဝိုက် အထိ တက်ခဲ့တယ်လို့ သိရပါတယ်။
လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေအဖို့ သူတို့အဲဒီဘဏ်တွေထဲမှာ အပ်ထားတဲ့ ဒေါ်လာငွေတွေ၊ တခြားပြည်တွင်းဘဏ်တွေမှာ အပ်ထားတဲ့ ဒေါ်လာငွေတွေကို မရွှေ့ ပြောင်းနိုင်အောင် ဗဟိုဘဏ်က တားဆီးခံရပြီးနောက်မှာ တော့ ရွှေ ကား အိမ်ခြံမြေ စတာတွေဟာ ရင်းနှီးမြှုပ်နှံမှုလုပ်ကြသလို မျိုးအခြေအနေကို ရောက်လာတာလို့လည်း သုံးသပ်ကြပါတယ်။
အခု အရောင်းဝယ်တွေလုပ်နေကြသူ အများစုဟာ လက်ရှိလက်ထဲမှာ ရှိနေတဲ့ ငွေကြေးကို ဖောင်းပွမှုကြောင့် ကျုံ့သွားမှာကို စိုးရိမ်ပြီး ဝယ်ကြတာလို့လည်း သုံးသပ်မှုတွေရှိပါတယ်။








