ဗုံးခွဲခံရလို့ လူတွေသေဆုံးခဲ့ရတဲ့ အီရန်မှာ အောက်မေ့သတိရနေ့ သတ်မှတ်- ဇန်နဝါရီလ ၄ ရက် နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်နိုင်ငံ ကာမန်မြို့မှာ မနေ့က အမှတ်တရ ဂုဏ်ပြုအခမ်းအနားတခု ကျင်းပ နေတုန်း ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၈၄ ယောက် သေဆုံးခဲ့ရတဲ့အတွက် ဒီနေ့ကို အီရန်တနိုင်ငံလုံးအနေနဲ့ ဝမ်းနည်းအောက်မေ့တဲ့ရက်အဖြစ် သတ်မှတ် ထား ပါတယ်။
အမေရိကန် ဒရုန်းတိုက်ခိုက်မှုကြောင့် အီရန်ရဲ့ ကွတ်စ် (Quds) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကာဆန် ဆူလေမန် သေဆုံးရခြင်း ၄ နှစ်မြောက်အခမ်းအနားအတွက် သူ့ အုတ်ဂူရှိရာကို လူတွေ စုရုံးလာကြစဉ်မှာ ဗုံးကွဲတာတွေ ဖြစ်ခဲ့တာပါ။
အီရန်ခေါင်းဆောင်တွေက အဲဒီအတွက် လက်တုံ့ပြန်မယ်လို့ ဟစ်ကြွေးထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဘယ်သူတွေကလုပ်ခဲ့သလဲဆိုတာ ဘယ်သူကမှ ဝန်မခံသေး ပါဘူး။
အစ္စရေး ဗုံးကြဲမှုကြောင့် ဂါဇာတောင်ပိုင်းမှာ လူ တဒါဇင်ကျော် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ္စရေးတို့ရဲ့ ညပိုင်း ဗုံးကြဲမှုတွေကြောင့် ပါလက်စတိုင်း ၁၄ယောက် သေဆုံး ခဲ့တယ်လို့ ဂါဇာက ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့ အနောက်ပိုင်း အယ် မာဝါဆီမှာ အစ္စရေး လေကြောင်း တိုက်ခိုက်မှုတွေအတွင်း အဲဒီလူတွေ သေဆုံးခဲ့ရတာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ် ၉ ယောက်ပါဝင်တယ်လို့ ကျန်းမာရေး အရာရှိတယောက်က ပြောပါ တယ်။
အဲဒီမြို့ငယ်လေးကို အစ္စရေးက လုံခြုံရာဇုန်အဖြစ် သတ်မှတ်ပေးထားခဲ့တာပါ။
ဒီစစ်ပွဲ အတွင်းမှာ ပါလက်စတိုင်း ၂ သန်းနီးပါး သူတို့ရဲ့ အိုးအိမ်တွေကနေ ပြောင်းရွှေ့ ထွက်ပြေးခဲ့ကြ ရပါတယ်။
ပြီးခဲ့တဲ့ရက်တွေမှာ ဟားမတ်စ်တို့ရဲ့ တပ်ဖွဲ့အများအပြားကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲက အတုအယောင်လို့ အတိုက်အခံနိုင်ငံရေးသမားကဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘင်္ဂလားဒေ့ရှ်မှာ တနင်္ဂနွေနေ့မှာလုပ်မယ့် အထွေထွေရွေးကောက်ပွဲဟာ အတု အယောင်ပဲလို့ ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးသမားတယောက်က ပြောပါ တယ်။
သူ့ရဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (Bangladesh Nationalist party - BNP) က ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်တာကို မစ္စတာ တာရစ်ခ် ရာမန်က အေအက်ဖ်ပီ သတင်းဌာနနဲ့ ဖြေကြားရာမှာ ကာကွယ်ပြောကြားခဲ့ပါတယ်။
ရလာမယ့် မဲရလဒ်က ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ အာဏာဆက်ကိုင်နိုင်အောင် ကြိုတင် ပြဋ္ဌာန်းပေးပြီးသား ဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒီရွေးကောက်ပွဲကို ဝင်လိုက်ရင် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့၊ အသက်ပေး ခဲ့ကြရသူတွေကို လျစ်လျှူရှုရာရောက်သွားလိမ့်မယ်လို့ သူက ပြောပါတယ်။
ရှိတ်ခ်ဟာစီနာဟာ ၁၅ နှစ် ကြာ ဝန်ကြီးချုပ်အာဏာကို ကိုင်စွဲထားပါတယ်။
သူကတော့ လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်လို့ ဆိုပါတယ်။








