စက်တင်ဘာ ၇ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- မလေးရှား KTV တစ်ခုက မြန်မာအမျိုးသမီး ၂၀ ကျော်အဖမ်းခံရ

မလေးရှား KTV မှာ အဖမ်းခံရတဲ့ မြန်မာအမျိုးသမီးတွေ

ဓာတ်ပုံ ရင်းမြစ်, မလေးရှားလဝက

ဓာတ်ပုံ ပုံစာ, မလေးရှား KTV မှာ အဖမ်းခံရတဲ့ မြန်မာအမျိုးသမီးတွေ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

မလေးရှားနိုင်ငံ၊ နမ်ဂရီ ဆမ်ဘီလန်းပြည်နယ်၊ နီလိုင်မြို့ KTV ဖျော်ဖြေခန်းကနေ မြန်မာအမျိုးသမီး ၂၁ ယောက်ကို စက်တင်ဘာ ၆ ရက်မှာ ဖမ်းဆီးရမိတယ်လို့ မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးက ထုတ်ပြန်ထားပါတယ်။

တရားမဝင်ဖွင့်လှစ်ထားတဲ့ KTV ကို မလေးရှား လူဝင်မှုကြီးကြပ်ရေးက ၂ ပတ်ကြာအောင် စုံစမ်းထောက်လှမ်း ခဲပြီး စက်တင်ဘာ ၆ ရက် ည ၁၂ နာရီမှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့တာပါ။

စစ်ဆေးချိန်မှာ KTV ကို ဦးစီးနေတဲ့အမျိုးသမီးတစ်ယောက်ကို အရင်ဖမ်းဆီးရရှိပြီး စားပွဲထိုး လုပ်ကိုင်နေတယ်လို့ သံသယရှိတဲ့ မြန်မာအမျိုးသမီး အယောက် ၂၀ ကျော်ကိုလည်း ထပ်ဖမ်းမိတယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့ မြန်မာအမျိုးသမီးတွေထဲက ၈ ယောက်က ဗီဇာသတ်မှတ်ရက်ထက် ကျော်လွန် နေထိုင်ပြီး တခြား ၁၃ ယောက်က ကတော့ တရားမဝင်နေထိုင်သူတွေ ဖြစ်နေတယ်လို့ လဝက က ထုတ်ပြန်ထားပါတယ်။

KTV ဖျော်ဖြေရေးခန်းကို သောကြာ၊ စနေနဲ တနင်္ဂနွေတွေမှာ ဖွင့်လှစ်တာဖြစ်ပြီး မြန်မာနိုင်ငံသားတွေကိုသာ လက်ခံတာဖြစ်ပါတယ်။

ဧည့်သည်တွေဟာ ဖျော်ဖြေရေးခန်းမှာ အရက်မှာ ယူရမှာဖြစ်သလို တစ်ယောက်ကို ရင်းဂစ် ၁၅၀ ကနေ ၂၀၀ အထိ ပေးရင် စားပွဲထိုးမိန်းကလေးတွေကို ခေါ်လို့ရတာမျိုးပါ။

ဖွင့်ထားတာ ၃ လကြာပြီဖြစ်တဲ့ အဲဒီ KTV ကနေ မှတ်စုစာအုပ်နဲ့ ဖုန်း ၇ လုံးဖမ်းဆီးရမိတယ်လို့လည်း သိရပါတယ်။

ဖမ်းမိထားတဲ့ အမျိုးသမီး ၁၂ ယောက်ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ အရေးယူထားတယ်လို့ လဝကထုတ်ပြန်ချက်အရ သိရပါတယ်။

အနုတင် ချန်ဝီရာကာ ထိုင်းဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်

စက်တင်ဘာ ၇ ရက် ဝန်ကြီးချုပ်ရာထူး လက်ခံပွဲမှာ မြင်တွေ့ရတဲ့ အနုတင်

ဓာတ်ပုံ ရင်းမြစ်, EPA

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်းနိုင်ငံမှာတော့ လွှတ်တော် မဲပေးမှုနဲ့ ရွေးကောက်ခံဖြစ်လာတဲ့ ဝန်ကြီးချုပ် အနုတင် ချန်ဝီရာကာဟာ ထိုင်းနိုင်ငံရဲ့ ၃၂ ဦးမြောက်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး ရာထူးကို တရားဝင် ရယူလိုက်ပြီဖြစ်ပါတယ်။

ကျမ်းကျိန်ပွဲကိုတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က သူ့ရဲ့ မိခင်ပါတီ ဌာနချုပ်မှာ ဒီနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တာပါ။

သူ့ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြု ခန့်အပ်တဲ့အကြောင်း ထိုင်းဘုရင်မင်းမြတ်ရဲ့ အမိန့်စာကို လက်ခံပြီးတဲ့နောက်မှာ အနုတင်က မိသားစုဝင်တွေ ဝန်းရံပြီး ဝန်ကြီးချုပ်ရာထူးကို တရားဝင် ရယူလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့တုန်းကတော့ ထိုင်းလွှတ်တော်တွင်း မဲခွဲမှုမှာ ဝန်ကြီးချုပ်နေရာအတွက် သူအနိုင်ရခဲ့ပြီးဖြစ်ပါတယ်။ အခုတော့ ဒီမဲရလဒ် ထွက်ပြီး ၂ ရက်အကြာမှာ ဝန်ကြီးချုပ်ရာထူးကို အနုတင်က တရားဝင်ရယူခဲ့တာ ဖြစ်ပါတယ်။

သူ့အရှေ့က ဖုအာထိုင်းပါတီက ဝန်ကြီးချုပ် ပေထုန်တန်ဟာ ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်အရေးမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ပြောဆိုခဲ့တဲ့ ဖုန်းခေါ်မှု ပေါက်ကြားခဲ့ပြီးတဲ့နောက် ရာထူးကနေ ဖယ်ရှားခံခဲ့ရတာကြောင့် အနုတင် ဝန်ကြီးချုပ်ဖြစ်လာတာပါ။

လက်ရှိမှာ ထိုင်းအောက်လွှတ်တော်မှာ အတိုက်အခံအင်အားအဖြစ်ရှိနေတဲ့ Move Forward ကနေ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ ပါတီဟာ လွှတ်တော်မှာ အနုတင် ဝန်ကြီးချုပ်လောင်းအဖြစ် မဲပေးတုန်းကတော့ သူတို့ရဲ့ ထောက်ခံမှုကို ပြသထားပါတယ်။

အဲဒီလိုထောက်ခံထားလို့လည်း အနုတင်ဟာ လာမယ့် ၄ လအတွင်း လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ်ပြုလုပ်ဖို့ ကြေညာရမယ့်လုပ်ဆောင်ချက်အပြင် တခြားနိုင်ငံရေးကတိကဝတ်တွေလည်း ပေးထားရတယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။

ဒါကြောင့် ဝန်ကြီးချုပ် ရာထူးကို ၄ လပဲ တာဝန်ယူရမယ့် အနုတင်အတွက်တော့ လာမယ့် ၄ လတာ ကာလဟာ ပန်းခင်းလမ်းမဟုတ်တဲ့နိုင်ငံရေးခရီးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ပြင်ဦးလွင်မှာ တပ်ကြပ်ကြီးလို့ဆိုပြီး ဖုန်းဆိုင်ကို ခြိမ်းခြောက်တဲ့အမျိုးသား ဖမ်းဆီးခံရ

ဖုန်းဆိုင်ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့လူငယ်

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, ဖုန်းဆိုင်ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့လူငယ်

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က ဖုန်းဆိုင်တစ်ဆိုင်ထဲမှာ သူ့ကိုယ်သူ တပ်ကြပ်ကြီးစိုးဝင်းဆိုပြီး ဖုန်းဆိုင်ကို ခြိမ်းခြောက်ခဲ့တဲ့အမျိုးသားကို စစ်ကော်မရှင်အာဏာပိုင်တွေက ဖမ်းလိုက်ပြီလို့ ဖုန်းဆိုင်နဲ့နီးစပ်သူဆီက သိရပါတယ်။

ဖုန်းဆိုင်က ဝန်ထမ်းတွေကိုလည်း PDF နဲ့ဆက်နွှယ်တယ်လို့ဆိုကာ ဖမ်းဆီးခိုင်းမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အမျိုးသားရဲ့ ရုပ်သံဖိုင်ကို ဆိုင်က လူမှုကွန်ရက်ပေါ် တင်ခဲ့အပြီးနောက်မှာ အခုလိုဖမ်းဆီးမှု ထွက်လာတာပါ။

ဖုန်းဆိုင်ဝန်ထမ်းတွေကို ခြိမ်းခြောက်ခဲ့တဲ့ဖြစ်စဉ်ဟာ စက်တင်ဘာ ၅ ရက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ရုပ်သံဖိုင်ဟာ တစ်တော့နဲ့ ဖေ့ဘုတ်ခ်မှာ ပျံ့နှံ့အပြီးမှာ စစ်တပ်ဘက်က အဲဒီအမျိုးသားကို စက်တင်ဘာ ၆ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုင်နဲ့နီးစပ်သူက ပြောပါတယ်။

ခြိမ်းခြောက်ခဲ့တဲ့ လူငယ်က သူမှာထားတဲ့ဖုန်းကို ဖုန်းဆိုင်ဝန်ထမ်းတွေက ပေးတာကို တခြားဖုန်းပေးတယ်ဆိုပြီး စိတ်ဆိုးတာကြောင့် အခုလို ပြောဆိုတာတွေ ဖြစ်ခဲ့တာလို့ သီဟဖုန်းဆိုင် အနီးဝန်းကျင်မှာ ရှိနေတဲ့ မြို့ခံက ပြောပြပါတယ်။

"အွန်လိုင်းပေါ် ပြန့်သွားပြီး နောက်နေ့မနက်မှာ တိုင်းအဆင့်ကနေ ဆင်းလာပြီးတော့ ဖုန်းဆိုင်ကို အခြေအနေလာမေးတယ်။ ပြီးတော့ အဲဒီနေ့မှာပဲ ဖမ်းမိတယ်။ ဖုန်းဆိုင်ကိုလည်း ဖုန်းတွေဆက်ပြီး CCTV မှတ်တမ်းကို ဘာလို့တင်တာလဲဆိုပြီး ဖုန်းတွေ ဆက်တိုက် ဆက်နေကြတယ်။ ဆိုင်ရှင်ကတော့ သေချာ ရှင်းပြပေးနေရတာပဲ"လို့ အခြေအနေတွေကို သိရှိထားတဲ့ မြို့ခံက ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာလည်း အဲဒီလူငယ်ဟာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အယောင်ဆောင်ထားသူဖြစ်တယ်လို့လည်း ရေးသားထားကြပါတယ်။

အဲဒီလူငယ်ဟာ အရပ်သားလူငယ်တစ်ဦးဖြစ်တယ်လို့ သိရတယ်လို့လည်း ဖုန်းဆိုင်နဲ့ နီးစပ်သူက ဆိုပါတယ်။

စစ်တပ်နဲ့ဆက်နွှယ်တဲ့သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ သက်ဆိုင်ရာကို တရားဝင် သတင်းမပို့ဘဲ ရုပ်သံဖိုင်ကို လူမှုကွန်ရက်ပေါ်ခဲ့တဲ့ ဖုန်းဆိုင်ကို အရေးယူဖို့ လှုံ့ဆော်ရေးသားထားတာကို တွေ့ရပါတယ်။

အမေရိကန် Powerball ထီ ကံထူးသူ ပေါ်ပြီ

 ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှာ ဆုကြေး ဒေါ်လာ ၁.၁ ဘီလျံအတွက် ကုန်စုံဆိုင်တစ်ခုမှာ ကံစမ်းနေသူတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှာ ဆုကြေး ဒေါ်လာ ၁.၁ ဘီလျံအတွက် ကုန်စုံဆိုင်တစ်ခုမှာ ကံစမ်းနေသူတစ်ဦး

အမေရိကန်ပြည်ထောင်စုမှာ Powerball ထီကံစမ်းပွဲမှာ ဒေါ်လာ သန်း တစ်ထောင့်ရှစ်ရာနီးပါးတန် ထီဆုအတွက် ထီပေါက်နံပါတ်လက်မှတ်တွေကို ရောင်းချပြီးပြီလို့ ထီထုတ်တဲ့ Multi-State Lottery Association က ပြောပါတယ်။

စနေနေ့ ညတုန်းက ဖွင့်တဲ့ ထီဖွင့်ပွဲမှာ ပေါက်မဲ လက်မှတ်တွေဟာ တက္ကဆက်နဲ့ မစ်ဆူရီ ပြည်နယ်မှာ ရောင်းချထားပြီးဖြစ်တယ်လို့လည်း အဲဒီအဖွဲ့ကို ကိုးကားပြီး အမေရိကန် မီဒီယာတွေက သတင်းဖော်ပြပါတယ်။

ဆုရှင်တွေဟာ စုစုပေါင်း ဆုကြေး ဒေါ်လာ သန်း ၁,၈၀၀ နီးပါးကို ဒေါ်လာ ၈၂၀.၆ သန်းစီ ခွဲယူကြရဖို့ရှိတယ်လို့လည်း ထီအဖွဲ့က ထုတ်ပြန်ပါတယ်။

မေလ ၃၁ ရက်နောက်ပိုင်းကတည်းက ထီပေါက်သူ မရှိလို့ ဆုကြေးတွေ ဆတိုးတက်လာရာကနေ စက်တင်ဘာ ၇ ရက်မှာ ဆုကြေးဟာ သန်းပေါင်း ၁,၈၀၀ နီးပါးတက်လာတာဖြစ်ပါတယ်။

ဒါဟာ အမေရိကန် ထီသမိုင်းမှာ ဒုတိယမြောက် အများဆုံး ဆုကြေးဖြစ်ပါတယ်။

အနိုင်ရသူဟာ ဆုကြေး ဒေါ်လာ သန်းပေါင်း ၁,၈၀၀ နီးပါးကို အကြိမ် ၃၀ ကြာ နှစ်စဉ် ထုတ်ယူတာ ဒါမှမဟုတ် တစ်လုံးတစ်ခဲတည်းငွေ ဒေါ်လာ ၈၂၆ သန်းအထိ ထုတ်ယူတာမျိုး လုပ်နိုင်ပါတယ်။

ဒါပေမဲ့ ဒီနည်းလမ်း နှစ်မျိုးလုံးအတွက် အခွန်ပေးဆောင်ရတာတော့ ရှိဦးမှာဖြစ်ပါတယ်။

အမေရိကန် Powerball ထီသမိုင်းတစ်လျှောက် ပေါက်သူမရှိလို့ ဆုကြေး အမြင့်ဆုံးဖြစ်ခဲ့တဲ့ အချိန်ဟာ ၂၀၂၂ နှစ်ကဖြစ်ပြီး အဲဒီတုန်းက ဆုကြေးဟာ အမေရိကန်ဒေါ်လာ ၂.၀၄ ဘီလျံ (သန်းပေါင်း ၂,၀၀၀ ကျော်)အထိ ရှိခဲ့ပါတယ်။

တရုတ် စစ်လက်နက်ပစ္စည်းတွေကို စစ်ခေါင်းဆောင်ချီးကျူး

တရုတ်နိုင်ငံ ချန်ဒူးမြို့က ရှန်ဂရီလာဟိုတယ် သတင်းစာရှင်းလင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, Popular News

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံ ချန်ဒူးမြို့က ရှန်ဂရီလာဟိုတယ် သတင်းစာရှင်းလင်းပွဲ

တရုတ်စစ်တပ်ရဲ့စစ်ရေးလေ့ကျင့်မှု၊ ကာကွယ်ရေးစွမ်းအားနဲ့ ကာကွယ်ရေးပစ္စည်းတွေဟာ ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ အင်အားကြီးနိုင်ငံတွေကို အကာအကွယ်ပေးနိုင်တယ်လို့ ယုံကြည်တဲ့အကြောင်း မြန်မာစစ်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဟာ သူ့ရဲ့တရုတ်ခရီးစဉ်အတွင်း ဘေကျင်းမှာပြုလုပ်တဲ့ စစ်ရေးပြပွဲကိုတက်ရောက်ခဲ့အပြီးမှာ အခုလို ပြောလာတာဖြစ်ပါတယ်။

တရုတ်ဟာ ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့လည်းတက်ရောက်တဲ့ စစ်ရေးပြပွဲမှာ နောက်ဆုံးပေါ် နည်းပညာသုံး စစ်နက်လက်ပစ္စည်းတွေကို ပွဲထုတ်ပြခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၆ ရက်မှာ တရုတ်နိုင်ငံ ချန်ဒူးမြို့က ရှန်ဂရီလာဟိုတယ် သတင်းစာရှင်းလင်းပွဲမှာ တရုတ်သတင်းမီဒီယာတွေကို ပြောတာပါ။

"ကမ္ဘာကြီးကို တရုတ်နိုင်ငံအနေနဲ့ အကာအကွယ်ပေးနိုင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဒီမှာတွေ့ပါတယ်။ တချို့ပစ္စည်းတွေဆိုရင် ကျွန်တော်တို့ လုံးဝကို မထင်တဲ့ ကာကွယ်ရေးပစ္စည်းတွေ တွေ့ပါတယ်။ ဒီကာကွယ်ရေးပစ္စည်းတွေက ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့ယုံကြည်ပါတယ်"လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ စစ်ရေးအမျိုးစုံနဲ့ အနိုင်ကျင့်နေတာကို တွေ့ရသလို တရုတ်နိုင်ငံကိုလည်း အခွန်နဲ့ ဖိအားပေးနေတာတွေရှိတယ်လို့ စစ်ခေါင်းဆောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျွန်တော်တို့လည်း ဒီလိုဖိအားပေးခံနေရတာရှိတယ်။ ဒါက ဘဏ္ဍာရေးတင်မဟုတ်ဘူး။ နိုင်ငံရေးအရလည်း ဖိအားပေးတာတွေ ခံရတယ်။ စီးပွားရေးအရလည်း ဖိအားပေးတာတွေ ခံရတယ်"လို့ ပြောပါတယ်။

ဒါ့ကြောင့် ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့အားနည်းချက်တွေကို ဖော်ထုတ်ပြီး နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်သင့်သလို တရုတ်နိုင်ငံအနေနဲ့လည်း ဘယ်လိုဖိအား၊ ခြိမ်းခြောက်မှုတွေမဆို ရင်ဆိုင်ဖို့အသင့်ရှိနေတာကို နားလည်ထားတယ်လို့လည်း ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင်နဲ့အဖွဲ့က အလုပ်သဘော တက်ရောက်ဖို့အတွက် ဩဂုတ် ၃၀ ရက်မှာ တရုတ်နိုင်ငံကို ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၆ ရက်မှာ မြန်မာနိုင်ငံကို ပြန်ရောက်ရှိခဲ့ပါတယ်။

တရုတ်က ဘေကျင်းစစ်ရေးပြပွဲမှာ ဘယ်လို လက်နက်တွေ ထုတ်ပြခဲ့ပါလဲ။ ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဒေသတွင်းနိုင်ငံတွေအနေနဲ့ စစ်အာဏာရှင်တွေထက် လူထုမျက်နှာကို ကြည့်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုး(NUG) ယာယီသမ္မတ ဒူဝါလရှီးလ

ဓာတ်ပုံ ရင်းမြစ်, Acting President Duwa Lashi La

ဓာတ်ပုံ ပုံစာ, အမျိုးသားညီညွတ်ရေးအစိုး(NUG) ယာယီသမ္မတ ဒူဝါလရှီးလ

ဒေသတွင်းနိုင်ငံတွေအနေနဲ့ မိတ်ဟောင်းဆွေဟောင်း စစ်အာဏာရှင်တွေထက် လူထုမျက်နှာ ကိုကြည့်ဖို့ အမျိုးသားညီညွတ်ရေးအစိုး(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း လိုက်ပါတယ်။

ဒေသတွင်းနိုင်ငံတွေဟာ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကို ခုခံတော်လှန်နေတဲ့ မြန်မာ ပြည်သူတွေကို မကြည့်ရှုဘဲ မြန်မာစစ်တပ်ကို ငွေကြေး၊ စစ်ရေးနဲ့ နည်းပညာတွေ ထောက်ပံ့ ပေးနေတာကြောင့် စိတ်မကောင်းဖြစ်မိတယ်လို့လည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း ၄ နှစ်ပြည့်အတွက် စက်တင်ဘာ ၇ ရက်မှာ အွန်လိုင်းကနေပြာတဲ့မိန့်ခွန်းမှာ သူက အခုလို ပြောလိုက်တာပါ။

စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေကို ခုခံတွန်းလှန်ဖို့အတွက် ဆင်နွဲနေတဲ့ ပြည်သူ့ခုခံ တော်လှန်စစ် ကြောင့် မြန်မာစစ်တပ်ရဲ့လက်တံ၊ ခြေတံတွေကို ဖြတ်တောက်နိုင်တဲ့အထိ အောင်မြင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ် အရေးနိမ့်ပြီး အင်အားချိနဲ့သွားပေမဲ့ စစ်ကော်မရှင်တပ်က အခုလို အထောက်အပံ့အကူအညီတွေ ပြန်ရနေတာလို့ ဒူဝါလရှီးလက ပြောပါတယ်။

"ဒုက္ခတွေနဲ့ နေ့တိုင်းယှဉ်တွဲနေရတဲ့ ပြည်သူတွေကို မကြည့်ဘဲ မိတ်ဟောင်းဆွေဟောင်း စစ်အာဏာရှင်တွေရဲ့ မျက်နှာကို ပိုကြည့်နေပါတယ်။ ဒါဟာ လူထု ခုခံတော်လှန်စစ်အတွက် စိတ်မကောင်းစရာ ဖြစ်ပါတယ်။ ဒေသတွင်း နိုင်ငံတွေအနေနဲ့ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတွေကို မျှော်လင့်ချက်မဲ့ဖြစ်အောင် မလုပ်ဖို့ ထပ်ပြီး အနူးအညွှတ် မေတ္တာရပ်ခံလိုပါတယ်"လို့ သူက ပြောပါတယ်။

NUG ယာယီသမ္မတ က ဘယ်နိုင်ငံတွေရယ်လို့ နာမည်တပ် မပြောသွားပေမဲ့ တရုတ်ဟာ နေပြည်တော်ကို ဗဟိုပြု ချဉ်းကပ်နေပြီး မြန်မာစစ်ခေါင်းဆောင်ကို ဒေသတွင်း ထိပ်သီး ဆွေးနွေးပွဲနဲ့ ဘေကျင်းမြို့က စစ်ရေးပြပွဲကို ဖိတ်တဲ့အထိ ဆက်ဆံရေး နီးကပ်နေပါတယ်။

မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို ဖိတ်ကြားခဲ့ပါတယ်။

အဲဒီအစည်းအဝေးကို တက်ရောက်လာတဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရန်ဒြာမိုဒီကလည်း စစ်ခေါင်းဆောင်နဲ့ တီရန်ကျင်းမြို့မှာ သီးခြားတွေ့ကြပါတယ်။

နောက် ဘေကျင်းမြို့က စစ်ရေးပြပွဲအခမ်းအနားအတွင်းမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၊ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအေဘရာဟင်တို့ အပါအဝင် ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေနဲ့ မြန်မာစစ်ခေါင်းဆောင်တို့လည်း အဲဒီအစည်းအဝေးပွဲမှာ တွေ့ဆုံနှုတ်ဆက်ခဲ့ကြပါတယ်။

မြဝတီ- ကော့ကရိတ် အာရှလမ်းကို စစ်တပ်ပြန်ထိန်းချုပ်

စစ်ကော်မရှင်တပ်တွေ ပြန်ထိန်းချုပ်တဲ့ တပ်စခန်း

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, စစ်ကော်မရှင်တပ်တွေ ပြန်ထိန်းချုပ်တဲ့ တပ်စခန်း

ထိုင်း - မြန်မာ ကုန်သွယ်ရေးအတွက်အရေးပါတဲ့ ကရင်ပြည်နယ်ထဲက မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ကို ဆက်ထားတဲ့ အာရှလမ်းမအပြင် မြဝတီမြို့ မြို့စောင့်တပ်တွေလို့ သိကြတဲ့ သင်္ဃန်းညီနောင်က ခြေမြန်တပ်ရင်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လက်လွှတ်လိုက်ရပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ အာရှလမ်းပိုင်းမှာရှိတဲ့ သင်္ဃန်းညီနောင်မြို့ကို သာလွန်အင်အားတွေနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ စက်တင်ဘာ ၆ ရက်မှာ ဆုတ်ခွာလိုက်ရတယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။

သင်္ဃန်းညီနောင်ဗျူဟာကုန်းအပါအဝင် ခမရ ၃၅၅၊ ၃၅၆ နဲ့ ၃၅၇ တပ်စခန်းတွေကို ၂၀၂၄ ခုနှစ် ဧပြီလ ကစပြီး ကရင်အမျိုးသားအစည်းအရုံးရဲ့လက်နက်ကိုင်တပ် KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတာပါ။

ဒါပေမဲ့ စစ်တပ်က သြဂုတ်လကုန်ပိုင်းမှာ စစ်ကြောင်းထိုးခဲ့ပြီးတဲ့နောက် အဲဒီစခန်းတွေကိုပြန်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ကော့ကရိတ်- သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းပိုင်းကို စစ်ကော်မရှင်တပ်တွေက ပြန်စိုးမိုးနိုင်သွားပါတယ်။

"သင်္ဃန်းညီနောင် အတွင်း ကွင်းကလေးနဲ့ အပြင်ကွင်းကလေး သွားတဲ့တောက်လျှောက်က ကာကင်းစခန်းတွေ ဆုတ်ပေးရတယ်။ နောက်ပြီး အာရှလမ်းက ရင်ဆိုင်ကုန်းတွေလည်း လွှတ်ပေးရတယ်"လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

စစ်ကော်မရှင်တပ်တွေက သာလွန်အင်အားတွေနဲ့ ဂငယ်ပုံ၊ စက်ဝိုင်းပုံလို ဝိုင်းပတ် ပိတ်ဆို့ခဲ့တာလို့လည်း သူက ပြောပါတယ်။

စစ်တပ် ထိန်းချုပ် နိုင်ငံပိုင်ရုပ်သံဌာနတွေကတော့ ကော့ကရိတ်၊ မြဝတီ အာရှလမ်းတစ်လျှောက် ပြန်ထိန်းချုပ်နိုင်ဖို့ နဲ့ သင်္ဃန်းညီနောင်ကို ပြန်သိမ်းပိုက်ဖို့ ပြီးခဲ့တဲ့ ဩဂုတ် ကစပြီး ကော့ကရိတ် သင်္ဃန်းညီနောင်ကို စစ်ကြောင်း ၄ ကြောင်း၊ မြဝတီကနေ စစ်ကြောင်း ၁ ကြောင်းနဲ့ ထိုးစစ်ဆင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ မြဝတီက ထပ်တက်လာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ ပူးပေါင်းပြီး လုံခြုံရေး စီမံဆောင်ရွက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရေတာရှည်ကို ဗဟိုပြုပြီး အင်အား ၄.၉ ရှိ နောက်ဆက်တွဲငလျင်လှုပ်

ငလျင်လှုပ်ခတ်သွားတဲ့နေရာ (စကေးကျ ရေးဆွဲထားတာမဟုတ်)
ဓာတ်ပုံ ပုံစာ, ငလျင်လှုပ်ခတ်သွားတဲ့နေရာ (စကေးကျ ရေးဆွဲထားတာမဟုတ်)

ပဲခူးတိုင်း ရေတာရှည်မြို့ရဲ့ အနောက်- အနောက်တောင်ဘက် ၉ မိုင်ခန့်မှာ အင်အား ၄ ဒသမ၉ ရစ်ခ်တာစကေးရှိ ငလျင်တစ်ခုဟာ မနက် ၉ နာရီ ၄၇ မိနစ်မှာ လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီငလျင်ဟာ မတ် ၂၈ မှာ လှုပ်ခတ်ခဲ့တဲ့ ၇ ဒသမ ၇ အင်အားရှိ ငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်ဖြစ်တယ်လို့လည်း သိရပါတယ်။

မြေအောက်အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာပါ။

ငလျင်ဗဟိုချက်နေရာ ရေတာရှည်မြို့အပါအဝင် တောင်ငူ၊ နေပြည်တော်၊ ဖြူး စတဲ့ မြို့နယ်တွေမှာ ငလျင်လှုပ်ခတ်တာကို သိရှိခံစားကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ငလျင်လှုပ်တာ သိသာတယ်။ ၃ စက္ကန့် ၄ စက္ကန့်လောက်တော့ကြာတယ်။ တချို့လည်း အိမ်ထဲကနေ ထွက်ပြေးတာပေါ့"လို့ တောင်ငူဒေသခံတစ်ယောက်က ပြောပါတယ်။

တခြားဒေသခံတွေကလည်း "ဝုန်း... ကနဲ " အသံကြီးပါကြားရတာ ကြောက်စရာ"၊ "တော်တော်လှုပ်တာ အိမ်အောက်တောင် ပြေးဆင်းရတယ်"၊ "ရေတာရှည်မှာဆို ဆွဲခါသွားတာ" ဆိုတဲ့ ငလျင်ခံစားရတဲ့ မှတ်ချက်တွေကိုလည်း တွေ့ရပါတယ်။