ဂါဇာမှာ အပစ်ရပ်ဖို့ အမေရိကန်နဲ့ ပါလက်စတိုင်းဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ သမ္မတမာမွတ် အဘတ်စ်တို့ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါတယ်။ ဒါဟာဝန်ကြီးဘလင်ကန်ရဲ့ အရှေ့အလယ်ပိုင်း သံတမန်ရေးခရီးစဥ် တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ အနောက်ဘက်ကမ်း(West Bank) ဒေသတည်ငြိမ်မှုနဲ့ တည်ငြိမ်မှုပြန်ရရှိရေးကြိုးပမ်းမှုတွေကို ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
အာဘက်စ်ကလည်း အာရပ်စော်ဘွားနိုင်ငံတွေရဲ့ တောင်းဆိုချက်တွေအတိုင်း ‘‘အပစ်အခတ်ရပ်စဲရေးချက်ချင်းလုပ်ဖို့’’ တောင်းဆိုပါတယ်။
အမေရိကန်ဘက်ကတော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်ဖို့နဲ့ မရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုတွေ ပြန်လည်စတင်ရေးဆိုင်ရာ အမေရိကန်ရဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။
တနင်္ဂနွေနေ့က အမေရိကန်နဲ့ပါလက်စတိုင်းတို့မတွေ့ခင် စနေနေ့ ညပိုင်းမှာ ဂါဇာကမ်းမြောင်ဒေသက အယ်မက်ဂါဇီဒုက္ခသည်စခန်းကို လက်နက်ကျပြီးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဟားမတ်စ်စီမံတဲ့ကျန်းမာရေးဝန်ကြီးဌာနကတော့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသက အယ်မက်ဂါဇီဒုက္ခသည်စခန်းက အနည်းဆုံးအရပ်သား ၄၅ ယောက် သေဆုံးတယ်လို့ပြောထားပြီး အရပ်သားတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပါတယ်။
အစ္စရေးစစ်တပ်ကတော့ အဲဒီအချိန်က အဲဒီဒေသမှာ စစ်ဆင်ရေး ရှိ မရှိကို စစ်ဆေးနေတယ်လို့ တုံ့ပြန်ထားပါတယ်။ အခုတော့ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေက ထိခိုက်သေဆုံးသူတွေကို အပျက်အစီးပုံတွေကြားမှာဆက်လက်ရှာဖွေနေကြပါတယ်။
တနင်္ဂနွေနေ့မတိုင်ခင်ကတော့ ဝန်ကြီးဘလင်ကန်ဟာ ဂါဇာမှာ အစ္စရေးဘက်က အပစ်အခတ်ရပ်စဲလိုက်ရင် ဟားမတ်စ်အဖွဲ့ကိုပြန်လည်အုပ်စုဖွဲ့စေပြီးနောက်ထပ်တိုက်ခိုက်မှုတွေကိုလုပ်ခွင့်ပေးလိုက်သလိုဖြစ်သွားမယ်လို့ ပြောထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့လည်း အစ္စရေးအနေနဲ့ ‘‘တတ်နိုင်သမျှ’’အရပ်သားတွေ သေဆုံးဒဏ်ရာရမှုတွေကို မဖြစ်ရေး အစီအမံတွေနဲ့ လုပ်ဆောင်ရမယ်လို့လည်းသူက ဖြည့်စွက်ပြောပါတယ်။
အစ္စရေး - ဂါဇာအရေးမှာတိုက်ပွဲတွေကို ရပ်စေချင်နေတဲ့ အာရပ်ခေါင်းဆောင်တွေနဲ့ ဂျော်ဒန်မှာ ပြီးခဲ့ခဲ့တဲ့စနေနေ့ကတွေ့ဆုံချိန်မှာ အစ္စရေးအပစ်ရပ်ရေးနဲ့ပတ်သက်တဲ့ ပြောဆိုမှုတွေအပေါ် ဘလင်ကန်ကအဲဒီလိုမှတ်ချက်ပြုခဲ့တာပါ။
အာရပ်ခေါင်းဆောင်တွေကတော့ အစ္စရေးက စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲထားပါတယ်။
ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အာမန်ဆာဖာဒီကတော့ ‘‘အစ္စရေးပြောနေတဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခွင့်ဆိုတာကို ကျွန်တော်တို့လက်မခံနိုင်ဘူး’’ လို့ ဆော်ဒီအာရေးဗျ၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အီဂျစ်နိုင်ငံ ခေါင်းဆောင်တွေ၊ ဘလင်ကန်တို့နဲ့တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
အမေရိကန်ကတော့ ဟားမတ်စ်ကိုတိုက်ခိုက်နေတဲ့ အစ္စရေးရဲ့ ခုခံပိုင်ခွင့်ဆိုတာကို ဆက်လက် ထောက်ခံနေပါတယ်။
ပဋိပက္ခတွေအတွင်း အရပ်သားတွေ သတ်ဖြတ်ခံရတာ၊ နေအိမ်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဗလီနဲ့ ဘုရားကျောင်းတွေ ဖျက်ဆီးခံရလို့ ပြင်းထန်တဲ့စစ်ပွဲအဖြစ် မစ္စတာဆာဖာဒီက ပြောပါတယ်။
‘‘ဘယ်လိုမှမူမမှန်တဲ့အကြောင်းပြချက်အောက်မှာ တရားမျှတမှုမရှိနိုင်သလို အဲဒါကအစ္စရေးရဲ့လုံခြုံရေးနဲ့ဒေသတွင်းငြိမ်းချမ်းရေးအတွက်လည်းဘာမှကိုဆောင်ကြဥ်းလာနိုင်မှာမဟုတ်ဘူး’’ လို့ မစ္စတာဆာဖာဒီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, State Department
ဆော်ဒီအာရေဗျ၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ အီဂျစ်နိုင်ငံ ခေါင်းဆောင်တွေကတော့ ဒီစစ်ပွဲကနေ အခြားဒေသတွင်းခေါင်းဆောင်တွေရဲ့ ဝင်ရောက်လုပ်ဆောင်မှုကြောင့် အရှေ့အလယ်ပိုင်းမှာ မလိုလားအပ်တဲ့ပြဿနာတွေကြီးထွားလာမှာကိုစိုးရိမ်နေကြတာပါ။
ဒီဒေသမှာ တိုက်ခိုက်မှုတွေကို လုံးဝအပစ်အခတ်ရပ်စဲဖို့ထက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအပစ်ရပ်ဖို့ တိုက်တွန်းနေတဲ့ ဘလင်ကန်က ဒီဒေသတွင်း ထာဝရငြိမ်းချမ်းရေးရရှိဖို့ သဘောထားရှိတဲ့အာရပ်ခေါင်းဆောင်တွေနဲ့ တချို့အချက်တွေပေါ်မှာ အမေရိကန်က သဘောမတူမှုတွေရှိပေမဲ့ ရည်ရွယ်ချက်ချင်းကတော့အတူတူပါပဲလို့ ပြောပါတယ်။
‘’ကျွန်တော်တို့အားလုံးနားလည်ထားရမှာက ဒီကိစ္စကို ဒေသတွင်းအရေးအနေနဲ့သာမကပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းကို အတူတကွ ပုံဖော်နိုင်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်ပေးဖို့လည်း တာဝန်ရှိပါတယ်'' လို့ပြောပါတယ်။
အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးကို ဟားမတ်စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်လို့ လူ ၁,၄၀၀ သေဆုံးခဲ့ရအပြီးမှာ ဂါဇာကို အစ္စရေးရဲ့ ဗုံးကြဲမှု စတင်ခဲ့တာဖြစ်ပါတယ်။ ဟားမတ်စ်ကလည်း လူပေါင်း ၂၀၀ ထက်မနည်းကိုပြန်ပေးဆွဲခဲ့ပြီး အများစုက ဓားစားခံအဖြစ်ရှိနေဆဲပါ။
ဟားမတ်စ် စီမံတဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းအရ ဂါဇာမှာ လူပေါင်း၉,၄၈၈ ဦး သေဆုံးထားတယ်လို့ ဆိုပါတယ်။
မစ္စတာဘလင်ကန်ဟာ သောကြာနေ့က အစ္စရေးကိုသွားခဲ့ပြီး အစ္စရေးဝန်ကြီးချုပ်နက်တန်ညာဟုနဲ့ တွေ့ဆုံခဲ့ပြီး နောက်တစ်ရက် စနေနေ့မှာ ဂျော်ဒန်နိုင်ငံကို သွားခဲ့တာပါ။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ - IDF ကတော့ ဂါဇာမြောက်ပိုင်းမှာသူတို့ရဲ့ ထိုးစစ်ကို အာရုံစိုက်နေပြီး အဲဒီကအရပ်သားတွေ ထွက်ခွာဖို့ ထပ်ခါတလဲလဲ သတိပေးနေပါတယ်။
အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထူးသံတမန် ဒေးဗစ်စက်တာဖီးလ်ရဲ့ အပြောအရဆိုရင် လက်ရှိမှာဂါဇာမြောက်ပိုင်းထဲမှာ လူဦးရေ ၄ သိန်းထိရှိနေသေးတာပါ။
IDF ကတော့ ဂါဇာတောင်ပိုင်းမှာဆက်လက် တိုက်ခိုက်မှုတွေလုပ်ဆောင်နေပြီး ဂါဇာကမ်းမြောင် ဒေသမှာ ဘေးကင်းတဲ့နေရာအစိတ်အပိုင်းလုံးဝမရှိဘူးလို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဘလင်ကန်ကတော့ အီဂျစ်ရဲ့ ရာဖာနယ်စပ်ဂိတ်ကိုဖြတ်ကျော်ပြီး ဂါဇာကို ဝင်ရောက်မယ့် အကူအညီမြန်မြန်ဆန်ဆန် တိုးဖို့လိုအပ်တဲ့အကြောင်း စနေနေ့တုန်းက တိုက်တွန်းပြောကြားထားပါတယ်။
ဂါဇာဒေသကို အစ္စရေးက ပိတ်ဆို့ထားတယ်လို့ကြေညာခဲ့အပြီးမှာ ဂါဇာဒေသထဲ အစားအစာ၊ရေနဲ့ လောင်စာပို့ဆောင်မှုတွေကို ဖြတ်တောက်ထားတာဖြစ်ပြီး ဒီအရာတွေကို ဂါဇာထဲ အကန့်အသတ်နဲ့သာ ရရှိနေတာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ရှီယာမွတ်ဆလင်အဖွဲ့အစည်း ဖြစ်တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးစစ်တပ်တို့ကြား မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ လက်ဘနွန်တောင်ဘက်နယ်စပ်တစ်လျှောက် က အကြမ်းဖက်မှုတွေကို ဆွေးနွေးဖို့ လက်ဘနွန် အိမ်စောင့်အစိုးရ၀န်ကြီးချုပ် နာဂျစ် မီကာတီနဲ့တွေ့ဆုံခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင် ဟာဆန် နက်စ်ရဲလာဟာ အစ္စရေးကိုအရှိန်မြှင့်တိုက်ခိုက်ဖို့ တိုက်တွန်းတာမျိုး ရှောင်နေပေမဲ့ နောက်ထပ်တိုက်ခိုက်နိုင်ခြေကတော့ ရှိနေပါတယ်။
မစ္စတာဘလင်ကန်ဟာ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တူရကီနိုင်ငံကိုနှစ်ရက်ကြာ သွားရောက်ပြီးတူရကီသမ္မတတေရစ်အာဂိုဝမ် နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
တူရကီသမ္မတဟာ ဂါဇာမှာဖြစ်နေတဲ့သွေးထွက်သံယိုမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ အစ္စရေးနိုင်ငံဆိုင်ရာသူ့ရဲ့ သံအမတ်ကို ပြန်ခေါ်ပြီး မစ္စတာနက်တန်ညာဟုအစိုးရနဲ့ အဆက်အသွယ်ဖြတ်ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတူရကီကိုသွားရောက်မှာဖြစ်ပါတယ်။
အကဲခတ်တွေကတော့ဘလင်ကန်ရဲ့ အရှေ့အလယ်ပိုင်းသံတမန်ရေးခရီးစဥ်ကနေ အစ္စရေး - ဂါဇာအရေးအပြောင်းအလဲဖြစ်လာနိုင်မယ်လို့ယူဆနေကြပါတယ်။












