တရုတ်ဘီလျံနာသူဌေးတွေ ဘာလို့ ပျောက်သွားကြတာလဲ

china boss

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ္စတာ ဘောင်ဖန်းဟာ China Renaissance Holdings ဆိုတဲ့ လုပ်ငန်းကြီးတွေကို ဘဏ္ဍာရေးဆိုင်ရာ အကြံပေးတဲ့ ကုမ္ပဏီကြီးကို ထူထောင်သူ ဖြစ်
ရေးသားခဲ့သည်။

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နည်းပညာနယ်ပယ်ဆိုင်ရာ ဘဏ္ဍာရေးအကြံပေး လုပ်ငန်းရှင် မစ္စတာ ဘောင်ဖန်း ပျောက်ဆုံးသွားခဲ့မှုကြောင့် တရုတ်ပြည်မှာ လတ်တလော ဖြစ်ဖြစ်လာနေတဲ့ တရုတ်ဘီလျံနာသူဌေးတွေ ပျောက်ပျောက်သွားတဲ့ ထူးခြားဖြစ်စဉ်တွေကို စိတ်ဝင်စားမှု ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

အခုလို ပြီးခဲ့တဲ့လက ပျောက်ဆုံးခဲ့တဲ့ လုပ်ငန်းရှင် မစ္စတာ ဘောင်ဖန်းဟာ China Renaissance Holdings ဆိုတဲ့ လုပ်ငန်းကြီးတွေကို ဘဏ္ဍာရေးဆိုင်ရာ အကြံပေးတဲ့ ကုမ္ပဏီကြီးကို ထူထောင်သူ ဖြစ်ပါတယ်။

ဘောင်ဖန်းရဲ့ ဒီကုမ္ပဏီဆီက ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုယူကြတဲ့ ကုမ္ပဏီစာရင်းထဲမှာ တရုတ် အင်တာနက်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Tencent, Alibaba နဲ့ Baidu ကုမ္ပဏီတွေလည်း အပါအဝင် ဖြစ်တဲ့အတွက် China Renaissance Holdings ကို တရုတ်နည်းပညာနယ်ပယ်မှာ ကုမ္ပဏီကြီးတခုအဖြစ် သတ်မှတ်ထားကြတာလည်း ဖြစ်ပါတယ်။

တရုတ်မှာ အခုလို ဘီလျံနာသူဌေးတွေ ပျောက်ပျောက်သွားတာက လူတွေ အာရုံစိုက်မှု ပိုခံရတယ် ဆိုပေမယ့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲနဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားမှုလို လုပ်ဆောင်မှုတွေမှာ ပါဝင်အပြီး ပျောက်ဆုံးသွားတဲ့ သာမန် တရုတ်နိုင်ငံသားတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မစ္စတာ ဘောင်ဖန်း ပျောက်သွားပုံ

မစ္စတာ ဘောင်ဖန်း ပျောက်ဆုံးသွားပုံကတော့ ယခင် တရုတ်ပြည်က ဘီလျံနာသူဌေးတွေ ပျောက်သွားရင် ဖြစ်လေ့ရှိတဲ့ ပုံစံ အတိုင်းပဲ ဖြစ်ခဲ့ပါတယ်။

ယခင်ဖြစ်ခဲ့တဲ့ အလားတူ ထုံးစံတွေအတိုင်းပဲ မစ္စတာ ဘောင်ဖန်း ရက်နဲ့ချီပြီး ပျောက်ဆုံးနေခဲ့ပြီးမှ သူဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာဏာပိုင်တွေက ပြုလုပ်တဲ့ စုံစမ်းစစ်ဆေးရေး စီမံချက်တခုမှာ ပူးပေါင်း ဆောင်ရွက်ပေးနေတာ ဖြစ်တယ်ဆိုပြီး သူ့ရဲ့ ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခင် ပျောက်သွားခဲ့ဖူးတဲ့ တရုတ်သူဌေးတွေ ကြုံရသလိုပဲ ဘယ်တရုတ်အစိုးရဌာနက ဒီစုံစမ်းစစ်ဆေးရေး လုပ်နေတယ် ဆိုတာရယ်နဲ့ မစ္စတာ ဘောင် လက်ရှိ ဘယ်ရောက်နေသလဲ ဆိုတာတွေကိုလည်း အများပြည်သူက မသိရဘဲ ဖြစ်နေပါတယ်။

အခုလို ဘာမှန်းသေချာမသိရပဲ လျှို့ဝှက်ပဟေဠိလို ဖြစ်ရတဲ့ ပုံစံမျိုးဟာ တရုတ်ပြည်မှာ ဖြစ်နေခဲ့တာ လတ်တလော နှစ်အနည်းငယ် ကတည်းက ဖြစ်ပြီး အဲဒီအထဲမှာ အလီဘာဘာ ကုမ္ပဏီ သူဌေး ဂျက်မားလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

ဒီလို ပျောက်ပျောက်သွားတတ်တဲ့ ပုံစံမျိုးဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်စီးပွားရေးကို ဘယ်လို တင်းတင်းကျပ်ကျပ် ထိန်းချုပ်မလဲဆိုတဲ့ လုပ်ပုံကိုင်ပုံတွေထဲက တမျိုးဖြစ်တယ် ဆိုတဲ့ ရှုထောင့်ကိုလည်း ထင်ဟပ်နေပါတယ်။

china boss

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တရုတ် အိမ်ခြံမြေ ရောင်းဝယ်ရေး သူဌေး ရန်ရှီးချန်က တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ကိုဗစ်ကပ်ရောဂါ အခြေအနေ ကိုင်တွယ်ပုံက လူပျက် တယောက်လိုပဲလို့ ပြောဆိုအပြီး အကျင့်ပျက် ခြစားမှုတွေနဲ့ ထောင် ၁၈ နှစ် အချခံခဲ့ရ

မစ္စတာ ဘောင် ပျောက်ဆုံးမှုနဲ့ တရုတ်နိုင်ငံတော်ပြည်သူ့ကွန်ဂရက် ဆက်စပ်မှု

မစ္စတာ ဘောင်ရဲ့ ပျောက်ဆုံးမှုဟာ တရုတ်မှာ နှစ်စဉ်ကျင်းပတဲ့ နိုင်ငံတော် ပြည်သူ့ကွန်ဂရက် (NPC) လုပ်တဲ့ ကာလနဲ့လည်း တိုက်ဆိုင်နေတာကို တွေ့ရပါတယ်။

ဒီလို တိုက်ဆိုင်မှု အရေးပါရတဲ့ အကြောင်းအရင်းကတော့ မစ္စတာ ဘောင်က ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းလုပ်သူဖြစ်နေတဲ့အချိန်မှာ ဒီ NPC က တရုတ်ရဲ့ ဘဏ္ဍာရေး စည်းကျပ်မှု စနစ်ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အကြီးကျယ်ဆုံး ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ့်အကြောင်း စီမံချက်တွေ ကြေညာခဲ့လို့ ဖြစ်ပါတယ်။

ဒီစီမံချက်အရ တရုတ်ရဲ့ ဘဏ္ဍာရေးစည်းကြပ်တဲ့ အဖွဲ့အစည်းပုံစံသစ်ကို ထူထောင်မှာ ဖြစ်ပြီး ဒီအဖွဲ့အစည်းက ဘဏ္ဍာရေးကဏ္ဍ တော်တော်များများကို စည်းကြပ် စောင့်ကြည့်မှာ ဖြစ်ပါတယ်။

ဒီလို ထူထောင်ရတဲ့ အကြောင်းအရင်းကတော့ အမေရိကန်ဒေါ်လာ ဘီလျံ ထောင်ချီ တန်ဖိုးရှိတဲ့ တရုတ်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်ကို စည်းကြပ်နေတဲ့ အာဏာပိုင်အဖွဲ့အစည်း အမျိုးမျိုး ပြန့်ကျဲနေတာကြောင့် ပေါ်လာတဲ့ လက်တလုံးခြားလုပ်နိုင်တဲ့ ဂယ်ပေါက်တွေ ရှိနေလို့ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

china boss

ဓာတ်ပုံ ရင်းမြစ်, CUHK

ဓာတ်ပုံ ပုံစာ, တရုတ်နဲ့ကနေဒါ အစပ် စီးပွားရေးသမား ရှောင်ကျန်းဟွာ ဟာ ဟောင်ကောင်က ဇိမ်ခံဟော်တယ်တခုမှာ ရှိနေစဉ် ဖမ်းဆီးခေါ်ဆောင်ခံရ

တရုတ်စီးပွားရေးလောကက ဘယ်လိုအရေးပါသူတွေ ပျောက်သွားဖူးသလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၁၅ ခုနှစ် တနှစ်တည်းမှာပဲ တရုတ်ပြည်တွင်းက ကုမ္ပဏီ အမှုဆောင် အရာရှိကြီး ငါးယောက်ထက်မနည်း ပျောက်သွားခဲ့ဖူးရာမှာ မစ္စတာ ကယ်ကွမ်းချန်လည်း အပါအဝင် ဖြစ်ပါတယ်။

မစ္စတာ ကယ်ကွမ်းချန်ဟာ Fosun International ဆိုတဲ့ တရုတ်အခြေစိုက် နိုင်ငံတကာ ကုမ္ပဏီချုပ်ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ယူကေနိုင်ငံ အင်္ဂလန်က ပရီမီးယားလိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ ကစားနေတဲ့ ဝူလ်ဗာဟမ်တန် ဝန်းဒါးရား ဘောလုံးအသင်းရဲ့ ပိုင်ရှင်အဖြစ်လည်း လူသိများပါတယ်။

မစ္စတာ ကယ်ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ပျောက်သွားခဲ့တာ ဖြစ်ပြီး သူ အများမြင်ကွင်းရှေ့ ပြန်ပေါ်လာချိန်ကျမှ သူဟာ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးရေး စီမံချက်တခုမှာ ပူးပေါင်းဆောင်ရွက်ပေးနေတာဖြစ်ကြောင်း သူ့ကုမ္ပဏီက ကြေညာချက် ထုတ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ တရုတ်နိုင်ငံက အချမ်းသာဆုံး သူဌေးတွေထဲမှာ အပါအဝင်ဖြစ်တဲ့ တရုတ်နဲ့ကနေဒါ အစပ် စီးပွားရေးသမား ရှောင်ကျန်းဟွာ ဟာ ဟောင်ကောင်က ဇိမ်ခံဟော်တယ်တခုမှာ ရှိနေစဉ် ဖမ်းဆီးခေါ်ဆောင်ခံရပြီး ၂၀၂၂ အရောက်မှာတော့ အကျင့်ပျက်ခြစားမှုနဲ့ ထောင်ချခံခဲ့ရပါတယ်။

၂၀၂၀ မတ်လမှာတော့ တရုတ် အိမ်ခြံမြေ ရောင်းဝယ်ရေး သူဌေး ရန်ရှီးချန်က တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ကိုဗစ်ကပ်ရောဂါ အခြေအနေ ကိုင်တွယ်ပုံက လူပျက် တယောက်လိုပဲလို့ ပြောဆိုအပြီးမှာ လူမြင်ကွင်းက ပျောက်သွားခဲ့ပါတယ်။

၂၀၂၀ နှစ်ကုန်ပိုင်းမှာတော့ သူဟာ နေ့တွင်းချင်း အပြီးသတ် တရားစီရင်ခံရပြီး အကျင့်ပျက် ခြစားမှုတွေနဲ့ ထောင် ၁၈ နှစ် အချခံခဲ့ရပါတယ်။

ပျောက်ဆုံးသွားဖူးတဲ့ တရုတ်စီးပွားရေးသမားတွေထဲမှာ နာမည်အကြီးဆုံးကတော့ အလီဘာဘာ ကုမ္ပဏီ ထူထောင်သူ ဘီလျံနာ သူဌေး ဂျက်မား ဖြစ်ပါတယ်။

မစ္စတာ ဂျက်မားက တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေး ကြီးကြပ်သူ အာဏာပိုင်တွေကို ဝေဖန်အပြီး ၂၀၂၀ အကုန်ပိုင်းမှာ လူမြင်ကွင်းက ပျောက်သွားခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က သူဟာ တရုတ်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်နေချိန် ဖြစ်ပါတယ်။

ဒီလို ဖြစ်အပြီးမှာ မစ္စတာ ဂျက်မားရဲ့ ဘဏ္ဍာရေး နည်းပညာဆိုင်ရာ ကုမ္ပဏီကြီး Ant Group က အကြီးအကျယ် ရှယ်ယာ ဈေးကွက်တင် ရောင်းချမယ့် အစီအစဉ်လည်း ဖျက်သိမ်းခဲ့တာကို တွေ့ရပါတယ်။

မစ္စတာ ဂျက်မားဟာ ၂၀၂၁ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ သာတူညီမျှ ကြီးပွားရေး ကြွေးကြော်သံအရ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ပြည်တွင်း ဆင်းရဲချမ်းသာ ကွာဟမှု ဖြေရှင်းရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ တရုတ်အစိုးရကို လှူဒါန်းအပြီးမှာလည်း ၂ နှစ်ကျော်လောက် လူမြင်ကွင်းမှာ ပျောက်နေပါသေးတယ်။

သူ့ကို အခုအချိန်အထိ တရုတ်အစိုးရက ဘယ်အမှုနဲ့မှ စွဲချက်တင်ထားခြင်း မရှိသေးပဲ လက်ရှိလည်း ဘယ်မှာ ရောက်နေသလဲဆိုတာ မသိရဘဲ ဖြစ်နေပါတယ်။

ဒါပေမဲ့ လတ်တလော လပိုင်းအတွင်းမှာ သူ့ကို ဂျပန်၊ ထိုင်းနဲ့ သြစတြေးလျနိုင်ငံတို့မှာ တွေ့ရတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

china boss

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ္စတာ ဂျက်မားကို အခုအချိန်အထိ တရုတ်အစိုးရက ဘယ်အမှုနဲ့မှ စွဲချက်တင်ထားခြင်း မရှိသေးပဲ လက်ရှိလည်း ဘယ်မှာ ရောက်နေသလဲဆိုတာ မသိရပဲ ဖြစ်နေ

တရုတ်အစိုးရရဲ့ ဖြေရှင်းချက်နဲ့ နောက်ခံ အကြောင်းအရင်း

တရုတ်အစိုးရကတော့ သူတို့က အခုလို တိုင်းပြည်ရဲ့ အချမ်းသာဆုံးလူတွေကို ကိုင်တွယ်တာဟာ ဥပဒေကြောင်းအရ လုပ်တာသာ ဖြစ်ပြီး အကျင့်ပျက်ခြစားမှု အမြစ်ဖြတ်ဖို့ ရည်ရွယ်ရင်းရှိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ တရုတ်အစိုးရဟာ ပြည်တွင်းမှာ စီးပွားရေး လွတ်လပ်ခွင့်တွေ ပေးထားခဲ့ပြီး ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး ဖြစ်လာတာနဲ့အတူ စီးပွားရေးအရ အင်အားကြီးလာတဲ့ ပြည်တွင်းသူဌေးတွေရဲ့ လွှမ်းမိုးနိုင်စွမ်းကို ပြန်လည် ကန့်သတ်လာခြင်း တမျိုးသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီ သုံးသပ်သူတွေရဲ့ အဆိုအရ ယခင် တရုတ်သမ္မတတွေ ဖြစ်ကြတဲ့ ကျန်စီမင်းနဲ့ ဟူကျင်းတောင်တို့လက်ထက်မှာ နည်းပညာနယ်ပယ် အပါအဝင် စီးပွားရေးလုပ်ငန်းကြီးတွေက အင်အားကြီးလာခဲ့တဲ့အတွက် လက်ရှိသမ္မတ ရှီကျင့်ဖျင်က နည်းပညာနယ်ပယ်ကို အဓိကထားပြီး စီးပွားရေးနယ်ပယ် အတော်များများကို သူ့ချုပ်ကိုင်မှုအောက်ရောက်အောင် လုပ်နေတာလို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ သူတို့ အခုလို မူဝါဒ ပြောင်းလာတာဟာ ပြည်တွင်းမှာ ကြီးထွားလာတဲ့ ဆင်းရဲ ချမ်းသာ ကွာဟမှုကို ကျဉ်းမြောင်းအောင် ရည်ရွယ်တယ်ဆိုပြီး အစဉ်တစိုက် ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

တရုတ်ပြည်တွင်းမှာ ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီးမားလာတဲ့ ပြဿနာဟာ တရုတ်ကွန်မြူနစ်ပါတီကို အနှောက်အယှက် တကယ်ဖြစ်လာစေနိုင်တယ်လို့လည်း သုံးသပ်သူ အများအပြားက သဘောတူထားကြပါတယ်။

china boss

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်သမ္မတ မစ္စတာ ရှီ ကိုယ်တိုင်ကလည်း အခုလို စီးပွားရေးလောကက စိုးရိမ်လာမှာကို ရိပ်စားမိပုံရ

စီးပွားရေးနယ်ပယ် တင်းကျပ်မှုကြောင့် တရုတ်အစိုးရ ဘယ်လိုနောက်ဆက်တွဲ ကြုံရနိုင်သလဲ

တရုတ်ဘီလျံနာသူဌေးတွေ ပျောက်ပျောက်သွားမှုက အစချီပြုလို့ တရုတ်အစိုးရရဲ့ စီးပွားရေးအပေါ် ချဉ်းကပ်ပုံ ပြောင်းလဲလာမှုဟာ ရည်ရွယ်မထားတဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။

အခုလို တရုတ်အစိုးရရဲ့ လုပ်ကိုင်ပုံကြောင့် စီးပွားရေး စွန့်ဦးလုပ်ဆောင်သူ အသစ်တွေ ထွက်မလာနိုင်တဲ့ အလားအလာမျိုး ဖြစ်သွားနိုင်တယ်လို့ သုံးသပ်တဲ့ တရုတ်မူဝါဒ စောင့်ကြည့်သူတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

တရုတ်သမ္မတ မစ္စတာ ရှီ ကိုယ်တိုင်ကလည်း အခုလို စီးပွားရေးလောကက စိုးရိမ်လာမှာကို ရိပ်စားမိပုံရပြီး NPC ညီလာခံတက်လာတဲ့ ကိုယ်စားလှယ်တွေကို မိန့်ခွန်းပြောတဲ့အထဲမှာ ပုဂ္ဂလိက စီးပွားရေးကဏ္ဍရဲ့ အရေးကြီးပုံကိုလည်း အလေးပေး ပြောကြားသွားခဲ့တာကို တွေ့ရပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာ မှန်မှန်ကန်ကန် တာဝန်ယူမှု ရှိရှိနဲ့ မေတ္တာထား ကြီးပွားတဲ့နည်းနဲ့သာ ချမ်းသာအောင် လုပ်ကြဖို့ မစ္စတာ ရှီက အဲဒီ မိန့်ခွန်းထဲမှာ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ NPC မှာ ကြေညာခဲ့တဲ့အထဲမှာ ဘဏ္ဍာရေး စည်းကြပ်တဲ့ အာဏာပိုင် အဖွဲ့အစည်းသစ်ဖွဲ့မယ့် စီမံချက်အပြင် တရုတ်ဘဏ်လုပ်ငန်းရှင်တွေ အနေနဲ့ အနောက်နိုင်ငံတွေက ဘဏ်လုပ်ငန်းရှင်တွေ အပျော်အပါး လိုက်စားတာမျိုး အတုမယူကြဖို့ သတိပေးတာမျိုးလည်း ရှိခဲ့တာကို တွေ့ရပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် မစ္စတာ ရှီအနေနဲ့ လုပ်ငန်းတွေက ဝါရင့် အမှုဆောင်အရာရှိတွေရဲ့ အမြတ်ငွေ ခွဲတမ်း ရရှိမှုနဲ့ ဆုကြေးငွေ ရရှိမှုတွေကို တင်းကျပ်လာမယ့် ပုံစံလည်း တွေ့နေရပြီး ခန့်ခွဲရေးအပိုင်းနဲ့ အောက်ခြေဝန်ထမ်း လစာကွာဟမှုတွေကိုလည်း ဖြေရှင်းမယ့် ပုံစံရှိနေတယ်လို့ မစ္စတာ နစ်ခ် မာရိုးက ဆိုပါတယ်။

မစ္စတာ နစ်ခ် မာရိုးကတော့ the Economist မဂ္ဂဇင်း ထုတ်ဝေတဲ့ the Economist Group က သုတေသနဆိုင်ရာ Economist Intelligence Unit က ဦးဆောင် သုံးသပ်သူ တစ်ဦး ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ ဘီလျံနာသူဌေးတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြီး သူ့အာဏာ တည်ဆောက်တာက တရုတ် ဘဏ္ဍာရေး လုပ်ငန်းနဲ့ ဈေးကွက်တွေသာမက တရုတ်စီးပွားရေး တစ်ခုလုံးကိုပါ နိုင်ငံတကာက စိတ်ချလက်ချ လာရောက်လုပ်ကိုင်ဖို့ အတားအဆီးတခု ဖြစ်စေမှာကတော့ အသေအချာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။