တရုတ်ခြိမ်းခြောက်မှုအတွက် အမေရိကန်ကမ်းတက်တပ်ဖွဲ့က ဘယ်လိုပုံစံပြောင်းနေသလဲ

us marine

ဓာတ်ပုံ ရင်းမြစ်, US MARINE CORPS/SGT MATTHEW CALLAHAN

ဓာတ်ပုံ ပုံစာ, အမေရိကန်စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ နဲ့ ကမ်းတက်တပ်ဖွဲ့ ဆိုတဲ့ လေးဖွဲ့ထဲက ဂုဏ်သိက္ခာအကြီးဆုံးလို့ ဆိုကြတဲ့ ကမ်းတပ်တပ်ဖွဲ့ရဲ့ အခန်းကဏ္ဍက အရေးပါလာ
ရေးသားခဲ့သည်။

အမေရိကန်နိုင်ငံဟာ သူနဲ့ တရုတ်၊ ရုရှားတို့ကြားမှာရှိနေတဲ့ ပစိဖိတ်သမုဒ္ဒရာပြင်မှာ စိုးမိုးနိုင်ရေးကို အလေးထားနေကြောင်း ပစိဖိတ်သမုဒ္ဒရာတဝိုက်က သူ့ရဲ့ မဟာမိတ်နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ဂျပန်နဲ့ ခေါင်းဆောင်ပိုင်း ဆွေးနွေးပွဲမှာ ပေါ်လွင်ခဲ့ပါတယ်။

အခုလို အလေးထားနေတဲ့ အခြေအနေမှာ အမေရိကန်စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ နဲ့ ကမ်းတက်တပ်ဖွဲ့ ဆိုတဲ့ လေးဖွဲ့ထဲက ဂုဏ်သိက္ခာအကြီးဆုံးလို့ ဆိုကြတဲ့ ကမ်းတပ်တပ်ဖွဲ့ရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။

ဒီလို အရေးပါလာတဲ့ အမေရိကန် ကမ်းတပ်ဖွဲ့ အနေနဲ့ တရုတ်နဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ ပဋိပက္ခအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အစီအစဉ်တွေလည်း ရှိနေတာကို တွေ့ရပါတယ်။

us marine

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယခင် အမေရိကန်ကမ်းတပ်တပ်ဖွဲ့ဝင် ဝါရင့်ဗိုလ်ချုပ်ဟောင်းတွေက သဘောမတူပဲ ဝေဖန် တိုက်ခိုက်မှုတွေ ရှိနေ

အမေရိကန် ကမ်းတက်တပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အငြင်းပွားနေမှု

အမေရိကန် ကမ်းတက်တပ်ဖွဲ့ဟာ တရုတ်နဲ့ ဖြစ်လာနိုင်စရာရှိတဲ့ ပဋိပက္ခအတွက် Force Design 2030 ဆိုတဲ့ စီမံကိန်းကို ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ စီမံကိန်းရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ယခင် အမေရိကန်ကမ်းတပ်တပ်ဖွဲ့ဝင် ဝါရင့်ဗိုလ်ချုပ်ဟောင်းတွေက သဘောမတူပဲ ဝေဖန် တိုက်ခိုက်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။

ဒီစီမံကိန်းအကြောင်း သတင်းတွေထွက်လာပြီး ချက်ချင်းဆိုသလိုပဲ ဒါကို သဘောမတူကြတဲ့ အမေရိကန် ကမ်းတပ်တပ်ဖွဲ့ အငြိမ်းစားဗိုလ်ချုပ်တွေက သူတို့ရဲ့ မကျေနပ်မှုကို စာနယ်ဇင်းလောကကို ဖွင့်ချ ပြောဆိုတဲ့အထိ သမားရိုးကျမဟုတ်တဲ့ ထုတ်ဖော်မှုမျိုး လုပ်လာကြတာလည်း ဖြစ်ပါတယ်။

ဒီဗိုလ်ချုပ်ဟောင်းတွေက လက်ရှိ အမေရိကန်ကမ်းတက်တပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ စီမံကိန်းဟာ တပ်ဖွဲ့အနာဂတ် ကပ်ဆိုက်စေမယ့် စီမံကိန်းလို့ ယူဆကြပြီး သူတို့ပုံမှန် တွေ့ဆုံဆွေးနွေးထားမှုတွေက ရရှိတဲ့ အမေရိကန် ကမ်းတက်တပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး စီမံကိန်း ပုံစံအသစ်တမျိုးကို ထုတ်ဖော် ရေးဆွဲလာကြပါတယ်။

ဒီလို လုပ်နေကြတဲ့ ဗိုလ်ချုပ်ဟောင်းတွေထဲက ထင်ရှားသူတဦးကတော့ ယခင် အမေရိကန်ရေတပ် အတွင်းရေးမှူးဟောင်းလည်းဖြစ်၊ ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော် အမတ်လည်းဖြစ်ပြီး ဗီယက်နမ်စစ်ပွဲအတွင်းမှာလည်း အမေရိကန်ကမ်းတက်တပ်ဖွဲ့ အရာရှိအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ဂျင်မ် ဝက်ဘ် ဖြစ်ပါတယ်။

သူက Force Design 2030 စီမံကိန်းနဲ့ ပတ်သက်လို့ ဝေါစရိဂျာနယ်မှာ ရေးသားခဲ့ရာမှာ ဒီ စီမံကိန်းဟာ လုံလုံလောက်လောက် စမ်းသပ်ထားတာ မဟုတ်ဘဲ ပင်ကို သဘောအရကို မှားယွင်းနေတယ်လို့ ဝေဖန်ထားပါတယ်။

ဒီစီမံကိန်းအရ ကမ်းတက်တပ်ဖွဲ့ ဖွဲ့စည်းပုံ၊ လက်နက်စနစ်နဲ့ လူအင်အားတွေ သိသိသာသာကြီး လျှော့ချလိုက်မှာ ဖြစ်တဲ့အတွက် လက်တွေ့တိုက်ပွဲအခြေအနေမှာ အထိအခိုက် အကျအဆုံး ပုံမှန်ရှိသွားနိုင်ပြီး ဒါရဲ့ ရေရှည်အကျိုးဆက်နဲ့တကွ လုပ်ရတဲ့အကြောင်းအရင်းကို အထူးတလည် မေးခွန်းထုတ်စရာတွေ ရှိလာတယ်လို့လည်း သူက သတိပေးထားခဲ့ပါတယ်။

Force Design 2030 စီမံကိန်းမှာ ဝေဖန်သူတွေ လက်မခံနိုင်စရာ အဖြစ်ဆုံးလို့ ဆိုနိုင်တဲ့အချက်ကတော့ ခြေလျင်တပ်သား အရေအတွက် လျှော့ချမှုနဲ့ တင့်ကားလုံးဝ မသုံးတော့ဖို့ ဆိုတဲ့ အပြောင်းအလဲဖြစ်ပါတယ်။

us marine

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပစိဖိတ်သမုဒ္ဒရာအတွင်းက ဖြန့်ကျက်တည်ရှိနေတဲ့ ကျွန်းတွေမှာ တပ်ဖြန့် ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေ လုပ်နိုင်ဖို့ ပြင်ဆင်မှာ ဖြစ်

Force Design 2030 ဘယ်လို ပုံပေါ်လာခဲ့သလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

Force Design 2030 စီမံကိန်းကို အမေရိကန် ကမ်းတက်တပ်ဖွဲ့ ဦးစီးချုပ် ဒေးဗစ် အိတ်ချ် ဘာဂါ က ၂၀၂၀ မှာ စတင် ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကို အီရတ်နဲ့ အာဖဂန်နစ္စတန်တို့မှာ အမေရိကန်ကြုံရတဲ့ ပုန်ကန်ထကြွမှုတွေကို နှိမ်နင်းဖို့ ပုံစံထက် အင်ဒို-ပစိဖိတ် ဒေသအတွင်း တရုတ်နဲ့ ပဋိပက္ခဖြစ်လာရင် ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းအရ အမေရိကန်ကမ်းတက် တပ်ဖွဲ့တွေဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းက ဖြန့်ကျက်တည်ရှိနေတဲ့ ကျွန်းတွေမှာ တပ်ဖြန့် ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေ လုပ်နိုင်ဖို့ ပြင်ဆင်မှာ ဖြစ်ပါတယ်။

ဒီစစ်ဆင်ရေး အသီးသီးမှာ ပါဝင်မယ့် တပ်ဖွဲ့ဝင် အရေအတွက်က နည်းပါးမှာ ဖြစ်ပေမယ့် လက်နက်စနစ်အသစ်တွေကြောင့် အင်အားပိုကောင်းလာဖို့လည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ဒီလို စစ်ဆင်ရေးမျိုးတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ လုပ်ခဲ့တဲ့ ရေကြောင်းကလာတဲ့ တပ်ဖွဲ့တွေ အုံလိုက်ကျင်းလိုက် ကမ်းတက်တိုက်ပွဲ ဆင်နွှဲတဲ့ စစ်ဆင်ရေးမျိုးတွေ၊ အီရတ်မှာ အမေရိကန်လုပ်ခဲ့တဲ့ အင်အားအလုံးအရင်း ချထားပြီး တပ်စွဲ လုပ်ဆောင်တဲ့ စစ်ဆင်ရေးမျိုးတွေနဲ့ ကွာခြားသွားမှာဖြစ်ပြီး ဒါတွေထက် ပိုထိရောက်ဖို့လည်း ရည်ရွယ်ချက် ရှိနေပါတယ်။

us marine

ဓာတ်ပုံ ရင်းမြစ်, US DEPARTMENT OF DEFENSE

ဓာတ်ပုံ ပုံစာ, Force Design 2030 အတွက် အမေရိကန် ကမ်းတက်တပ်ဖွဲ့ရဲ့ ခြေလျင်တပ်သား အရေအတွက်ကို လျှော့ချမယ်

Force Design 2030 မှာ ဘယ်လို အစီအစဉ်တွေ ပါဝင်သလဲ

Force Design 2030 အတွက် အမေရိကန် ကမ်းတက်တပ်ဖွဲ့ရဲ့ ခြေလျင်တပ်သား အရေအတွက်ကို လျှော့ချမယ့်အပြင် ယာဉ်တမျိုးမျိုးနဲ့ ဆွဲရတဲ့ အဝေးပစ်အမြောက် လေးပုံသုံးပုံနေရာမှာ တာဝေးပစ် ဒုံးကျည်လက်နက်သစ်တွေနဲ့ အစားထိုးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တင့်ကားတွေလည်း လုံးဝမသုံးတော့ဘဲ ရဟတ်ယာဉ်တပ်ဖွဲ့ အများအပြားကိုလည်း ဖြတ်တောက်မှာ ဖြစ်ပါတယ်။

အခုလို ဖြတ်တောက်မှုတွေကြောင့် အမေရိကန်ဒေါ်လာ ၁၈.၂ ဘီလျံ ထွက်လာမှာဖြစ်ပြီး အဲဒီအထဲက အမေရိကန် ဒေါ်လာ ၁၅.၈ ဘီလျံကို စနစ်သစ်လက်နက်တွေအတွက် ပြန်သုံးမှာ ဖြစ်ပါတယ်။

Force Design 2030 စီမံချက်အရ အဝေးပစ် ဒုံးကျည်အမြောက်တွေ ပါဝင်လာမယ့်အပြင် ကုန်းပေါ်ကနေလည်း ပစ်နိုင်တဲ့ သင်္ဘောပစ် ဒုံးကျည်သစ်တွေနဲ့ မောင်းသူမဲ့ စနစ်သစ် တိုက်လေယာဉ်သစ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီစီမံချက်ကို အဓိက မောင်းနှင်မယ့်မူကတော့ တပ်ဖွဲ့ကြီးတွေကို ကျယ်ကျယ်ပြန့်ပြန့်ကြီး ခွဲထုတ် ဖြန့်ချပြီး အခုလို ခွဲထုတ်လိုက်တဲ့ တပ်စုငယ် တစ်ခုစီကလည်း ထိရောက်တဲ့ တိုက်ခိုက်အင်အားပေးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျွမ်းကျင်သူတွေကတော့ အမေရိကန် ကမ်းတက်တပ် အနေနဲ့ တပ်တွေ ရွေ့လျားဖို့အတွက် ကုန်းပေါ်ရော ရေပေါ်ပါ သွားနိုင်တဲ့ သမားရိုးကျ သင်္ဘောကြီးတွေနေရာမှာလည်း အသေးစား ရေပေါ် ကုန်းပေါ်သွား သင်္ဘောငယ် အမြောက်အများနဲ့ အစားထိုးသင့်တယ်လို့ ထောက်ပြနေကြပါတယ်။