ယူကရိန်းက ဆည်တွေအပေါ် ဘယ်လိုတိုက်ခိုက်မှုမျိုးတွေ ရှိခဲ့လဲ

    • ရေးသားသူ, ဂျယ်ရမီ ဟောင်ဝဲလ်
    • ရာထူးတာဝန်, BBC Verify
  • ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံ တောင်ပိုင်း ခါဆွန်ဒေသက အဓိက ဆည်ကြီးတစ်ခုကို ရုရှားတပ်ဖွဲ့တွေ ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲ ပြောကြားလိုက်ပါတယ်။ ရုရှားတို့ဘက်ကလည်း ဒီဆည်ကို ယူကရိန်းတပ်က အမြောက်နဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တာလို့ တန်ပြန် စွပ်စွဲထားပါတယ်။ ကာခေါ့ဗ်ကာ ဆည်ကနေ မြစ်ကြောင်း အောက်ပိုင်းတစ်လျှောက်မှာ နေထိုင်နေကြသူ ထောင်သောင်းချီတဲ့သူတွေ အခုအခါ ရေလွှမ်းမိုးခံရမယ့် အန္တရာယ် ကြုံလာရနိုင်ပါတယ်။

ကာခေါ့ဗ်ကာ ဆည် ဘာဖြစ်ခဲ့သလဲ ဆိုတာကို အတိအကျ မပြောနိုင်သေးပေမဲ့ ဒီဆည်ကိုရော၊ ယူကရိန်းမှာ ရှိတဲ့ တခြားနေရာက ဆည်တွေကိုပါ တမင်ရည်ရွယ် တိုက်ခိုက်မှုတွေ ရှိခဲ့တယ်ဆိုတာကို အရင်က သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကာခေါ့ဗ်ကာဆည်က ဘယ်မှာရှိတာလဲ၊ ဘယ်လောက်တောင် အရေးပါသလဲ

ဒနီပရိုမြစ်ပေါ်မှာ ရှိတဲ့ ကာခေါ့ဗ်ကာ ဆည်မှာ ကြီးမားတဲ့ (HPP) ရေအားလျှပ်စစ်စွမ်းအင်စက်ရုံကြီး တစ်ခု ရှိပါတယ်။ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းစစ်ပွဲအစမှာ ခါဆွန်ဒေသတစ်ဝိုက်ကို ကျူးကျော် သိမ်းပိုက်ခဲ့စဉ်တုန်းက ဒီဆည်ကြီးကို ထိန်းချုပ်ထားခဲ့တာပါ။

ဒီဆည်ကြီး အကြီးအကျယ် ကျိုးပေါက်သွားခဲ့ပုံကို ဓာတ်ပုံတွေမှာ တွေ့နိုင်ပါတယ်။

ဆည်ရဲ့ အောက်ပိုင်း မြစ်ကြောင်းဘေးမှာ ခါဆွန်မြို့ ရှိနေပြီး ဆည်ကျိုးရာကနေ လျှံကျလာတဲ့ ရေတွေကြောင့် အဲဒီမြို့ထဲနဲ့ အနီးတဝိုက် နေထိုင်နေသူ လူ အနည်းဆုံး ၁၆၀၀၀ လောက်ကို အန္တရာယ် ဖြစ်လာစေနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လူအတော်များများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံမှာ ရုရှားတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နိုဗာ ကာခေါ့ဗ်ကာမြို့ဟာလည်း ရေကြီး ရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရုရှားအစိုးရပိုင် တာ့စ် သတင်းအေဂျင်စီက သတင်းတွေအရ သိရပါတယ်။

အဲဒီဆည်ရဲ့ အထက်ဘက်မှာတော့ ကာခေါ့ဗ်ကာ ရေလှောင်ကန်ကြီး ရှိပြီး အဲဒီရေလှောင်ကန်ကြီးဟာ အခုအခါ ရုရှားတွေလက်ထဲ ရောက်နေတဲ့ ဇပိုရစ်ဇီယား နျူကလီးယား စက်ရုံက ဓာတ်ပေါင်းဖိုတွေ အေးအောင် ရေတွေ ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။

စိုးရိမ်နေကြတာက ထိခိုက်ပျက်စီးသွားတဲ့ ဆည်ကနေတစ်ဆင့် ရေလှောင်ကန်ထဲက ရေတွေအများကြီး ထွက်ကျကုန်မယ်ဆိုရင် နျူကလီးယား စက်ရုံ ဓာတ်ပေါင်းဖိုတွေ အေးအောင် ရေမပေးနိုင်တော့မှာကိုပါ။

ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ IAEA က အခြေအနေကို သူတို့ စောင့်ကြည့် စစ်ဆေးနေကြောင်း၊ ဒါပေမဲ့ နျူကလီးယားယိုစိမ့်မှု ချက်ချင်းကြုံတွေ့ရမယ့် အန္တရာယ်မျိုးတော့ လောလောဆယ် မတွေ့ရသေးကြောင်း ပြောပါတယ်။

ကာခေါ့ဗ်ကာ ရေလှောင်ကန်ဟာ ခရိုင်းမီးယားဒေသကိုလည်း တူးမြောင်းတစ်ခုကနေတစ်ဆင့် သောက်သုံးရေ ထောက်ပံ့ပေးနေတာ ဖြစ်ပြီး အဲဒီတူးမြောင်းလည်း ရေခန်းသွားမယ့်ပုံ ရှိနေပါတယ်။ ဒီဆည်ကြီးကို ရုရှားတပ်ဖွဲ့ဝင်တွေက ဖောက်ခွဲဖျက်ဆီးပစ်တာ ဆိုပြီး ယူကရိန်းအစိုးရက စွပ်စွဲထားပါတယ်။

ဒါပေမဲ့လည်း ရုရှားတို့ ခန့်ထားတဲ့ ဒေသခံတာဝန်ရှိပုဂ္ဂိုလ် တစ်ဦးကတော့ ဆည်မှာရှိတဲ့ စွမ်းအင်စက်ရုံရဲ့ အထက်ပိုင်း တစ်ဝက်လောက်သာ ထိခိုက်ပျက်စီးသွားခဲ့တာ ဖြစ်ပြီး ဒါဟာ အမြောက်ဒဏ်ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ယူကရိန်းမှာ ဆည်ပေါင်း ဘယ်နှစ်ခု ရှိသလဲ

ဆိုဗီယက်ပြည်ထောင်စုကာလတုန်းက ပင်လယ်ရဲ့ တောင်ဘက် မိုင် ၆၈၀ မှာရှိတဲ့ ဘဲလားရုစ်နိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဒနီပရိုမြစ်ကြောက ယူကရိန်းဘက်ခြမ်းတလျှောက်မှာ ဆည် ၆ ခုကို အင်ဂျင်နီယာတွေ ဆက်တိုက် ဆောက်လုပ်ခဲ့ကြပါတယ်။

အဲဒီဆည်တွေထဲမှာ ကာခေါ့ဗ်ကာ ဆည်က နောက်ဆုံး ဆောက်ခဲ့တဲ့ ဆည်ဖြစ်ပါတယ်။

လူနေအိမ်တွေနဲ့ စက်မှုလုပ်ငန်းတွေအတွက် ရေထောက်ပံ့ပေးနိုင်ဖို့နဲ့ လယ်မြေတွေကို ရေပေးနိုင်ဖို့အတွက် ဆည်တည်ဆောက်သူတွေက ဆည်တစ်ခုနဲ့ တစ်ခုကြား ဒနီပရိုမြစ်နေရာတွေမှာ ရေလှောင်ကန်ကြီးတွေကို စီတန်း ဆောက်ခဲ့ကြပါတယ်။

ဒနီပရိုမြစ်တစ်လျှောက်မှာရှိတဲ့ ဆည်တိုင်းမှာ HPP ရေအားလျှပ်စစ်စွမ်းအင်စက်ရုံကြီးတွေ တစ်ခုစီ ရှိကြပါတယ်။ တခြားမြစ်တွေပေါ်မှာလည်း HPP စက်ရုံရှိတဲ့ ဆည်တွေ ရှိပြီး နိုင်ငံတဝန်း တခြားနေရာတွေက ရေလှောင်ကန်အဝတွေမှာလည်း ပိုသေးတဲ့ ဆည်တွေ ရှိကြပါတယ်။

ယူကရိန်း ဆည်တွေအပေါ် အရင်က ဘယ်လို တိုက်ခိုက်မှုတွေ ရှိခဲ့ဖူးသလဲ

၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းက မစ်ဆိုင်းဒုံးလို့ ယူဆရတဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း နိုင်ငံတောင်ပိုင်း ကရစ်ဗ်ယီ ရီယာမြို့နားက ရာချူနစ်ဗ်စကီး ရေလှောင်ကန်မှာရှိတဲ့ ဆည် ထိခိုက်ပျက်စီးခဲ့ပါတယ်။

အဲဒီအတွက် ရေကြီးရေလျှံမှုတွေ နေရာအနှံ့ဖြစ်ခဲ့ပြီး လူအတော်များများကို ဘေးလွတ်ရာ ထွက်ပြေးကြဖို့ ညွှန်ကြားခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုဟာ ရုရှားတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ပြစ်တင်ပြောဆိုခဲ့ပြီး ဒါဟာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ တန်ပြန် ထိုးစစ်ဆင်မှုတွေကို တုံ့ပြန်လက်စားချေတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ရုရှားနိုင်ငံဟာ အကြမ်းဖက်နိုင်ငံတစ်ခု ဖြစ်တယ်လို့ သူက ဖော်ညွှန်းပြောဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံ အနောက်ပိုင်း ဒနီယက်စ်တာမြစ်ပေါ်နဲ့ ခရမ်မန်ချူခ်မြို့မှာ ရှိတဲ့ ရေအားပေးဆည်တစ်ခုကို မစ်ဆိုင်းဒုံးတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေအားလုံးဟာ ရုရှားရဲ့ လက်ချက်ဖြစ်တယ်လို့ ယူကရိန်းက စွပ်စွဲခဲ့ပါတယ်။

အဲဒီလမှာပဲ ဇပိုရစ်ဇီယာမြို့ကို မစ်ဆိုင်းဒုံးလို့ ယူဆရတဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဆည်ကို မထိမှန်ခဲ့ပေမဲ့ HPP ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ တာဘိုင်းအခန်းကိုတော့ ထိခိုက်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွေမှာ ဇပိုရစ်ဇီယာမြို့နားက ဒနီပရို HPP ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံကို မစ်ဆိုင်းဒုံးတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ရုရှားတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ယူကရိန်းက ထပ်မံစွပ်စွဲခဲ့ပါတယ်။

“ဒါဟာ ယူကရိန်းရဲ့ စွမ်းအင်ထောက်ပံ့နိုင်စွမ်းကို ဖျက်ဆီးပစ်ဖို့ ရုရှားတို့ရဲ့ မဟာဗျူဟာ တစ်စိတ်တပိုင်း ဖြစ်တယ်”လို့ လန်ဒန်မြို့ Kings College တက္ကသိုလ် ကာကွယ်ရေးပညာရပ်ဌာနက သုတေသီ ဒေါက်တာ မာရီယာ မီရွန် က ပြောပါတယ်။

“အဲဒီရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတွေဟာ အရင်က စွမ်းအင် မက်ဂါဝပ်တ် ၆၀၀၀ ကျော်လောက် ထုတ်လုပ်ပေးနေခဲ့တာပါ။ ဒီစက်ရုံတွေ တိုက်ခိုက်ခံခဲ့ရအပြီးနောက်ပိုင်းမှာ လျှပ်စစ်ဓာတ်အား ၂၅၀၀ မက်ဂါဝပ်တ်လောက် ဆုံးရှုံးခဲ့ရပါတယ်”

၂၀၂၃ ခုနှစ် မေလမှာ ရုရှားတပ်ဖွဲ့တွေရဲ့ မစ်ဆိုင်းဒုံးတိုက်ခိုက်မှုတွေကြောင့် နိုင်ငံအရှေ့ပိုင်း ဒေါညက်စ်ခ်မြို့နားက ကာလစ်ဗ်စကီး ရေလှောင်ကန် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

အဲဒီရေလှောင်ကန် ထိခိုက်ပျက်စီးခဲ့မှုကြောင့် ဗော့ဗ်ချာမြစ်တစ်လျှောက်က ရွာတွေနားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပြီး အဲဒီနေရာကလူတွေ ဘေးလွတ်ရာကို နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

အရင်အတိတ်ကာလတုန်းက ယူကရိန်းနိုင်ငံမှာ ဆည်တစ်ခု ထိခိုက်ပျက်စီးခဲ့မှုကြောင့် ဘေးဒုက္ခဆိုးကြီး ကြုံရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

၁၉၄၁ ခုနှစ် သြဂုတ်လတုန်းက ဂျာမနီစစ်တပ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့စဉ်မှာ ဆိုဗီယက်စစ်တပ် ယူကရိန်းကို ဖြတ်ပြီး အမြန် ဆုတ်ခွာခဲ့ချိန်တုန်းက ဖြစ်ပါတယ်။

ရန်သူတပ်ဖွဲ့တွေ ဒနီပရိုမြစ်ကို ဖြတ်ကျော် ဝင်လာမှာကို တားဆီးဖို့အတွက် ဆိုဗီယက်စစ်တပ် တပ်မှူးတွေက ဇပိုရစ်ဇီယာမြို့က တံတားတွေနဲ့ ဆည်ကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီမှာနေနေကြတဲ့ အရပ်သားတွေကို ကြိုတင် သတိပေးတာမျိုး မရှိခဲ့ပါဘူး။ အနည်းဆုံး လူ ၃၀၀၀ သေဆုံးခဲ့တယ်လို့ သမိုင်းပညာရှင်တွေက ခန့်မှန်းကြပါတယ်။

ဆည်တွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်သလား

“ဆည်တွေဟာ အရပ်ဘက် အခြေခံအဆောက်အအုံတွေ ဖြစ်ပြီး ယေဘုယျအားဖြင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေအဖြစ် သတ်မှတ်လို့ မရဘူး”လို့ လန်ဒန်မြို့ Kings College တက္ကသိုလ် ကာကွယ်ရေးပညာရပ်ဌာနက ပါမောက္ခ ထရေစီ ဂျာမန်က ပြောပါတယ်။

“လက်နက်ကိုင် စစ်ပွဲဆိုင်ရာ စည်းမျဉ်းဥပဒေတွေအရ ပြောရရင် ဥပမာ ဆည်တစ်ခုနားမှာ ယူကရိန်း စစ်စခန်းတစ်ခု ရှိနေတယ် ဆိုကြပါစို့၊ ဒါဆိုရင်တော့ အဲဒီနေရာကို စစ်ဘက်ဆိုင်ရာ ပစ်မှတ်အဖြစ် ရုရှားက သတ်မှတ် တိုက်ခိုက်နိုင်ဖွယ် ရှိပါတယ်။ ဒါပေမဲ့ ကျွန်မ သိရသလောက်ကတော့ အခုဖြစ်ခဲ့တာက အဲဒီလိုမျိုး မဟုတ်ပါဘူး“

“စစ်ရေးအရ မလိုအပ်ဘဲနဲ့လည်း ဆည်လို အရပ်ဘက် ပစ်မှတ်တစ်ခုကို တိုက်ခိုက်တာမျိုး ရှိနိုင်ပါတယ်” လို့ နိုင်ငံတကာ ဥပဒေရှင်များအစည်းအရုံးရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မာ့ခ် အယ်လစ်စ် က ပြောပါတယ်။

“ဒါပေမဲ့ တကယ်လို့ စစ်ရေးအသာရမှုက နည်းပြီး အရပ်သားတွေအပေါ် ဘေးဒုက္ခဆိုးကြီး ဖြစ်စေတယ်ဆိုရင်တော့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာ ကျပါလိမ့်မယ်။”