ဇွန် ၂ ရက် ထိပ်တန်းသတင်းများ-ဒုဝန်ကြီး ဦးဆက်အောင် လွတ်ရက်စေ့လို့ ပြန်လွတ်
ဒုံသမိစစ်ဆေးရေးဂိတ်ကို KNU နဲ့ ပူးပေါင်းအဖွဲ့တွေဝင်ရောက်တိုက်ခိုက်၊ ဒုရဲမှူးအပါအဝင် ရှစ်ဦး သေဆုံးတယ်လို့ ပြော

ဓာတ်ပုံ ရင်းမြစ်, Social Media
မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အစပ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီးမှာရှိတဲ့ ဒုံသမိတံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး မဟာမိတ်အဖွဲ့တွေ မနေ့ ဇွန်လ ၁ ရက်နေ့မှာ သွားရောက် တိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ်မှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဘက်က ဒုရဲမှူး နဲ့ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့ KNU တပ်မဟာ ၁ က တာဝန်ရှိသူက ပြောပါတယ်။
ဇွန်လ ၁ ရက်နေ့ မနက် ၅ နာရီလောက် ကစပြီး မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီးရှိ ဒုံသမိတံတား စစ်ဆေးရေးဂိတ်ကို KNU နဲ့ ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၈ ဦး သေဆုံးခဲ့တာဖြစ်ကြောင်း နာမည်နဲ့တကွ KNU ဘက်က ပြောပါတယ်။
အလားတူပဲ ဇွန်လ ၁ ရက် မနက် ၅ နာရီ ဝန်းကျင်မှာလည်း ဘီးလင်းမြို့နယ် သံတံတား စစ်ဆေးဂိတ်ကို KNU နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်နာရီ နီးပါးကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို နှစ်ဖက်တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီဘက်က ၁၀ ဦးကျော် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။ နှစ်နေရာ တိုက်ပွဲမှာတော့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က လည်း ၂ ဦး သေဆုံးခဲ့သလို ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒီလို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားအပြီး ဇွန်လ ၁ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်မှာတော့ တိုက်ပွဲ မရှိတဲ့အချိန်မှာ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု ရွှေရောင်ပြရွာ ထဲကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒါနဲ့ ပတ်သက်ပြီး KNU တပ်မဟာ ၁ က တာဝန်ရှိသူ က တော့ " တိုက်ပွဲတွေကတော့ ဖြစ်နေဦးမှာပဲ။ သူတို့က လက်နက်ကြီးနဲ့ ပြည်သူတွေရှိတဲ့ရွာတွေကို ပစ်တာတွေကြောင့် ပြည်သူ အထိအခိုက်ရှိတယ်လေ။ ဒါကြောင့် တိုက်ပွဲကတော့ ဖြစ်ရဦးမှာပဲ" လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးသလို စစ်ကောင်စီကဘက် သေဆုံးတယ်ဆိုတဲ့အရေအတွက်နဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီသတင်းတွေကို ဖော်ပြလေ့ရှိတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဒုံသမိ စစ်ဆေးရေးဂိတ်ကို KNU/PDF က ဝင်ရောက်တိုက်ခိုက်လို့ ဒုရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးတယ်ဆိုပြီး ရေးသားဖော်ပြနေသလို အဲဒီတိုက်ပွဲအကြား ခရီးသည်တချို့ သေဆုံးတယ်လို့လည်း သတင်းဖော်ပြတာတွေရှိနေပါတယ်။
ကြာအင်းဆိပ်ကြီး မြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန် ၊ အရပ်သားတွေသေဆုံးမှုရှိ၊ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့တွင်း ဒီနေ့ ဇွန် ၂ ရက်မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိပြီး နှစ်ဖက်တိုက်ပွဲကြား အရပ်သား ထိခိုက်သေဆုံးမှု ၈ ဦးထက်မနည်းရှိနေတယ်လို့ ကြာအင်းဆိပ်ကြီး မြို့ခံက ပြောပါတယ်။
"ညက ဇွန်၁ရက်ပေါ့။ စစ်တပ်က လက်နက်ကြီးတွေ ပစ်ထုတ်တယ်။ အခု မနက် ၄ နာရီ လောက်မှာ တိုက်ပွဲ ဖြစ်သံ ကြားရတယ်။ လက်နက်အကြီးအသေးပစ်သံ တွေ ရပ်ကွက် ကြားတွေ ထဲ ထိမှန်တယ် မနက် ၈ နာရီ လောက်မှာ လေယာဥ် က ကမ်းနား ပိုင်း ရပ်ကွက် တွေ ကို ပစ်တယ်။ ဗုံးကြဲတယ်။ အဲဒီမှာ အရပ်သားတွေ ဘုန်းကြီးတွေ၊ ကလေးတွေ သေတယ်။ ထိတာ ရောသေတာရောဆို ၁၀ ယောက်လောက် ရှိမယ်။ အခုလည်း ပစ်သံကြားနေရတယ်၊ အပြင်မထွက်ရဲဘူး၊ ထွက်တာနဲ့ စစ်တပ်ဘက်က လှမ်းပစ်တယ်" လို့ ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့သတင်းတွေကို ဖော်ပြနေတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိတပ်ရင်းဌာနချုပ်တွေနဲ့ လုံခြုံရေးအဖွဲ့တွေကို KNU/PDF ပူးပေါင်းအဖွဲ့တွေက လာရောက်တိုက်ခိုက်လို့ သံဃာတွေအပါအဝင် အရပ်သားတွေထိခိုက်သေဆုံးမှုရှိတယ်လို့ဖော်ပြနေပါတယ်။
ဒါတွေနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ မေလ ၂၅ရက် ကနေ စစ်တပ်က ကော့ကရိတ်၊ ကျူံဒိုး၊ ကြာအင်းဆိပ်ကြီး မြို့ချင်းဆက်၊ကျေးရွာချင်းဆက် လမ်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇွန်လ ၂ ရက် မနက် ၁၁ နာရီကျော်အချိန်အထိ ကြာအင်းဆိပ်ကြီး လူမှုကယ်ဆယ်ရေး အဖွဲ့ တွေ နဲ့ ရပ်ကွက်သား တွေ ထိခိုက်ဒဏ်ရာရတဲ့ လူနာ နဲ့ သေဆုံး ရုပ်အလောင်းတွေ ကို လိုက်လံ ကူညီရာမှာတော့ သေဆုံးသူ သံဃာတစ်ပါး အပါအဝင် ၄ ဦးသေဆုံး၊ ၄ဦးဒဏ်ရာရလူနာတွေ တွေ့ရှိထားပြီး ရပ်ကွက်တွေအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ဆက်လက်ကူညီ နေရတဲ့ အခြေအနေ ဖြစ်ကြောင်း၊ ဒဏ်ရာရသူအရေအတွက် လည်းထပ်တိုးလာနိုင်ကြောင်း လူမှုကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေထံက သိရပါတယ်။
ဒုဝန်ကြီး ဦးဆက်အောင် လွတ်ရက်စေ့လို့ ပြန်လွတ်

ဓာတ်ပုံ ရင်းမြစ်, Sean Turnell Facebook
NLD အစိုးရရဲ့ စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင် လွတ်ရက်စေ့ပြီး ဒီမနက်မှာ ပြန်လွတ်လာပြီလို့ မိသားစုနဲ့ နီးစပ်သူတွေထံက ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနဲ၊ စီမံဘဏ္ဍာဝန်ကြီးတွေဖြစ်တဲ့ ဦးကျော်ဝင်း နဲ့ ဦးစိုးဝင်း တို့နဲ့အတူ အစိုးရလျှို့ဝှက်ချက်အက် နဲ့ တရားစွဲ ထောင်ချခံရတာ ဖြစ်ပါတယ်။
‘’ဒီမနက် ရမည်းသင်းထောင်မှာ မိသားစုက လာကြိုတယ်။ ရန်ကုန်တန်းပြန်မယ်။’’ လို့ သူ့မိတ်ဆွေက ပြောပါတယ်။
ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ ဦးဆက်အောင်ဟာ မနှစ်က စက်တင်ဘာမှာ ထောင် ၃ နှစ် ချမှတ်ခံရတာဖြစ်ပြီး ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ပြုလို့ ဇွန် ၂ ရက်မှာ ပြန်လွတ်လာတာဖြစ်ပါတယ်။
သူနဲ့အမှုတွဲတွေဖြစ်တဲ့ မစ္စတာရှောင်တာနဲ၊ စီမံဘဏ္ဍာဝန်ကြီးတွေဖြစ်တဲ့ ဦးကျော်ဝင်း နဲ့ ဦးစိုးဝင်း တို့လည်း ပြန်လွတ်မြောက်ပြီးဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ပဲ ဆက်လက်ချုပ်နှောင်ခံထားရတာဖြစ်ပါတယ်။
မန္တလေးက ကလေးငယ်မောင်ဇွဲဝေယံထွန်းကို ခိုးယူခဲ့တဲ့ အမျိုးသမီးကို ထောင် ခုနစ်နှစ်ချ

ဓာတ်ပုံ ရင်းမြစ်, Social Media
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ အသက် ၅ နှစ်ဝန်းကျင် ကလေးငယ်ကို မိဘခွင့်ပြုချက်မရှိဘဲ ခိုးယူမှုအတွက် ဒေါ်နီလာမြင့်မောင်(ခ)မမီးငယ်ကို ရာဇသတ်ကြီးပုဒ်မ(၃၆၃)အရ ပြစ်ဒါဏ်(၇)နှစ် ချမှတ်လိုက်တယ်လို့ မေ ၃၁ ရက်မှာ တရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။
မောင်ဇွဲဝေယံထွန်းဟာ ပြီးခဲ့နှစ်ကုန်ပိုင်းတုန်းက မန္တလေးမှာ သူ့ရဲ့နေအိမ်ကနေ ၆ ရက်ပျောက်သွားခဲ့ပြီး အိမ်နီးချင်း မမီးငယ်က မိဘခွင့်ပြုချက်မရှိဘဲ ခိုးယူခဲ့တာဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပါတယ်။
ကလေးငယ်ပျောက်ဆုံးချိန် ရက်ပိုင်းအတွင်းမှာပဲ မိဘတွေဆီ ခြိမ်းခြောက်ငွေတောင်းတာတွေ ရှိခဲ့တယ်လို့ ကလေးမိဘတွေက ပြောပါတယ်။
အခုအခါ တရားရုံးက မိဘအုပ်ထိန်းမှုအောက်မှာ ရှိတဲ့ကလေးကို မိဘခွင့်ပြုချက်မရှိဘဲ ခိုးယူမှု ပုဒ်မ ၃၆၃ အရ ပြစ်ဒဏ် ၇နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
"ကိုယ်တို့ သားသမီးကို လုပ်လို့ ဥပဒေကြောင်းအရ တရားစွဲရတယ်။ ပုဂ္ဂိုလ်ရေး အရ မုန်းတီးမှုနဲ့လုပ်တာမဟုတ်ဘူး။ နောက်ထပ်ကလေးတွေကို ထပ်မလုပ်စေချင်တာ။ မဖြစ်စေချင်တာ။ တရားရုံးမှာ ခြိမ်းခြောက်ငွေတောင်းတာတွေတင်ကြတော့ တရားရုံးကလည်း လက်ခံပါတယ်။ အမိန့်ချတာတော့ ၃၆၃ နဲ့ပါ။တရားသူကြီး က အမြင့်ဆုံးပြစ်ဒဏ်ပေးလိုက်လို့ စောဒကတက်စရာမရှိပါဘူး"လို့ ကလေးဖခင် ဦးဟန်မျိုးဝင်းက ဒီဖြစ်စဥ်နဲံပတ်သက်လို့ပြောပါတယ်။
ကလေးငယ် မောင်ဇွဲဝေယံထွန်းဟာ စိတ်ပိုင်းဆိုင်ရာ ကုသမှုကို ခံယူခဲ့တာရှိသလို လက်ရှိအချိန်ထိ သူပျောက်ဆုံးခဲ့တဲ့ အဘိုးဘွားနေအိမ်မှာ မိဘမပါဘဲ နေထိုင်ဖို့ ငြင်းဆိုနေတာတွေ ရှိနေဆဲဖြစ်တယ်လို့ ကလေးဖခင်က ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်တဲ့ ကရင်နီပြည်နယ်မှာ နယ်မြေစိုးမိုးမှုနဲ့ပတ်သက်လို့ တော်လှန်ရေးအဖွဲ့တွေ ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, KNDF
ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဟာ စစ်ကောင်စီကို တော်လှန်ခဲ့တာ ၂ နှစ်ပြည့်ခဲ့ပြီဖြစ်သလို ကရင်နီအဖွဲအ့စည်းတွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီကို ဆက်လက်တွန်းလှန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အေအေ၊ ကိုးကန့်နဲ့ တအန်းစတဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့ ရဲ့ လက်နက်အကူအညီ၊ ကရင်နီ အမျိုးသားတပ်မတော် KA ၊ကရင်အမျိုးသား အစည်းရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNU/KNLA တို့ဆီက စစ်သင်တန်းတွေလည်းရရှိခဲ့ပြီး အခုအခါ လွိုင်ကော်မြို့ကလွဲရင် ကျန်တဲ့ ကယားပြည်နယ်အတွင်းနယ်မြေစိုးမိုးနိုင်မှုမှာ ဒေသကာကွယ်ရေးနဲ့ ပူးပေါင်းအဖွဲ့တွေက ဦးဆောင်နေတယ်လို့ ကရင်နီအဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေကနေ သိရပါတယ်။
"ပြည်သူလူထုထိခိုက်နစ်နာမှုအနည်းဆုံးနည်းလမ်းကိုရွေးပြီးတော့ ကျွန်တော်တို့ စစ်ဆင်းရေးတွေကိုဖော်ဆောင်သွားပါမယ်"လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီးမောဆို ၊ ဖရူဆို၊ ဘော်လခဲစတဲ့ မြို့တွေမှာလည်း စစ်ကောင်စီတပ်တွေဟာ သူတို့ရဲ့ တပ်ရင်းရှိတဲ့ နေရာမှာသာ ကင်းပုန်းချတာမျိုးရှိပြီး မြို့တွင်းတပ်ဖြန့်လှုပ်ရှားတာမျိုး မပြုလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီမောဆို အရှေ့ခြမ်း၊ ရှမ်းကယား အစပ် မိုးဗြဲ၊ ဖယ်ခုံတို့မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာ လေကြောင်းတိုက်ခိုက်တာတွေမကြာခဏ ပြုလုပ်ပေမဲ့ နယ်မြေစိုးမိုးနိုင်မှုမှာတော့ အားနည်းသွားတယ်လို့ ကရင်နီအဖွဲ့စည်းတွေက ပြောပါတယ်။
နယ်မြေစိုးမိုးမှုနဲ့ပတ်သက်လို့ ကရင်နီအင်အားစုတွေရဲ့ပြောကြားချက်အပေါ်တုံ့ပြန်ချက်သိရဖို့ ဘီဘီစီက စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့အဆက်အသွယ်မရခဲ့ပါဘူး။
ကရင်နီဒေသထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ မြို့နယ်အားလုံးနီးပါးမှာ နေ့စဥ်နီးပါး တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေလည်း ပြုလုပ်နေပြီး ပြီးခဲ့တဲ့ မေ ၂၇ ရက်တိုက်ပွဲမှာ ဒီးမော့ဆို ဆေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။
ကရင်နီပြည်နယ်အတွင်းစစ်ရေးနဲ့ အုပ်ချုပ်ရေးကို ကရင်နီတော်လှန်ရေးအဖွဲ့စည်းတွေက ပူး ပေါင်းလုပ်ဆောင်သွားမယ်လို့ ကရင်နီ စစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"ကျွန်တော်တို့က သူတို့ကို သွားတိုက်တာမဟုတ်ဘူး။ သူတို့က ထိုးစစ်ဆင်လာတော့ ကျွန်တော်တို့ကခုခံစစ်ကတော့ရှိရမှာပဲ တော်လှန်ရေးက မပြီးသေးဘူး။ အဓိကက ကျွန်တော်တို့ ညီညွတ်ဖို့၊ စုစည်းဖို့နဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျဖို့ လက်တွဲသွားမှာပါ"လို့ သူက ပြောပါတယ်။
ဒီနှစ်နှစ်တာ ကာလအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း တထောင်ကျော်ရှိခဲ့ပြီး ကရင်နီဒေသကာကွယ်ရေး အဖွဲ့ဘက်က ၁၅၀ကျော် သေဆုံးခဲ့သလို ကရင်နီပြည်နယ်ရဲ့ လူဦးရေရဲ့ထက်ဝက်ကျော် ရှိတဲ့ လူ ၂ သိန်းခွဲနီးပါးဟာ စစ်ရှောင်နေရပါတယ်။
စစ်ရှောင်စခန်းတွေပါ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တဲ့ ကရင်နီမှာ စစ်ရှောင်တွေဟာ လာမယ့်မိုးရာသီအတွက် အမိုးကာလုံခြုံမှု ဆေးဝါး၊ စားနပ်ရိက္ခာ လိုအပ်ချက်ရှိတယ်လို့ ကရင်နီ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ပြောပါတယ်။
ဖားကန့်မှာ ဖမ်းဆီးခံရတဲ့ ရေမဆေးသမား ၅၀၀ နီးပါး ပြန်လွတ်

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်း ကျေးရွာ အုပ်စု၊ ဆန်ခါ ကျေးရွာမှာပြီးခဲ့တဲ့ မေလ (၂၈) ရက်နေ့ က ဖမ်းဆီးသွားတဲ့ ရေမဆေး(ကျောက်စိမ်းရှာသူ) တွေကို စစ်ကောင်စီက ၃ရက်အကြာ မေလ ၃၀ ရက်နေ့မှာ အကုန် ပြန်လွှတ်ပေးခဲ့တယ်လို့ပြန်လည်လွတ်မြောက်လာသူတွေထံက သိရှိရပါတယ်။
တောက်ပကြည် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်အနီးမှာ မြေစာပုံမှာ ကျောက်စိမ်းရှာသူတွေ အပါအဝင် ကုမ္ပဏီက ဝန်ထမ်းတွေကိုစစ်ကောင်စီက မေလ ၂၈ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ခန့်မှန်း လူဦးရေ ၅၀၀ ခန့်ရှိနိုင်ပြီးတော့ ရေမဆေးနဲ့ ကုမ္ပဏီဝန်ထမ်း ဘယ်နှဦးစီပါဝင်တယ်ဆိုတာတော့ ခွဲခြားပြောနိုင်ဖို့ ခက်တယ်လို့ ဆိုပါတယ်။
ဖမ်းပြီးပြီးခြင်းမှာပဲ လက်ပြန်ကြိုးတုတ်ပြီး ကုမ္ပဏီဝင်းအတွင်း ၃ ရက်ကြာ နေထိုင်ခိုင်းကာ ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ပြန်လွတ်လာသူတွေနဲ့ နီးစပ်သူကဆိုပါတယ်။
အဲဒီဖြစ်စဥ်မှာ စစ်ကောင်စီစစ်ကြောင်းရောက်လာပြီး ဖမ်းဆီးဖို့လုပ်ချိန်မှာ ထွက်ပြေးတဲ့လူငယ်တစ်ဦးကိုတော့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပြီး အများစုကတော့ အဲဒီလူငယ်သေဆုံးသွားပြီလို့ ယူဆပြောဆိုတာတွေရှိနေပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းကစလို့ အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုတွေကိုမကြာခဏ ပြုလုပ်လာတာဖြစ်ပြီး အဲဒီလိုဖမ်းဆီးခံရတဲ့အထဲမှာ ရေမဆေးကျောက်ရှာဖွေသူအများစုပါဝင်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲက တချို့ကို ကိုယ်ရေးအချက်အလက်ယူတာ၊ တချို့ကို စစ်ကောင်စီက သူတို့မှာရှိထားတဲ့ ဓာတ်ပုံနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေအပြင် မသင်္ကာတဲ့သူတွေကို တော့ ဆက်လက်ဖမ်းဆီးထားတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။
"တောက်ပကြည်ကုမ္မဏီမှာ ဖမ်းထားတာ။ ၃၀ရက် မနက်ခင်းကျတော့ အကုန်ပြန်လွတ်လာပါတယ်။ ကျွန်တော့်အသိ ကလေးတစ်ယောက်ကတော့ လွတ်လာတယ်။ ရေမဆေးရှာသူတွေရော ကုမ္ပဏီက လူတွေရောဆိုရင် ခန့်မှန်း ၅၀၀လောက်ရှိနိုင်တယ်လို့ပြောတယ်။ ခန့်မှန်းရခက်တယ်။ ဘာကြောင့်ဖမ်းတာလဲဆိုတော့။ ပိုက်ဆံလိုချင်လို့ ဖမ်းပြီး တချို့ကိုပိုက်ဆံနဲ့ညှိတယ်လည်းကြားတယ်။ ဖမ်းခံရသူတွေကိုတော့ နောက်လက်ပြန်ကြိုးတုပ်ပြီးတော့ ထားတယ်လို့ ပြောတယ်။ ခေါက်ဆွဲခြောက် ကျွေးတယ်လို့တော့ပြောတယ်။ မေလ ၃၀ ရက်နေ့ ကြက်သားဟင်းနဲ့ကျွေးတယ်လို့ပြောတယ်။ ကားနဲ့ကျောက်စိမ်း လုပ်တဲ့အခါမှာ ဖောက်ခွဲတဲ့ပစ္စည်းတွေကိုတော့ ပိုင်ရှင်မဲ့ဆိုပြီးသိမ်းတာလည်းရှိတယ်"လို့ ဒီဖြစ်စဥ်ကိုသိရှိသူဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အခုလို ဖမ်းဆီးသူတွေကိုငွေကြေးနဲ့ပြန်လည်ညှိနှိုင်းပြီး လွှတ်ပေးတယ်ဆိုတာနဲ့ပတ်သက်လို့တော့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကိုလည်း မေးမြန်းဖို့ကြိုးစားနေပါတယ်။








