ရှောင်တိမ်းသူတွေ၊ စောင့်ကြည့်သူတွေနဲ့ ဦးတည်လာနေတဲ့ အားပြင်းမိုခါမုန်တိုင်း

ဓာတ်ပုံ ရင်းမြစ်, SAI Aung MAIN / AFP
မြန်မာနိုင်ငံကို ဝင်ရောက်မှာဖြစ်လို့ အနီရောင်အဆင့် သတ်မှတ်ထားတဲ့ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ၁၂ နာရီအတွင်းမှာ ရခိုင်ပြည်နယ် ကမ်းရိုးတန်း၊ စစ်တွေမြို့နားကနေ ဖြတ်ကျော်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနနဲ့ မိုးလေဝသစောင့်ကြည့်လေ့လာသူတွေက သတိပေးထားကြတာပါ။
ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင် စတဲ့မြို့တွေကို မိုခါမုန်တိုင်း ဖြတ်သန်းသွားနိုင်တယ်လို့လည်း ထုတ်ပြန်ထားတာပါ။
စစ်တွေမြို့ကနေ မြောက်ဦးမြို့ကို မုန်တိုင်းရှောင်ဖို့ ဒီနေ့ မေ ၁၃ ရက်မှာ ပြောင်းရွှေ့လာသူတွေထဲက တစ်ယောက်က မြောက်ဦးမြို့မှာတော့ သူ့လိုစစ်တွေမြို့ကနေ မုန်တိုင်းရှောင်လာသူတွေနဲ့ ပြည့်နေတာကို သူတွေ့ရတဲ့အကြောင်း ပြောပါတယ်။
“စစ်တွေကနေ ကိုယ့်အစီစဉ်နဲ့ ကိုယ်ပြောင်းလာကြသူတွေရော၊ ပရဟိတကားတွေနဲ့ လာကြသူတွေရော ပြည့်နေတယ်။ ဘုန်းကြီးကျောင်းတွေမှာဆိုရင်လည်း လူတွေအများကြီးပဲ။ တည်းခိုခန်းတွေမှာလည်း အခန်းတွေပြည့်နေလို့ တည်းစရာ လိုက်ရှာနေကြရတဲ့သူတွေလည်း များတယ်။ မုန်တိုင်းသတင်းတွေကြားပြီး တချို့ထမင်းဆိုင်တွေက မဖွင့်ဘူး။ ဖွင့်တဲ့ထမင်းဆိုင်တွေမှာလည်း ထမင်းတွေ မကျန်တော့ဘူး”လို့ သူမြင်တွေ့နေရတဲ့ မြောက်ဦးမြို့အခြေအနေကို ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, သဘာဝဘေးအန္တရာယ်ကူညီရေးကော်မတီ (မြောက်ဦးမြို့)
မြောက်ဦးမြို့နယ်မှာ မုန်တိုင်းရှောင်လူဦးရေ ခန့်မှန်း ၅,၀၀၀ ကျော်ရှိပြီး မြောက်ဦးမြို့နယ်ထဲက လူတွေအပြင် တခြားမြို့နယ်ကသူတွေပါ ရောက်လာတာကြောင့် လူတွေ ပြည့်နေတဲ့အတွက် နေစရာနဲ့ အစားအသောက်အတွက် မနိုင်မနင်းဖြစ်နေတယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
တကယ်တမ်းတော့ မြောက်ဦးမြို့ဟာလည်း မိုခါမုန်တိုင်းဖြတ်သန်းမယ့်လမ်းကြောင်းမှာ ပါဝင်နေတဲ့မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တွေမြို့ကလူတွေ ဘာကြောင့် မြောက်ဦးမြို့ကို ပြောင်းလာလဲဆိုတာ စစ်တွေမြို့ကနေ မုန်တိုင်းရှောင်လာသူက အခုလို ပြောပါတယ်။
“စစ်တွေက ကမ်းခြေဒေသဆိုတော့ မုန်တိုင်းသတင်းတွေအရ လှိုင်းကကြီးမယ်၊ လေလည်းပြင်းမယ်ဆိုတော့ စစ်တွေမှာက စိုးရိမ်ရတယ်။ မြောက်ဦးက ကုန်းတွင်းပိုင်းဆိုတော့ မုန်တိုင်းလာရင်တောင် လေကိုပဲစိတ်ပူရမှာ လှိုင်းကို စိတ်မပူရဘူး။ အဓိကက မုန်တိုင်းနဲ့လာမယ့် အရှိန်နဲ့ရိုက်မယ့် ရေကိုကြောက်တာ”လို့ ရှင်းပြပါတယ်။
တကယ်တော့ သူက ဇနီးဖြစ်သူနဲ့ သမီးတို့ကို မြောက်ဦးမြို့ကို အရင်ပို့ထားပြီး စစ်တွေမြို့ရဲ့ အခြေအနေကို မေ ၁၂ ရက် ညနေပိုင်းမှာ လေ့လာခဲ့ပါတယ်။
မြို့ခံတွေက မြို့ထဲမှာ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေခဲ့ကြပေမဲ့ စစ်တွေကမ်းခြေမှာတော့ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေကို သူမြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
“ပင်လယ်ဆိပ်ကမ်းကိုသွားတော့ လှိုင်းတွေမြင့်တက်နေတာ တွေ့တယ်၊ ရေတွေလည်းတိုးနေတယ်။ သဲမြေတွေကလည်း ပုံမှန်မဟုတ်ဘူး။ ပုံမှန်မဟုတ်ဘူးဆိုတာက အရင်က သဲသောင်ပြင်မှာ ဆိုင်ကယ်စီးလို့ရအောင် သဲတွေက မာကျောကျစ်လစ်တယ်။ မနေ့ကကျတော့ ခြေထောက်ချလိုက်တာနဲ့ သဲထဲကို နစ်ဝင်သွားတယ်။ ဒါတွေက ပုံမှန်လက္ခဏာတွေ မဟုတ်ဘူး။”
မပြောင်းရွှေ့ကြသူတွေလည်းရှိနေ

ဓာတ်ပုံ ရင်းမြစ်, SAI Aung MAIN / AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လူဦးရေ တစ်သိန်းဝန်းကျင်ရှိတဲ့ စစ်တွေမြို့မှာ မုန်တိုင်းရှောင်ဖို့အတွက် မြောက်ဦး၊ ကျောက်တော်မြို့တွေကို ပြောင်းရွှေ့ကြသူတွေက သောင်းဂဏန်းလောက်သာရှိပြီး အများစုက နေအိမ်တွေမှာ ဆက်နေကြတာ၊ နေအိမ်ခိုင်ခံ့မှုကို စိတ်ပူရသူတွေက ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းတို့လို ခိုင်ခန့်တဲ့ အဆောက်အဦရှိတဲ့နေရာတွေကိုသာ ပြောင်းရွှေ့ကြတယ်လို့ ပြောပါတယ်။
မြောက်ဦး၊ ကျောက်တော် မြို့တွေဆီ သက်ကြီးရွယ်အိုတွေ၊ ကလေးနဲ့ အမျိုးသမီးတွေ၊ လူနာတွေကို ပရဟိတအဖွဲ့အစည်းတွေရဲ့ အကူညီနဲ့ မေ ၁၂ ရက် မနေ့ကစပြီး ရွှေ့ပြောင်းကြတာတွေရှိသလို မရွှေ့ပြောင်းသူတွေလည်း အများကြီးရှိတယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
“ကျွန်တော်တို့က အကူညီတောင်းတဲ့သူတွေကို ပြောင်းရွှေ့ပေးတယ်၊ ရွှေ့ချင်တဲ့သူတွေအတွက် ကားရှာရခက်တာတို့တော့ ရှိတယ်။ ရွှေ့တဲ့သူကတော့နည်းတယ်။ မရွှေ့တဲ့သူတွေလည်း ရှိတယ်။ လွတ်နိုင်မယ်ထင်တဲ့သူတွေပေါ့၊ စစ်တွေမြို့ရဲ့ ရာသီဥတုကတော့ အေးဆေးပဲ ၊ ပုံမှန်အတိုင်းရှိတုန်းပဲ”လို့ ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ယောက်က နေ့လယ်ပိုင်းမှာ ပြောပါတယ်။
ကမ်းစပ်နဲ့ဝေးပြီး နေအိမ်တွေက အုတ်ခံနဲ့ဆောက်ထားတာ၊ နှစ်ထပ်၊ သုံးထပ် အဆောက်အဦတွေဖြစ်တာကြောင့် စစ်တွေမြို့ထဲက တခြားမုန်တိုင်းရှောင်စခန်းတွေအပြင်၊ တခြားမြို့နယ်တွေကိုလည်း မပြောင်းရွှေ့ဖြစ်တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ကျွန်တော်တို့က မြို့ထဲပိုင်းမှာဆိုတော့ စောင့်ကြည့်ချင်တာလည်းပါတယ်။ အနိမ့်ပိုင်းလည်း မဟုတ်ဘူး။ စိတ်တော့ပူတာပေါ့နော်၊ အတွေ့အကြုံတော့ မရှိသေးဘူးဆိုတော့ ရေဒီယိုကနေ သတင်းတွေ အဆက်မပြတ် နားထောင်နေတယ်၊ ၂ ပတ်စာလောက် ရိက္ခာတွေစုဆောင်းထားတယ်။ ရွှေ့ဖို့လိုတဲ့ပစ္စည်းတွေကို ရေလွတ်နိုင်တဲ့နေရာကို ရွှေ့ထားတယ်”လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
ကျောက်တော်မြို့က စစ်ဘေးရှောင်စခန်းတွေ ရွှေ့ပြောင်း
စစ်တွေမြို့က ဒေသခံတွေ မုန်တိုင်းရှောင်ဖို့ ရောက်လာကြတဲ့ ကျောက်တော်မြို့မှာလည်း ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး မုန်တိုင်းသတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။
ကျောက်တော်မြို့က မြို့ခံတွေ မုန်တိုင်းရှောင်တာ နည်းပေမဲ့ စစ်ဘေးရှောင်စခန်း ၈ ခုက စစ်ဘေးရှောင်တွေကိုတော့ နေရာရွှေ့ပြောင်းထားရတယ်လို့ ကျောက်တော်မြို့က ဖြူစင်မေတ္တာပရဟိတအဖွဲ့က ပြောပါတယ်။
“စစ်ဘေးရှောင်စခန်းတွေထဲက အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အို အကုန်လုံးကို ပရဟိတအဖွဲ့တွေ ဝိုင်းဝန်းပြီးရွှေ့ပေးထားတယ်။ သူတို့ နေတဲ့နေရာတွေက ခံနိုင်ရည်နည်းတာတွေများတယ်။ တချို့ သန်မာတဲ့လူငယ်တွေကတော့ အစောင့်အနေနဲ့ ကျန်ခဲ့ကြတယ်။ လူမမာတွေတော့ မရှိကြဘူး။ မုန်တိုင်းရှောင်တဲ့နေရာတွေမှာတော့ သူနာပြုတို့၊ ဆေးအကူတို့ကို စီစဉ်ထားတယ်”လို့ ပြောပြပါတယ်။
မောင်တောမြို့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, မောင်တောမြို့နယ်ကရုဏာကွန်ရက်
ပြင်းအားကြီးတဲ့ မိုခါမုန်တိုင်းဖြတ်သန်းမယ့် မြို့တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့မှာလည်း မြစ်ကမ်းပါး၊ ကမ်းခြေတွေနဲ့ နီးတဲ့ မြေနိမ့်ပိုင်းက ဒေသခံတွေ တောင်တန်းလေအကွယ်ရှိတဲ့နေရာတွေကို ရွှေ့ပြောင်းနေကြပေမဲ့ မြို့ပေါ်မှာတော့ ရှောင်တိမ်းတဲ့သူနည်းတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
မောင်တောမြို့ပေါ်ကနေ ပြောင်းရွှေ့သူတွေကတော့ ဘူးသီးတောင်မြို့နယ်ဘက်ကို သွားကြပါတယ်။
“မောင်တောဘက်မှာက မုန်တိုင်းဆိုရင် တစ်နာရီကို မိုင် ၅၀၊ ၆၀ လောက်ပဲ တိုက်ဖူးတယ်။ မုန်တိုင်းပြင်းတာနဲ့ မကြုံဖူးတော့ ဘာမှမဖြစ်ဘူးဆိုပြီး နေနေကြတဲ့သူတွေလည်းရှိတယ်။ တကယ်လို့ အခြေအနေဆိုးလာရင်တော့ ကားတွေပြင်ထားကြတယ်၊ အားကစားကွင်းထဲက မုန်တိုင်းရှောင် အဆောက်အဦတွေမှာ ခိုဖို့တော့ လုပ်ထားကြတယ်၊ ဒါပေမဲ့ စိတ်ပူတယ်လေ။ တကယ်လေတိုက်နှုန်းပြင်းလာရင် ပြေးဖို့တောင် အဆင်ပြေပါ့မလားမသိဘူး”လို့ ပရဟိတလုပ်နေတဲ့ ဒေသခံလူငယ်တစ်ယောက်က ပြောပါတယ်။
အပူပိုင်းမုန်တိုင်း မိုခါ မြန်မာနိုင်ငံထဲ ဝင်လာတော့မယ်

ဓာတ်ပုံ ရင်းမြစ်, မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
အလွန့်အလွန်အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ဒီနေ့ မေ ၁၃ ညနေပိုင်း တိုင်းတာချက်အရ ဟိုင်းကြီးကျွန်းမြို့နဲ့ ရေမိုင် ၂၄၀ မိုင်အကွာ၊ စစ်တွေမြို့ တောင်- အနောက်တောင်ဘက် ရေမိုင် ၂၈၀ အကွာမှာ ရောက်ရှိနေပြီး ၁၂ နာရီအတွင်း မြန်မာနိုင်ငံအတွင်း ဖြတ်သန်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားတာပါ။
မုန်တိုင်းမိုခါဟာ မနက်ဖြန် မေ ၁၄ ရက် နေ့လယ်ပိုင်းမှာ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအနေနဲ့ မြန်မာနိုင်ငံ ကျောက်ဖြူမို့၊ စစ်တွေမြို့အကြား ဝင်ရောက်နိုင်တယ်လို့လည်း မိုးဇလက သတိပေးထားပါတယ်။
ဒီနေ့ကနေ မေ ၁၅ ရက်အထိ ရခိုင်ပြည်နယ်ရဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို မိုင် ၁၀၀ ကနေ ၁၁၀ ခန့်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ချင်းပြည်နယ်တွေမှာ တစ်နာရီ မိုင် ၆၀ ကနေ ၈၀ အထိ၊ နေပြည်တော်၊ ကချင်၊ရှမ်း၊ကယားပြည်နယ်တွေမှာ မိုင် ၄၀ ကနေ ၆၀ အထိ တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။
အရပ်ဖက် မိုးလေဝသစောင့်ကြည့်သူ ဦးဝင်းနိုင်က မနက်ဖြန် နေ့လယ်မှာဝင်ရောက်လာမယ့် မုန်တိုင်းမိုခါရဲ့ လေပြင်းတွေစုနေတဲ့ အတွင်းပိုင်းအချင်းဟာ မိုင် ၂၀၀ ကျော်ရှိတဲ့အကြောင်း၊ အဲ့ဒီလေပြင်းတွေစုနေတဲ့မုန်တိုင်းစက်ဝန်းဟာ စစ်တွေကမ်းခြေ၊ ကျောက်ဖြူ၊ သံတွဲ၊ ငပလီ၊ ဂွ၊ မော်တင်စွန်းဘက်တွေကို ရောက်ရှိနိုင်တဲ့အကြောင်း၊ မုန်တိုင်းဗဟိုလမ်းကြောင်းရဲ့ ဘယ်ဘက်ခြမ်းမှာရှိနေတဲ့ မတူပီ၊ ဟားခါး၊ ထီးလင်း၊ ဂန့်ဂေါ၊ မင်းကင်း၊ ကနီ၊ တန့်ဆည်၊ ကျွန်းလှ၊ ကောလင်း၊ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ မြို့လှ၊ မိုးညှင်း အထိ ရောက်ရှိနိုင်သလို မုန်တိုင်းဗဟိုရဲ့ ညာဘက်မှာတော့ စေတုတ္တရာ၊ ချောက်၊ ညောင်ဦး၊ ပေါက်၊ မြိုင်၊ မြင်းခြံ၊ မုံရွာ၊ မြင်းမူ၊ တံတားဦး၊ မန္တလေး၊ ရွှေဘို၊ သပိတ်ကျင်း၊ မိုးကုတ်၊ ရှမ်းမြောက်အထိ ဖြတ်သန်းနိုင်တယ်လို့ ပြောပါတယ်။
“မုန်တိုင်းဗဟိုဖြတ်သွားတဲ့ ကမ်းခြေတွေအကုန်မှာ ဒီလှိုင်းက ၇ ပေကနေ ၈ ပေအမြင့်၊ ရေထုထည်က ၁ နာရီကို မိုင် ၁၀၀ ကျော်နဲ့ ဝင်ရိုက်မယ်။ ကမ်းခြေတွေ၊ မြစ်ချောင်းတွေမှာ ပုံမှန်ဒီရေ တက်သလို တအိအိနဲ့ တက်လာမှာမဟုတ်ဘူး၊ အရှိန်၊ အဟုန်၊ ဝိတ်နဲ့ ဝင်ရိုက်မှာဖြစ်လို့ ထိခိုက်မှုများနိုင်တယ်။ အရမ်းကို ပျက်စီးဆုံးရှုံးမှုများနိုင်တယ်၊ သတိထားပြီး ရှောင်စေချင်တယ်”လို့ ဦးဝင်းနိုင်က သတိပေးပါတယ်။








