ယူကရိန်း မာရီယိုပိုးလ်မြို့ကို သွားရောက်ခဲ့တဲ့ ရုရှားသမ္မတခရီးစဉ်အပါအဝင် မတ်လ ၁၉ ရက်ညနောက်ဆုံးရ သတင်းများ

သမ္မတ ပူတင် လူနေရပ်ကွက်တွေအတွင်း ပြန်လည်တည်ဆောက်ထားတဲ့ ကလေးကစားကွင်းကို ဝင်ရောက် ကြည့်ရှုခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သမ္မတ ပူတင် လူနေရပ်ကွက်တွေအတွင်း ပြန်လည်တည်ဆောက်ထားတဲ့ ကလေးကစားကွင်းကို ဝင်ရောက် ကြည့်ရှုခဲ့
ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ယူကရိန်းကို ရုရှားကျူးကျော်မှုကို စတင်ခဲ့ပြီးနောက် သမ္မတ ပူတင်ဟာ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်း နယ်မြေထဲက မာရီယိုပိုးလ်မြို့ကို ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလက ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံ မာရီယိုပိုးလ် မြို့ကို သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံပိုင်မီဒီယာတွေက သမ္မတ ပူတင်ဟာ ညအချိန်မှာ ရဟတ်ယာဉ်နဲ့ ဒွန်းဘတ်စ်ဒေသ တောင်ပိုင်းမှာရှိတဲ့ အဲဒီ စက်မှုဆိပ်ကမ်းမြို့ကို သွားရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားမီဒီယာတွေက ဖော်ပြတဲ့ သတင်း ဓာတ်ပုံတွေမှာတော့ မစ္စတာပူတင်ဟာအမှောင်ထဲမှာ ဒေသတစ်ဝိုက်ကို ကားနဲ့ မောင်း သွားတာတွေ့ရပြီး ဒေသခံတွေနဲ့ ရပ်ပြီး စကားစမြည်ပြောတာတွေ လုပ်ခဲ့ပါတယ်။

ဒါအပြင် လူနေရပ်ကွက်တွေအတွင်း ပြန်လည်တည်ဆောက်ထားတဲ့ ကလေးကစားကွင်းကို ဝင်ရောက် ကြည့်ရှုခဲ့ပြီး ပြုပြင်ထားတဲ့ ကဇာတ်ရုံကိုလည်း ဝင်ရောက်ခဲ့ပါတယ်။

အခုခရီးစဥ်ဟာ သမ္မတပူတင် ရုရှားတို့သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသကို သွားရောက်ခဲ့ပြီး တစ်ရက်အကြာမှာ အခု ခရီးစဉ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ပူတင်သွားရောက်ခဲ့တဲ့နေရာတွေဟာ ဘယ်နေရာတွေဆိုတာ ဘီဘီစီက သီးခြား အတည်ပြုနိုင်တာ မရှိပါသေးပါဘူး။

ဗီဒီယို ပုံစာ, နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဖမ်းဝရမ်း ထုတ်ပြီးနောက် ယူကရိန်းထဲကို သွားခဲ့တဲ့ ပူတင်

မြောက်ကိုရီးယား တာတိုပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်

၂၀၂၂ ခုနှစ်မှာ အရင်နှစ်တွေထက် မစ်ဇိုင်းဒုံးကျည်များများ ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNCA

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်မှာ အရင်နှစ်တွေထက် မစ်ဇိုင်းဒုံးကျည်များများ ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ကမ်းရိုးတန်းကနေ ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ဒီ လက်နက်စမ်းသပ်မှုဟာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်တဲ့ ပြင်းထန်တဲ့ ရန်စမှုတစ်ခုဖြစ်တယ်လို့ တောင်ကိုရီးယားဘက်က ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်နေချိန်နဲ့ တိုက်ဆိုင်ပြီး ဒုံးကျည်တွေ ဆက်တိုက်ပစ်လွှတ်နေခဲ့ပြီး အခုပစ်လွှတ်မှုက သိပ်မကြာသေးမီက ပစ်လွတ်ခဲ့တဲ့ နောက်ဆုံး ပစ်လွှတ်မှု ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်မှာ ထပ်ခါတလဲလဲ ဒုံးကျည်ပစ်လွှတ်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်နဲ့ ဒေသတစ်ဝိုက်မှာ တင်းမာမှုတွေ တိုးလာခဲ့ပါတယ်။

“ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည်တွေကိုလည်း ပစ်လွှတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒီလုပ်ရပ်တွေဟာ ဂျပန်နိုင်ငံနဲ့ ဒေသတွင်းအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာကြောင့် ကျွန်တော်တို့ ဒါကို လုံးဝလက်မခံနိုင်ပါဘူး “လို့ ဂျပန်နိုင်ငံက ဒုတိယ ကာကွယ်ရေးဝန်ကြီး တိုရှီအို အိနိုက ပြောပါတယ်။

အခု ပစ်လွတ်လိုက်တဲ့ ဒုံးကျည်ဟာ သီးသန့်စီးပွားရေးဇုန် အပြင်ဘက်သို့ ကျရောက်ခဲ့တယ်လို့ ဂျပန်က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း တောင်ကိုးရီးယားသမ္မတ ယွန်ဆွတ်ယို ဂျပန်နိုင်ငံ တိုကျိုမြို့ကို ခရီးစဥ်မစတင်မီ အချိန်မှာပဲ မြောက်ကိုရီးတို့ဟာ တာဝေး တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့် မှာ ကားလမ်းဘေးပြုတ်ကျလို့ ၁၉ ဦး သေဆုံး

 ဘတ်စ်ကားဟာ လမ်းဘေးကားထားတဲ့ အတားအဆီးကို ဖြတ်ကျော်ပြီး ကိုးမီတာ အနက်ရှိတဲ့ လမ်းဘေးမြောင်းထဲကို ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘတ်စ်ကားဟာ လမ်းဘေးကားထားတဲ့ အတားအဆီးကို ဖြတ်ကျော်ပြီး ကိုးမီတာ အနက်ရှိတဲ့ လမ်းဘေးမြောင်းထဲကို ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဘတ်စကား တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

ခရီးသည် ၄၀ ကျော် တင်ဆောင်လာတဲ့ ဘတ်စကားဟာ လမ်းဘေးကာထားတဲ့ အတားအဆီးကို ဖြတ်ကျော်ပြီး ကိုးမီတာ အနက်ရှိတဲ့ လမ်းဘေးမြောင်းထဲကို ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

အနည်းဆုံး လူ ၁၂ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ ကားမောင်းတဲ့သူဟာ ကားတာယာပွင့်ထွက်သွားပြီးနောက်မှာ ဘတ်စကားကို အရှိန်ထိန်းလို့မရ ဖြစ်ခဲ့တယ်လို့ ယူဆရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီဘတ်စကား မတော်တဆမှုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်းက မြို့တော် ဒါကာနဲ့ ကီလိုမီတာ ၈၀ လောက်ဝေးတဲ့ ကားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ။

တောင်ကိုရီးယားမှာ အသက် ၆၀ ကျော် အလုပ်သမား တိုးလာ

တိုးမြင့်လာတဲ့ လူနေမှုစရိတ်တွေအတွက် လူတွေအခုလို အလုပ်ပိုလုပ်ရဖို့ ဖြစ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, News 1

ဓာတ်ပုံ ပုံစာ, တိုးမြင့်လာတဲ့ လူနေမှုစရိတ်တွေအတွက် လူတွေအခုလို အလုပ်ပိုလုပ်ရဖို့ ဖြစ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားမှာ အသက် ၆၀ နဲ့ အထက်အသက်အရွယ်တွေ လုပ်ငန်းခွင်တွေထဲမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ပမာဏာဟာ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း နှစ်ဆကျော် တိုးလာခဲ့ပါတယ်။

အခုလို အသက် ၆၀ ကျော် အရွယ် သက်ကြီးအရေအတွက် လုပ်ငန်းခွင်တွေမှာ တိုးလာတာဟာ တိုးမြင့်လာတဲ့ လူနေမှုစရိတ်တွေအတွက် လူတွေအခုလို အလုပ်ပိုလုပ်ရဖို့ ဖြစ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားမှာ သက်ကြီးရွယ်အိုဦးအရေအတွက် အလျင်အမြန်တိုးပွားလာနေပြီး ကလေးမွေးဖွားနှုန်း ကျဆင်းလာနေတာကလည်း တစ်စိတ်တစ်ပိုင်း တွန်းပို့နေသလို ဖြစ်နေပါတယ်။

အခုအတိုင်းဆိုရင် အသက်အရွယ်ကြီးသူတွေဟာ စီးပွားရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဖို့ရှိနေတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ အသက်ကြီးသူတွေ လုပ်ငန်းခွင်ထဲမှာ ဝင်ရောက်လုပ်ကိုင်တဲ့ အရေအတွက်များလာတာကြောင့် နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းကလည်း စံချိန်တင် ကျဆင်းခဲ့ပါတယ်။