ရခိုင်ပါတီ ထက်ဝက်ခန့် စစ်ကောင်စီ ကော်မရှင်မှာ မှတ်ပုံပြန်တင်

ရခိုင်ပြည်နယ်ရဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်ရဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP
ရေးသားခဲ့သည်။

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီမှာ ပြန်လည်မှတ်ပုံတင် လျှောက်ထားကြတဲ့ ရခိုင်အခြေစိုက်ပါတီ ၅ ပါတီခန့်ရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီပါတီတွေကတော့ ပြည်နယ်အဆင့်မှာပဲ မှတ်ပုံပြန်တင်ကြတာဖြစ်ပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ် ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှာ ယခင်ရှိခဲ့တဲ့ပါတီတွေထဲက တချို့ဟာ ပြန်လည်လျှောက်ထားခြင်းမရှိတော့ဘဲ ဖျက်သိမ်းဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ တချို့ပါတီတွေကတော့ ဘယ်အစိုးရပဲဖြစ်ဖြစ် လူမျိုးကို ကိုယ်စားပြုတဲ့နိုင်ငံရေးပါတီတစ်ရပ်ဆိုတာ တရားဝင်ရှိဖို့လိုအပ်တယ်ဆိုပြီး ပါတီကို သက်တမ်းပြန်တိုးကြတဲ့သဘောလို့ ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP၊ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ရှေ့ဆောင်ပါတီ AFP၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ RSNUP၊ မြိုတိုင်းရင်းသားပါတီ၊ ခမီတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကတော့ မှတ်ပုံတင်ပြန်လည်လျှောက်ထားလိုက်ကြပြီ ဖြစ်ပါတယ်။

ယခင်က ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံခြင်းဥပဒေအောက်မှာ ရခိုင်ပြည်နယ်အတွင်း တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားကြတဲ့ နိုင်ငံရေးပါတီ ၉ ပါတီရှိခဲ့ပါတယ်။ အဲ့ဒီအနက် စစ်ကောင်စီရဲ့ ဥပဒေသစ်ထွက်ပေါ်လာပြီးနောက်ပိုင်းမှာတော့ ၅ ပါတီ မှတ်ပုံပြန်တင်ခဲ့တာ ဖြစ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ML

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ် ထွက်ပေါ်လာပြီးနောက်ပိုင်းမှာတော့ နိုင်ငံရေးပါတီတွေအကြား ရပ်တည်ရေးကိစ္စတွေနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ကြပါတယ်။ ပြည်သူတွေနဲ့ ပါတီတွေအကြားမှာလည်း ဝါဒကွဲလွဲမှုတွေ၊ အမြင်မတူမှုတွေရှိခဲ့သလို ဝေဖန်မှုတွေလည်းမြင့်တက်ခဲ့ပါတယ်။

ဒါပေမဲ့ ရခိုင်မှာတော့ ပြည်နယ်အခြေစိုက် ပါတီတွေအဖြစ် မှတ်ပုံတင် ပြန်လည်လျှောက် ထားခဲ့ကြတဲ့ပါတီတွေဘက်ကတော့ နိုင်ငံရေးအရှုပ်အထွေးတွေကြောင့် မိမိလူမျိုး၊ မိမိဒေသနဲ့ မိမိတို့နိုင်ငံရေးအတွက် နိုင်ငံရေးပါတီတွေ ဆိုတာ တရားဝင်ရှိနေသင့်သေးပြီး ဖျက်သိမ်းလိုက်လို့ရှိရင် အခက်အခဲတွေနဲ့ ကြုံရနိုင်တဲ့အတွက် အခုလိုပြန်လည် မှတ်ပုံတင်ဖို့ လျှောက်ထားရတာလို့ တုံ့ပြန်ကြပါတယ်။ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်ရဲ့ အင်အားအကြီးဆုံးပါတီတစ်ခုဖြစ်သလို ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ တိုင်းမှာလည်း နေရာအများဆုံးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အမျိုးသားရေးအားနည်းသေးတဲ့နေရာတွေကို အားကောင်းလာအောင်စည်းရုံးဆောင်ရွက်နိုင်ရေး၊ အမျိုးသားရေးအားကောင်းတဲ့နေရာတွေမှာ ပိုမိုအားကောင်းလာအောင် ထိန်းသိမ်းလုပ်ဆောင်ရေး၊ တိုင်းရင်းသားမျိုးနွယ်စုများနဲ့ နိုင်ငံရေးအရ ဆက်စပ်လုပ်ဆောင်ရေး၊ ညီနောင် တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးတို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီနိုင်ရေးတို့အတွက် ဆက်စပ်လုပ်ဆောင်ရေး အဲ့ဒီအချက်တွေမှာ အခြေခံပြီးတော့ ပြန်လည်မှတ်ပုံတင်ရတာဖြစ်တယ်လို့ ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

“ကျွန်တော်တို့ပါတီကတော့ အမျိုးသားနိုင်ငံရေးအတွက် ထူထောင်ခဲ့တဲ့ပါတီဖြစ်တဲ့အတွက်ကြောင့် လက်ရှိရှုပ်ထွေးတဲ့မြန်မာနိုင်ငံရေးပြဿနာကြားထဲမှာလည်း အမျိုးသားနိုင်ငံရေးကို လုပ်မယ့်ပါတီတစ်ရပ်အနေနဲ့ ထူထောင်ထားသင့်တယ်။ ရပ်တည်နေသင့်တယ်လို့ယူဆလို့ မှတ်ပုံတင်လျှောက်ထားလိုက်တာဖြစ်တယ်”လို့ ဦးသာထွန်းလှက ပြောပါတယ်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေ

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်မြို့တော် စစ်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အရင်တုန်းကတော့ ရခိုင်အမျိုးသားပါတီဟာ ပြည်ထောင်စုတစ်ဝန်လုံးကို စည်းရုံးခွင့်ရှိတဲ့ပါတီအဖြစ် မှတ်ပုံတင်ထားခဲ့တာဖြစ်ပါတယ်။ အခု စစ်ကောင်စီက ထုတ်တဲ့ဥပဒေအရ ပြည်စုတစ်ဝန်းလုံးကို စည်းရုံးဖို့မှတ်ပုံတင်ဖို့အတွက် အကန့်အသတ်၊ အခက်အခဲတွေ၊ အကျပ်အတည်းတွေဆိုက်ရောက်သွားခဲ့ရပြီး ကန့်သတ်မှုတွေခံလိုက်ရတဲ့အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။

သို့သော်ငြားလည်း ရခိုင်လူမျိုးနဲ့ ရခိုင်ပြည်နယ်အရေးအတွက် အမျိုးသားနိုင်ငံရေးလိုအပ်ချက်အရ ရခိုင်အမျိုးသားပါတီကို ရခိုင်ပြည်နယ်ကိုအခြေစိုက်ပြီး ပြည်နယ်အတွင်းမှာ စည်းရုံး လှုပ်ရှားမှုလုပ်မယ့်ပါတီအဖြစ် မှတ်ပုံတင်ဖို့အတွက်ဆုံးဖြတ်လိုက်ကြတာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးပါတီတွေအပေါ် တင်းကျပ်တဲ့စည်းကမ်းသတ်မှတ်ချက်တွေနဲ့ မှတ်ပုံတင်ဥပဒေသစ်တစ်ရပ်ကို စစ်ကောင်စီက ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်းမှာတော့ တချို့ပါတီတွေက အဲ့ဒီဥပဒဟာ ပါတီရဲ့မူဝါဒနဲ့ဆန့်ကျင် တယ်ဆိုပြီး ပြန်လည်မှတ်ပုံတင်ခြင်းမလုပ်ကြတော့ပါဘူး။

ကမာန်တိုင်းရင်းသားတိုးတက်ရေးပါတီကတော့ ငွေကြေးအရရော နေရာအနေအထားနဲ့ လူဦးရေနည်းပါးမှု တို့အတွက် ပါတီဆက်လက်ရပ်တည်ဖို့ စစ်ကောင်စီရဲ့ဥပဒေသစ်မှာ ကန့်သတ်ထားချက်တွေဟာ ကြီးမားတဲ့အတားအဆီးတွေဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီအခြေအနေတွေကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD နဲ့ ကမာန်တိုင်းရင်းသားတိုးတက်ရေး ပါတီတို့ကတော့ ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားခြင်းမပြုတော့ဘူးလို့ ပါတီခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။

မြိုဒီမိုကရစီပါတီနဲ့ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကတော့ ပြန်လည်ပြီးတော့ မှတ်ပုံတင်လျှောက်ထားကြမလား ဖျက်သိမ်းကြတော့မလားဆိုတာတော့ မသိရသေးပါဘူး။

စစ်ကောင်စီက ရေးဆွဲတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်းမှာ ပြန်လည်လျှောက်ထားကြဖို့ထုတ်ပြန်ထားတာပါ။ စစ်ကောင်စီသတ်မှတ်တဲ့ ရက်ပေါင်း ၆၀ ဟာ မတ်လ ၂၆ ရက်နေ့မှာ ပြည့်ခဲ့ပေမယ့် ရုံးပိတ်ရက်တွေဖြစ်နေတဲ့အတွက် ၂၈ ရက်နေ့အထိ တိုးမြှင့်လက်ခံဖို့ ထုတ်ပြန်ထားပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Screen Shot

တချို့မျိုးနွယ်စုပါတီတွေအနေနဲ့တော့ ပြန်လည်မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြ တာဟာလည်း အမျိုးသားနိုင်ငံရေးအရ ရပ်တည်ဖို့လိုအပ်နေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ မြိုတင်းရင်းသားပါတီဥက္ကဋ္ဌ ဦးအေးထွန်းက ပြောပါတယ်။

“ကျွန်တော်တို့က လူနည်းစုလည်းဖြစ်တယ်ဆိုတော့ အစိုးရနဲ့ပြည်သူကြားမှာ ဆက်စပ်ပေးနိုင်အောင်အတွက် ရည်ရွယ်ပါတယ်။ ပြီးတော့ ဥပဒေဘောင်အတွင်းကနေ ကိုယ့်လူမျိုးစုကို ပါတီပိုင်းဆိုင်ရာနဲ့ စည်းရုံးနိုင်အောင်ဆိုပြီးတော့ အဲ့ဒီနှစ်ချက်မှာအခြေခံပါတယ်။”လို့ ဦးအေးထွန်းက ပြောပါတယ်။

မြိုလူမျိုးတွေဟာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အတွင်း သုံးမြို့နယ်လောက်မှာပဲ နေထိုင်လျက်ရှိကြတဲ့အတွက် ဥပဒေသစ်ရဲ့သတ်မှတ်ချက်တွေအရ ရုံးတွေဖွင့်လှစ်နိုင်ရေးအတွက်လည်း အခက်အခဲတွေနဲ့ ကြုံနေကြရသလို ရွေးကောက်ပွဲကျင်းပလာခဲ့လို့ရှိရင်လည်း သူတို့အတွက် မျှော်လင့်ချက်မရှိဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာလည်း အနိုင်ရရှိခဲ့ခြင်းမရှိတာကြောင့် အင်အားကြီးဒေသပါတီတွေအနေနဲ့ သူတို့ပါတီတွေကို ထည့်သွင်းစဉ်းစားနေကြတဲ့အပေါ်မှာတော့ ကြိုဆိုတယ်လို့ မြို့ပါတီက သူတို့ရဲ့သဘောထားတွေကို ချပြလာပါတယ်။

အဲဒီနိုင်ငံရေးပါတီတွေသာ မရှိခဲ့လို့ရှိရင် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေက ရှုပ်ထွေးနေတဲ့အတွက် ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ သုံးသပ်ပြောကြားဖို့ အခက်အခဲရှိနေတယ်လို့ ရခိုင်အမျိူးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ဖို့အတွက် မှတ်ပုံပြန်တင်ကြပေမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့တော့ ယုံကြည်မျှော်လင့်ချက်တွေကတော့ ပါတီတွေအပေါ်မှာ ထင်ထင်ရှားရှားမရှိကြသေးပါဘူး။

စစ်ကောင်စီက သူတို့ပြောဆိုထားသလိုမျိုး ရွေးကောက်ပွဲကိုလည်း ဘယ်နည်းဘယ်ပုံပြုလုပ်လာမယ်၊ ဘယ်အချိန်မှာကျင်းပပေးလိမ့်မယ်ဆိုတာကို ယုံကြမှုတွေလည်းမရှိကြသေးတာကို တွေ့ရပါတယ်။

“ရွေးကောက်ပွဲဥပဒေ သုံးခုကမထွက်သေးဘူး။ ရွေးကောက်ပွဲဥပဒေထွက်တဲ့အခါမှာ ဘယ်လိုဖြတ်သန်းမှာလည်းဆိုတာ ဒုတိယပိုင်းအနေနဲ့သွားမှာပါ။”လို့ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောပါတယ်။

ကိုယ့်ပြည်နယ်အတွက် အမျိုးသားတန်းတူရေးအတွက် နိုင်ငံရေးလိုအပ်ချက်ရှိနေတာကြောင့် ပါတီတွေမှတ်ပုံပြန်တင်ဖို့လိုအပ်ပြီး မှတ်ပုံပြန်တင်မှ တရားဝင်နိုင်ငံရေးပါတီတစ်ရပ်အဖြစ် တည်ဆဲအစိုးရက အသိမှတ်ပြုမှာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ သို့မှာသာ ပြောနိုင်ဆိုနိုင်မယ့်ကဏ္ဍတွေ တရားဝင်ရှိလာနိုင်မယ်လို့ သူကဆိုပါတယ်။

တခြားတိုင်းရင်းသား ဒေသတွေမှာလည်း မှတ်ပုံပြန်တင်တဲ့ပါတီတွေရှိသလို ဖျက်သိမ်းလိုက်ကြတဲ့ အင်အားကြီးပါတွေရှိနေကြပါတယ်။ ဘာကြောင့် မှတ်ပုံပြန်မတင်ဘဲ ဖျက်သိမ်းလိုက်လဲဆိုတာကတော့ သူတို့တိုင်းရင်းသားလူမျိုးတွေရဲ့အခြေအနေတွေနဲ့ သူတို့ရဲ့နိုင်ငံရေးအခြေအနေတွေအပေါ် မူတည်လိမ့်မယ့်လို့ သုံးသပ်ကြပါတယ်။

ပါတီတွေကိုဖျက်သိမ်းလိုက်ကြပေမယ့် စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသားတွေနဲ့ ဆက်စပ်ပြီး ကျန်တဲ့နည်းလမ်းတွေနဲ့ ဆက်လက်လှုပ်ဆောင်ကြလိမ့်မယ်လို့ ဦးသာထွန်းလှက သုံးသပ်ပါတယ်။