“တခုခုလုပ်နေတယ်ဆိုတာပြဖို့” ဆက်လက် ဆုပ်ကိုင်ထားတဲ့ အာဆီယံမူ ၅ ချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆုံးဖြတ်ချက် ဘာများထွက်လာလေမလဲလို့ မြန်မာပြည်သူ အများအပြားနဲ့ မြန်မာ့အရေး စောင့်ကြည့်လေ့လာတဲ့သူတွေ ရည်မျှော်မှန်းဆခဲ့ကြတဲ့ မြန်မာ့ အကျပ်အတည်းအရေးဆိုင်ရာ အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်း အဝေး ပြီးသွားတဲ့အခါ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဟာ အရင် ချမှတ်ထားတဲ့ မူ ၅ ချက်ကို ဆက်လက် ဆုပ်ကိုင်သွားမယ်ဆိုတာကိုပဲ သူတို့ လက်ခံ လိုက်ရပါတယ်။
ကြာသပတေးနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အာဆီယံ အထွေထွေ အတွင်းရေးမှူးရုံးမှာ ကျင်းပခဲ့ကြတဲ့ အဲဒီအစည်းအဝေးထုတ်ပြန်ချက်ထဲမှာ မြန်မာအရေးဟာ “အရေးကြီးပြီး အထိခိုက်မခံတဲ့ အနေအထားမှာဆက်ရှိနေပြီး ဒါတွေကို မဖြေရှင်းနိုင်တာက အာဆီယံ နဲ့ အာဆီယံရဲ့ အထူးကိုယ်စားလှယ်တို့ ကြောင့်မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်နေတဲ့ ပဋိပက္ခတွေက ရှုပ်ထွေး ခက်ခဲလွန်းနေတဲ့ အတွက် ဖြေရှင်းရခက်ခဲတဲ့ အခြေအနေမှာ ရှိနေတာ” လို့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံက မှတ်ချက်ချထား ပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်ကို အမြန်ဆုံးရနိုင်ဖို့ သူတို့ “ပိုမိုပိုင်းဖြတ် လုပ်ဆောင်” သွားမယ်လို့လည်း အာဆီယံက ပြောပါတယ်။
မြန်မာ့အရေး အာဆီယံ မူ ၅ ချက်
မနှစ်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီစစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြကြတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်တွေက ရက်စက်စွာ ပစ်ခတ်ဖြိုခွဲတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီရဲ့ အကြမ်းဖက် နှိပ်ကွပ် ဖြိုခွဲမှုတွေအပေါ် ရှုတ်ချနေကြတဲ့ ကာလအတွင်း ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်တဲ့ အာဆီယံရဲ့ မြန်မာ့အရေး အရေးပေါ် အစည်းအဝေးကနေ ဘုံသဘောတူညီချက် ၅ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါတွေကတော့ -
၁။ မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊
၂။ သက်ဆိုင်သူတွေကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းစွာ အဖြေရှာကြရန်၊
၃။ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီကို ရယူပြီး အာဆီယံ ဥက္ကဋ္ဌရဲ့ အထူး ကိုယ်စားလှယ်တယောက်က ဆွေးနွေးရေးလုပ်ငန်းစဉ်တွေကို ကြားဝင် ညှိနှိုင်းပေးရန်၊
၄။ အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ကူညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို လူသားချင်း စာနာမှုအကူအညီတွေပေးရန်၊
၅။ အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ က မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူ ဘက်ပေါင်းစုံနဲ့ တွေ့ဆုံရန် စတာတို့ ဖြစ်ပါတယ်။
ဒီမူတွေကို အကောင်အထည်ဖော်နိုင်ဖို့ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ အပါအဝင် အာဆီယံ ဆိုင်ရာ မြန်မာ အထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဥ်တွေ ရှိခဲ့ပါတယ်။
အခုဆိုရင် မူတွေချမှတ်ပြီး အချိန်ကာလ ၁၈ လ တာကျော် လာခဲ့တာနဲ့အတူ တခုမှ အကောင်အထည် ပေါ်မလာတဲ့ အပေါ် အာဆီယံရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ အများအပြား ပေါ်ထွက်ခဲ့သလို ဒီမူဝါဒတွေက အလုပ် ဖြစ်ပါ့မလားလို့ စောကြောတာတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီမူတွေကို အာဆီယံက ဆက်လက်ဆုပ်ကိုင်ထားဆဲ ဖြစ်သလို အနောက် ဒီမိုကရေစီနိုင်ငံတွေအပြင် တရုတ်နဲ့ ရုရှားတို့ကလည်း ဆက်လက် ထောက်ခံကြဆဲပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဆီယံက ဘာဆက်လုပ်မှာလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီအထူးအစည်းအဝေးဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် အာဆီယံနိုင်ငံများ ထိပ်သီးအစည်းအဝေး မတိုင်မီ ကျင်းပတာဖြစ်ပြီး အဲဒီ ထိပ်သီးအစည်းအဝေး ကို မြန်မာစစ်ခေါင်းဆောင်ကို တက်ဖို့ ဖိတ်ခေါ်ထားတာ မရှိဘူးလို့ အေအက်ဖ်ပီ သတင်းထဲမှာ ဖော်ပြထားပါတယ်။
အာဆီယံအနေနဲ့ နိုင်ငံရေးအရ ကိုယ်စားမပြုသူတယောက် အစည်းအဝေးကို တက်နိုင်တယ်လို့ အရင် ထိပ်သီးအစည်းအဝေးမှာ ဖိတ်ခေါ်ခဲ့ပေမယ့် မြန်မာ စစ်ခေါင်းဆောင်တွေဘက်က ဘယ်သူ့ကိုမှ မစေလွှတ်ခဲ့ပါဘူး။
အခုနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးကို မဖိတ်ခဲ့သလို အရင်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဖိတ်ကြားတာမျိုးလည်း မရှိခဲ့ပါဘူး။
ဒါပေမယ့် တခြားကဏ္ဍဆိုင်ရာ ဥပမာ - လုံခြုံရေး၊ စီးပွားရေး စတဲ့ ကဏ္ဍတွေနဲ့ ပတ်သက်တဲ့ အာဆီယံအစည်းအဝေးတွေမှာတော့ မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်တာ တွေ့ရပါတယ်။
အခု အာဆီယံရဲ့ နောက်ဆုံး ရပ်တည်ချက်နဲ့ ပတ်သက်လို့ မြန်မာ စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်တာမျိုး ထွက်မလာသေးပါဘူး။
အာဆီယံ အဖွဲ့ဝင် မလေးရှားနိုင်ငံ ကတော့ အာဆီယံကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG )၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) စတာတွေနဲ့ ထိတွေ့ဆက်ဆံဖို့ တိုက်တွန်းထားပါတယ်။
အာဆီယံဟာ မြန်မာ့အရေးကို ငြိမ်းချမ်းစွာဖြေရှင်းခြင်းဆိုင်ရာ မူ ၅ ချက်ကို ဆက်လက် ဆုပ်ကိုင်ထားပေမယ့် ဘယ်လို လုပ်ငန်းစဥ်တွေကို လုပ်ဆောင်သွားမယ် ဆိုတာမျိုး ထုတ်ဖော်ပြောတာမရှိသလို ဘယ်လို အချိန်စာရင်းနဲ့ လုပ်ဆောင်သွားမယ် ဆိုတာမျိုးလည်း သတ်သတ်မှတ်မှတ် မရှိပါဘူး။
မြန်မာ့အရေးလေ့လာသုံးသပ်သူ တယောက်ဖြစ်တဲ့ စင်ကာပူ အမျိုးသား တက္ကသိုလ်က ဦးကြည်စင်က အာဆီယံအနေနဲ့ ဒီမူတွေ ကိုင်စွဲထားရမှာက လွဲလို့ တခြား လုပ်စရာမရှိဘူးလို့ ဆိုပါတယ်။
“ဒီ မူ ၅ချက်က အလုပ်မဖြစ်ဘူးဆိုတာကို အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က ထောက်ပြ တာတော့ ရှိတယ်။ ဒါပေမယ့် အာဆီယံက ဒီမူ ၅ ချက်ကို ကျော်ပြီး နောက် လမ်းကြောင်းတခုကို ဖော်ဖို့ဆိုရင် မြန်မာနိုင်ငံကို ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် မြန်မာစစ်ခေါင်းဆောင်တွေကို အလျှော့ပေးဆက်ဆံ တာမျိုးဖြစ်ဖြစ် အဲဒီ ၂ မျိုးပဲ လုပ်လို့ရနိုင်မယ်၊ ၂ မျိုးလုံးက အာဆီယံအတွက် အဆင်မပြေလှဘူး၊ ဒီတော့ အာဆီယံအနေနဲ့က တခုခုလုပ်နေတယ်ဆိုတာ ပြဖို့ရယ်၊ အာဆီယံ ဗဟိုပြုတဲ့ ချဉ်းကပ်မှု ဆက်ပြီးဆောင်ရွက်နိုင်နေတယ်ဆိုတာ ပြဖို့ရယ် စတာတွေကြောင့် ဒီ မူ ၅ ချက်ကို ဆက်ပြီး ကိုင်နေတာ။”








