မတ်လ ၅ ရက် နေ့ ထိပ်တန်းသတင်းများ စုစည်းချက် ကရင်နီ ပြည်နယ်မှာ လက်နက်ကြီးထိလို့ တလအတွင်း အရပ်သား ၈ဦး သေဆုံး
လျှပ်စစ်မီးပျက်ပြီး ဧည့်သည် မရှိလို့ ဟိုတယ်တွေ တွက်ချေမကိုက်ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, LPK
အာဏာသိမ်း ၂နှစ်ရှိလာတဲ့နောက် ပြည်တွင်းခရီးသွားရှိလာပေမဲ့ အရင်ကာလတွေထက် ဧည့်သည်မများသလို လျှပ်စစ်မီးပြတ်တောက်ချိန်များလို့ နယ်ဒေသတွေက ဟိုတယ်တွေ တွက်ချေမကိုက်ဖြစ်နေတယ်လို့ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ကြသူတွေကပြောပါတယ်။
" ပြင်ဦးလွင်ကတော့ ပြည်တွင်းဧည့်သည်ပဲ အဓိကကပါ။ နွေရောက်ပြီဆိုတော့ အပူရှောင်ဖို့ လာကြတယ်။ မီးက အရမ်းပြတ်တယ်။ မနက် ၁၀ ည ၁၀ ပြတ်တဲ့ အချိန်လည်းရှိတယ်။ အဲ့တော့ မီးစက်ပဲ တချိန်လုံးအားကိုးလည်ပတ်ရတဲ့ အခြေအနေ ဖြစ်လာတယ်။ ဓာတ်ဆီ၊ ဒီဇယ် ကလည်း ဈေးကြီးတော့ ဘယ်လိုမှ အရင်ဈေးနဲ့ တောင့်ခံလို့ မရဘဲ အခန်းခ ဈေးတက်ရတယ်။ ခရီးသွားရာသီမို့ ဈေးမြင့်ယူ အမြတ်ရတာမျိုး မဟုတ်ဘူး။ လုပ်ငန်းလည်ပတ်နိုင်အောင် ဈေးတက်ရတာဖြစ်လာတယ်" လို့ ပြင်ဦးလွင်က ဟိုတယ်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
မန္တလေး မြို့မှာလည်း ဟိုတယ် အကြီးအသေးပေါင်း ရာနဲ့ချီ ရှိပေမယ့် လုပ်ငန်းလည်ပတ်နိုင်တဲ့ ဟိုတယ် ဆယ်ဂဏန်းသာရှိမယ်လို့ ဟိုတယ်ပိုင်ရှင်တစ်ဦးကဆိုပါတယ်။
" ကျွန်တော့်ဟိုတယ်ဆို ကိုဗစ်ထဲက ပိတ်ထားတာ အာဏာသိမ်းတာနဲ့ဆက်သွားတော့ ဘယ်လိုမှ ပြန်ဖွင့်ဖို့ အဆင်မပြေနိုင်ဘူး။ ပြီးတော့ မီးပေးတာကလည်း အချိန် အရမ်းနည်းတော့ တခြားဖွင့်တဲ့ ဟိုတယ် တွေမှာ လုပ်ငန်းလည်ပတ်စရိတ်မှာ ဆီဖိုးက ဆတိုးထပ်ပေါင်းရသလို ဖြစ်နေတယ်ကြားတော့ ပြန်မဖွင့်ဖြစ်သေးဘူး " လို့ ဟိုတယ်ပိုင်ရှင်တစ်ဥိးကဆိုပါတယ်။
မန္တလေး မှာ အရင်ကဆို အောက်တိုဘာက စတဲ့ ခရီးသွားရာသီမှာ နိုင်ငံခြားသား ဧည့်သည်တွေ ဝင်ရောက်လေ့ရှိပြီး မတ်၊ ဧပြီ၊ ၊ မေလတွေမှာ ပြည်တွင်း ခရီးသွားရာသီနဲ့ဆက်ပြီး ဧည့်သည်များလေ့ရှိပေမယ့် ဒီနှစ်တွေမှာတော့ နိုင်ငံခြားသား ခရီးသွားအလွန်နည်းပါးပြီး လုပ်ငန်းကိစ္စနဲ့ လာရောက်တဲ့ တရုတ်၊ ကိုရီးယားစတဲ့ ဧည့်သည်သာ အနည်းငယ်ရှိတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုကြပါတယ်။
ဒီလိုခရီးသွားနည်းနေတဲ့ အချိန်မှာ မီးပြတ်ချိန်များပြီး မီးစက်ကိုအဓိကသုံးလည်ပတ်နေရလို့ ကုန်ကျစရိတ် များလာတယ်လို့ မန္တလေး က ဟိုတယ် မန်နေဂျာတစ်ဦး ပြောပြတာက
" ဧည့်သည်တစ်ခန်းပဲရှိရှိ၊ အပြည့်ပဲရှိရှိ မီးက အမြဲပေးရတာပါ။ ကိုယ့်ဆီကိုလာတည်းတဲ့ ဧည့်သည်တွေ အေးအေးဆေးဆေး တည်းခိုနိုင်ဖို့ကလည်း အဓိက ဝန်ဆောင်မှုဆိုတော့လေ။ အဲ့တော့ မီးစက် ဒီဇယ်ဖိုးက အရမ်းထိလာပါတယ်။ နောက်ဆုံးတော့ အခန်းခကို တက်ယူရတော့ ဧည့်သည်တွေပဲ ကုန်ကျစရိတ်ပိုများသွားတယ် " လို့ ဆိုပါတယ်။
မန္တလေး ပြင်ဦးလွင်ဘက်က ဟိုတယ်တွေမှာ တစ်လ နှစ်လ အတွင်း အခန်းအမျိုးအစားအလိုက် ကျပ် ၂ သောင်းကနေ ၃ သောင်းခန့် ပိုမြင့်လာတယ်လို့သိရပါတယ်။ တချို့ဟိုတယ်တွေမှာ အခန်းပြည့်ပေမယ့် ခရီးသွားဧည့်သည် အရမ်းများလို့ မဟုတ်ဘဲ ဟိုတယ် အနည်းစုသာလည်ပတ်နိုင်လို့ ဖွင့်တဲ့ဟိုတယ်မှာ လူပြည့်နေတာသာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
" ဒီလို နိုင်ငံရေးအခြေအနေနဲ့ကတော့ ခရီးသွားလုပ်ငန်းက မျှော်လင့်စရာ သိပ်မရှိပါဘူး။ ပြည်တွင်း ခရီးသွား တချို့တလေလောက်ပဲ လာကြပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်နဲ့ ဟိုတယ်တို့၊ လက်ဆောင်ဆိုင်တို့ စားသောက်ဆိုင်တွေကလည်း လုပ်ငန်းလည်ပတ်စရိတ်၊ ဝန်ထမ်းစရိတ်လောက်ရရင်ပဲ ကျေနပ်နေရတဲ့ကာလပါ။ မနှစ်ကထက်တော့ လာတဲ့သူနည်းနည်း ပိုများလာတယ်။ ဟိုးအရင်လိုတော့ ဖြစ်ဖို့ မလွယ်ပါဘူး " လို့ ပင်းတယမြို့နယ် က ခရီးသွားလုပ်ငန်း ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
အခု ခေတ်ကာလမှာ ခရီးသွားအများစုဟာ ဟိုတယ်တစ်ခုကို တည်းခိုမယ်ဆိုရင် ဆိုရှယ်မီဒီယာတွေက ရီဗျူးတွေကို လေ့လာအကဲဖြတ်လေ့ရှိတာမို့ မိမိလုပ်ငန်း ရီဗျူးမကျအောင် ဘက်စုံကြိုးစားပြင်ဆင်ရတာ၊ အခန်းတစ်ခန်းဘဲ ဧည့်သည်ရှိပေမဲ့လည်း ဟိုတယ်တစ်ခုလုံးစာလည်ပတ်ရတာ၊ ဧည့်သည်မဝင်ပေမယ့် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းလိုင်စင်သက်တမ်းတိုးနေသရွေ့ လိုင်စင်ကြေးပေးဆောင်ရတာတွေရှိလို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအများစု လည်ပတ်ဖို့ အခက်အခဲရှိနေကြတာလည်း ဖြစ်ပါတယ်။
ချင်းပြည်နယ် မှာ ညမထွက်ရ အချိန် ပြင်ပေးဖို့ဒေသခံတွေတောင်းဆိုချက်မရသေး

ဓာတ်ပုံ ရင်းမြစ်, Chin World
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ချင်းပြည်နယ်ထဲက စစ်အုပ်ချုပ်ရေးအပြင် ညမထွက်ရ အမိန့်ကြေညာခံထားရတဲ့ မြို့တွေထဲ ဘာသာရေး အခမ်းအနားတွေ ဆုတောင်းပွဲတွေအတွက် ညမထွက်ရအမိန့်အချိန် ကို လျှော့ချပေးဖို့ စစ်ကောင်စီ အာဏာပိုင်တွေနဲ့ ညှိနှိုင်းထားပေမဲ့ မရသေးဘူးလို့ ဒေသဦးဆောင်သူအချို့ကပြောပါတယ်။
အခုနှစ် ၂၀၂၃ ဖေဖော်ဝါရီလ ၂ ရက်နေ့ကတည်းက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သလို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာလည်း ညမထွက်ရအမိန့် ကြေညာခဲ့တာကြောင့် ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းတာတွေ ၊ သာရေး နာရေးတွေမှာ အခက်အခဲဖြစ်တဲ့အတွက် အချိန်ညှိနှိုင်းဖို့ သက်ဆိုင်ရာကို တောင်းဆိုခဲ့တာပါ။
ချင်းပြည်နယ် ဟားခါးမြို့က ဆရာတော် တစ်ပါးကတော့ " ပုံမှန်အခြေအနေ မဟုတ်တဲ့အတွက် ဝတ်ပြုဆုတောင်းရတာတွေ၊ အခမ်းအနားတွေမှာ ရပ်တည်ဖို့ ပိုခက်ခဲလာပါတယ်။ ကြိုးစားပြီး အဆင်ပြေအောင် လုပ်ဆောင်နေရပါတယ်။ အစကတော့ ကျွန်တော်တို့က ည ၆ နာရီ အစား ည ၈ နာရီလို့ မာရှယ်လော အချိန်ကို ပြောင်းပေးဖို့ သက်ဆိုင်ရာကို ပြောဆိုထားတာ ရှိပါတယ်။ ဒါပေမဲ့ အကြောင်းကြား မလာပါဘူး" လို့ ပြောပါတယ်။
စစ်အုပ်ချုပ်ရေးအောက်မှာ ညမထွက်ရအပြင် မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း လူငါးဦးထက် ပိုပြီးမစုဝေးရဘူးဆိုတဲ့ကန့်သတ်ချက်လည်းရှိနေတာပါ။ ဒါကြောင့် ချင်းပြည်နယ်မှာဆို ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းတာတွေကို နေ့ဘက်တွေမှာ လုပ်ဆောင်ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဝက်လက်မှာ ၅ ရက်အတွင်း နေအိမ် ၇၀၀ ကျော်မီးရှိ့ခံရပြီး ဒေသခံ ၁၃ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Wetlet Information Network
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ထဲမှာ မတ်လ ၁ ရက် ကနေ ၅ ရက် အထိ ကျေးရွာ ၁၀ ရွာနီးပါး မီးရှို့ခံခဲ့ရပြီး ဒေသခံ ၁၃ ဦးသေဆုံးခဲ့တယ်လို့ ဝက်လက်မြို့နယ် မြေပြင်အခြေအနေ စစ်တမ်းကောက်ယူသူတွေထံက သိရပါတယ်။
မတ်လ ၁ ရက်နေ့ကတည်းက ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းတွေ စထိုးနေတာဖြစ်ပြီး ၅ ရက်အတွင်းအိမ်ခြေ ၇၀၀ ကျော် မီးရှို့ခံရတယ်လို့ ပြောပါတယ်။
မတ်လ ၁ ရက်က တည်တော ကျေးရွာကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့သလို မီးလောင်ပြင်ကိုရှင်းလင်းရာမှာတော့ ရုပ်အလောင်း ၅ လောင်းတွေ့ရှိခဲ့တယ်လို့ ရှင်းလင်းရေး ပြုလုပ်သူတွေက ဆိုကြပါတယ်။
မတ်လ ၃ ရက် မနက် မှာလည်း ကျီးကန် တောင်ရွာနဲ့ မြောက်ရွာတွေကို မီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၃၀၀ ကျော် ဆုံးရှုံးပြီး အရပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
" ၈ ယောက်ရဲ့ ရုပ်အလောင်းက ၁ဦးကတော့ အဖွားအို ပါ။ မီးရှို့ခံရပြီး သေဆုံးတာပေ့ါ။ ကျန် ၇ လောင်းကတော့ လူငယ်တွေပါ။ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရပါတယ်" လို့ ဝက်လက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မုဆိုးခြုံရွာ၊ ဘိုတဲကုန်းရွာ၊ အောင်ချမ်းသာရွာ၊ သခွပ်တော ကျေးရွာ ၊ ကျီးကန်ရွာ တောင်ရွာ မြောက်ရွာ ၊ စိုင်နိုင်ကြီးရွာ၊ စိုင်နိုင်လေးရွာ ၊ ဘုန်းဘွဲ့ကျေးရွာ၊ တည်တောရွာ၊ စတဲ့ကျေးရွာပေါင်း ၁၀ရွာလောက်ကို မီးရှို့ခဲ့ပြီး ၅ ရက်အတွင်း သေဆုံးသူ ၁၃ ဦးအထိ ရှိလာတာဖြစ်ပါတယ်။
" မုဆိုးခြုံမှာပဲ အိမ်က ၆၀ကျော်။ နောက် ဘူတာနားမှာ ၇၀ကျော်။ အောင်ချမ်းသာမှာ ၁၀၀ ကျော်။ တည်တောမှာက လည်း ၆၀ကျော် ။ကျီးကန်တောင်ရွာမြောက်ရွာပါ ပါရင် အိမ်ခြေ ၇၅၀ ကိုမှ ၄၀ ကျော်ပဲ ကျန်တာပါ" လို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ မတ်လ ၅ ရက်နေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ ရွာသာကြီးကျေးရွာကနေ တောင်ဘက်ကို စစ်ကြောင်းဆက်ထိုးသွားတာတွေ့ရသလို နောက်ထပ် စစ်ကြောင်းတစ်ကြောင်းကလည်း ရွှေဘိုနယ်ထဲကို စစ်ကြောင်းဝင်သွားတာတွေ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ၅ ရက်အတွင်း ကျေးရွာ ၁၀ ရွာလောက်က အိမ်ခြေ ၇၀၀ ကျော် နဲ့ စပါး၊ပဲ၊ စတဲ့ ရိက္ခာ တွေ မီးရှို့ခံထားရတဲ့အတွက် ဒေသခံပြည်သူတွေအတွက် စားနပ်ရိက္ခာ အဝတ်အထည်လိုအပ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းကာလ တနင်္သာရီတိုင်းအတွင်း အရပ်သားသေဆုံးသူ ၄၀၀ နီးပါးရှိ

ဓာတ်ပုံ ရင်းမြစ်, ထားဝယ် သပိတ် ကော် မ တီ
အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ နှစ်နှစ်တာ ကာလအတွင်းမှာ တနင်္သာရီတိုင်းထဲ အရပ်သားသေဆုံးသူ ၃၉၄ ဦး၊ ဒဏ်ရာရသူ ၁၄၆ ဦးရှိခဲ့ပြီး အရပ်သားထိခိုက်မှု စုစုပေါင်း ၅၄၀ ဦးရှိခဲ့ တယ်လို့ စစ်ရေး အခြေပြုလေ့လာတဲ့ Southern Monitor က ထုတ်ပြန်ထားပါတယ်။
ပဋိပက္ခ တွေ ကြောင့် အရပ်သားထိခိုက်မှုအများဆုံးက လောင်းလုံးမြို့နယ်ဖြစ်ပြီး အရပ်သားသေဆုံးသူ စုစုပေါင်း ၁၀၇ ဦး နဲ့ အရပ်သား ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ ရေဖြူ၊ ထားဝယ်၊ ပုလော၊ သရက်ချောင်းမြို့နယ်တွေမှာလည်း အရပ်သားထိခိုက်မှု အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကနေ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလအထိ တစ်နှစ်ခွဲကာလအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့များနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အရပ်သားနေအိမ် ၄၃၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းတွေ့ရှိရပါတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မှာတော့ ထားဝယ်မြို့နယ်မှာ နေအိမ် ၄ လုံး၊ လောင်းလုံးမြို့နယ်မှာ ၁ လုံးနဲ့ ပုလောမြို့နယ်မှာ ၂၀၁ လုံး၊ စုစုပေါင်း နေအိမ် ၂၀၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း တိုက်ပွဲ ၃၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက်မှု ၃၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ စာရင်းကဖော်ပြပါတယ်။
Southern Monitor က ပြုစုထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ အာဏာသိမ်းပြီး ၂နှစ်အတွင်း တိုက်ပွဲ ၃၅၈ ကြိမ် အပါအဝင် စုစုပေါင်း ပဋိပက္ခဖြစ်စဉ်အကြိမ် ၉၀၀ကျော်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
Southern Monitor ဟာ တနင်္သာရီတိုင်းမှာ ဖြစ်ပေါ်နေတဲ့ လူမှုစီးပွားရေး၊ ပဋိပက္ခအခြေအနေ၊ စစ်ဘေးရှောင်ပြည်သူတွေအရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာနေတဲ့ သုတေသနအဖွဲ့ဖြစ်ပြီး အခုအချက်အလက်တွေဟာ လက်လှမ်းမီသလောက်သာ စုစည်းထားတာဖြစ်လို့ မြေပြင် အခြေအနေမှာ အခုထက် ပိုများနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာက တိုင်းရင်းသားအဖွဲ့ တွေနဲ့ ကန်နိုင်ငံခြားရေးအတိုင်ပင်ခံတို့တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံ က ထင်ရှားတဲ့ တိုင်းရင်းသားအဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်ခ် က သူ့ရဲ့တွစ်တာစာမျက်နှာ မှာမနေ့မတ်လ ၄ ရက်က ဖော်ပြပါတယ်။
မြန်မာ့ အကျပ်အတည်းကို ဆွေးနွေးဖို့ ထင်ရှားတဲ့ တိုင်းရင်းသား အဖွဲ့ ကိုယ်စားလှယ် အများအပြားနဲ့ တွေ့ဆုံခဲ့တယ်လို့ဆိုပြီး အကျပ်အတည်းအဆုံးသတ်ရေးနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီအနာဂတ်ကို ကြိုးပမ်းနေတဲ့ ဘာသာရေး၊ လူမျိုးရေး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အတူ အမေရိကန်က ရပ်တည်နေတယ်လို့လည်း ပြေထားပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့ကလည်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနကနေ နောက်ထပ် စစ်တပ်နဲ့ဆက်စပ်နေတဲ့ မြန်မာကုမ္ပဏီ ၃ ခုကို အရေးယူဒဏ်ခတ်မှု ချမှတ်ထားတဲ့ စာရင်းထဲထပ်ထည့်လိုက်တယ်လို့ ရန်ကုန် အမေရိကန်သံရုံးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
အရေးယူပိတ်ဆို့မှုခံရတဲ့မြန်မာကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ကို ထောက်လှမ်းရေးနည်းပညာတွေပံ့ပိုးပေးပြီး လူတစ်ဦးချင်းစီအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို ခြေရာခံ၊ ဖော်ထုတ်ဖို့ကို လုပ်ဆောင်ပေးနေတယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်က အမေရိကန်ပြည်ထောင်စု
ဝါရှင်တန်ဒီစီမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရုံးခန်းကို အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။
ပင်လောင်းမှာ စစ်ရှောင်ဦးရေ ၅ထောင် ကျော် ရှိလာ

ဓာတ်ပုံ ရင်းမြစ်, ကြယ်တံခွန် လူမှုကူညီရေးပရဟိတအသင်း
ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်တစ်ဝိုက်မှာ ကရင်နီ အမျိုးသားများ
ကာကွယ်ရေးတပ် KNDF နဲ့ စစ်ကောင်စီအကြား တိုက်ပွဲ ပြင်းထန်လာတာ ၁၀ ရက်ရှိလာပြီ ဖြစ်ပြီး စစ်ရှောင်ဦးရေကလည်း ၅၀၀၀ ကျော် ရှိလာလို့ အကူအညီတွေလိုအပ်နေတယ် လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။
" လောလောဆယ်တော့ ကျန်းမာရေးရော ၊ စားဝတ်နေရေးရောကို လက်ခံထားတဲ့ ရွာတွေက တာဝန်ယူ ဖြေရှင်းနေကြတယ်။ အလှူရှင် ရှိတော့ရှိပေမဲ့ မလုံလောက်ဘူးလေ။ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ မသိသေးဘူး။ ပြေးလာကြတဲ့သူတွေက ရုတ်တရက်ပြေးလာကြတော့ ခါးဝတ်ခါးစားပဲပါပြီး အဝတ်အထည် အသုံးအဆောင် ဆေးဝါး စောင် အကုန်ကို လိုအပ်ချက်ဖြစ်နေတာ " လို့ ပင်လောင်းမြို့က စစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင် ၅၀၀၀ ကျော်ဟာ ပင်လောင်းမြို့နယ်ထဲက ဘုန်းကြီးကျောင်း တော်တော်များများမှာ စစ်ရှောင်တွေ ခိုလှုံနေကြသလို ပအို့ဝ်ဒေသမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ လူမှုကူညီရေးရုံးတွေ အပါအဝင် နီးစပ်ရာ ဆွေမျိုးနီးစပ်အိမ်တွေမှာလည်း ဖြန့်ကျက် ခိုလှုံနေကြရတာလို့ သိရပါတယ်။
" စရှောင်လာကြတုန်းက ၁၀၀၀ နီးပါးပဲ ရှိတယ်။ အခု ၁၀ ရက်အတွင်း ၅၀၀၀ ကျော်သွားပြီ။ အိုးပစ်အိမ်ပစ်ရောက်လာကြရတော့ အကုန် လိုအပ်တာပါပဲ၊ ဘယ်လောက်ထိ ဆက် ရှောင်နေရဦးမလဲ မသိသေးတဲ့ အခြေအနေပါ။ ခုထိလည်း တိုက်ပွဲရှိနေလို့ မပြန်နိုင်ဘူး " လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
အခု ရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ တောင်စလုံး၊ မြောက်စလုံး၊ တောင်မဲသင်း၊ လုံးပြင် စတဲ့ နေရာတွေက ပြည်သူတွေဖြစ်ပြီး စစ်ကောင်စီနဲ့ KNDF တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီလ ၂၄ရက် က စတင် ရှောင်တိမ်းလာကြရကာ လက်ရှိအချိန်အထိ ရှောင်နေကြရဆဲဖြစ်ပါတယ်။
ပဲစျေးကောင်းနေပေမဲ့ တောင်သူတွေ စျေးကောင်းမရ

ဓာတ်ပုံ ရင်းမြစ်, AMIA
အိန္ဒိယ နိုင်ငံက ဝယ်လိုအားကောင်းနေတဲ့ မတ်ပဲ၊ ပဲစင်းငုံ စတဲ့ ပဲဈေးကောင်းနေပေမယ့် သွင်းအားစုဈေးနှုန်း၊ အထွေထွေ စိုက်ပျိုးစရိတ် နဲ့ သယ်ယူပို့ဆောင်ခတွေ ကြီးမြင့်လို့ တောင်သူတွေ စျေးကောင်းမရတဲ့အခြေအနေဖြစ်နေတယ်လို့ ပဲစိုက်တောင်သူအချို့ကပြောပါတယ်။
" မျိုးဈေး၊ စိုက်ပျိုးစရိတ်တွေ၊ မြေသြဇာ၊ ပိုးသတ်ပေါင်းသတ်ဆေးစတဲ့ သွင်းအားစု ဈေးတွေ၊ အလုပ်သမားခတွေက နှစ် ဆ သုံး ဆတက်လာတယ်။ ဓာတ်ဆီ ဒီဆယ်ဈေးလည်းတက်တော့ သယ်ယူပို့ဆောင် စရိတ်များတယ်။ စက်တွေ ငှားဈေးတွေကလည်းများတော့ ကုန်ကျစရိတ်က ထောင်းပါတယ်။ မိုးတစ်မိုးလိုပြီး ထွက်နှုန်းကလည်း လျော့သွားတော့ ဈေးသာကောင်းတာ တောင်သူတွေ အပြည့်အ၀ မခံစားရပါဘူး " လို့ မန္တလေး တိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဒုဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်း) ပွဲရုံ ကပြောပါတယ်။
မတ်လပထမပတ်မှာ မတ်ပဲ တစ်တင်းကို အရည်အသွေးအလိုက် ကျပ် ခြောက်သောင်း ကနေ ခုနှစ်သောင်းနီးပါးအထိရှိလာသလို ပဲစင်းငုံ တစ်တင်းကို လည်း ကျပ် ခုနှစ်သောင်းခန့် ရှိနေတာဖြစ်ပါတယ်။
အိ န္ဒိယမှာ ရာသီဥတုကြောင့် ပဲစိုက်ပျိုးဖြစ်ထွန်းမှုလျော့ကျခဲ့ပြီး အရန်လက်ကျန်နည်းလာတဲ့အတွက် မြန်မာနိုင်ငံအပါအဝင် မတ်ပဲ၊ ပဲစင်းငုံ၊ မြေတောင့်ပဲ ထွက်ရှိရာနိုင်ငံတွေက ပဲတွေကို ဝယ်ယူနေတာ လို့ ပဲကုန်သည်တွေက ဆိုကြပါတယ်။
" အရင်ကဆို ပဲဝယ်ဖို့ စာချုပ်ချုပ်ပြီး နောက် ၁ လ၊ ၂ လ၊အလွန်ဆုံး ၃ လလောက်အတွင်း တင်ပေးရမယ်လို့ ကန့်သတ်ချက်တွေရှိတယ်။ အခုဆို နောက် ၂၀၂၄ အထိတောင် စောင့်ပေးတာတွေလည်းရှိတယ်။ လိုအပ်ချက်များတော့ ဖွင့်ဝယ်လာတယ်။ သူတို့ဘက်က ထွက်အားနည်းလို့ လိုအပ်ချက်များနေချိန် မြန်မာမှာပါ ထွက်အားလျော့တယ်ဆိုတော့ ရသလာက်ဝယ်နေကြတယ် " လို့ ပဲတင်ပို့တဲ့ ကုန်သည်တစ်ဦး က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မတ်ပဲ ထွက်နှုန်းဟာ အရင်နှစ်တွေက တန်ချိန် ၇ သိန်းခန့် ထွက်လေ့ရှိပေမဲ့လည်း ဒီနှစ် စိုက်ပျိုးချိန်မှာ မိုးလိုအပ်ချက်ကြောင့် တန်ချိန် ၅ သိန်းနဲ့ ၆ သိန်း အကြား သာ ထွက်ရှိမယ်လို့ ပဲဈေးကွက်အသိုင်းအဝိုင်းက ခန့်မှန်းကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNDF-B-11
ကရင်နီ - ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီ လအတွင်း ကလေး အပါအဝင် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်လာပါတယ်။
ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း ၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ဆယ်ချီသေဆုံးသလို ၁၆ ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလအတွင်းမှာပဲ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ အတွင်း KNDF က ရဲဘော် ၂ ဦးကျဆုံးခဲ့ရတယ်လို့ လည်း သိရပါတယ်။
တစ်လတာ ကာလအတွင်း ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဖယ်ခုံမြိုနယ်တို့မှာ လက်နက်ကြီးပစ်ခတ်တာကြောင့် စစ်ရှောင်စခန်း၊ ကျေးရွာတွေ အပြင် ဘာသာရေး ဆိုင်ရာနေရာတွေကို လေကြောင်းနဲ့ စုစုပေါင်း ၆ ကြိမ်တိုက်ခိုက်ခဲ့တဲ့အတွက် လက်နက်ကြီးထိမှန်မှုကြောင့် လူသေဆုံးမှုတွေ ရှိခဲ့သလို လူနေအိမ် ၉ လုံး၊ ဆေးပေးခန်း ၁ ခန်း၊ ဘာသာရေးအဆောက်အဦး ၄ လုံးပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
KNDF ပူးပေါင်းအဖွဲ့တွေဟာ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်
ဆောင်းပြောင်းရွာအနီးက စစ်ကောင်စီတပ်နဲ့ ပအို့ဝ် ပြည်သူ့စစ် တို့ ပူးပေါင်းတပ်စွဲထားတဲ့တပ်စခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့နောက် နှစ်ဖက်တိုက်ပွဲတွေစတင် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီနောက် လက်နက်ကြီးကျတာ တွေ ဆက်တိုက်ဖြစ်ပေါ် ခဲ့ပြီး သေဆုံးသူတွေ ရှိလာတာလို့ ပြောထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်တွင်း ဖေဖော်ဝါရီ နောက်ဆုံးပတ်နဲ့ အခုရက်အတွင်း က စစ်ရေး အခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။








