ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကုန်တင်သင်္ဘော တိုက်ခိုက်ခံခဲ့ရအပြီး ဟော်မုဇ်ရေလက်ကြား ကယ်ထုတ်ရေးအစီအစဉ် ကုလ ဆိုင်းငံ့
- ရေးသားသူ, ဗစ်ကီ ဝေါင်း
- ရေးသားသူ, အယ်မာ ပန်ဂယ်လီ
- ရာထူးတာဝန်, အချက်အလက်ဖော်ထုတ်ရေး BBC Verify ဌာန
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၃
ဟော်မုဇ် ရေလက်ကြားကို ဖြတ်သွားတဲ့ ကုန်တင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံခဲ့ရအပြီးမှာ ကုလသမဂ္ဂ နိုင်ငံတကာ ရေကြောင်းအဖွဲ့ (IMO) က ဟော်မုဇ် ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောသား ၁၁,၀၀၀ ကျော်ကို ကယ်ထုတ်ရေး အစီအစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။
သင်္ဘောအတော်များများကို ကယ်ထုတ်ခဲ့ပြီး ဖြစ်ကြောင်း ဒါပေမဲ့ မရှိမဖြစ် လိုအပ်တဲ့ လုံခြုံရေး အာမခံချက် အသေအချာ ဆက်ရှိနေစေချင်ကြောင်း (IMO) အဖွဲ့ အကြီးအကဲ အာဆန်နီယို ဒိုမင်ဂက်စ် က ပြောပါတယ်။
အိုမန်နိုင်ငံ ဒါဟစ် ဆိပ်ကမ်းရဲ့ အရှေ့တောင်ပိုင်း ၇.၅ မိုင်အကွာ ရေပြင်မှာ သင်္ဘောတစ်စင်း အမျိုးအမည်မသိတဲ့ လက်နက်နဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဗြိတိန် ရေကြောင်းလုံခြုံရေးအေဂျင်စီ (UKMTO) က ကြာသပတေးနေ့က သတင်းပို့ခဲ့ပါတယ်။ ထိခိုက်သေဆုံးသူတော့ မရှိဘူးလို့ ဆိုပါတယ်။
ထိခိုက်ပျက်စီးမှု တချို့ ရှိခဲ့ပြီး ရေလက်ကြားကနေ အဲဒီ သင်္ဘော ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားခဲ့တယ်လို့ သင်္ဘောပိုင်ရှင်က ပြောပါတယ်။
အဲဒီသင်္ဘောကို အီရန်က ပစ်ခတ်ခဲ့တာလို့ အမေရိကန် အစိုးရတာဝန်ရှိသူတွေက ပြောကြောင်း အမေရိကန်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
IMO က သတ်မှတ်ထားတဲ့ လမ်းကြောင်းတစ်လျှောက်ကနေ ဖြတ်သန်းဖို့ ကြိုးစားမှု မှန်သမျှ လက်ခံနိုင်ဖွယ်မရှိဘဲ လုံး၀ အန္တရာယ်ရှိကြောင်းနဲ့ ရေလက်ကြားကို ဖြတ်တဲ့ သင်္ဘောတွေအနေနဲ့ အီရန်နဲ့ ညှိနှိုင်းဖို့ လိုတယ်လို့ အီရန် အစ္စလာမစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က သတိပေးခဲ့အပြီးမှာပဲ ဒီတိုက်ခိုက်မှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
စင်္ကာပူအလံ လွှင့်ထူထားတဲ့ Ever Lovely ဆိုတဲ့ သင်္ဘောဟာ UKMTO က အကြံပြုထားတဲ့ လမ်းကြောင်းအတိုင်း လိုက်နာပြီး ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းနေစဉ် တိုက်ခိုက်ခံခဲ့ရတာ လို့ သင်္ဘော ကုမ္ပဏီ Evergreen က ပြောပါတယ်။
"သင်္ဘောအမှုထမ်းတွေအားလုံးရော၊ သင်္ဘောရောနဲ့ ကုန်ပစ္စည်းတွေအားလုံးပါ ဘေးကင်းရန်ကင်း ဆက်ရှိနေပါတယ်" လို့ သူက ဖြည့်စွက်ပြောခဲ့ပါတယ်။
အဲဒီသင်္ဘောဟာ IMO က သတ်မှတ်အတည်ပြုထားတဲ့ တောင်ပိုင်းလမ်းကြောင်းတစ်ခုအတိုင်း ကြာသပတေးနေ့ မနက်က ခုတ်မောင်းသွားခဲ့တာ ဖြစ်တယ်လို့ အချက်အလက်ရှာဖွေ အတည်ပြုတဲ့ BBC Verify ဌာနက စိစစ်ခဲ့တဲ့ MarineTraffic ဝက်ဆိုက်ပေါ်က သင်္ဘောအသွားအလာ ခြေရာခံတဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဲဒီသင်္ဘောဟာ IMO ရဲ့ ကယ်ထုတ်ရေး မူဘောင်အောက်ကနေ ဖြတ်သန်းခုတ်မောင်းခဲ့တာ မဟုတ်ဘူးလို့ IMO အဖွဲ့ အကြီးအကဲ ဒိုမင်ဂက်ဇ် က ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ နောက်ထပ် အသေးစိတ်ကိုတော့ ဆက်ပြောမထားပါဘူး။
ကယ်ထုတ်ရေးအစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ကြောင်း ကြေညာခဲ့ချိန်မှာ သူက "သင်္ဘောသားတွေ ဘေးကင်းလုံခြုံရေးက အဓိကနေရာမှာ ရှိနေဆဲ ဆိုတာကို ကျွန်တော် အမြဲ ထပ်လောင်း ပြောထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ရေကြောင်းသွားလာရေးဆိုင်ရာ ဘေးကင်းရေးအတွက် ညှိနှိုင်းဆောင်ရွက်တဲ့ နည်းလမ်းတစ်ခု အသေအချာရအောင် လုပ်ဖို့အတွက် နောက်ထပ်ရှင်းရှင်းလင်းလင်း မသိရမချင်း ကယ်ထုတ်ရေးအစီအစဉ်ကို ခေတ္တရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။"
အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးက စစ်ရေးတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ပင်လယ်ကွေ့မှာ သင်္ဘော ရာပေါင်းများစွာနဲ့ သင်္ဘောသား ထောင်ပေါင်းများစွာ ပိတ်မိနေခဲ့ကြပါတယ်။
ရေလက်ကြား ပြန်ဖွင့်ခဲ့အပြီးမှာ သင်္ဘောသားတွေ ကယ်ထုတ်ရေး ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေကို အင်္ဂါနေ့က ထုတ်ဖော်ကြေညာခဲ့တာ ဖြစ်ပြီး ကြီးမားတဲ့ ဒီလှုပ်ရှားဆောင်ရွက်မှုကြီးကို အီရန်၊ အိုမန်၊ အမေရိကန်၊ ဒေသတွင်း တခြားကမ်းရိုးတန်းနိုင်ငံတွေနဲ့ ရေကြောင်းလုပ်ငန်းတို့ အတူပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ မစ္စတာ ဒိုမင်ဂက်ဇ် က ပြောပါတယ်။
သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေရဲ့ ပြင်ပမှာ ခုတ်မောင်းသွားလာတဲ့ သင်္ဘောတွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမမခံဘူး ဆိုပြီး ရေလက်ကြားကို ထိန်းချုပ်ဖို့ အီရန်က ဖွဲ့စည်းထားတဲ့ အဖွဲ့က ထုတ်ဖော်ပြောခဲ့အပြီးမှာပဲ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာ X ပေါ်မှာတင်ထားတဲ့ ပို့စ်တစ်ခုမှာ ပါရှန်ပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့ (PGSA) က "ခွင့်ပြုချက်မရှိတဲ့ လမ်းကြောင်းတွေကို အသုံးပြုခြင်းအားဖြင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေဟာ အဲဒီသင်္ဘောရဲ့ ပိုင်ရှင်၊ သင်္ဘောကုမ္ပဏီနဲ့ ခုတ်မောင်းသူတို့ရဲ့ တာဝန်သာ ဖြစ်လိမ့်မယ်" လို့ ဖော်ပြထားပါတယ်။
သင်္ဘောအတော်များများဟာ ရေလက်ကြားရဲ့ တောင်ဘက်ပိုင်း၊ အိုမန်ကမ်းရိုးတန်းနဲ့ ထိစပ်နေတဲ့ တခြားလမ်းကြောင်းတစ်ခုကို အသုံးပြုနေကြတယ်လို့ New York Times သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန်နဲ့ အီရန်တို့က အချက် ၁၄ ချက်ပါ သဘောတူချက်တစ်ခုအရ အပစ်ရပ်ဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒီသဘောတူချက်ထဲမှာ ကုန်တင်သင်္ဘောတွေ ဘေးကင်းလုံခြုံစွာ ဖြတ်သန်း ခုတ်မောင်းနိုင်ရေးအတွက် အီရန်က အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်ပေးဖို့နဲ့ ရက်ပေါင်း ၆၀ ဖြတ်သန်းခ မယူဖို့ ကိုလည်း တောင်းဆိုထားပါတယ်။
ဒါပေမဲ့လည်း ရေလက်ကြားဖြတ်သန်းရာမှာ အခွန်မကောက်ဖို့ ကန့်ကွက်ထားရာမှာ အီရန်အစိုးရကရေကြောင်းဝန်ဆောင်ခ ဆိုပြီး ငွေကောက်ခံဖို့ သူတို့စီစဉ်နေတယ်လို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။
အဲဒီအစီအစဉ်ကို အမေရိကန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဟော်မုဇ် ရေလက်ကြားဟာ နိုင်ငံတကာ ရေကြောင်း ဖြစ်တယ်လို့ ဆိုပြီး ဒီရေလက်ကြားထဲမှာ အခွန်ကောက်ခံမှုတွေကို ဘယ်နိုင်ငံကိုမှ ခွင့်ပြုမှာ မဟုတ်ဘူးလို့ အင်္ဂါနေ့က သတိပေးခဲ့ပါတယ်။
ရူဘီယိုဟာ အီရန်အစိုးရနဲ့ သဘောတူချက်အကြောင်း ဆွေးနွေးပြောဆိုဖို့ ပင်လယ်ကွေ့နိုင်ငံများ ခရီးစဉ်ရဲ့ တစ်စိတ်တပိုင်းအဖြစ် လောလောဆယ် ဘာရိန်းနိုင်ငံမှာ ရောက်ရှိနေပါတယ်။
အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးက တိုက်ခိုက်မှုတွေ စလုပ်ခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းကစလို့ အီရန်အစိုးရက ဟော်မုဇ် ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်ဆို့ထားခဲ့ပါတယ်။ ရေနံနဲ့ ဓာတ်ငွေ့တင်ဆောင်တဲ့ သင်္ဘောတွေအတွက် အရေးပါတဲ့ ရေကြောင်းလမ်းတစ်ခုဖြစ်တာမို့ ကမ္ဘာတဝန်း ရေနံစျေးတွေ ထိုးတက်ခဲ့ပြီး မြေသြဇာလို တခြား အရေးပါတဲ့ ကုန်ပစ္စည်း တင်ပို့မှုတွေ ပြတ်လပ်သွားခဲ့ရပါတယ်။
ဒါပေမဲ့လည်း ဇွန်လ ၁၇ ရက်နေ့မှာ အမေရိကန်နဲ့ အီရန်အကြား နားလည်မှု သဘောတူချက် (MOU) လက်မှတ်ရေးထိုးခဲ့ပြီးကတည်းက ရေနံစိမ်းစျေးတွေ ထိုးကျသွားခဲ့ပါတယ်။ အဲဒီ (MOU) ထဲမှာ အီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ စစ်ပွဲ အဆုံးသတ်ရေး တခြား ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးဖို့ ရက်ပေါင်း ၆၀ ကြာ အချိန်ပေးထားပါတယ်။
ကြာသပတေးနေ့ အစောပိုင်းက ရေနံစိမ်းစျေး ဟာ အီရန်ကို အမေရိကန်နဲ့ အစ္စရေးစတိုက်ခိုက်ခဲ့တဲ့ နေ့မတိုင်ခင်က စျေးဖြစ်တဲ့ တစ်စည်ကို ၇၂.၄၈ ဒေါ်လာအောက် ခဏကျခဲ့ပြီး အဲဒီနောက်မှာတော့ ၇၃.၂၃ ဒေါ်လာ ပြန်ရောက်သွားခဲ့ပါတယ်။