ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တော်လှန်ရေးတပ်အချင်းချင်း စီးနင်းသတ်ဖြတ်မှုတွေ ဘာလို့ဖြစ်
ဒီနှစ်ထဲ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား စခန်းစီးနင်း၊ ပစ်ခတ်၊ ဖမ်းဆီးချုပ်နှောင်တဲ့ ဖြစ်စဉ် ၁၀ ခုအထိဖြစ်ခဲ့ပြီး ၄ ခုက ဇွန်လထဲမှာတင် ဖြစ်ခဲ့တာပါ။
အဲဒီထဲက ဖြစ်စဉ် ၆ ခုဟာ စစ်ကိုင်းတိုင်းထဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုးနယ်မြေတွေမှာဖြစ်ခဲ့တာဖြစ်ပါတယ်။
လက်နက်ကိုင်စီးနင်းမှုတွေမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပြီး ပြစ်မှုကျူးလွန်တာကြောင့် အင်အားသုံးသေနတ်ဖောက်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကို ထင်သာမြင်သာတွေ့ရပါတယ်။
ပြစ်မှုတွေကို တရားစီရင်ရေးအရကိုင်တွယ်ဖြေရှင်းလို့မရနိုင်ဘူးလားဆိုတဲ့ မေးခွန်းထွက်လာသလို ဒါဟာ မူဝါဒလား၊ လုပ်ထုံးလုပ်နည်းအမှားလားဆိုတဲ့ စဉ်းစားချက်တွေပါ ရှိလာပါတယ်။
တော်လှန်ရေးပဋိပက္ခတွေကို ဆန်းစစ်ခြင်း
နွေဦးတော်လှန်ရေးအခင်းအကျင်းမှာ ပြန့်ကျဲနေတဲ့လက်နက်ကိုင်တော်လှန်ရေးတပ်တွေရဲ့ အစုအဖွဲ့ကို အကြမ်းဖျဉ်းအနေနဲ့ ၄ မျိုးခွဲနိုင်ပါတယ်။
၂၀၂၁ ခုနှစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းကရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ် (EROs) ၊ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ PDF နဲ့ ပသုံးလုံး၊ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) နဲ့ ဒီအစုအဖွဲ့တွေထဲမပါဝင်ဘဲ ကိုယ်ပိုင်အမိန့်ပေးစနစ် (COC) ရှိတဲ့ တော်လှန်ရေးတပ်တွေပါ။
SRA ကို နွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာပြီး NUG ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာမရှိတဲ့ ၁၉ ဖွဲ့ နဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာဖွဲ့စည်းခဲ့ပါတယ်။
SRA ထဲလည်းမပါဝင်သလို NUG အောက်မှာမရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ စစ်တပ်ဆီ ဘက်ပြောင်းခဲ့တဲ့ ဗိုလ်နဂါးရဲ့ BNRA လို လက်နက်ကိုင်တပ်တွေလည်းရှိပါတယ်။
တော်လှန်ရေးတပ်တွေအချင်းချင်းကြား ပဋိပက္ခဖြစ်တဲ့ ၂၀၂၆ ဇန်နဝါရီကနေ ဇွန်လကုန်အထိ ဘီဘီစီစုဆောင်းထားတဲ့ ဖြစ်စဉ် ၁၀ ခုကတော့ -
- ဖေဖော်ဝါရီ - စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ကို စီးနင်းမှု (လူသေဆုံးမှုရှိ)
- မတ် - စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် SRA အဖွဲ့ဝင် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ခေါင်းဆောင် ကိုဇီးကွက်နဲ့ အဖွဲ့ဝင်တချို့ ဖမ်းဆီးခံရမှု
- မတ် - မကွေးတိုင်း၊ ယောဒေသအခြေစိုက် SRA အဖွဲ့ဝင် ယောကာကွယ်ရေးတပ် (YDF) က YDF ခွဲထွက်အဖွဲ့ရုံးကို စီးနင်းမှု (လူသေဆုံးမှုရှိ)
- ဧပြီ - မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်အစပ်က ရေနံမြေမှာ ပသုံးလုံးအဖွဲ့တွေကို PDF တပ်ရင်းတွေက ဝိုင်းရံစီးနင်းမှု
- ဧပြီ - ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမှာ ဦးအောင်မင်း ဦးဆောင်တဲ့ မိုးဗြဲ Local PDF အဖွဲ့ ကို အမှတ် ၁ အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) လက်အောက်ခံ တပ်ဖွဲ့တွေက ပစ်ခတ်မှု (လူသေဆုံးမှုရှိ)
- မေ - စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ခေါင်းဆောင် ကိုစံတင်ထွန်းနဲ့ အဖွဲ့ဝင်တချို့ ဖမ်းဆီးခံရမှု
- ဇွန် - စစ်ကိုင်းတိုင်းမှာဖြန့်ကျက်လှုပ်ရှားတဲ့ SRA အဖွဲ့ဝင် စစ်ကိုင်းပြည်သူ့ကာကွယ်ရေး တပ်မတော် (Sagaing PDF) ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်အပါအဝင် ၄ ဦးအဖမ်းခံရမှု
- ဇွန် - မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) စခန်းကို စီးနင်းမှု (လူသေဆုံးမှုရှိ)
- ဇွန် - စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်က PDF ခရိုင်ရုံးအစည်းအဝေးမှာ အမှတ် ၆ တပ်ရင်းမှူး ကိုပုလဲမောင်ကို ပစ်သတ်မှု (လူသေဆုံးမှုရှိ)
- ဇွန် - စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ကို မုံရွာတပ်ရင်းတွေက စီးနင်းမှု (လူသေဆုံးမှုရှိ)
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တဝိုက်မှာအခြေစိုက်တဲ့ SRA အဖွဲ့ဝင် 96 Soldiers တပ်ဖွဲ့ဝင်တချို့ကိုလည်း NUG က ထိန်းသိမ်းထားတယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပေမဲ့ အဖွဲ့ဘက်က တရားဝင်မထုတ်ပြန် ထားတာကြောင့် အဲဒီဖြစ်စဉ်ကို မထည့်သွင်းထားပါဘူး။
လူမှုကွန်ရက်စာမျက်နှာပေါ်မှာပါ ဝေဖန်မှုမြင့်တက်ခဲ့တဲ့ ဖြစ်စဉ် ၁၀ ခုကိုလေ့လာကြည့်တဲ့အခါ ၈ ခုထက်မနည်းဟာ ကာလရှည်တင်းမာခဲ့တဲ့အငြင်းပွားမှုတွေကို လက်နက်ကိုင်ဖြေရှင်းလာတဲ့အခြေအနေပါ။
တနည်းအားဖြင့် ပြစ်မှုဆိုင်ရာတရားစီရင်ရေးကို လက်နက်ကိုင်ဖြေရှင်းတဲ့သဘောလို့ ဘီဘီစီစကားပြောခွင့်ရတဲ့ တော်လှန်ရေးရဲ့ လက်နက်ကိုင်နဲ့ နိုင်ငံရေးအစုအဖွဲ့တာဝန်ရှိသူ ၇ ဦးက တပြေးညီတည်းပြောပါတယ်။
သေနတ်ဖောက်ဖြေရှင်းရာမှာ အင်အားသေးတဲ့အဖွဲ့အစည်းကို အင်အားကြီးလက်နက်ကိုင်တပ်က စီးနင်းမှုနဲ့ ဒေသခံအဖွဲ့အစည်းအချင်းချင်းကြား ပစ်ခတ်မှုဆိုပြီး ယေဘုယျအနေနဲ့ ခွဲခြားနိုင်ပါတယ်။
အင်အားကြီးလက်နက်ကိုင်တပ်က စီးနင်းမှုမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်တွေက ၄ ကြိမ်အထိရှိခဲ့ပါတယ်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်က ၁ ကြိမ်ရှိပါတယ်။
NUG လက်အောက်ခံ PDF တပ်ရင်းတွေရဲ့ စီးနင်းမှု ၄ ကြိမ်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကလွဲလို့ BNRA၊ NLA နဲ့ SRF အဖွဲ့တွေ ဆက်မလည်ပတ်နိုင်တော့ပါဘူး။
IEC လက်အောက်ခံ အမှတ် ၁ အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) ရဲ့ စီးနင်းမှုကြောင့် မိုးဗြဲ Local PDF အဖွဲ့ ရပ်ခဲ့ရပါတယ်။
ဒါပေမဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေက ဝင်ရောက်ဖမ်းဆီးတဲ့ ဖေဖော်ဝါရီလတုန်းက ဖြစ်စဉ်မှာတော့ မြန်မာစစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နဲ့ဆက်သွယ်ပြီး BNRA ခေါင်းဆောင် ဗိုလ်နဂါးက ဘက်ပြောင်းခိုလှုံသွားခဲ့ပါတယ်။
ဗိုလ်နဂါးရဲ့ ဘက်ပြောင်းခိုလှုံမှုက ပိုမြင်သာခဲ့တာကြောင့် BNRA ဖြစ်စဥ်မှာ ဝေဖန်မှုတွေသိပ်မရှိခဲ့ပါဘူး။
NLA နဲ့ SRF ဖြစ်စဉ်မှာတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုအောက်ကို တပ်ရင်းတွေအဖြစ် ရောက်ခဲ့ကြပါတယ်။
"SRF နဲ့ဆိုရင် ကာလရှည်ဖြစ်နေတာပါ။ အုပ်ချုပ်ရေးအရပြောရင် NUG ရဲ့ ယန္တရားမလည်ပတ်နိုင်အောင် နှောင့်ယှက်တာတွေရှိတယ်။ ကျွန်တော်တို့က PLA ဖြစ်စဉ်လိုမျိုး၊ ဗိုလ်နဂါးလိုမျိုးမဖြစ်ချင်ဘူး။ COC အောက်ကိုပဲ ဝင်လာအောင် ဆောင်ရွက်တာဖြစ်လို့ Win – Win Theory ပါပဲ" လို့ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ကိုဝင်းမင်းက ပြောပါတယ်။
SRF ခေါင်းဆောင် ကိုစံတင်ထွန်းလည်း ရာဇဝတ်မှုတွေကျူးလွန်ထားတယ်ဆိုတဲ့အကြေားပြချက်နဲ့ ထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေရပါတယ်။ NUG အောက်ရောက်သွားတဲ့ SRF တပ်ဖွဲ့ဝင်တွေကတော့ လက်ရှိ မင်းကင်းမှာပူးတွဲစစ်ရေးဖော်ဆောင်နေပြီလို့ သိရပါတယ်။
ဒီလိုအင်အားသေးတဲ့အဖွဲ့အစည်းတွေကို အင်အားကြီးလက်နက်ကိုင်တပ်က စီးနင်းမှုတွေမှာ တူညီတဲ့ အကြောင်းပြချက်က အဲဒီအဖွဲ့ခေါင်းဆောင် ဒါမှမဟုတ် အဖွဲ့ဝင်တွေဟာ လူသတ်မှု၊ မုဒိန်းမှုလို ပြစ်မှုကြီးကြီးမားမားတွေအပြင် လူဖမ်းဆီးမှုလို ပြစ်မှုတွေပါ ကျူးလွန်ထားတယ်ဆိုတဲ့ အချက်ကို တွေ့ရပါတယ်။
အမှတ် ၁ စစ်ဒေသ သို့မဟုတ် PDF စစ်ရုံးချုပ်
BNRA၊ NLA၊ SRF နဲ့ PLA တို့လို NUG အစိုးရလက်အောက်ခံတပ်တွေရဲ့ စီးနင်းခံရမှုကိုဆန်းစစ်တဲ့အခါ "ဘဏ္ဍာငွေကြေးနဲ့ အုပ်ချုပ်ရေးယန္တရား" ဆိုင်ရာ ကာလရှည်အငြင်းပွားမှုတွေကို အင်အားသုံး ဖိအားပေးကိုင်တွယ်တဲ့ အခင်းအကျင်းလို့ ဘီဘီစီစကားပြောခွင့်ရတဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဒီဖြစ်စဉ်တွေမှာ အများစုက စစ်ကိုင်းတိုင်းမှာဖြစ်ခဲ့ပြီး PLA နဲ့ကိစ္စကတော့ မန္တလေးတိုင်း တောင်သာမှာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ PLA နဲ့ NUG ကြား အုပ်ချုပ်ရေးပဋိပက္ခဟာ ၂၀၂၅ ခုနှစ်တုန်းကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ တကြိမ်ရှိခဲ့ပါသေးတယ်။
ကွပ်ကဲမှု COC မတူတာကြောင့် NUG ရဲ့ တိုက်ခိုက်ရေးတပ်တွေနဲ့ ပူးပေါင်းလှုပ်ရှားရေးမှာ ညှိနှိုင်းရသလို NUG ရဲ့ ပသုံးလုံးလို အုပ်ချုပ်ရေးယန္တရားတွေနဲ့လည်း ထိပ်တိုက်တွေ့ကြတာက အများသိကြတဲ့ ကာလရှည် ပွတ်တိုက်မှုတွေပါ။
ဘာကြောင့်ကာလရှည်ပြဿနာတွေကို ၂၀၂၆ အခင်းအကျင်းမှာမှ အင်အားသုံးဖြေရှင်းသလဲဆိုတဲ့ မေးခွန်း တော်လှန်ရေးအင်အားစုတွေကြားမှာ ရှိလာပါတယ်။
ပဋိပက္ခတွေအများဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းဒေသမှာ NUG တပ်တွေမှာတောင် ကွပ်ကဲမှုပုံစံက ၂ မျိုးရှိပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အရာရှိကြီးတွေကွပ်ကဲတဲ့ အမှတ် ၁ စစ်ဒေသ လက်အောက်ခံ ခရိုင်တွေ နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က ကွပ်ကဲတဲ့ လက်အောက်ခံ ခရိုင်တွေဆိုပြီး ကွဲပြားပါတယ်။
ဒါဟာ ၂၀၂၅ နှစ်လယ်ကစလို့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာသိမ်းခဲ့တဲ့ မန္တလေးတိုင်းစစ်မျက်နှာပြင်တွေ အတွက် ခုခံစစ်ဆင်ကြရတဲ့အချိန်မှာ စစ်ကိုင်းတိုင်းခရိုင်တွေမှာ ကွပ်ကဲမှုပြောင်းသွားပါတယ်။
ကချင်ဝင်ပေါက် ကသုံးလုံးဒေသလို့သိကြတဲ့ ကသာ၊ ကောလင်း၊ ကန့်ဘလူခရိုင် အပါအဝင် ခန္တီး၊ ကလေး၊ တမူး စတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဆက်စပ်ခရိုင်တွေကို KIA ဦးဆောင်တဲ့ အမှတ် ၁ စစ်ဒေသက ဦးဆောင်နေဆဲပါ။
ကျန်တဲ့ စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်၊ ရွှေဘို ၁ နဲ့ ရွှေဘို ၂ ခရိုင်တွေကိုတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရုံးချုပ်ကပဲ ကွပ်ကဲနေပါတယ်။
ဆိုလိုတာက တမူးအခြေစိုက် NLA နဲ့ မင်းကင်းအခြေစိုက် SRF တို့ဖြစ်စဉ်တွေဟာ အမှတ် ၁ စစ်ဒေသ အောက်မှာဖြစ်တဲ့ဖြစ်ရပ်တွေပါ။ ဒီဖြစ်ရပ် ၂ ခုကပဲ သွေးထွက်သံယိုအနည်းဆုံးနဲ့ ကွပ်ကဲမှုအောက်ကို ရောက်သွားတဲ့အရွေ့ကိုတွေ့ခဲ့ရပြန်ပါတယ်။
"အမှတ် ၁ စစ်ဒေသရဲ့ သဘောထားကတော့ သူတာ၀န်ယူတဲ့နေရာတွေမှာ ကွပ်ကဲမှု တခုတည်းဖြစ်လိုတဲ့ ဆန္ဒရှိတာပါ" လို့ စစ်ကိုင်းအခြေစိုက်ဒေသကာကွယ်ရေး(Local PDF) တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
"အခုက အမှတ် ၁ စစ်ဒေသနဲ့ MoD (NUG စစ်ရုံးချုပ်) တို့ ချိတ်ဆက်မမိနေတဲ့ပုံစံ ဖြစ်နေတယ်" လို့ Local PDF တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
ဘီဘီစီလေ့လာထားတဲ့ ဖြစ်စဉ် ၁၀ ခုထဲက SRA အဖွဲ့ဝင် စစ်ကိုင်းပြည်သူ့ကာကွယ်ရေး တပ်မတော် (Sagaing PDF) ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်ကို ဖမ်းဆီးတယ်လို့ ကနဦးသတင်းထွက်ခဲ့ပေမဲ့ အမှတ် ၁ စစ်ဒေသမှူးက ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့တာလို့ သိရပါတယ်။
ကိုစစ်ငြိမ်းနိုင်ကိုယ်တိုင်ကလည်း "တချို့နားလည်မှုလွဲမှားတာလေးတွေ ပြောကြဆိုကြတဲ့သဘောပါ။ ဒီတော်လှန်ရေးမှာ ရှေ့ဆက်ပြီး အပြန်အလှန်အမှီသဟဲပြုသွားဖို့ရှိပါတယ်။ ကျွန်တော်ကတိပေးနိုင်တာ တခုကတော့ ပြည်သူတွေစိတ်မပျက်စေရပါဘူး" လို့ ဇွန် ၃၀ ရက် ညပိုင်းမှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ ကတဆင့် အသိပေးပါတယ်။
ဒါဟာ ဖမ်းဆီးခံရတဲ့ Local PDF ခေါင်းဆောင်တဦး ရှားရှားပါးပါးပြန်လွတ်လာတာလို့လည်း နားလည်ရနိုင်ပါတယ်။
BNRA နဲ့ PLA ဖြစ်စဉ်တွေမှာတော့ ခရိုင်အဆင့် PDF စစ်ဌာနတွေကနေ ကိုင်တွယ်ဆောင်ရွက်တဲ့ အခြေအနေပါ။ PLA ရဲ့ တောင်သာဖြစ်စဉ်မှာဆိုရင် စီးနင်းတဲ့ PDF တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ပါတယ်။
ဒါတွေဟာ NUG ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေး၊ ကွပ်ကဲမှုတခုတည်းအောက်မှာရှိရေးတို့ အတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) မှာပါတဲ့ NUG အစိုးရရဲ့ ကြားကာလအတွင်းလုပ်ပိုင်ခွင့်ထဲမှာ ပါဝင်တယ်လို့ ထောက်ပြသူတချို့လည်းရှိပါတယ်။
နောက်ထပ်ဖြစ်စဉ်တွေဟာ NUG အတွက် ဝေဖန်မှုအများဆုံးကြုံရတဲ့ ပသုံးလုံးယန္တရားနဲ့ ဆက်စပ်လာပါတယ်။
ပသုံးလုံးယန္တရားအစားထိုးရှိနိုင်မလား
NUG စတင်ဖွဲ့စည်းတာနဲ့အတူ ပသုံးလုံးယန္တရားလည်းပါလာပါတယ်။ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) နဲ့ ပြည်သူ့ကာကွယ်ရေး (ပကဖ) တို့က ကာကွယ်ရေးဝန်ကြီးဌာနနဲ့လက်တွဲလုပ်ပြီး ပြည်သူ့လုံခြုံရေး (ပလဖ) ကတော့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိပါတယ်။
အာဏာသိမ်း ၅ နှစ်ကျော် ကာလအတွင်းမှာ ပသုံးလုံးယန္တရားအပေါ် ဝေဖန်မှုအများဆုံးဖြစ်ခဲ့ပြီး ပြည်သူ့ညီလာခံမှာပါ ပသုံးလုံးဖျက်သိမ်းရေးဆွေးနွေးရာက အခြေအတင်ဖြစ်ကျတဲ့အထိ တင်းမာခဲ့ကြပါတယ်။
ဘီဘီစီစကားပြောခွင့်ရတဲ့ ပသုံးလုံးအဖွဲ့ဝင်တွေကတော့ စနစ်ကျတဲ့ အုပ်ချုပ်ရေးထူထောင်နိုင်ဖို့အတွက် ဆက်ရှိနေဖို့လိုတယ်လို့ ဆိုကြပြီး မြေပြင်မှာရှိတဲ့တော်လှန်ရေးနဲ့နီးစပ်သူတွေကတော့ ဒီယန္တရားကို ပြုပြင်ပြောင်းလဲသင့်ပြီလို့ ထောက်ပြကြပါတယ်။
"NUG ပသုံးလုံးကိုလက်မခံဘူးဆိုရင် စစ်တပ်ရဲ့ ပျူစောထီးရွာပဲအဖြစ်ခံလိုက်ရတာတွေ တွေ့ရတယ်။ ပြည်သူတွေမှာ တခြားရွေးချယ်စရာတခုရှိဖို့လိုတယ်လို့မြင်တယ်။ လိုအပ်ချက်အရ ကျွန်တော်တို့က ဖန်တီးပေးတာမျိုးပါ" လို့ PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက ပြောပါတယ်။
ပြည်သူကိုဝန်ဆောင်မှုပေးတဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာဆောင်ရွက်တာအပြင် နိုင်ငံရေးအသိပညာပေးတာတွေပါ PLA ကလုပ်ဆောင်ပါတယ်။ ဒါဟာ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေတာမဟုတ်ဘူးလို့ ကိုဝေယံဖြိုးမိုးက ပြောပါတယ်။
ဒါကပဲ အားပြိုင်မှုတွေဖြစ်လာပြီး PLA နဲ့ NUG အဖွဲ့ဝင်တွေကြား တောင်သာနဲ့ ပုလဲဖြစ်စဉ်တွေရှိလာခဲ့ပါတယ်။ မင်းကင်းအခြေစိုက် SRF ဆိုရင်လည်း PLA ရဲ့ ကျောထောက် နောက်ခံပြုမှုနဲ့ အုပ်ချုပ်ရေးယန္တရား တည်ဆောက်လာခဲ့တာလို့ ပြောဆိုချက်တချို့ပါ ရှိနေတာပါ။
"နိုင်ငံရေး၊ စစ်ရေးအရ အပြန်အလှန်ကူညီပေးတာမျိုးပါ" လို့ PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက ပြောပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိပညာဉ် (FDC) အရ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတို့မှာ ဖက်ဒရယ်ယူနစ်အစိုးရတွေ ဒီနှစ်ထဲမှာ ပေါ်လာပါတယ်။
ဖက်ဒရယ်အစိုးရတွေအောက်မှာ ပလဖ နဲ့ ပအဖ ကိုထားပြီး ပကဖ ကိုတော့ PDF တပ်ရင်းတွေနဲ့အတူ တိုက်ခိုက်ရေးအတွက်ပြည်ထောင်စုကစီမံဖို့ ဆောင်ရွက်မယ်လို့ ကနဦးသိခဲ့ရပေမဲ့ ပီပီပြင်ပြင် ခွဲခြားနိုင်ရေး ရုပ်လုံးမပေါ်လာသေးပါဘူး။
ဧပြီမှာဖြစ်ခဲ့တဲ့ မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်အစပ်က ရေနံမြေမှာ ပသုံးလုံးအဖွဲ့တွေကို PDF တပ်ရင်းတွေက ဝိုင်းရံစီးနင်းမှုဖြစ်စဉ်ဟာ အာဏာခွဲဝေရေးမသေချာမှုရဲ့ သက်ရောက်မှုဖြစ်ပါတယ်။ အခွန်ငွေကြေးဘဏ္ဍာ စီးဆင်းမှုကို ပြည်ထောင်စုအစိုးရက ကိုင်တွယ်မလား၊ ဖက်ဒရယ်ယူနစ်က ကိုင်တွယ်မှာလားဆိုတဲ့ အာဏာခွဲဝေမှုကို NUG ကြားမှာပဲ ကျေလည်အောင်ဆက်ဆွေးနွေးကြရတဲ့အထိပါ။
ဇွန်လအတွင်းမှာဖြစ်တဲ့ ယင်းမာပင်ခရိုင် PDF ခရိုင်ရုံးအစည်းအဝေးမှာ အမှတ် ၆ တပ်ရင်းမှူး ကိုပုလဲမောင် ပစ်သတ်ခံရမှု၊ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ခေါင်းဆောင် ကိုအာကူးနဲ့အဖွဲ့ကို PDF တပ်ရင်း တွေက စီးနင်းပစ်သတ်မှုမှာလည်း NUG ကြား တရားစီရင်ရေးမဆောင်ရွက်နိုင်တာကို ပေါ်လွင်လာပါတယ်။
"တရားရေးအရအရေးယူဆောင်ရွက်ခဲ့ရင် ကျွန်တော်တို့ဖော်ထုတ်ခဲ့တဲ့ ပြစ်မှုတွေလည်းမရှိလာနိုင်သလို နစ်နာသူပြည်သူတွေလည်း ရှိမလာနိုင်ပါဘူး" လို့ မုံရွာတပ်ရင်း တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒါဟာ NUG ကွပ်ကဲမှုအောက်မှာမရှိတဲ့ တပ်ဖွဲ့ငယ်တွေရဲ့ ကျူးလွန်တဲ့ပြစ်မှုတွေအတွက် ခေါင်းဆောင်တွေဖမ်းဆီးတာနဲ့ စခန်းစီးနင်းမှုတွေလုပ်ခဲ့ပေမဲ့ NUG ယန္တရားအတွင်းမှာတော့ ပြစ်မှုတွေကို တရားစီရင်ရေး မလုပ်နိုင်ဘူးလားဆိုပြီး တော်လှန်ရေးအင်အားစုတွေကြား မေးခွန်းထပ်ရှိလာပါတယ်။
အခုနှစ်ဝက်အတွင်း ဖြစ်စဉ် ၁၀ ခုထဲမှာ NUG ယန္တရားအောက်က တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်တဲ့ ယင်းမာပင်နဲ့ မုံရွာဖြစ်စဉ်တွေမှာ သေနတ်ဖောက်လူသေဆုံးမှုတွေဖြစ်ပြီးမှ ခရိုင်၊ တိုင်းအဆင့်လိုက် စစ်ဌာနတွေက စစ်ဆေးမှုတွေလုပ်နေကြောင်း သိရပါတယ်။
ဒီလိုသွေးထွက်သံယိုအထိ ဖြစ်လာတာတွေဟာ မူဝါဒကြောင့်လား လုပ်ထုံးလုပ်နည်းအမှားကြောင့်လားဆိုပြီး တွေးတောစရာဖြစ်လာတယ်လို့ ကိုစိုးဝင်းရွှေက ပြောပါတယ်။
သူက စစ်ကိုင်းဖိုရမ်မှာပါဝင်ခဲ့သူတဦးဖြစ်သလို တော်လှန်ရေးအရွေ့တွေကိုလည်း လေ့လာစောင့်ကြည့်သူ တဦးလည်းဖြစ်ပါတယ်။
ညီညွတ်ရေးလား တတပ်တည်းရှိရေးလား
တော်လှန်ရေးအဖွဲ့တွေကြား တအုံ့နွေးနွေးဖြစ်နေတဲ့ ပဋိပက္ခတွေကိုကိုင်တွယ်ပြီး ညီညွတ်ရေး တည်ဆောက်ကာ စစ်ရေးဖော်ဆောင်နိုင်ရေးအတွက် အကြံအစည်တော့ရှိခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ် (EROs) ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ဆိုတဲ့ ထောက်တိုင်သုံးခုနဲ့ ဆောင်ရွက်မယ်လို့ ၂၀၂၆ နှစ်ဆန်းမှာ စစ်ရေးရင်းမြစ်တွေဆီက သိခဲ့ရပါတယ်။
၆ လတာကုန်လွန်သွားတဲ့အချိန်မှာတော့ အချင်းချင်းသေနတ်ပြောင်းလှည့်တဲ့ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်ခဲ့ပြီး SRA အဖွဲ့ဝင် တပ်ဖွဲ့ ၄ ဖွဲ့မှာပါ NUG ရဲ့ စီးနင်းဖမ်းဆီးမှုတွေကြုံနေရတာပါ။
ဒါကြောင့် SRA နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ စစ်ရေးအရင်းအမြစ် တချို့ဆီက သိရပေမဲ့ နှစ်ဖက်စလုံးကတရားဝင်ထုတ်ပြောတာမရှိသေးပါဘူး။
သပိတ်အင်အားစုနဲ့ တော်လှန်ရေးရဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကတော့ "ဘုံရန်သူဦးတည်တိုက်ရေးနဲ့ ညီညွတ်ရေးဆီသို့" ဆိုတဲ့ အချင်းချင်းစည်းလုံးဖို့အတွက် သဘောထားထုတ်ပြန်နေကြပါပြီ။
၅ နှစ်ကျော်လှုပ်ရှားလာတဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ရေး နွေဦးတော်လှန်ရေးအတွက် သက်ရောက်မှု ပြင်းထန်တာဖြစ်လို့ အပြန်အလှန်ထိန်းကြောင်းဖို့လိုပြီလို့ ထောက်ပြကြတာပါ။
"အနာရှိရင် ဆေးရှိရမယ်" လို့ ကိုစိုးဝင်းရွှေက သုံးသပ်ပါတယ်။
ဒီလိုမြေပြင်မှာသေနတ်သံညံနေချိန်မှာပဲ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ NUG တို့ တွေ့ဆုံပြီး NUCC က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) ပါ ပြဋ္ဌာန်းချက်တွေအရ ကူညီ ညှိနှိုင်းနိုင်မယ့် အခြေအနေတွေကို ဆွေးနွေးတယ်လို့ ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
"ဒါတွေက Pattern (ပုံသေနည်း) ပုံစံမျိုးဖြစ်လာမလားကို စိုးရိမ်ပါတယ်" လို့ NUCC အဖွဲ့ဝင်၊ Generation Wave အဖွဲ့ခေါင်းဆောင် ကိုမိုဃ်းသွေးက ပြောပါတယ်။
အထူးသဖြင့် NUG နဲ့ မတူညီတဲ့အဖွဲ့အစည်းတွေကြားတွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ယန္တရားတခု လိုအပ်တယ်လို့ သူက ရှုမြင်ပြီး အဲဒီယန္တရားကနေ ညှိနှိုင်းဆောင်ရွက်မှာပါ။
လက်ရှိမှာလည်း NUCC က SRF၊ PLA၊ 96 Soldiers၊ စစ်ကိုင်း PDF တို့နဲ့ဆွေးနွေးခဲ့ပြီး လုပ်ထုံးလုပ်နည်းဆိုင်ရာနားလည်မှုလွဲတာနဲ့ ဆက်ဆံရေးကောင်းမွန်အောင် မတည်ဆောက်နိုင်ခဲ့တာကို တွေ့ရတယ်လို့ ကိုမိုဃ်းသွေးက ဆက်ပြောပါတယ်။
"စုဖွဲ့ဖို့ကြိုးစားရမှာကမှန်တယ်။ အင်အားသုံးပြီး အတွေးအခေါ်စွန့်ရမယ်ဆိုတာတွေက အဆင်မပြေဘူး။ နိုင်ငံရေးအရတန်းတူညီမှုကို ပိုပြီးလိုလားတယ်" လို့ PLA ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက ပြောပါတယ်။
ဒီအခြေအနေတွေဘာကြောင့်ဖြစ်လာတာလဲ၊ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ မေးမြန်းနိုင်ဖို့အတွက် NUG ပြောခွင့်ရ ဦးနေဘုန်းလတ်၊ NUG စစ်ရုံးချုပ်ရဲ့ ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒေါက်တာ စိုးသူရဇော်၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ၊ ပကဖ စစ်ဘက်ရေးရာဌာနတာဝန်ခံ ကိုသြဇာ တို့ကို ဘီဘီစီက မေးမြန်းဖို့ကြိုးစားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ဒါအပြင် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ရုံးချုပ်တို့ကိုလည်း အီးမေးလ်ပို့ ဆက်သွယ်ပေမဲ့ ဇူလိုင် ၂ ရက်အထိ ပြန်လည်အကြောင်းပြန်တာမရှိပါဘူး။