ဦးမင်းအောင်လှိုင် လာအိုမှာ သုံးရက်နေမယ်
နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်ဟာ လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်ရဲ့ ဖိတ်ကြားချက်နဲ့ ဗီယင်ကျန်းမြို့ကို ဒီနေ့မှာ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေပါတယ်။
ဒီခရီးဟာ နေပြည်တော်သမ္မတရာထူးယူပြီးနောက်ပိုင်း ပထမဆုံးအာဆီယံခရီးစဥ်ဖြစ်လာတာပါ။
လာအိုသမ္မတနဲ့ ဦးမင်းအောင်လှိုင်တို့ဟာ ဗီယင်ကျန်းမြို့မှာရှိတဲ့ သမ္မတအိမ်တော်ခန်းမမှာ တွေ့ဆုံပါတယ်။
ခရီးစဥ်ရဲ့အဓိကအစီအစဥ်အဖြစ်တဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုခိုင်မာဖို့နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းရေးတိုးမြှင့်ဖို့ ဆွေးနွေးကြတယ်လို့ မြန်မာဘက်က ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
ဒီတွေ့ဆုံပွဲမှာ ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ (Tourism MoU)နဲ့ Sister City MoU တို့ကို အပြန်အလှန် လဲလှယ်ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကိုလည်း သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ လာအိုခရီးစဥ်ဟာ ဒီနေ့ကနေ ဇူလိုင် ၅ ရက်အထိ ၃ ရက်တာကြာမြင့်မှာ ဖြစ်တယ်လို့ လာအိုဘက်က သတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ နောက်ဆက်တွဲအစည်းအဝေးတွေကို မြန်မာက တက်ရောက်ခွင့်မရဘဲ နိုင်ငံရေးမပါတဲ့ ကိုယ်စားလှယ်တွေကိုသာ တက်ရောက်ခွင့် ပြုထားတာပါ။
ဒီနှစ်မှာ မြန်မာက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူရမှာဖြစ်ပေမဲ့ လက်ရှိအခြေအနေတွေကြောင့် ဖိလစ်ပိုင်က တာဝန်ယူထားပါတယ်။
စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲကနေ နေပြည်တော်အစိုးရတက်လာအပြီးမှာ ဒီလိုကန့်သတ်ပိတ်ပင်ခံထားရတဲ့ အာဆီယံအစည်းအဝေးကို ဦးမင်းအောင်လှိုင်တက်ခွင့်ရဖို့ နေပြည်တော်ဘက်က တိုက်တိုက်တွန်းတွန်းလုပ်လာပါတယ်။
အာဆီယံအရေးနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး USDP ပါတီက အဆိုတင်သွင်းတာတွေရှိနေတာဖြစ်ပါတယ်။
လက်ရှိမြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်တွေကြားသဘောထားနှစ်ခြမ်းကွဲနေပြီလို့ နိုင်ငံတကာသတင်းတွေက ထောက်ပြနေပါတယ်။
စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား နဲ့ တီမောတို့က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်ကိုင်စွဲလိုပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့က ပြန်လည်ထိတွေ့ဆက်ဆံဖို့ လိုလားနေတာဆိုလို့ စင်ကာပူအခြေစိုက် The Straits Times သတင်းက ဒီနှစ်မေလမှာ ဖော်ပြပါတယ်။