မုန်းမေ့မရ ‘‘စံလင်းစံ’’ ရဲ့ အကျဥ်းထောင်ထဲကနောက်ဆုံးရက်များ

မုန်းမေ့မရတေးသီချင်းဂီတရုပ်သံမှာ သူကိုယ်တိုင်ရေးတဲ့ မုန်းမေ့မရသီချင်းကိုသီဆိုနေတဲ့ တေးသံရှင် စံလင်းစံ

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, မုန်းမေ့မရတေးသီချင်းဂီတရုပ်သံမှာ သူကိုယ်တိုင်ရေးတဲ့ မုန်းမေ့မရသီချင်းကို သီဆိုနေတဲ့ တေးသံရှင် စံလင်းစံ
ရေးသားခဲ့သည်။

‘‘ဟိုးတုန်းကချစ်ခဲ့တဲ့နေ့ရက်တွေကိုတွေးကာ ...လွမ်းလွန်းလို့မျက်ရည်တောင်မဆယ်နိုင်ခဲ့ကျလာ... ’’ ‘‘မုန်းမေ့မရ’’ဆိုတဲ့ တေးသီချင်းထဲက ဒီစာသားသံစဥ်တွေက လွန်ခဲ့တဲ့နှစ်ကာလတွေအတွင်း လူငယ်တွေကြား ရေပန်းစားခဲ့ပါတယ်။

အခုထိလည်း ကျော်ကြားတေးစုစည်းမှုဆိုတဲ့ တေးအယ်လ်ဘမ်တွေမှာ ဒီသီချင်းကို မပါမဖြစ်ထည့်သွင်းကြတဲ့အထိအောင်မြင်နေဆဲပါပဲ။

ဒါပေမဲ့ တေးသီချင်းပိုင်ရှင် အသက် ၂၉ နှစ်အရွယ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ ဇာတိ တေးရေး/တေးဆို စံလင်းစံ ကတော့ စစ်အာဏာသိမ်းဆန့်ကျင်လို့ ‌အကျဥ်းချခံထားရရင်း ကျန်းမာရေးကြောင့်အကျဥ်းထောင်ထဲမှာပဲ အသက်ဆုံးရှုံးသွားရပြီဖြစ်ပါတယ်။

‘‘ပုသိမ်ထောင်ကနေ ရပ်ကွက်အုပ်ကြီးကို အကြောင်းကြားလို့ဆိုပြီး အုပ်ကြီးက အိမ်ကိုလာပြောတာ။ ထောင်ထဲမှာ စံလင်းစံ ဆုံးသွားပြီပေါ့။ ပုသိမ်ကိုလိုက်လို့ရတယ်ဆိုပြီးလာပြောတာ’’ လို့ မိသားစုဝင်နဲ့ နီးစပ်သူက သူသိထားတာကို ပြန်ပြောပြပါတယ်။

ဂီတအနုပညာ တေးရေး၊ တေးဆိုအလုပ်ကိုပဲ အာရုံစိုက်တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ကိုစံလင်းစံဟာ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှာတော့ အနုပညာအလုပ်တွေကို စွန့်လွှတ်ပြီး စစ်တပ်နဲ့အာဏာသိမ်းမှုကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်ခဲ့ပါတယ်။

မအူပင်တက္ကသိုလ်မှာ ဒုတိယနှစ်သမိုင်းဘာသာရပ်နဲ့ အဝေးသင်တက်ရောက်နေတဲ့ ကိုစံလင်းစံ ရဲ့ တေးသီချင်း ၃ ပုဒ်ထက်မနည်းကအောင်မြင်ခဲ့ပြီး သူရေးသားခဲ့တဲ့သီချင်းတွေ ဆယ်နဲ့ချီရှိတယ်လို့ နီးစပ်တဲ့မိတ်ဆွေတချို့ကပြောပါတယ်။ ဒါပေမဲ့ သူချစ်တဲ့ အနုပညာထက်တော်လှန်ရေးကို ဦးစားပေးခဲ့တယ်လို့ အနီးကပ်မိတ်ဆွေတချို့ကလည်းပြောပါတယ်။

‘‘ဖျာပုံမှာ စစ်တပ်ကိုဆန္ဒတွေပြကြတော့ သူဦးဆောင်ပြီးထွက်တယ်။ ဆန္ဒတွေပြလို့ရတဲ့အထိ သူလုပ်တယ်။ ဒါပေမဲ့ နောက်ပိုင်းကြတော့ စစ်တပ်က တအားဖမ်းတယ်။ သူကလည်း နာမည်ထွက်တော့ အိမ်မှာလည်း နေလို့မရတော့ဘူး။ အဲဒီကတည်းက သူအိမ်ကထွက်သွားရတာ’’လို့ ဆွေမျိုးနီးစပ်တော်သူတစ်ဦးက ပြန်ပြောပြပါတယ်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာတော့ ကိုစံလင်းစံနဲ့ လူငယ်အချို့ဖမ်းဆီးခံလိုက်ရတဲ့အကြောင်း သတင်းစာကတဆင့်မိသားစုတွေ သိလိုက်ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဖျာပုံမြို့ အမှတ် ၁၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ထွေအုပ်စာရေးမနှင်းဝေခိုင်နဲ့ သူငယ်ချင်းဖြစ်သူ မနိုးနိုးဝေတို့ နှစ်ဦး ၂၀၂၂ ခုနှစ် သြဂုတ် ၂၃ ရက်က ဖျာပုံမြို့ပေါ်မှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာဟာ ကိုစံလင်းစံ ဦးဆောင်တဲ့ လူငယ်အချို့ကလုပ်ခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

ဒါအပြင် ကိုစံလင်းစံကို ဖျာပုံမြို့နယ်အခြေပြု Black Dragon Force Pyapon-BDFP ဖျာပုံ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ဦးဆောင်သူလို့ပြောပြီး နောက်ထပ်လူငယ်အချို့ကိုလည်း PDF အဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူတွေဆိုပြီး ဖမ်းဆီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

‘‘သူက ကြက်ကလေး၊ ငှက်ကလေးကအစ သတ်ဖြတ်သူတော့မဟုတ်ခဲ့ဘူး။ သူက အနုပညာသမားပဲ ဘာမှလည်းမလုပ်ဘူး။ အနုပညာအလုပ်တစ်ခုပဲလုပ်တာ။ ဒီလိုစွပ်စွဲခံရတော့ ဘယ်သူမှန်လဲ မှားလဲ မပြောတတ်ပေမဲ့ သူက မတရားမှုကို လက်မခံဘူးဆိုတာတော့ ဆန္ဒပြတဲ့ကာလကတည်းက သိခဲ့တယ်’’ လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ ဆွေမျိုးသားချင်းတစ်ဦးကပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၀ ရက်မှာတော့ ဖျာပုံ‌ထောင်မှာတစ်နှစ်ကျော်နေခဲ့ရတဲ့ ကိုစံလင်းစံ အပါအဝင် လူငယ် ၇ ဦးကို ဖျာပုံခရိုင်အထူးတရားရုံးကနေ လူသတ်မှု နှစ်မှုအတွက် ပုဒ်မ ၃၀၂(၁) (ခ) ရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်နှစ်ထပ်ကွမ်း ချမှတ်ခံခဲ့ရပါတယ်။

သူတို့ကို သေဒဏ် နှစ်ထပ်ကွမ်းအပြင် အကြမ်းဖက်ပုဒ်မတွေနဲ့လည်း ထောင်ဒဏ် အနှစ် ၄၀ အမိန့်ချမှတ် ထားပါသေးတယ်။

အာဏာမသိမ်းခင်ကာလတွေက တေးသီးချင်းတွေနဲ့ ဘဝကိုဖြတ်သန်းခဲ့သူ တေးသံရှင် စံလင်းစံ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အာဏာမသိမ်းခင်ကာလတွေက တေးသီးချင်းတွေနဲ့ ဘဝကိုဖြတ်သန်းခဲ့သူ တေးသံရှင် စံလင်းစံ

အမိန့်ချပြီးတဲ့နောက် ဖျာပုံထောင် ကနေ ပုသိမ်ထောင်ကို ပြောင်းရွှေ့လိုက်တဲ့ပြီး နှစ်လနဲ့ ဆယ်ရက် အကြာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှာတော့ ပုသိမ်အကျဥ်းထောင်ထဲမှာ ကိုစံလင်းစံ သေဆုံးခဲ့တာဖြစ်ပါတယ်။

သူ့မှာ နဂိုကတည်းက ဦးခေါင်းထဲမှာ ရေအိတ်တည်ရောဂါရှိခဲ့တာကြောင့် စစ်ကြောရေးမှာ ဦးခေါင်းကိုရိုက်နှက်ခံရတဲ့ဒဏ်တွေကြောင့် အခုလို အသက်ဆုံးရတာလို့ မိသားစုဝင်တွေနဲ့ဆွေမျိုးတွေ က တထစ်ချယုံကြည်နေပါတယ်။ ဒါအပြင် လုံလောက်တဲ့ဆေးကုသမှုရခဲ့ရင် အသက်သေတဲ့အထိမဖြစ်နိုင်ဘူးလို့လည်း ယူဆထားကြပါတယ်။

ပြီးခဲ့တဲ့ ၃ လအတွင်းမှာ ကိုစံလင်းစံဟာ ဦးခေါင်းနဲ့အာရုံကြောပိုင်းဆိုင်ရာပြဿနာကြောင့် ‌တကိုယ်လုံးလှုပ်မရနိုင်တဲ့အထိ ကျန်းမာရေးချုချာခဲ့ပြီး မိသားစုကလည်း ထောင်ကို ပြင်ပမှာဆေးစစ်ပေးဖို့နဲ့ ကုသခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ထောင်တွင်းမှာပဲ ခွင့်ပြုနိုင်တယ်လို့ အကြောင်းပြန်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူကပြောပြပါတယ်။

‘‘သူရုံးထုတ်မှာပြောတာက စစ်ကြောရေးမှာ သူ့ကို ၃ နေရာစစ်တယ်။ သူ့ခေါင်းကို ရိုက်ကြတာ တံမြက်စည်း နှစ်ချောင်းကုန်တယ်။ ခေါင်းကိုလက်နှစ်ဖက်နဲ့ ညှပ်ပြီးရိုက်နှက်တယ်ပေါ့။ ခေါင်းမှာဘုတွေအများကြီးဖြစ်တယ်။ ပြီးတော့ကျင်စက်နဲ့လည်းတို့တယ်လို့ပြောတယ်’’ လို့ ရုံးထုတ်စစ်ဆေးမှုတုန်းက အခြေအနေကိုသိရှိသူဆွေမျိုးတော်စပ်သူတစ်ဦးက ကိုစံလင်းစံပြောပြခဲ့တဲ့ စစ်ကြောရေး အတွေ့အကြုံကိုပြန်ပြောပြပါတယ်။

ကိုစံလင်းစံရဲ့ ဦးခေါင်းထဲက ရေအိတ်ကို ၂၀၁၆ ခုနှစ် သူ့အသက် ၂၁ နှစ် လောက်မှာ ခွဲထုတ်ပြီးကုသမှု ခံယူထားတာကြောင့် မိသားစုကသူ့ကိုသာမန်ထက်ပိုပြီး ဂရုတစိုက်ရှိခဲ့ကြတယ်လို့ သူတို့အိမ်အနီးမှာ နေထိုင်သူတချို့ကပြောပြပါတယ်။

‘‘သူပုသိမ်ထောင်မရောက်ခင်ကတည်းက အမိန့်မချခင်လောက်မှာ သူလက္ခဏာတွေစပြတာ သတိထားမိတယ်။ ခြေတွေလက်တွေ မသယ်နိုင်ဘူးလို့ပြောတယ်။ မကြာခဏလည်း ခေါင်းအရမ်းမူးတယ် ပြောတယ်။ မျက်လုံးတွေကလည်း ဝါးလာတယ်။ သူကတော့ စစ်ကြောရေးမှာ သူ့ခေါင်းကို ရိုက်တာတွေကြောင့် ဖြစ်တယ်လို့ပဲ ရုံးထုတ်မှာ ပြောပြတယ်’’ လို့ မိသားစုဝင်တွေနဲ့နီးစပ်သူက သူသိထားတာကိုပြန်ပြောပြပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မနက် ၁၁ နာရီလောက်မှာ ကိုစံလင်းစံ ပုသိမ်ထောင်ထဲမှာ ဆုံးပါးသွားပြီဖြစ်ကြောင်း ဖျာပုံမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် မိသားစုတွေက သိခဲ့ရတာဖြစ်ပါတယ်။

ကိုစံလင်းစံရဲ့ မိသားစုတွေက ထောင်ကိုဆက်သွယ်တဲ့အခါမှာတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် မနက် ၆ နာရီကျော်မှာ အသက်ဆုံးသွားတယ်လို့ပြောပြီး နာရေးကို နေ့ချင်းလုပ်မှာဖြစ်လို့ မိသားစုဝင်တွေ လိုက်လာမယ်ဆိုရင် ခွင့်ပြုတယ်လို့ ထောင်ဘက်ကပြန်ပြောခဲ့ပါတယ်။

‘‘ထောင်ကတော့ သူတို့သေချာဆေးရုံမှာကုသပေးတယ်ပေါ့။ အသက်ထွက်သွားတာလည်း ငြင်ငြင်သာသာပါပဲဆိုပြီး ပြောတယ်’’

‘‘သူ့ကို ပုသိမ် သ‌ရောင်းချောင်းသုဿန်မှာ အဲဒီညနေမှာသရဏဂုံတင်ပြီး ထောင်က သင်္ဂြိုဟ် ပေးတယ်။ ရုပ်အလောင်းကိုကြည့်ရတယ်။ ဓာတ်ပုံရိုက်ခွင့်မပေးဘူး’’ လို့ မိသားစုဝင်တစ်ဦးကိုဆက်သွယ်မေးတဲ့အခါ ခပ်တိုတိုပဲပြန်ဖြေပါတယ်။

ကိုစံလင်းစံရဲ့ အသက် ၈၀ အရွယ် မိခင်ဖြစ်သူကတော့ အငယ်ဆုံးသားရဲ့ အခုအခြေအနေကို လက်မခံနိုင်သေးဘူးလို့ မိသားစုနဲ့ အနီးကပ်ရှိနေသူတစ်ဦးကပြောပြပါတယ်။ မွေးချင်းမောင်နှမ ၅ ဦးထဲမှာ အငယ်ဆုံးဖြစ်သလို သားယောက်ျားလေးကလည်း သူတစ်ဦးတည်းပါတဲ့အတွက် မိခင်ရဲ့ အချစ်ပိုခြင်းခံရသလို မျှော်လင့်ချက်ကြီးကြီးထားခံရတဲ့သားလို့ ဆိုပါတယ်။

သားဖြစ်သူတစ်နေ့ အိမ်ကိုပြန်လာမယ်ဆိုတဲ့စိတ်နဲ့ ကျော်ဖြတ်နေတဲ့မိခင်တစ်ဦးအတွက် အခုသားဖြစ်သူ ဆုံးပါးသွားတဲ့သတင်းကိုကြားတဲ့အချိန်မှာ ‌ဆောက်တည်ရာမဲ့တဲ့အထိဖြစ်တယ်လို့လည်း အနီးကပ်ရှိနေသူအချို့ကပြောပါတယ်။

‘‘အရင်ကတော့သူမစားမသောက်ရင် ဖိုးသားကပြန်လာမှာပဲ။ ကိုယ်စားစရာရှိတာစား၊ အားရှိပြီးကျန်းမာအောင်နေပေါ့ ဆိုပြီး မိသားစုက အမေကြီးကိုအားပေးတာပေါ့။ အခုတော့ အမေကြီးက သိသွားတော့ သူ့မှာမျှော်လင့်ချက်မရှိသလိုဖြစ်သွားတယ်’’လို့ အိမ်နီးချင်းတစ်ဦးပြောပြပါတယ်။

ကိုစံလင်းစံကတော့ သူ့ရဲ့ လုပ်ရပ်နဲ့ ဆုံးဖြတ်ချက်တွေအပေါ် နောင်တရတာမရှိသလို တက်တက်ကြွကြွနဲ့ပဲ တရားရင်ဆိုင်ခဲ့တယ်လို့ မိသားစုနဲ့ အနီးကပ်ရှိတဲ့သူကပြောပြပါတယ်။

‘‘အာဏာမသိမ်းခင်ကတော့ သူ့ဘဝကအပူအပင်မရှိဘူးပေါ့။ အေးရာအေးကြောင်းပဲ။ သီချင်းစပ်၊ ဂစ်တာတီး၊ သီချင်းဆို ဒါပဲသူလုပ်တာ။သူအောင်မြင်လာတော့လည်း သူများပြောမှ သူပြောမှ သူနာမည်ရနေပြီ။ အောင်မြင်နေပြီဆိုတာသိတာ’’ လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်အာဏာသိမ်းမှုဆန့်ကျင် ရေးလှုပ်ရှားမှုနည်းတယ်လို့ဝေဖန်မှုတွေရှိပေမဲ့ အာဏာသိမ်းဆန့်ကျင်လို့ဖမ်းဆီးခံရသူ က ၃၀ ဦးထက်မနည်းရှိတယ်လို့ နိုင်ငံ‌ရေးအကျဥ်းသားမှတ်တမ်းတွေအရသိရပါတယ်။

အဲဒီထဲက Black Dragon Force Pyapon-BDFP က အဖွဲ့ဝင် ၇ ဦး ဖြစ်တဲ့ ကိုစံလင်းစံ ၊ ကိုအောင်မိုးမြင့်၊ ကိုကျော်ဆန်းဦး၊ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကိုအောင် နဲ့ ကိုဝဏ္ဏထွန်း တို့ကို လူသတ်မှု ပုဒ်မ ၃၀၂(၁) (ခ) အပြင် အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (က) (စျ) (ည) နဲ့ ၅၂ (က) စတဲ့ အကြမ်းဖက်မှု ကိုယ်တိုင်ကျူးလွန်မှုတွေနဲ့ စစ်ကောင်စီက တရားစွဲဆိုခဲ့ပါတယ်။

အာဏာသိမ်းကာလ ဆန္ဒပြခဲ့တဲ့ ကိုစံလင်းစံနဲ့ အဖွဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းကာလ ဆန္ဒပြခဲ့တဲ့ ကိုစံလင်းစံနဲ့ အဖွဲ့

ဖျာပုံအကျဉ်းထောင်ရဲ့ အထူးတရားရုံးမှာ တစ်နှစ်နီးပါး တရားရင်ဆိုင်ခဲ့ကြပြီးနောက် အောက်တိုဘာလ ၂၀ ရက်နေ့မှာ လူသတ်မှု နှစ်မှု အတွက် သေဒဏ် နှစ်ကြိမ် ၊ ပုဒ်မ ၅၀ (က) (စျ) (ည) အတွက် ထောင်ဒဏ် ၃၅ နှစ် နဲ့ ပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် ၂၅ နှစ် အမိန့်ချခံရပါတယ်။

အောက်တိုဘာ ၂၀ ရက် တရက်တည်းမှာတင် Black Dragon Force Pyapon-BDFP အဖွဲ့ဝင် နောက်ထပ် ၄ ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ဒဏ်အနှစ် ၄၀ ချမှတ်ခဲ့ပါတယ်။

ဒီလိုနှစ်ရှည်ထောင်ဒဏ်တွေနဲ့ သေဒဏ်တွေ ချမှတ်ခံရမှုတွေအတွက် ဥပဒေကပေးတဲ့အခွင့်အရေးအရ အယူခံဝင်ထားချိန်မှာပဲ ကိုစံလင်းစံ ဆုံးပါးခဲ့တာဖြစ်ပါတယ်။

‘‘သူကတော့ အယူခံဝင်မယ်ဆိုတော့ ပိုက်ဆံတွေကုန်တယ်။ လျှောက်စရာမလိုဘူးပြောတယ်။ သူ့အိမ်ကလူတွေကတော့ လျှောက်ထားတာပေါ့။ လျှောက်ထားပြီး အယူခံကျ မကျ မသိ‌သေးချိန်မှာပဲ ဆုံးသွားတာ’’လို့ မိသားစုနဲ့ နီးစပ်သူကအမှုအခြေအနေကိုပြောပြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN-Myanmar)ကတော့ ကိုစံလင်းစံဟာထောင်ထဲမှာ လုံလောက်တဲ့ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့ရတာလို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဒီဇင်ဘာတစ်လတည်းမှာပဲ အင်းစိန်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသူ ၁ ဦး၊ ပုသိမ်ထောင်က ကိုစံလင်းစံနဲ့ သာယာဝတီထောင်က နိုင်ငံရေးအကျဥ်းသားအချို့ဟာ ဆေးကုသခွင့်မရလို့ဆုံးပါးအထိဖြစ်ခဲ့ရတာလို့ အကျဥ်းသားအရေးလှုပ်ရှားသူအချို့ကပြောပါတယ်။

အင်းစိန်‌ထောင်ထဲသေဆုံးခဲ့သူဟာ ကယား(ကရင်နီ)ပြည်နယ်မှာနေထိုင်သူ အသက် ၂၃ နှစ်အရွယ် မချယ်ရီဝင်းဖြစ်ပြီး အပူချိန်အလွန်အမင်း တက်ခဲ့ပေမဲ့ အချိန်မီ လုံလောက်တဲ့ကုသမှုမရခဲ့တာကြောင့် ဒီဇင်ဘာလ ၂၁ ရက်မှာသေဆုံးခဲ့တာလို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေကနေ သိရပါတယ်။

ကိုစံလင်းစံကတော့ ပြီးခဲ့တဲ့ ၃ လအတွင်း ဆေးဝါးကုသမှုခံယူဖို့ တောင်းဆိုခဲ့ပေမဲ့ သူ့ကို ပုသိမ်ထောင်အာဏာပိုင်တွေက ထောင်တွင်းဆေးရုံမှာပဲ ကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။

‘‘အောက်တိုဘာလ ကတည်းက ပုသိမ်ထောင်တွင်းမှာ ဆေးဝါးကုသမှုခံယူနေရသူပါ။ ဒါပေမဲ့ ပြင်ပဆေးရုံကိုမလွှဲပေးဘဲ ထောင်တွင်းမှာပဲကုသတော့ လုံလောက်တဲ့ဆေးဝါးစောင့်ရှောက်မှု မရလို့ ဦးခေါင်းဒဏ်ရာနဲ့ပဲ ဒီဇင်ဘာလ ၃၀ ရက်မှာသေဆုံးပါတယ်’’ လို့ PPN Myanmar အဖွဲ့ဝင်တစ်ဦးက ဆက်ပြောပြပါတယ်။

အင်းစိန်နဲ့ ပုသိမ်က အကျဥ်းသား ၂ ဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ စစ်ကောင်စီလက်အောက် အကျဥ်းဦးစီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ဖုန်းကိုင်ဖြေဆိုသူမရှိပါဘူး။

PPN Myanmar ရဲ့အပြောအရ အခုနှစ်အတွင်း အကျဥ်းထောင်တွင်း လုံလောက်တဲ့ဆေးဝါးကုသမှုမရတာ အပါအဝင် ထောင်တွင်းဆူပူတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရိုက်နှက်ခံရတာ၊ ထောင်ပြောင်းချိန် ထွက်ပြေးဖို့ ကြိုးပမ်းတယ်ဆိုပြီး ပစ်ခတ်ခံရတာနဲ့ ထောင်ပြောင်းချိန် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ နိုင်ငံရေးအကျဥ်းသား ၁၈ ဦးအထိ ရှိတယ်လို့ ဆိုပါတယ်။

‘’ ထောင်ကလူကြီးတွေကိုပြောချင်တာကတော့ အကျဥ်းသားတစ်ယောက်နေထိုင် မကောင်းဖြစ်လာတဲ့အခါကျရင် လူသားချင်းစာနာပြီးဆေးကုသမှုပေးပါလို့ပဲပြောချင်တယ်။ သူတို့အပြစ်ဒဏ်ကသူတို့အပြစ်ဒဏ်ပေါ့။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ လူသားချင်းစာနာပြီး ကုပေးဖို့ပဲ ပြောချင်ပါတယ်’’ လို့ ကိုစံလင်းစံရဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးကပြောပါတယ်။