သြဂုတ်လ ၃၁ ရက် ထိပ်တန်းသတင်းများ - ကရင်နီစစ်ရှောင်တွေအရေး စိုးရိမ်မိကြောင်း ထိုင်းလူ့အခွင့်အရေးကော်မရှင်ပြော

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ကယား(ကရင်နီ)ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ်ဘက်ခြမ်းကို စစ်ရှောင်လာတဲ့ ကရင်နီ စစ်ရှောင် တစ်သောင်းအရေး စိတ်မအေးရတဲ့အကြောင်း ထိုင်းလူ့အခွင့်အရေးကော်မရှင်က အခုသီတင်းပတ်အတွင်း ပြောလာပါတယ်။
ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့စစ်ရှောင် ၉၄၀၀ နီးပါးဟာ မယ့်ဆာရန်ခရိုင်ထဲက ယာယီဒုက္ခသည် စခန်း ၅ ခုမှာ လောလောဆယ် တိမ်းရှောင်နေရတာဖြစ်ပါတယ်။
သက်ဆိုင်ရာ ထိုင်းအစိုးရအေဂျင်စီတွေအနေနဲ့ ဒီဒုက္ခသည်တွေအရေး တတ်နိုင်တဲ့အကူအညီပေးဖို့ကိုလည်း ထိုင်းလူ့အခွင့်ရေးကော်မရှင်က တိုက်တွန်းပါတယ်။
ဒေသန္တရအာဏာပိုင်တွေ၊ လဝကနဲ့ ကြက်ခြေနီအပါအဝင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ ဒီဒုက္ခသည်တွေအရေး အကူအညီပေးကြဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းသလို ဒုက္ခသည်တွေရဲ့ အခြေအနေကိုလည်း မျက်ခြေမပျက်စောင့်ကြည့်နေတယ်လို့ ပြောထားပါတယ်။
ဆီလုပ်ငန်းရှင်ကြီးတချို့ အစစ်ဆေးခံနေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်မှာ မနေ့က သွားတက်တဲ့ဆီလုပ်ငန်းရှင်ကြီးတွေ အစည်းအဝေးကအပြန်မှာ အစစ်ဆေးခံနေရတယ်လို့ နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ဆေးမှုကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က စသုံးလုံး လို့ လူသိများတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဦးဆောင်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ နဲ့ လုပ်ငန်းရှင်တချို့ စစ်ဆေးခံနေရတာ မှန်ကန်တဲ့အကြောင်း သူတို့ရဲ့ မိတ်ဆွေတချို့ကလည်း ဘီဘီစီကို အတည်ပြုပါတယ်။
‘‘ခေါ်မေးနေတာဟုတ်တယ်။ ဘာဆက်လုပ်မယ်ဆိုတာ မသိရသေးဘူး’’ လို့ အခြေအနေကို သိရှိထားတဲ့ လုပ်ငန်းရှင်တစ်ဦး က ပြောပါတယ်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှာပါဝင်တဲ့ ဆီလုပ်ငန်းရှင်တချို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ကိစ္စအပေါ် တစုံတရာမှတ်ချက်ပြု ဖြေကြားခဲ့တာ မရှိပါဘူး။
‘‘ရက်ပိုင်းအတွင်း ဆီဈေးနှုန်း သိသာစွာကျဆင်းစေဖို့ ဆောင်ရွက်မယ်’’ လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက နေပြည်တော်မှာ မနေ့က လုပ်တဲ့ ဆီဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။
စားသုံးသူဈေးကွက်မှာ စားအုန်းဆီဈေးနှုန်းက ဖြစ်သင့်ဖြစ်ထိုက်တာထက် များစွာမြင့်တက်နေတယ် လို့ သူက ပြောခဲ့ပါတယ်။
တက်ရောက်လာတဲ့ ဆီလုပ်ငန်းရှင်တွေကလည်း ဈေးတင်ရောင်းတာကို ရှောင်ကြဉ်မှာဖြစ်ပြီး ဆီဈေးကျအောင် ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိကဝတ်ပြုခဲ့ကြတယ်လို့ အစည်းအဝေးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
စားသုံးဆီနဲ့ပတ်သက်လို့ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်တဲ့ စီးပွားရေးရာကော်မတီအစည်းအဝေးမှာ ပြောပြီးတဲ့နောက် ဆီလုပ်ငန်းရှင်တွေကို အခုလို စစ်ဆေးမှုတွေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။
မြန်မာပါဝင်ပြီး ရုရှားမှာလုပ်မယ့် အာဆီယံစစ်ရေးလေ့ကျင့်မှုကို JFM ရှုတ်ချ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာစစ်တပ်က ပူးတွဲဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ရုရှားနိုင်ငံမှာပြုလုပ်ဖို့ရှိတဲ့ အာဆီယံစစ်ရေးလေ့ကျင့်မှုတစ်ခုနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတဲ့ Justice for Myanmar အဖွဲ့က ရှုတ်ချပြောဆိုလိုက်ပါတယ်။
အာဆီယံကာကွယ်ရေးဝန်ကြီးများ ပြက္ခဒိန်အရ လာမယ့် စက်တင်ဘာလကုန်ပိုင်းမှာ ရုရှားနိုင်ငံက မြို့ ၂ မြို့မှာ အာဆီယံပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ၅ ရက်ကြာပြုလုပ်ဖို့ရှိတယ်လို့ ဖော်ပြထားတာကြောင့် JFM ဘက်က အခုလိုပြောဆိုလာတာဖြစ်ပါတယ်။
လက်ရှိမှာ ရုရှားနဲ့ မြန်မာဟာ အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေးရဲ့ အကြမ်းဖက်မှုတန်ပြန်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များလုပ်ငန်းအဖွဲ့ကို ဦးဆောင်နေတာဖြစ်ပါတယ်။
စက်တင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်အထိပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုကို အူဆီရိ နဲ့ ဗလာဒီဗိုစတော့ခ်မြို့တွေမှာပြုလုပ်သွားမှာဖြစ်ပြီး ဒီမြို့တွေဟာ ယူကရိန်းအပေါ် ရုရှား ကျူးကျော်စစ်မှာပါဝင်ခဲ့တဲ့ ရုရှားအရှေ့တိုင်း စစ်ဌာနချုပ် ထိန်းချုပ်မှုအောက်မှာရှိပါတယ်။
JFM ဘက်ကတော့ မြန်မာစစ်ကောင်စီကို အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ဆက်လက်ပါဝင်စေတာဟာ မြန်မာစစ်တပ်က နိုင်ငံ့လူထုအပေါ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ကြံရာပါမှုမှာပိုပြီး နက်ရှိုင်းစေလိမ့်မယ်လို့ ဆိုပါတယ်။
ရုရှားနဲ့ မြန်မာဟာ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးပွဲအောက်ကနေ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးစာတွေ့စစ်ရေးလေ့ကျင့်မှုတစ်ခုကို နေပြည်တော်မှာ အခုလ အစောပိုင်းတုန်းက ပြုလုပ်ထားပါတယ်။
အဲဒီလေ့ကျင့်မှုအပြီးထုတ်ပြန်ချက်မှာတော့ NUG/PDF အကြမ်းဖက်မှုတွေကို ကြုံနေရတဲ့မြန်မာအတွက် ဒီလေ့ကျင့်မှုဟာ အကြမ်းဖက်မှုတန်ပြန်ရေးမှာ နိုင်ငံတကာနဲ့ နီးနီးကပ်ကပ်လက်တွဲလုပ်ဆောင်နိုင်တဲ့ အတွေ့အကြုံကောင်းတွေရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။
INGO နဲ့ NGO တွေကို ပြည်ပနိုင်ငံတွေက အသုံးချနေတယ်လို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, mun
အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ INGO နဲ့ NGO အဖွဲ့တွေကို သက်ဆိုင်ရာဝန်ကြီးဌာန တွေက ကြပ်မတ်ထိန်းသိမ်းဖို့ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မနေ့က လုပ်တဲ့ အစည်းအဝေးမှာ သူ့ဝန်ကြီးတွေကို မှာကြားလိုက်ပါတယ်။
ပြည်ပအကူအညီတချို့က INGO ၊ NGO တွေကတစ်ဆင့်လာတာဖြစ်ပြီး အကူအညီပေးနေတဲ့ အဖွဲ့အစည်းနဲ့ နိုင်ငံတွေက အသုံးချနေတာတွေ ရှိတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
နိုင်ငံနဲ့ လူမျိုးရဲ့ အမျိုးသားရေးစရိုက်လက္ခဏာတွေ၊ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမယ့် လုပ်ဆောင်မှုတွေ၊ ရေးသားထုတ်ဝေမှုတွေ၊ ထုတ်လွှင့်မှုတွေ မရှိစေဖို့ စာပေ၊ ဂီတ၊ ရုပ်ရှင်နဲ့ လူမှုကွန်ရက်စတဲ့ နယ်ပယ်တွေအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားဖို့လိုတယ် လို့ သူက ပြောပါတယ်။
စစ်ကောင်စီက NGO တွေရဲ့ သဘောတရားကို နားမလည်တဲ့အပြင် အာဏာသိမ်းပြီးတဲ့နောက် NGO တွေအပေါ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကတဆင့် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့တယ် လို့ NGO တချို့က ဘီဘီစီကို ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲကြောင့် NGO တွေအပေါ် ဆက်ဆံရေးအပြောင်းအလဲ ဖြစ်လာမလားလို့ မျှော်လင့်ထားပေမဲ့ စစ်ခေါင်းဆောင်ရဲ့ အခုလိုပြောစကားကြောင့် အပြောင်းအလဲ များများစားစားဖြစ်မယ် မထင်တော့ဘူး လို့ ပြောကြပါတယ်။
စစ်ကောင်စီက အရေးပေါ်ကာလကို သက်တမ်းခြောက်လထပ်တိုးပြီးတဲ့နောက် တစ်လနီးပါးအကြာမှ စစ်ကောင်စီဝန်ကြီးအဖွဲ့ အစည်းအဝေးကို ပထမဆုံးပြုလုပ်တာလည်း ဖြစ်ပါတယ်။








