ဇွန် ၁၁ရက် ထိပ်တန်းသတင်းများ- ခန္တီးနဲ့ ဟုမလ္လင်းမှာ ဘိလပ်မြေ ၁ အိတ် ကျပ် ၆ သောင်းကျော်စျေးပေါက်၊ ဆန်စျေးလည်း တက်နေ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းက ခန္တီးနဲ့ ဟုမလ္လင်း မြို့တွေမှာ ၅၀ ကီလိုဂရမ်ရှိတဲ့ ဘိလပ်မြေ ၁ အိတ်ကို မြန်မာကျပ်ငွေ ၆ သောင်းကနေ ၇ သောင်းအထိ စျေးပေါက် ပေးဝယ်နေရတယ်လို့ အဲဒီဘက်က လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေထံကသိရပါတယ်။

ဆန်စျေးကလည်း ၂၄ ပြည်ဝင် ၁ အိတ်ကို ပုံမှန်စျေးတက် ကျပ် ၂ သောင်းကနေ ၄ ကြားအထိ စျေးမြင့်တက် နေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ ဆန်ကြမ်းတစ်အိတ်ကို ၁ သိန်း ၂ သောင်းကျပ်အထိပေးဝယ်ရသလို၊ ဆန်ချော စျေးက ၁ အိတ်ကို ၁ သိန်း ၇ သောင်းအထိ စျေးတက်နေတယ်လို့ ဆိုကြပါတယ်။

အဓိကအားဖြင့် အဲဒီမြို့နယ် ၂ ခုကို မန္တလေးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဘက်က ဘိလပ်မြေ၊ ဆန်စတာတွေကို ရေလမ်း၊ ကုန်းလမ်းနဲ့ ဖောင်းပြင်ကတဆင့် ပို့ဆောင်ကာ ရောင်းဝယ်ဖောက်ကားကြတာ ဖြစ်ပါတယ်။

လက်ရှိ မိုးရာသီအဝင် မြစ်ကြောင်းတွေ ရေပြန်ဝင်တာကြောင့် ရေလမ်းတွေလည်း ပြန်လည်အသုံးပြုနိုင်တဲ့ အခြေအနေမှာ အခုလို စျေးမြင့်တက်လာတာလို့ ဒေသခံတွေကပြောပါတယ်။

ကုန်းလမ်းတွေကတော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ရေလမ်းထက် ကုန်အဝင် နည်းပါးလေ့ရှိပါတယ်။ ဒါပေမယ့် အခုတော့ ‌ရေလမ်းကဝင်တဲ့ ဘိလပ်မြေတွေကို လုံခြုံရေးအကြောင်းပြ ချက်နဲ့ ဖောင်းပြင်ကာကွယ်ရေးတပ်ဖွဲ့ဘက်ကနေ ကန့်သတ်လိုက်တာကြောင့် ဒီလို စျေးမြင့်တက်လာတာလို့ ခန္တီးနဲ့ ဟုမ္မလင်းဒေသခံတွေ ကပြောကြပါတယ်။

ဖောင်းပြင်မြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တနေရာက ‌ဖောင်းပြင်ဒေသကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်တဲ့နေရာ ၁ ခုမှာတော့ လက်ရှိကို ဘိလပ်မြေတင်ဆောင်လာတဲ့ သင်္ဘောအနည်းဆုံး ၆ စီးလောက်ကို ကန့်သတ်ရပ်ဆိုင်းခိုင်းထားတယ်လို့ သိရပါတယ်။

အခုလို ရေလမ်းကပိတ်ဆို့တဲ့နောက် ကချင်ပြည်နယ်ဘက်၊ အိန္ဒိယစတဲ့ဘက်တွေကနေ ကုန်သည် တွေက တင်သွင်းပြီး ကြိုက်စျေးနဲ့ ရောင်းချရာကနေ အခုလို ၁ အိတ်ကို စျေး ၇ သောင်းအထိပေးဝယ်နေရ တာလို့ ခန္တီးမြို့ပေါ်က လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဆန်ကိုတော့ စစ်တပ်ဘက်က ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းစတဲ့ နေရာတွေကနေ သယ်ယူခွင့်ကို ကန့်သတ်ထားတာကြောင့် မူလပေါက်စျေးထက် ၂ သောင်းကနေ ၄ သောင်းအထိ စျေးမြင့်တက်နေတာလို့ ကုန်သည်တွေထံကသိရပါတယ်။အရေအတွက် ကန့်သတ်ချက်တွေနဲ့ သယ်ယူခွင့်သာရရှိသလို အများအပြားသယ်ယူခွင့်မရရှိတာကြောင့် အခုလို ဆန်စျေးတက်ရတာလို့ ခန္တီးမြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။

အခုလိုကန့်သတ်မှုတွေနဲ့ ပတ်သက် ပြီး စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုထားတာမရှိသေးပါဘူး။

ခန္တီးနဲ့ ဟုမ္မလင်းက ဒေသကာကွယ်ရေးအဖွဲ့တွေကတော့ ဘိလပ်မြေသယ်ဆောင်ခွင့် ကန့်သတ်ထားမှုကို သူတို့အနေနဲ့ ပြုလုပ်ထားတာမျိုးမဟုတ်ဘဲ၊ စစ်တပ်က လုပ်ဆောင်နေတဲ့ ကာကွယ်ရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းတွေကို ဘိလပ်မြေမရောက်ရှိအောင် ဖောင်းပြင်ဒေသကာကွယ်ရေးဘက်က လုံခြုံရေးအရ ပိတ်ဆို့ထားတာလို့ ဘီဘီစီကိုပြောပါတယ်။

ဖောင်းပြင် ဒေသကာကွယ်ရေးဘက်ကိုတော့ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ဝင်ရောက်တိုက်ခိုက်ခံရတဲ့ ‌ညောင်ပင်ကြီးရဲစခန်းအနီး ရွာတွေ မီးရှို့ခံနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုအတွင်း က ရွာတွေကို ဇွန် ၉ ရက် ညပိုင်းကနေ ဒီကနေ ဇွန် ၁၁ ရက် မနက်ပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရက်ဆက် မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ညောင်ပင်ကြီးကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် စစ်ကောင်စီတပ်က လေကြောင်းကနေ လာ‌ရောက်ပစ်ခတ်ခဲ့သလို ကျေးရွာတွေထဲ စစ်ကြောင်းဝင် တပ်စွဲပြီး မီးရှို့နေလို့ ညောင်ပင်ကြီးကျေးရွာအုပ်စုထဲက ရွာ ပေါင်း ၈ရွာထက်မနည်းက ဒေသခံ ၄၀၀၀ နီးပါးထွက်ပြေးနေကြရတယ်လို့ ‌ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူ အညာပစ်တိုင်းထောင်‌လေးများအဖွဲ့က ပြောပြပါတယ်။

'' ရဲစခန်းနဲ့ ကပ်တဲ့ ရွာတွေကအိမ်တွေ ရှို့ခံရတယ်။နောက် စက်လှေဆိပ် နဲ့ နီးတဲ့ ရွာက အိမ်တွေရှို့ခံရတယ်။ သူတို့ ( စစ်ကောင်စီ) က ချင်းတွင်းမြစ်ကမ်းကူးပြီး ရွာထဲလာတာ‌ဆိုတော့ ထင်ရာမဲပြီး မီးရှို့နေတာ ၊ ရှို့ခံရတာ အိမ်ခြေများတယ်။ ဒီမနက် အထိကိုရှို့နေတာ'' လို့ စစ်ရှောင်ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ အညာပစ်တိုင်းထောင်‌လေးများအဖွဲ့က ဦးဆောင်သူ တဦးကရှင်းပြပါတယ်။

ဒီကနေ့ ဇွန်လ ၁၁ ရက်မနက်ပိုင်းမှာလည်း ညောင်ပင်ကြီးကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ်သားတွေ မော်တော်နဲ့ ထပ်ရောက်လာပြီး အင်အားဖြည့်လာသလို လက်နက်ကြီးတွေလည်း ပါလာတယ်လို့ မျက်မြင် တဦးက ‌ဆိုပါတယ်။

လက်ရှိမှာ ညောင်ပင်ကြီးကျေးရွာ ရဲစခန်းအနီးက အမှတ် (၃) ၊ အမှတ်(၄)ရပ်ကွက် ၊ရွာရှည်ရွာ နဲ့ သိမ်တော်ရပ်ကွက်က နေအိမ်တွေ မီးလောင်ခံထားရပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတာလည်းရှိတယ်လို့ သိရပါတယ်။

ထိုင်းအရှေ့ပိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဘယ်လိုရပ်တည်နေကြရလဲ။

ထိုင်းနိုင်ငံအရှေ့ပိုင်း ရယောင်း၊ ချုံဘူရီ၊ ချာချင်ချောင် စတဲ့ ခရိုင် ၃ ခုအတွင်းမှာရောက်နေတဲ့ အထောက်အထားမဲ့ နဲ့ အလုပ်ရှင်မရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်ရဖို့ ထိုင်းငွေ ဘတ် ၄၀၀၀ (မြန်မာငွေ ၃ သိန်း ၄ သောင်းကျော်) အကုန်အကျခံပြီး အလုပ်ရှာနေကြရသလို အလုပ်ရဖို့လည်းခက်နေကြတယ်လို့ ပြောပါတယ်။

“အထွေထွေအလုပ်သမားတွေအခက်အခဲရှိတယ်၊ အလုပ်ရှင်အာမခံချက်မရှိသူတွေ အလုပ်ရှင်ငှားရမ်းခ၊ စာရွက်စာတမ်းစရိတ်၊ အလုပ်ရှင်ကထပ်ပြီး အခြားတယောက်ကို ထပ်မံလွှဲပြောင်းထားလို့ အချိန်ကုန်တာ၊ ငွေကုန်ကျတယ်”လို့ အဲဒီခရိုင်ထဲရောက်ရှိနေတဲ့ JACBA အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

အဲဒါအပြင် အထောက်အထားမရှိသူတွေ၊ အထောက်အထားအချက်အလက် မမှန်ကန်သူတွေအပေါ် မကြာခဏဆိုသလို ထိုင်းရဲရဲ့ဖမ်းဆီးခံရမှုကြောင့် အနည်းဆုံး ဘတ် ၃၀၀၀ အထိပေးဆောင်ရတဲ့ အခက်အခဲ တွေလည်း ရှိနေတယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် အထောက်အထား မရှိသူ ဦးရေ ၂ သိန်းကျော်ကလည်း လူမှုဖူလုံရေးစရိတ်ပေးသွင်းနိုင်ခွင့်မရှိတာ ကြောင့် ကျန်းမာရေးစရိတ်ကလည်း ကုန်ကျစရိတ်အများအပြား သုံးစွဲနေရတယ်လို့ သိရပါတယ်။

ထိုင်း အရှေ့ပိုင်း က ရယောင်း၊ ချုံဘူရီ၊ ချာချင်ချောင် မှာ အလုပ်သမား ၅ သိန်းအထိနေထိုင် အလုပ်လုပ်ကိုင်နေကြတယ်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှား မှု ကော်မတီ- JACBA ရဲ့ ခန့်မှန်းပြောပြချက်အရ သိရပါတယ်။

အဲဒီအလုပ်သမားတွေထဲက ထက်ဝက်ခန့်က စက်ရုံအလုပ်ရုံအလုပ်သမားတွေဖြစ်ပြီး တချို့က အလုပ်ရှင် ရှိပြီး အလုပ်လုပ်ကိုင်နေသူတွေဖြစ်သလို ကျန်တဲ့သူတွေကတော့ အလုပ်ရှင်ခိုင်ခိုင်မာမာမရှိလို့ နားလည်မှုတွေနဲ့ ရရာအလုပ်တွေကို လုပ်ကိုင်နေရတယ်လို့ JACBA ထံကသိရပါတယ်။

ဒါ့အပြင် အဲဒီနယ်မြေတွေရဲ့ တရားဝင် သတ်မှတ် လုပ်ခလစာ တရက်နှုန်းထားက ၃၅၂ ဘတ် (မြန်မာငွေ ၂၅၀၀၀ နီးပါး) ဆိုပေမဲ့ မြေပြင် မှာတော့ ဘတ် ၃၀၀ အောက်သာ အများစုရရှိနေကြတယ်လို့ JACBA က ဆိုပါတယ်။

အဲဒါအပြင် ရယောင်းခရိုင်အတွင်းအများဆုံးရှိနေတဲ့ မြန်မာရွှေ့ပြောင်းရေလုပ်သားတွေမှာတော့ ကိုယ်တိုင် မူးယစ်ဆေး သုံးစွဲတာအပါအဝင်၊ အလုပ်ရှင်တွေကိုယ်တိုင်က မူးယစ်ဆေးသုံးစွဲခိုင်းကာ အလုပ်စေခိုင်းမှု တွေလည်းရှိ‌နေ တယ်လို့ JACBA ရဲ့ တွေ့ရှိချက်တွေအရ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးထွက်ခွာ အလုပ်လုပ်ကိုင်တဲ့‌ နေရာမျိုးဖြစ်လာနေပါတယ်။

ဥပဒေအရ သတ်မှတ်ထားတဲ့ လစာနှုန်းထားတွေရရှိမှုမရှိတာ၊ အလုပ်သမားအခွင့်အရေးအပြည့်အဝ မရရှိကြပေမယ့်လည်း ထိုင်းနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ လာရောက်ပြီးအလုပ်လုပ်ကိုင်နေကြသူတွေက ထပ်မံ တိုးလာနေတယ်လို့လည်း ထိုင်းရောက်မြန်မာအလုပ်သမားတွေနဲ့ အလုပ်သမားရေးကူညီသူတွေက ပြောကြ ပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့ဝင်အချို့ကို ဖမ်းဆီးပြီးနောက်၊ သေဆုံးခဲ့မှု ရှင်းလင်းပေးဖို့ NUG ကိုတောင်းဆို

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရတဲ့ Zarmani Revolution Force အဖွဲ့ခေါင်းဆောင်၊ အခြားအဖွဲ့ဝင်နဲ့၊ ဒေသခံတစ်ဦးအပြင်၊ ကျေးရွာ ၁ ခုရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံတို့ကို ဖမ်းဆီးခဲ့မှုနဲ့ သေဆုံးခဲ့မှု အပေါ် ဖြေရှင်းပေးဖို့ စစ်ကိုင်းခရိုင်အမှတ် ၁ တပ်ရင်းမှူးက ဇွန်လ ၁၀ ရက်နေ့က စာထုတ်ပြန် တောင်းဆို ပါတယ်။

အဲဒီ ၄ ဦးကို မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဇွန်လ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။

အဲဒီလိုဖမ်းဆီးပြီး စစ်ဆေးတာတွေလုပ်ခဲ့ပြီးနောက် ၁၀ ရက်ကြာတဲ့အခါမှာတော့ ဖမ်းခံရသူတွေဟာ သေဆုံးသွားတာကြောင့် အဲဒီအပေါ် ဖြေရှင်းပေးဖို့အတွက် မနေ့က မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်က စာထုတ်ပြန်တောင်းဆိုလာတာလည်းဖြစ်ပါတယ်။

အဆိုပါ ၄ ဦးဖမ်းဆီးခံရတဲ့အကြောင်းအရင်းနဲ့ သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ ဘီဘီစီက သီးခြား အတည်ပြု သိရှိရတာမရှိသေးပါဘူး။ အခုလိုဖမ်းဆီးခံရပြီး သေဆုံးခဲ့တဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ အကြောင်း ဖြေရှင်းလုပ်ဆောင်နေမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ပြောခွင့်ရသူအချို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။

တဖက်မှာလည်း မြောင်ဒေသခံအချို့ပြောပြချက်အရ သတ်ဖြတ်ခံရသူတွေထဲက အချို့ကလည်း ပြည်သူတွေအပေါ် ခြိမ်းခြောက် လုပ်ဆောင်ခဲ့တာမျိုးတွေကြောင့် ဒေသခံတွေက ထွက်ပြေးရတဲ့ ဖြစ်စဥ်တွေရှိခဲ့ဖူးသလို၊ ကာကွယ်ရေးအဖွဲ့ဝင်အချင်းချင်း သတ်ဖြတ်ခဲ့ဖူးတဲ့ အခြေအနေတွေလည်းရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ကရင်နီမှာ Starlink အင်တာနက် လူထုကြားပိုသုံးနိုင်အောင် လုပ်နေပြီလို့ Free Burma Rangers ပြော

ကယား(ကရင်နီ)ပြည်နယ်ထဲမှာ သန်းကြွယ်သူဋ္ဌေးကြီး အီလွန်မာ့စ်ခ် ပိုင်တဲ့ ဂြိုလ်တုအင်တာနက်လိုင်း Starlink ကို လူထုကြား ပိုသုံးနိုင်အောင် လုပ်နေပြီလို့ Free Burma Rangers အဖွဲ့က ဘီဘီစီကို ဖြေကြားလာပါတယ်။

အဲဒီအင်တာနက်လိုင်း အသုံးပြုလို့ရပြီလို့ Free Burma Rangers အဖွဲ့က လူမှုကွန်ရက် တွစ်တာကနေ ဇွန်လ ၁၀ ရက်မှာ ပြောထားတာပါ။

သူ့ရဲ့ရေးသားချက်အရဆိုရင် ကရင်နီမှာ အဲဒီအင်တာနက်လိုင်း စတင်အသုံးပြုနိုင်တာ ပြီးခဲ့တဲ့မေလ ၃၀ ရက်နေ့ကတည်းက လို့ ဘီဘီစီက နားလည်ရပါတယ်။

အခုတော့ ဒီအင်တာနက်လိုင်းအသုံးပြုလို့ရတဲ့နေရာတွေမှာ လူထုလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်အောင် ဒေသန္တရ ခေါင်းဆောင်ပိုင်းနဲ့ လုပ်ဆောင်နေတယ်လို့လည်း FBR အဖွဲ့ခေါင်းဆောင် ပြောပါတယ်။

ဒါပေမဲ့ အခုအင်တာနက်လိုင်းကို ဘယ်နေရာတွေမှာ ဘယ်လောက်မြန်နှုန်းနဲ့ အသုံးပြုနိုင်ပြီဆိုတာကိုတော့ သူက ပြောဆိုတာမရှိသေးပါဘူး။

အီလွန်မာ့စ်ခ်ဟာ သူ့ရဲ့ Starlink ဂြိုဟ်တုအင်တာနက်လိုင်းကို ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေမှာ အသုံးပြုခွင့်ရအောင် လုပ်ဆောင်တာတွေရှိပြီး ရုရှားနဲ့စစ်ပွဲဖြစ်နေတဲ့ ယူကရိန်းလိုနိုင်ငံမှာဆိုရင် ပဋိပက္ခဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ အသုံးပြုနိုင်အောင် စီစဥ်တာလည်း ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီဟာ ပဋိပက္ခမြင့်တက်နေတဲ့ဒေသတွေမှာ အင်တာနက်လိုင်းဖြတ်တောက်တာတွေပြုလုပ်ထားပြီး အဲဒီထဲမှာ ကရင်နီပြည်နယ်လည်း ပါဝင်ပါတယ်။

ဒါ့ကြောင့် သန်းကြွယ်သူဋ္ဌေးကြီး အီလွန်မက်အနေနဲ့ သူ့ရဲ့ Starlink အင်တာနက်လိုင်းကို မြန်မာပြည်သူတွေ အသုံးပြုနိုင်အောင် ခွင့်ပြုပေးဖို့ အင်တာနက်အွန်လိုင်းကနေ စုပေါင်း လက်မှတ်တောင်းဆိုတဲ့လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။

ပန်းဆိုးတန်းအခွန်ရုံးကိုဖောက်ခွဲသူတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းက ပြည်တွင်းအခွန်များဦးစီးမှုးရုံး၊ ၃ လွှာ မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကို ပြုလုပ်ခဲ့သူတွေဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသား ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီ ဘက်က မနေ့ကညပိုင်းမှာထုတ်ပြန်ပါတယ်။

ပေါက်ကွဲမှုဖြစ်အပြီး ၅ ရက်အတွင်းမှာဘဲ အခုလို စွပ်စွဲခံရသူတွေကို ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်အရ ဖောက်ခွဲသူဟာ လက်ဆွဲအိတ်နဲ့ စက္ကူဖိုင် ၁ ခုကိုကိုင်ဆောင်ပြီး အခွန်ရုံး ၃ လွှာ ကို နေ့လည်ပိုင်းမှာလာ‌ရောက်ခဲ့ပြီး၊ သူနဲ့အတူပါလာတဲ့ အိတ်ကို သူထိုင်ခဲ့တဲ့ ထိုင်ခုံဘေးမှာ ချထားခဲ့ ကာ အဝေးမှ ရီမု(အဝေးထိန်း) နဲ့‌ ဖောက်ခွဲခဲ့တာလို့ ရေးသားဖော်ပြပါတယ်။

စမ်းချောင်း၊ မြေနီကုန်း၊ မရမ်းကုန်း နဲ့ ဒေါပုံမြို့နယ်တွေထဲကနေ စွပ်စွဲခံရသူတွေကို ဖမ်းဆီးရမိခဲ့သလို လက်လုပ်ဗုံး ၄ လုံး၊ လက်လုပ်မိုင်း ၁ လုံး တို့ကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အဆိုအရ အခုဖမ်းဆီးရမိသူတွေက Brave Eagle အဖွဲ့ဝင်တွေလို့ ထုတ်ပြန်ထားပါတယ်။ ဘီဘီအနေနဲ့တော့ အဲဒီအပေါ် သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

အခုလိုဖမ်းမိသူတွေကို ဥပဒေအရ ထိရောက်စွာအရေးယူသွားမှာလို့လည်း စစ်ကောင်စီက ထည့်သွင်း ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၅ ရက်နေ့၊ ပန်းဆိုးတန်းလမ်းက အခွန်ရုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီဝန်ထမ်း ၅ ဦးနဲ့ ပြည်သူ ၁ ဦးတို့ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။