ဇူလိုင် ၇ ရက် ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ - MOGE က ဝန်ထမ်းဆယ်နဲ့ချီ ဒီကနေ့အထိ ဖမ်းဆီးခံထားရဆဲ

ဓာတ်ပုံ ရင်းမြစ်, MOE
နေပြည်တော်မှာရှိတဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအောက်က ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို စစ်ကောင်စီတပ်က မနေ့ဇူလိုင် ၆ ရက်ညနေက ဝင်ရောက်စီးနင်းခဲ့ပြီးတဲ့နောက် ဝန်ထမ်းအယောက် ၂၀ ဝန်းကျင်ထိန်းသိမ်းစစ်ဆေးခံနေရပြီး ဒီကနေ့ညနေအထိ ပြန်မလွတ်လာသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။
"ရုံးအမှတ် ၆ နဲ့ ရုံးအမှတ် ၄၄ က ဝန်ထမ်းတွေပါ။ ဖုန်းတွေရော စက်တွေပါ စစ်နေတယ်။ ပြန်မလွတ်သေးတော့ မိသားစုတွေက စိုးရိမ်နေကြတာပေါ့" လို့ အခြေအနေသိရှိသူ တစ်ဦးက ပြောပါတယ်။
ဘီဘီစီမေးမြန်းကြည့်ချက်အရတော့ စစ်ကောင်စီလက်အောက် နိုင်ငံပိုင် ဘဏ် ၂ ခု အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ခံရပြီးတဲ့နောက်ပိုင်း အဲဒီဘဏ်တွေထဲက MOGE ရဲ့ ငွေကြေး ဒေါ်လာငွေသန်းချီကို ထုတ်ယူနိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာအပြီးမှာ အခုလို ဖြစ်ရပ်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ကျုံအိတ်တံတား ထပ်မံဖောက်ခွဲခံရ ၊ ကျိုက်ထီးရိုးဘုရားတောင်တက်လမ်း ဖောက်ခွဲခံရတယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, CJ
ပြီးခဲ့တဲ့ တစ်ပတ်က ဖောက်ခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားကို ဒီကနေ့ ဇူလိုင် ၇ ရက်မနက်အစောမှာပဲ Drop Bomb နဲ့ ထပ်မံတိုက်ခိုက်တဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ်မှာရှိတဲ့ ဒီတံတားကို ဘေလီတံတားအနေနဲ့ ယာယီပြင်ဆင်ဖို့ ကြိုးစားနေချိန်မှာပဲ အခုလို ထပ်မံတိုက်ခိုက်တဲ့ဖြစ်စဉ်ရှိလာတာပဲ ဖြစ်ပါတယ်။
"ဗုံးအရင်ချတာဗျ။ ပြီးတော့ ဒီဘက်ကလည်း ပြန်ပစ်တယ်။ ပတ်ပတ်လည်ကို အပြန်အလှန်ပစ်တဲ့သဘောပါပဲ။ လူတော့မထိခိုက်ပါဘူး။ ကားလမ်းကတော့ ၁ နာရီလောက်ပိတ်သွားပါတယ်။ အခုတော့ ပြန်ပွင့်ပါပြီ" လို့ ဒေသခံတယောက်က ပြောပါတယ်။
ဇွန်လ ၂၉ ရက် မနက်ပိုင်းက ကျုံအိတ်တံတားဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တစ်ဦးသေဆုံး၊ အယောက် ၂၀ကျော်ဒဏ်ရာရခဲ့တာလည်းဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အပိုင် ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းက တံတားတခုလည်း မနေ့က ညနေပိုင်းမှာ ဖောက်ခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီကသိရပြီး ဒီကနေ့အချိန်အထိ လာရောက်ပြင်ဆင်တာမရှိသေးဘူးလို့ ပြောကြပါတယ်။
ဒီဖြစ်စဉ်မှာလည်း လူထိခိုက်တာမရှိသလို အခုကာလဟာ ခရီးသွားကာလမဟုတ်တာကြောင့် တောင်တက်ကားတွေလည်း ပြေးဆွဲတာရပ်နားထားပြီး စျေးဆိုင်တွေလည်း ပိတ်ထားတဲ့အချိန်လို့ ဆိုပါတယ်။
ကျုံအိတ်တံတား ပထမအကြိမ်ဖောက်ခွဲခံရစဉ်က ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ ကလုပ်ဆောင်တာလို့ပြောခဲ့ပြီး အခုထပ်မံတိုက်ခိုက်မှုနဲ့ ကျိုက်ထိုကဖြစ်စဉ်တွေကိုတော့ ဘယ်အဖွဲ့အစည်းက ဆောင်ရွက်ခဲ့တယ်ဆိုတာကို တရားဝင်ထုတ်ပြောလာတာမတွေ့ရသေးပါဘူး။
ဒါပေမဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ စစ်ရေးမြှင့်တင်မယ့်အကြောင်း တော်လှန်ရေးအင်အားစု တောင်ပိုင်းစစ်ဒေသကနေ အခုလအစမှာပဲ ကြေညာခဲ့ပြီး မွန်ပြည်နယ်ထဲက ရန်ကုန်- မုတ္တမ၊ ရန်ကုန် - ဘားအံလမ်းတွေကို ည ၆ နာရီနောက်ပိုင်းအသုံးမပြုဖို့ ထုတ်ပြန်ထားပါတယ်။
ထိုင်းမှာတရားမဝင်ကျောင်းလာတက်တဲ့ မြန်မာကျောင်းသားရာကျော် နေရပ်ပြန်ပို့ခံရဖို့ရှိနေ၊ ထိုင်းပညာရေးအသိုင်းအဝိုင်းက ရှုတ်ချ

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းတုန်းက ထိုင်းနိုင်ငံ၊ အန်ထော် (Ang Thong) ခရိုင်ထဲက Thairath Wittaya 6 ဆိုတဲ့ ကျောင်းမှာ အထောက်အထားမပြနိုင်ဘဲ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသား ၁၂၆ ယောက်ကို ထိုင်းအာဏာပိုင်တွေဘက်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ထိုင်း - မြန်မာနယ်စပ်ဖြစ်တဲ့ ချင်းရိုင်မြို့ကနေ မြန်မာကို ပြန်ပို့ဖို့ ထိုင်းဘက်က ကြိုးစားနေပါတယ်။
ဒီကနေ့ ဇူလိုင် ၇ ရက်ထုတ် ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြချက်အရ ဒီကလေးတွေထဲက
ကလေးအယောက် ၃၀ ကိုတော့ သူတို့မိဘတွေလာခေါ်ယူတာကြောင့် နေရပ်ပြန်ပို့ပေးခဲ့ပြီဖြစ်ပြီး ကျန်တဲ့ကလေးတွေက ချင်းရိုင်မြို့မှာရှိတဲ့ လူမှုဖွံ့ဖြိုးရေးနဲ့ လူသားချင်းလုံခြုံမှုဆိုင်ရာ ခရိုင်ရုံး (the Social Development and Human Security Provincial Office) မှာ မြန်မာပြည်ပြန်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ ဖော်ပြပါတယ်။
အသက် ၇ နှစ်ကနေ ၁၆ နှစ်အရွယ်ရှိတဲ့ မြန်မာကျောင်းသားရာနဲ့ချီကို နေရပ်ပြန်ပို့ဖို့ စီစဉ်တဲ့ ထိုင်းအာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို ထိုင်းပညာရေးအသိုင်းအဝိုင်းက ရှုတ်ချနေတဲ့အကြောင်း ထိုင်းဘက်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
နေရပ်ပြန်ပို့မယ့်အစား ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာန (the Department Of Provincial Administration) ကနေ အခုနိုင်ငံမဲ့ကလေးတွေအတွက် အထောက်အထားထုတ်ပေးပြီး ပညာရေးစနစ်မှာ စာရင်းသွင်းပေးလို့ရတဲ့အကြောင်း ဥပဒေကျွမ်းကျင်သူ ချင်းမိုင်တက္ကသိုလ်၊ ဥပဒေဌာနက လက်ထောက်ပါမောက္ခ Darunee Paisanpanichkul က ပြောထားပါတယ်။
တခါ အထောက်အထားမဲ့ကျောင်းသားတွေကို လက်ခံထားလို့ဆိုပြီး Thairath Wittaya 6 က တာဝန်ရှိသူတွေကို ထိုင်းအာဏာပိုင်တွေက တရားစွဲဆိုထားတဲ့အခြေအနေလို့လည်းသိရပါတယ်။ ဒါပေမဲ့ ဒီကလေးတွေဟာ မြန်မာပြည်ဘယ်ဒေသက ဒေသခံတွေလည်း ဆိုတဲ့အကြောင်းအပါအဝင် လက်ရှိကလေးတွေရဲ့ အသေးစိတ် မသိရှိရသေးပါဘူး။
ဖရူဆို အနောက်ဘက်ခြမ်း စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီကနေ့ ဇူလိုင် ၇ ရက် မနက်အစောပိုင်းမှာ ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းနဲ့ လာတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်မသိရသေးဘူးလို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
"ပြီးခဲ့တဲ့လက ၃ ရက် ဆက်တိုက် လေကြောင်းလာပစ်သွားခဲ့တဲ့ ရွာနားတဝိုက်ပါပဲ။ ကားနဲ့သွားလို့မရတဲ့ လမ်းလျှောက်သွားမှရောက်တဲ့ ရွာတွေဘက်ပါ။ ဒါကို လာပစ်သွားတော့ ဘယ်လိုအခြေအနေရှိလဲ ဆက်သွယ်လို့မရသေးဘူး" လို့ မြေပြင်အခြေအနေသိရှိသူ တစ်ဦးက ပြောပါတယ်။
စစ်ရှောင် ထိခိုက်မှုအခြေအနေကိုကြည့်ရရင် ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့တုန်းက စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် စစ်ရှောင်စခန်းက ၄ ယောက်ဒဏ်ရာရခဲ့ပြီး အသက် ၂ နှစ် ၁၀ လ အရွယ် ကလေးငယ်ကတော့ ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဒါအပြင်ပြီးခဲ့တဲ့ ဇွန်လ တစ်လတာ အတွင်းမှာလည်း ကရင်နီပြည်နယ်နဲ့ မိုးဗြဲဒေသတွေမှာ အရပ်သား ၃၃ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲ လက်နက်ကြီးထိမှန်တာကြောင့် ၅ ယောက်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ယောက်အပါအဝင် မိုးဗြဲမြို့ထဲ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာပြီးသတ်ဖြတ်ခံရသူ ၂၃ ယောက်ရှိတယ်လို့ပြောပါတယ်။
လက်ရှိမှာတော့ ကရင်နီဒေသတခုလုံးမှာ စစ်ရှောင် ၃ သိန်းဝန်းကျင်ရှိနေပြီး ဇွန်လထဲမှာဖြစ်ခဲ့တဲ့ ထိုင်း - မြန်မာနယ်စပ်ဖြစ်တဲ့ ကယား(ကရင်နီ)ပြည်နယ်၊ ဘော်လခဲခရိုင်၊ မယ်စဲ့မြို့တိုက်ပွဲကြောင့်ပါ အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခိုလှုံတဲ့ ကရင်နီစစ်ရှောင်ဦးရေ ၅ ထောင်နီးပါးအထိ ရှိလာပြီလို့ ကရင်နီလူ့အခွင့်အရေးလှုပ်ရှားသူတွေဆီက သိရပါတယ်။
ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံ ၆၁ နှစ်ပြည့် နိုင်ငံတဝန်းလှုပ်ရှား

ဓာတ်ပုံ ရင်းမြစ်, မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္
ဆန္ဒပြ ကျောင်းသားရာချီပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ဇူလိုင် ၇ရက်နေ့နဲ့ ဇူလိုင် ၈ရက်က ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲက သမိုင်းဝင် သမဂ္ဂအဆောက်အဦး ဗုံးခွဲဖြိုချခံခဲ့ရတဲ့ ဆဲဗင်းဂျူလိုင် အရေးခင်းဟာ ဒီကနေ့ ၂၀၂၃ ဇူလိုင် ၇ရက်မှာ နှစ် ၆၁ ပြည့်ပြီဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေက အရင်ရက်ကတည်းက ဆဲဗင်းဂျူလိုင်အကြိုနေ့အဖြစ်
စစ်ကိုင်းဆားလင်းကြီးမှာ ဆဲဗင်းဂျူလိုင်နဲ့ပတ်သက်ပြီး ဟောပြော ဆန္ဒထုတ်ဖော်ကြ တာတွေလုပ်ခဲ့ကြပါတယ်။
ဒီကနေ့မှာဆိုရင် ရန်ကုန်၊ စစ်ကိုင်း အပါအဝင် ဒေသအချို့နဲ့ ထိုင်း - မြန်မာ နယ်စပ်ရောက် လူထုတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( ကျောင်းသားတပ်မတော် ) ၊ စစ်ကြောင်း ( ၃ ) ချင်းတွင်းဒေသတပ်ရင်း အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆဲဗင်းဂျူလိုင်နဲ့ ပတ်သက်တဲ့ ဟောပြောလှုပ်ရှားမှုတွေ၊ သပိတ်တွေဆက်လုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီဘက်ကလည်း မနေ့ ကနေ ဒီကနေ့ အထိ ရန်ကုန်မြို့က မြို့နယ်တချို့မှာ စစ်ဆေးတင်းကြပ် လှည့်လှည်တာ၊ နေရာတချို့မှာကားပိတ်ပြီး ဖြတ်သွားဖြတ်လာတွေကို စစ်ဆေးတာတွေရှိတယ်လို့ သိရပါတယ်။
၁၉၆၂ အာဏာသိမ်း စစ်အစိုးရဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက်၊ စစ် အာဏာသိမ်းမှု ကို ဆန့်ကျင် ကန့်ကွက် ခဲ့ကြတဲ့ ကျောင်းသားတွေ ကို စစ်တပ်က အင်အားသုံး ဖြိုခွဲ ခဲ့တာဖြစ်ပါတယ်။
ဝက်လက်နယ် ရွှေပန်းကုန်းရွာမှာ စျေးသည်အမျိုးသမီးတွေအပါအဝင် ၇ ဦး ပစ်ခတ်ခံရလို့သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာ ကို ဇူလိုင် ၆ ရက် မနက် ၄ နာရီကျော်က စစ်ကြောင်းဝင်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စျေးသည် ၇ ဦး သေဆုံးခဲ့တယ်လို့ ဝက်လက်ဒေသခံ မြေပြင် အခြေအနေသိရှိသူ တစ်ဦးက ပြောပါတယ်။
ဟင်းသီးဟင်းရွက်နဲ့ယာထွက်ကုန်တွေကို သယ်လာတဲ့ထော်လာဂျီကားပေါ်က ကုန်ိစမ်းခြင်းတွေကြားမှာ အမျိုးသမီးအချို့ ပစ်ခတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ရွာလမ်းဘေးမှာလည်း ဗိုက် နဲ့ ခါးမှာ ပစ်ခတ်ဒဏ်ရာတွေနဲ့ သေဆုံးသူအချို့ရှိခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ခံရလို့ သေဆုံးသူ ၇ ဦး ထဲမှာ အသက် ၃၀ နဲ့ ၅၀ ကျော်ကြား အမျိုးသမီး ၄ ဦးပါပြီး အသက် ၆၀ အရွယ် အမျိုးသား ၂ ဦး နဲ့ လူငယ် အမျိုးသားတစ်ဦးတို့ပါတယ်လို့ သိရပါတယ်။
သေဆုံးသူတွေဟာ ကုန်စိမ်း နဲ့ ဟင်းသီးဟင်းရွက်တွေကို မနက်အစောပိုင်း စျေးမှာ ရောင်းဖို့ သွားတဲ့လမ်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးပြီး ပစ်ခတ်ခံလိုက်ရတာလို့ သိရပါတယ်။
'' စစ်ကြောင်းက ဝင်လာတာနဲ့ တောက်လျှောက်ပစ်တာဆိုတော့ စျေးသည်တွေ ထွက်လာတာနဲ့ တိုးပြီး ပစ်ခတ်ခံရတာ၊ အကုန် ဇကာပေါက်တွေလိုထိပြီး သေကြတာ ၆ ယောက် က
အရင်ပစ်ခံရတာ ၊ နောက် အသက် ၆၀ ကျော်အရွယ် အဘကြီးက လမ်းမှာတွေ့တာ ထပ်ပစ်သွားတာ'' လို့ ရွှေပန်းကုန်းရွာ အခြေအနေကိုသိရှိသူ ဒေသခံကပြောပြပါတယ်။
အဲဒီစစ်ကြောင်းဟာ ရွှေပန်းကုန်း နဲ့ ဆက်နေတဲ့ သမားရိုးကျရွာ ကိုဆက်ဝင်ပြီး ရွာသားတွေကို ပိတ်ဆို့ထားပြီး လမ်းပေါ်မှာ ဝမ်းလျားမှောက် အနေအထားနဲ့ နေခိုင်းပြီး စစ်မေးတာတွေရှိခဲ့သလို ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်ခဲ့တယ်လို့ သမားရိုးကျဒေသခံတစ်ဦးကပြောပါတယ်။
'' အကုန်ဝမ်းလျားမှောက်ခိုင်းထားတယ်။ပြီးတော့ ရွာကတချို့ကို လမ်းပြလို ဓားစားခံခေါ်ပြီးစစ်ကြောင်းက ကူးတို့ကုန်းရွာဘက်ထွက်သွားတာ၊ ကူးတို့ကိုင်းရွာရောက်မှ ဖမ်းသွားတဲ့သူတွေပြန်လွှတ်ပေးလိုက်တယ်'' လို့ သမားရိုးကျရွာခံက ဆိုပါတယ်။
စစ်ကြောင်းဟာ ဝက်လက်ဘက်ကနေ အရာတော်မြို့ ငွေတွင်းရွာကို ထွက်ခွာသွားပြီး ဒီကနေ့ဇူလိုင် ၇ ရက်မှာတော့ အရာတော်မြို့နယ်ထဲက ရွာတွေကို ဆက်ဝင်နေတယ်လို့ ဝက်လက်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
စျေးသည်တွေ ပစ်ခတ်ခံရတယ်ဆိုတာနဲ့ ဇူလိုင် ၆ ရက် ဝက်လက်နဲ့ အရာတော်ဘက် ရွှေပန်းကုန်၊ သမားရိုးကျနဲ့ ကူးတို့ကိုင်းဘက်က စစ်ရေး အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။








