ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်မဲ့ဇုန် ငြိမ်းချမ်းရေးမြို့ကို သူတို့ဘာလို့ မပြန်ကြတာလဲ
မြန်မာ-ထိုင်းနယ်စပ်က စစ်မဲ့ဇုန်ဒေသငြိမ်းချမ်းရေးမြို့ လေးကေ့ကော်မှာ တိုက်ပွဲတွေဖြစ်လို့ သူတို့ထွက်ပြေးခဲ့ရတာ ဒီကနေ့ ဆိုရင်တစ်နှစ်ပြည့်ပါပြီ။
တိုက်ပွဲတွေဖြစ်တာ အခုတော့ မရှိတော့ပေမဲ့ သူတို့မပြန်နိုင်ကြသေးပါဘူး။
“ ရှိသမျှ ပစ္စည်းအကုန်ထားပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးခဲ့ရတာ”လို့ အဲဒီနေ့က ထွက်ပြေးခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
တိုက်ပွဲတွေဖြစ်တာမရှိတော့ပေမဲ့ စစ်ကောင်စီနဲ့ ဒေသမှာ အခြေစိုက်တဲ့ ကေအန်ယူတို့ကြား နိုင်ငံရေးပြဿနာတွေရှိနေပြီး အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ စစ်ရှောင်တွေက ယူဆနေကြပါတယ်။
ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးပြယုဂ်အဖြစ် တည်ထားတဲ့ လေးကေ့ကော် မြို့သစ်မှာ ကရင်အမျိုးသားအစည်းအရုံး (Karen Nation Union - KNU) လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက စပြီးတိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။
"သူတို့စစ်ကောင်စီတပ်က အဲဒီနေ့ က ရပ်ကွက်တွေထဲကို ထပ်ဝင်စစ်တယ်၊ သေနတ်ဖောက်တယ်၊ သူတို့ သေနတ်ဖောက်ခွင့်မရှိဘူး၊ ဒါကြောင့် ကျွန်တော်တို့ ဘက်က ပစ်တာတွေလုပ်တာ" လို့ လေးကေ့ကော်မြို့အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူ တယောက်က မနှစ်က တိုက်ပွဲဖြစ်ပြီးနောက် ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခဲ့စဥ် အခြေအနေကို ပြောခဲ့ပါတယ်။
လေးကေ့ကော်မှာ အဲဒီနေ့ မနက် ၁၀ နာရီထိုးခါနီးလောက်မှာ စဖြစ်ခဲ့ကြတဲ့ တိုက်ပွဲမှာ လက်နက်ငယ်တွေအပါအဝင် ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ကြတာမျိုးတွေလည်း ပါဝင်တယ်လို့ သူတို့ကပြောပါတယ်။
ဒီတိုက်ပွဲကြောင့် လေးကေ့ကော်တစ်ဝိုက်က ရာနဲ့ချီတဲ့ စစ်ရှောင်တွေ နယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်နဲ့ အနီးတစ်ဝိုက် စစ်ရှောင်စခန်းတွေကို တိမ်းရှောင်ခဲ့ကြရပါတယ်။
အဲဒီနောက် မြဝတီ-လေးကေ့ကော်-ဝေါလေ ဒေသ တစ်လျောက်မှာ စစ်တပ်နဲ့ KNU/KNLA ပူးပေါင်း တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ခတ်မှုတွေ၊ လက်နက်ကြီး နဲ့ပစ်ခတ်မှုတွေကြောင့် စစ်အာဏာသိမ်း ဆန့်ကျင်ရေးမှာပါ၀င်လို့ လာရောက်ခိုလှုံနေသူတွေ၊လွှတ်တော် အမတ်တွေ အပါအ၀င် ဒေသခံ ပြည်သူတွေ ထောင်နဲ့ချီဟာ မြို့ကိုစွန့်ခွာခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ လေးကေ့ကော်ကို ပြန်လာနေထိုင်ဖို့ စစ်ကောင်စီဘက်က တိုက်တွန်းတာတွေရှိပေမဲ့ ဒေသခံတွေကတော့ အန္တရာယ်တွေကြောင့် နေရပ်ပြန်လာသူ နည်းတယ်လို့ သိရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဖို့ တိုက်တွန်း လုပ်ဆောင်တာတွေများခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒီလေးကေ့ကော်ဒေသကို ငြိမ်းချမ်းရေးမြို့သစ်အဖြစ် တည်ဖို့ရည်ရွယ်ခဲ့ကြပါတယ်။
လေးကေ့ကော်မြို့သစ်ကို ကရင်အမျိုးသားအစည်းအရုံးနဲ့ ကရင်ပြည်နယ်အစိုးရတို့က ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်တဲ့ အထိမ်းအမှတ်အနေနဲ့ အဲဒီအချိန်က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့က ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်း အကူအညီ နဲ့ ၂၀၁၅ က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
လူနေရပ်ကွက် ခြောက်ခုရှိပြီး အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ခန့်နေထိုင်တဲ့ လေးကေ့ကော်မြို့သစ် လုံခြုံရေးကို ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်က တာဝန်ယူ ထားခဲ့တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံက နိပွန်ဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေအကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ ဒီမြို့လေးမှာ ကရင် စစ်ဘေးဒုက္ခသည်တွေ ပြန်နေထိုင်ကြတာတွေရှိသလို တည်နေရာက KNU တပ်မဟာ ၆ ဒေသအတွင်းမှာ ရှိတာပါ။
အရင်က မြို့နဲ့ မဝေးတဲ့ တောင်ကုန်းတွေမှာ ကရင်လက်နက်ကိုင်အင်အားစုတွေ ရှိသလို၊ စစ်ကောင်စီ တပ်က တပ်ဖွဲ့တချို့လည်း အထိုင်ချထားတာ ဖြစ်ပါတယ်။
ဒီမြို့၊ ဒီဒေသဟာ KNU အဖွဲ့ဝင်တွေတင်မကဘဲ၊ တခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့ DKBA၊ BGF၊ KNLA/Peace Council ကလူတွေလည်း ဝင်ထွက်သွားလာနေတဲ့ ဒေသလို့လည်း ဆိုပါတယ်။
"ဒီနယ်မြေမှာ သေနတ်မဖောက်ရဘူး၊ လေကြောင်းကနေ တိုက်ခိုက်လို့မရအောင် တားမြစ်ထားတဲ့ စစ်မဲ့ဇုန်အဖြစ် သူတို့ (KNU နဲ့ အရင်အစိုးရတို့အကြား) ပဋိညာဥ်တွေ လုပ်ထားတာရှိတယ်၊ စစ်မဲ့ဇုန် တခုလုပ်ထားတာ"လို့လည်း ဒေသခံတွေအကြားမှာ ပြောကြပါတယ်။
ဒါပေမဲ့ အဲဒီ ပဋိညာဥ် နားလည်မူဟာ ၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်း ယုံကြည်မှုပျက်သွားခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေ ၊လေကြောင်းကပစ်ခတ်မှုတွေ ပြန်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က လေးကေ့ကော် ငြိမ်းချမ်းရေးမြို့သစ်မှာဒေသခံတွေ ပြန်လည်နေထိုင်နိုင်အောင်ဆိုပြီး စစ်တပ်က ရပ်ရွာလူကြီးတွေ၊ အပစ်ရပ် DKBAတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မြေမြှုပ်မိုင်းနဲ့ခြုံနွယ်ရှင်းလင်းတာလို မြို့တွင်း သန့်ရှင်းရေးတွေလုပ်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ နို၀င်ဘာ နောက်ဆုံးပတ်လောက်ကနေစပြီး မယ်ဝါးခီး၊ သေ့ဘောဘိုး ရွာတွေက ဒေသခံတွေကို စစ်တပ်က DKBA နဲ့ ကျေးရွာလူကြီးတွေနဲ့ညှိနှိုင်းပေးပြီးတော့ စစ်ရှောင် နေတဲ့နေရာတွေကနေ ရပ်ပြန်နေခိုင်းတာ ရှိပေမဲ့ တိုက်ပွဲ ပြန်မဖြစ်ပါဘူးလို့ အာမခံချက် မရှိတာကြောင့်ဒေသခံ အများစုက ပြန်မလာကြတာများတယ်လို့ လေးကေ့ကော် မြို့ အုပ်ချုပ်ရေး လူကြီးတွေနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။
လေးကေ့ကော် ဒေသ ကျေးရွာ အကြီးအကဲတွေ၊ ဒေသအပစ်ရပ် DKBA လက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတွေ၊ မြ၀တီ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေနဲ့ တပ်မ ၄၄ က တပ်မှူး၊ စစ်ကြောင်းမှူးတွေ တွေ့ဆုံကာ စစ်ဘေးရှောင်များ နေရပ်ပြန်လည်နေထိုင်ရေး အစပြု လှုပ်ရှားဆောင်ရွက် လာတာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။။
လက်ရှိမှာတော့ NCA စာချုပ်ကို အကြောင်းပြုအခြေခံပြီးတော့ တစ်ဖက်နဲ့ တစ်ဖက်စစ်ရေးမဖြစ်အောင် ထိန်းကြတာ၊ တိုက်ပွဲတွေ လျှော့ချဖို့ ကြိုးစားလုပ်ဆောင် နေကြတာတွေ ရှိပေမဲ့ တချို့ တပ်မဟာ တွေမှာတော့ ထိတွေ့ တိုက်ပွဲ ဆက်ရှိနေတုန်းပဲလို့ သိရပါတယ်။
မြ၀တီဘက်က လက်ရှိ စစ်ရေး အခြေအနေတွေအကြောင်းကို KNU ရဲ့ တွဲဖက်အတွင်းရေးမှူးဟောင်း ဖြစ်တဲ့ ပဒိုမန်းမန်း က နိုင်ငံရေး ပြဿနာမပြေလည်သမျှ တိုက်ပွဲတွေ ပြန်ဖြစ်မဖြစ်ဆိုတာကို စိတ်မချရကြောင်း သူကပြောပါတယ်။
လေးကေ့ကော် ဒေသတိုက်ပွဲကြောင့် မြ၀တီ-ဝေါလေ လမ်းပိုင်းပေါ်မှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ခန့်က စစ်ဘေးရှောင်နေရသူ ကိုးထောင်ကျော်ခန့်အထိ ရှိနေပြီး လက်ရှိမှာ မယ်ထော်သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ အင်ကြင်းမြိုင်၊ သေ့ဘောဘိုး၊ ဘလယ်ဒို ကျေးရွာတွေကို နေရပ်ပြန်လည် ဝင်ရောက် နေထိုင်သူ နှစ်ထောင် ဝန်းကျင်ခန့် ရှိလာပြီလို့ သိရပါတယ်။
ကျန်တဲ့ဒေသခံတွေကတော့ နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ နယ်မြေအတွင်းကို ပြန်လည်နေထိုင်တာဟာ လုံခြုံရေးအရ အာမခံချက် မရှိတာကြောင့် နေရပ်မပြန်လိုသေးဘဲ စစ်ဘေးရှောင်စခန်းတွေမှာ ဆက်လက်နေထိုင်နေတုန်းဖြစ်တယ်လို့ စစ်ရှောင်မိသားစုတွေက ပြောပြကြပါတယ်။