ရုရှား ဖက်ဒရယ်ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ကလည်း မြန်မာကို FATF ရဲ့နာမည်ပျက်စာရင်းသွင်းမှုအတိုင်း သတ်မှတ်ဖို့ရှိ - နိုဝင်ဘာ ၂ ရက်ထိပ်တန်းသတင်းများ

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ ရုရှားအရှေ့ဖျားစီးပွားရေးဖိုရမ်မှာ တွေ့ဆုံစဥ်က

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ ရုရှားအရှေ့ဖျားစီးပွားရေးဖိုရမ်မှာ တွေ့ဆုံစဥ်က
ရေးသားခဲ့သည်။

ရုရှား ဖက်ဒရယ်ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ (Rosfinmonitoring)ဟာ မြန်မာကို ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF) က နာမည်ပျက်စာရင်း သွင်းလိုက်တဲ့အတိုင်း သတ်မှတ်ဖို့ရှိနေတယ်လို့ ရုရှားနိုင်ငံပိုင် အင်တာဖက်စ်သတင်းဌာနက သတင်းဖော်ပြလာပါတယ်။

မြန်မာဟာ ငွေကြေးခဝါချမှုတွေနဲ့ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုလို တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို ဖြေရှင်းရာမှာ FATF က အကြံပြုထားတဲ့အချက်တွေကို အကောင်အထည်မဖော်နိုင်ဘူးဆိုတဲ့အချက်နဲ့ နာမည်ပျက်စာရင်းသွင်းတယ်လို့ FATF က ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းက ကြေညာခဲ့တာပါ။

အခုတော့ ရုရှား ဖက်ဒရယ် ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ကလည်း အဲဒီလိုသတ်မှတ်ဖို့ရှိတဲ့အကြောင်း မူကြမ်းအမိန့်ကို သူ့ရဲ့ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းဆိုင်ရာ မူကြမ်းတွေကို တင်ထားတဲ့အွန်လိုင်းအချက်အလက်စင်တာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတုန်းက အတည်ပြုထားတဲ့ အဲဒီစာရင်းထဲမှာ FATF က အမည်ပျက်စာရင်းသွင်းထားပြီးဖြစ်တဲ့ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကိုပဲ Rosfinmonitoring က ဖော်ပြထားပါသေးတယ်။

ဒါ့ကြောင့် ငွေကြေးပိုင်းမှုတွေပြုလုပ်ဖို့ တောင်းဆိုခံရတဲ့ဒေသမှာ မှတ်ပုံတင်ထားတဲ့ ဒါမှမဟုတ် ထူထောင်ထားတဲ့ လုပ်ငန်းတွေရဲ့ ငွေကြေးလွှဲပြောင်းမှုနဲ့ အလားတူတောင်းဆိုခံရတဲ့ နိုင်ငံတစ်နိုင်ငံက ဘဏ်မှာဖွင့်ထားတဲ့ ဘဏ်ငွေစာရင်းကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းမှုတွေဟာ မဖြစ်မနေထိန်းချုပ်ခံရဖို့ရှိနေပါတယ်။

လက်ရှိမှာ မြန်မာစစ်ကောင်စီဟာ ရုရှားဆီကနေ ရေနံဂါလံသန်းချီ ဝယ်ယူမှုတွေပြုလုပ်နေသလို ရုရှားဘဏ်နဲ့ မြန်မာပြည်တွင်းဘဏ်တွေကြား ချိတ်ဆက်အသုံးပြုနိုင်ရေးကိုလည်း ခြေလှမ်းနေတာကြောင့် Rosfinmonitoring ရဲ့ စောင့်ကြည့်စာရင်းအသွင်းခံရမှုဖြစ်လာမယ်ဆိုရင် ငွေကြေးလွှဲပြောင်းမှုအပိုင်းတွေမှာ အခက်အခဲတွေရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ပေါက်ခေါင်းမြို့နယ်မှာ ချေးငွေအရာရှိအမျိုးသမီး သတ်ဖြတ်ခံရမှု တရားခံတွေကို ဖမ်းမိ

ပေါက်ခေါင်းမြို့နယ်မှာ ချေးငွေအရာရှိအမျိုးသမီး သတ်ဖြတ်ခံရမှု တရားခံတွေကို ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, DAWN

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၈ ရက်တုန်းက အရုဏ်ဦး အသေးစားချေးငွေလုပ်ငန်းက ချေးငွေအရာရှိ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီး ငွေကျပ် ၁၃ သိန်းယူဆောင်ခံရမှုမှာ ကျူးလွန်သူတွေကို ဖမ်းမိပြီလို့ အဲဒီကုမ္ပဏီဘက်က သတင်းထုတ်ပြန်လာပါတယ်။

ကုမ္ပဏီရဲ့ ပေါက်ခေါင်းဌာနခွဲ ချေးငွေအရာရှိ အသက် ၃၃ နှစ်အရွယ် မစန်းစန်းမော်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်တုန်းက လုပ်ငန်းတာဝန်နဲ့ ရှားစီးဖိုကျေးရွာကနေ ပေါက်ခေါင်းရုံးခွဲကို ပြန်လာစဥ် ရှားစီးဖိုး- ပေါက်ခေါင်းကားလမ်းဘေးမှာ လည်ပင်းပြတ်ရှ ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ် ပြီး အတူပါလာတဲ့ ငွေ ၁၃ သိန်းလည်း ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ ရှားစီးဖိုကျေးရွာက အမျိုးသား ၂ ဦးဖြစ်ပြီး သက်သေခံပစ္စည်းတွေနဲ့အတူ ရဲ က ဖမ်းမိထားတယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။

ကုမ္ပဏီဘက်ကတော့ မစန်းစန်းမော်ဟာ တန်ဖိုးထားရတဲ့ ဝန်ထမ်းကောင်းတစ်ယောက်လို့ အသိအမှတ်ပြုပြောဆိုပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံရေးမတည်မငြိမ်မှုတွေဖြစ်နေချိန် အသေးစားချေးငွေကုမ္ပဏီတွေအနေနဲ့ ကျေးရွာတွေအထိဆင်းပြီး ချေးငွေ အပေးအယူလုပ်ရတဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ငဲ့တွက်ကာ ဝန်ထမ်းတွေကို တစ်ယောက်တည်း ကွင်းဆင်းခိုင်းတာတွေ မလုပ်ဖို့ ပုဂ္ဂလိက အသေးစားချေးငွေလုပ်ငန်းနယ်ပယ်မှာလုပ်ကိုင်နေသူတွေက တိုက်တွန်းနေကြပါတယ်။

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အေအေတို့တိုက်ပွဲဖြစ်

ရက္ခိုင့်တပ်တော် အေအေ တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AA Infodesk

ဓာတ်ပုံ ပုံစာ, ရက္ခိုင့်တပ်တော် အေအေ တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)
တောင်ကုတ်မြို့

ရခိုင်တောင်ပိုင်းအထိ တိုက်ပွဲဧရိယာကျယ်ပြန့်လာ

ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်မြို့နယ်အတွင်း မနေ့ နိုဝင်ဘာလ ၁ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲဟာ တောင်ကုတ်မြို့ကနေ သံတွဲမြို့နယ်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုကို အေအေတပ်ဖွဲ့တွေကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ တောင်ကုတ်-သံတွဲကားလမ်းမ၊ ရွာပကာကျေးရွာနဲ့ သက်ကေပြင်ကျေးရွာအကြားမှာ စစ်ကောင်စီစစ်ကောင်းကို အေအေဘက်ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိနစ်အနည်းငယ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

အခုလို ကြားဖြတ်တိုက်ခိုက်ခံလိုက်ရတဲ့အတွက် စစ်ကာင်စီတပ်ဖွဲ့ဝင်တချို့ကျဆုံးခဲ့ရတယ်ဆိုပြီး ဒေသသတင်းတွေအရသိရပေမဲ့ ဘီဘီစီအနေနဲ့တော့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

တောင်ကုတ်မြို့နယ်အတွင်း ယခင်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိပေမဲ့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းလှုပ်ရှားတာတွေ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

သာကေတနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ကလေးငယ် ၄၀ နီးပါး အစာအဆိပ်သင့်မှုဖြစ်

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်တွင်း တစ်နေရာ(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, ကြည်ဖြူကူညီရေး

ဓာတ်ပုံ ပုံစာ, ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်တွင်း တစ်နေရာ(ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှာ ကလေးငယ် ၄၀ နီးပါး အစာအဆိပ်သင့်မှုဖြစ်တာကြောင့် သက်ဆိုင်ရာကလေးဆေးရုံတွေကို ပို့ထားရတယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေက ဘီဘီစီကို ပြောပါတယ်။

အစာအဆိပ်သင့်တဲ့ကလေးငယ်တွေဟာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်က ကလေးငယ်တွေနဲ့  သာကေတမြို့နယ်ထဲက ၁၀/ မြောက်ရပ်ကွက်၊လယ်ယာ (၁) လမ်းမှာရှိတဲ့ အမှတ် ၂၉ မူလတန်းကျောင်းမှာ ကျောင်းသွားတက်တဲ့ကလေးငယ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

‘’ကလေးငယ်က မူးဝေအော့အန်တာပေါ့။ အရမ်းစိုးရိမ်ရတာတော့ မရှိပါဘူး။ ရန်ကင်းကလေးဆေးရုံ၊ ဟယ်လ်ပင်ဆေးရုံတွေကို ခွဲပြီး ပို့ထားပါတယ်။ အကြောင်းရင်းတော့ မသိရသေးပါဘူး။ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတုန်းဖြစ်ပါတယ်’’ လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူ တစ်ဦးက ပြောပါတယ်။

ကလေးတစ်ဦးမွေးနေ့ပွဲအဖြစ်ကျွေးတဲ့ ကြာဇံကြော်စားမိရာကနေ ကလေးငယ်တွေ အခုလို အစာအဆိပ်သင့်မှုဖြစ်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တစ်ဖက်မှာလည်း ပြည်တွင်းမှာ အစားအသောက်ဘေးကင်းမှုဆိုင်ရာ အသိပညာနည်းပါးတာကြောင့် ကလေးငယ်တွေ အခုလို အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှု မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ကရင်ပြည်နယ်၊ ဘုရား ၃ ဆူမြို့မှာ စွန့်ပစ်အသားလုံးထုတ်တွေကို ကောက်ယူခဲ့သူက ကျွေးမွေးတဲ့အသားလုံးတွေကို စားသောက်မိလို့ ကလေးငယ်တစ်ဦးသေဆုံးပြီး နောက်ထပ် ၁၅ ဦး ဆေးရုံတက်ခဲ့ရပါတယ်။

အင်းစိန်ထောင်ဝင်စာပို့မှု လူရာချီ နာရီနဲ့ကြာအောင် တန်းစီနေရ

ထောင်ဝင်စာပို့မှုနဲ့ ပတ်သက်ပြီး အကျဥ်းထောင်အာဏာပိုင်တွေက ထုတ်ပြန်လိုက်တဲ့ စည်းကမ်းတွေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ထောင်ဝင်စာပို့မှုနဲ့ ပတ်သက်ပြီး အကျဥ်းထောင်အာဏာပိုင်တွေက ထုတ်ပြန်လိုက်တဲ့ စည်းကမ်းတွေ

ရန်ကုန်မြို့က အင်းစိန်အကျဥ်းထောင်မှာ ထောင်ဝင်စာပို့မှုကို စစ်ဆေးမှုတွေကြောင့် အကျဥ်းသား အချုပ်သားတွေကို ထောင်ဝင်စာပစ္စည်းလာပို့တဲ့ မိသားစုဝင်ရာချီဟာ နေပူပူအောက် နာရီနဲ့ချီကြာအောင် တန်းစီနေရတယ်လို့ သိရပါတယ်။

အင်းစိန်ထောင် ထောင်ဝင်စာပေးပို့တဲ့နေရာမှာ လူသေဆုံးတဲ့အထိဖြစ်တဲ့ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့အပြီးမှာ ထောင်အာဏာပိုင်တွေက ထောင်ဝင်စာပို့သူတွေ၊ ပေးပို့မယ့်ပစ္စည်းတွေကို အစစ်အဆေးတင်းကျပ်လိုက်တာကြောင့် သက်ဆိုင်ရာမိသားစုဝင်တွေဟာ အလှည့်ရောက်ဖို့ နာရီချီကြာအောင် တန်းစီနေရတာဖြစ်ပါတယ်။

‘’အရင်တုန်းကဆိုရင် ဂိတ်ဝမှာ လာပို့သူ မှတ်ပုံတင်နဲ့ အကျဥ်းသား၊အချုပ်သား မိသားစုဝင် ဟုတ်၊ဟုတ် သန်းခေါင်စာရင်းနဲ့ တိုက်စစ်တယ်။ ပြီးရင် အထဲခေါ်သွားပြီး ထောင်ဝန်ထမ်း ၅ ယောက်လောက်က ပစ္စည်းတွေကို စစ်ဆေးတာမျိုးလုပ်တာဆိုတော့ မြန်တယ်။ အခုက အဝင်ဝမှာတင် မှတ်ပုံတင်စစ်၊ ပစ္စည်းစစ်ဆိုတော့ ပိုကြာသွားတယ်။ အနည်းဆုံး တစ်ယောက်ကို စစ်တာ ၅ မိနစ်ပဲ ကြာတယ်ထားပါဦး၊ လူရာချီဆို စောင့်ရမှာက ကြာမှာပဲ။ အခုဆို နေပူပူမှာ တန်းစီနေကြရတာ အင်းစိန်စျေးရှေ့အထိရောက်နေတယ်’’ လို့ ရှေ့နေတွေဘက်က သိရပါတယ်။

အကျဥ်းသားနဲ့ အချုပ်သား ထောင်ဝင်စာပို့ရက် သတ်မှတ်ပေးထားတာရှိပေမဲ့ အချုပ်သားပို့ရက်မှာ ဆိုရင် ပုံမှန်ထောင်ဝင်စာပို့သူ ၃၀၀ နီးပါးအထိရှိတာကြောင့် အခုလို စစ်ဆေးမှုတွေလုပ်နေချိန် ပစ္စည်းပို့ချိန်၊ လူတွေ့ချိန် ကျော်သွားမယ်ဆိုရင် ပေးပို့မယ့်ပစ္စည်းတွေအတွက် အခက်တွေ့နိုင်တာကိုလည်း ရှေ့နေတွေက ထောက်ပြပြောဆိုနေကြပါတယ်။

အင်းစိန်ထောင်တွင်း ထောင်ဝင်စာပို့တဲ့နေရာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့တုန်းက ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ထောင်ဝင်စာပို့မှုကို ဆယ်ရက်နီးပါး ပိတ်ထားခဲ့ရာကနေ အခုလို ပြန်ဖွင့်ပေးချိန်မှာ လူတန်းရှည် တန်းစီရမှု ပေါ်လာတာဖြစ်ပါတယ်။

ငွေချမ်းသာပြီးလုံခြုံမှုမရှိရင် အထုပ်ပိုက်ပြီးကင်းစောင့်အိပ်ရမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြော

Army Chief

ဓာတ်ပုံ ရင်းမြစ်, MOI

တိုင်းပြည်သာယာဝပြောဖို့ ငွေချမ်းသာဖို့နဲ့ စိတ်ချမ်းသာဖို့ လိုကြောင်း၊ တရားဥပဒေစိုးမိုးဖို့လည်း လိုကြောင်းနဲ့ ငွေချမ်းသာပြီး လုံခြုံမှုမရှိရင် အထုပ်ပိုက်ပြီး ကင်းစောင့်အိပ်နေရမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက နိုဝင်ဘာ ၁ ရက်မှာပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဒီအစည်းအဝေးကို စစ်ကောင်စီရဲ့အစိုးရအဖွဲ့ဝင်အားလုံးတက်ရောက်တာတွေ့ရပြီး စစ်ကောင်စီခန့်ဝန်ကြီးတွေကို ခုလိုပြောကြားခဲ့တာဖြစ်ကြောင်း စစ်ခေါင်းဆောင်ရဲ့ပြောစကားနဲ့အတူ နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြထားပါတယ်။

"တိုင်းပြည်သာယာဝပြော တယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်းသာဖို့လည်းလိုတယ်။ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေး ဖြစ်ဖို့လည်းလိုတယ်။ ဒါမှတိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေကတော့ ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန်ဘာလုမလဲဆိုပြီး ဖြစ်နေရမှာ" လို့ သူကပြောသွားတာပါ။

ဒါ့ကြောင့် ရည်မှန်းချက်အနေနဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာပေါများရေးကို လုပ်သွားမယ်လို့လည်း စစ်ခေါင်းဆောင်ကပြောပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့အပါအဝင် နေရာဒေသတချို့မှာ နေ့လယ်နေ့ခင်းလူမြင်ကွင်းမှာတင် အနုကြမ်းစီးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုနဲ့ ဓားပြတိုက်မှုတွေ ဖြစ်နေပြီး တရားဥပဒေစိုးမိုးရေးကိုလည်း မေးခွန်းထုတ်ခံနေရချိန်ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ လက်ရှိ ပြည်တွင်းကမတည်ငြိမ်တဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ခုလိုပြောပါတယ်။

"စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားကလည်းအပြည့်အဝမလည်ပတ်နိုင်သလို တော်လှန်ရေးအင်အားစုတွေရဲ့ ခြေတံလက်တံကလည်းအဓိကကျတဲ့နေရာတွေမှာမထိန်းချုပ်နိုင်တဲ့အခါကျတော့ ကြားမှာလစ်လပ်ပြီး အခုလို ခိုးဆိုးလုနှိုက်တွေ အကြမ်းဖက်လုယက်မှုတွေက မြင့်တက်နေတာပေ့ါ။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားဆိုတာကလည်း ဧည့်စာရင်းတိုင်တာလောက်လို အလုပ်မျိုးလောက်ပဲ လည်ပတ်နေတာမျိုးရှိတော့ မြို့ပေါ်မှာတင် လုယက်မှုတွေသတ်ဖြတ်မှုတွေက ဖြစ်လာနေတာပေ့ါ။ ဒီအခြေအနေမျိုးမှာတရားဥပဒေစိုးမိုးရေးလို့ပြောတဲ့အခါ နောက်က တစ်ပါတည်းကပ်ပါလာမယ့်တာဝန်ယူမှုတာဝန်ခံမှု ဘယ်လောက်ရှိလဲ။ ဘယ်လောက်ထိလုံခြုံတဲ့ အခြေအနေမျိုး အာမခံပေးထားနိုင်လို့လဲဆိုတာပါ ပြောနိုင်ရမှာ။ ခုကတော့ စစ်ခေါင်းဆာင်ကတော့ သူဖြစ်ချင်တာ သူပြောတဲ့အခြေအနေလို့ပဲနားလည်ပါတယ်" လို့ ဆိုပါတယ်။

မြန်မာမှာ စစ်ရှောင်ကလေးငယ် ၅ သိန်း ၂ သောင်းအထိရှိလာ

ပေါက်မြို့နယ်က စစ်ရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, Pauk Newsletter

ဓာတ်ပုံ ပုံစာ, ပေါက်မြို့နယ်က စစ်ရှောင်တွေ

မြန်မာပြည်တွင်းမှာ အကြမ်းဖက်မှုတွေကို ရှောင်ဖို့ စစ်ရှောင်ရတဲ့ကလေးငယ်အရေအတွက်ဟာ အခုနှစ်အတွင်း ၅ သိန်း ၂ သောင်းအထိရှိလာတယ်လို့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့(Save the Children) က ပြောလာပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် နိုင်ငံရေးအကျပ်အတည်းနဲ့ မြင့်တက်လာနေတဲ့ပဋိပက္ခကြောင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေရတဲ့ စစ်ရှောင် ၁ သန်းကျော်ထဲမှာ ကလေးသူငယ်အရေ အတွက်က တစ်ဝက်နီးပါးပါဝင်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီထဲမှာ က‌လေးငယ် ၂ သိန်း ၆ သောင်းနီးပါးဟာ ပြီးခဲ့တဲ့ ၆ လအတွင်း စစ်ရှောင်ခဲ့ကြရသူတွေလို့လည်း ဆိုပါတယ်။

လက်ရှိမှာ စစ်ရှောင်အများစုဟာ တောတောင်တွေထဲ ယာယီတဲ ဆောက်ပြီး နေထိုင်နေကြရသလို အစာရေစာ ပြတ်တောက်တဲ့အထိ အန္တရာယ်ရှိနေတယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။

''အာဆီယံနိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ လာမယ့် နိုဝင်ဘာ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်မယ် အရေးယူလုပ်ဆောင်ချက် တိတိကျကျပေါ်လာရေး လုပ်မှရပါလိမ့်မယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ လည်း မြန်မာ့အရေး ပွင့်ပွင့်လင်းလင်း အစည်းအဝေးပွဲခေါ်ပြီး ကလေးသူငယ်တွေရပိုင်ခွင့်တွေကို အကာအကွယ်ပေးတဲ့ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ဖို့ တောင်းဆိုပါတယ်။ လူတွေဟာ ကိုယ့် အိုးအိမ်ကို စွန့်ခွာဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ရတာပါ။ ထွက်ပြေးတဲ့အရေအတွက် ဒီလောက်မြင့်တက်နေတာကိုကြည့်ရင် မြန်မာပြည်တွင်းက တိုက်ပွဲတွေမှာ ကလေးတွေရဲ့အသက်က နေ့တိုင်းနီးပါး ခြိမ်းခြောက်ခံနေရတာကို ပြနေတာပါပဲ'' လို့ Save the Children အာရှရေးရာ ဒါရိုက်တာ အိုလီဗီယာဖရန်ချိုင်က ပြောပါတယ်

အခု မြန်မာ့အကျပ်အတည်းဟာ ကမ္ဘာလုံးအတိုင်းအတာအရ လူတွေသတိမေ့လျော့နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကြီးတွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာကလေးငယ်တွေကို အကာအကွယ်ပေးနိုင်ရေး ပိုမိုလုပ်ဆောင်ကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်ရငွေတွေကို အမေရိကန်ဒေါ်လာနဲ့ပြန်လည်ပေးသွင်းဖို့ ဖိအားပေးခံနေရတယ်လို့ ကုန်သည်တွေပြော

Thai-Myanmar border Trade

ဓာတ်ပုံ ရင်းမြစ်, CJ

ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးမှာ လုပ်ကိုင်နေသူ ကုန်သည်နဲ့ ကုမ္ပဏီတွေထံကနေ အာဏာမသိမ်းခင် ကာလအပါအဝင် အာဏာသိမ်းပြီးနောက် ပို့ကုန်ရငွေပြန်သွင်းရမယ့်နှုန်းတွေကို အတိအကျမသတ်မှတ်ခင် စတဲ့အချိန်တွေမှာရခဲ့တဲ့ ပို့ကုန်ရငွေတွေကို အမေရိကန်ဒေါ်လာနဲ့ ပြန်လည်ပေးသွင်းဖို့အတွက် ကုန်သွယ်ရေးဦးစီးဌာနအပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ကပါ ဖိအားပေးနေတယ်လို့ ကုန်သည် တွေထံကသိရပါတယ်။

အဲဒီအချိန်တွေတုန်းက ကုန်သွယ်ရေးလုပ်ခဲ့စဥ်က အခုလို အမေရိကန်ဒေါ်လာနဲ့ သတ်မှတ်ပြီး ပို့ကုန်ရငွေ တန်ဖိုးတွေကို အားလုံးပြန်သွင်းရမယ်လို့ မရှိခဲ့တဲ့အတွက် အခွန်ပေးဆောင်ပြီး ရငွေတွေကို ဘဏ်သာမက အခြားငွေလွှဲပို့ဆောင်တဲ့လုပ်ငန်းတွေကနေ ကုန်သည်တွေက ရယူလုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။

အခုတော့ စစ်ကောင်စီက အဲဒီအချိန်ကရငွေတွေကိုပါ ဒေါ်လာနဲ့ တရားဝင်ဘဏ်တွေကနေ ပြန်သွင်းပေးဖို့ ကုန်သည်တွေကို ဖိအားပေးလာတာပါ။ အဲဒီအတွက် ပြန်သွင်းနေရသူတွေလည်းရှိနေသလို၊ ပြန်မသွင်း နိုင်သူတွေလည်းရှိတယ်လို့ ကုန်သည်တွေထံကသိရပါတယ်။

ပြန်မသွင်းနိုင်လို့ သွင်းကုန်ထုတ်ကုန်လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီပေါင်း ၁၀၀ ‌ကျော်ကိုလည်း ပိတ်ခဲ့ပြီး ဖြစ်သလို၊ ထပ်မံ တရားစွဲဆိုတာတွေကိုလုပ်ကိုင်ဖို့လည်း ဖိအားပေးလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

“၂၀၂၁ ကိုးလပိုင်းကစလို့ ပို့ကုန်ရငွေသွင်းခိုင်းတဲ့ပြဿနာပေါ့။ အရင်တည်းက ပို့ကုန်တွေတင်ပို့ခဲ့တယ်။ တစ်ခါမှ ပို့ကုန်ရငွေကို နယ်စပ်ကနေ ပြန်သွင်းခဲ့တာမရှိဘူး။ အဲဒီဟာကို ကျွန်တော်တို့က နယ်စပ်မှာအခွန်ဆောင်လိုက်တယ် ကြိုတင်ဝင်ငွေခွန် တူးပါဆင့် (၂ ရာခိုင်နှုန်း)ပေါ့နော်။  တစ်ဖက်နိုင်ငံကိုတင်ပို့လိုက်တဲ့အခါကျတော့ ကြိုတင်ဝင်ငွေခွန်ပေးသွင်းလိုက်တဲ့အခါမှာ နိုင်ငံတော်က တွက်ချက်ထားတာကျတော့ ဒေါ်လာနဲ့ တွက်ချက်ထားတယ်။ ဒေါ်လာနဲ့ပဲစာရင်းဖော်ပြခိုင်းတယ်။  လက်ရှိ မြေပြင်မှာက လက်ရှိရောင်းဝယ်နေတာက ဘတ်ငွေကြေးနဲ့။ ဘတ်ငွေကြေးကို ဒေါ်လာနဲ့သတ်မှတ်လိုက် တဲ့အတွက်ကြောင့် နောက်ပိုင်းဖြစ်လာတဲ့အကျိုးဆက်က ဒေါ်လာနဲ့စာရင်းပေါ်နေတယ်။ ဒီဒေါ်လာတွေမဝင်လာဘူးဆိုပြီး ဒေါ်လာပြန်ဝယ်ခိုင်းတယ် ကုမ္ပဏီတွေအကုန်လုံးကို။ ပြန်မသွင်းရင်အရေးယူမယ်ပြောတယ်။ တကယ်က ကုမ္ပဏီတွေက မြေပြင်မှာအရောင်းအဝယ်လုပ်လို့ ပိုက်ဆံကကျေပြီးသွားပြီးသား။ အဲဒါကိုမှ နောက်ကြောင်းလိုက်ပြီး ပိုက်ဆံကိုပြန်သွင်းခိုင်းတဲ့အခါကျတော့တစ်ဖက်နိုင်ငံကိုသွားပြီးတော့ ဒီပိုက်ဆံကိုပြန်သွင်းရတယ်။ ပြောမယ်ဆို ဒေတာမပြနိုင်ဘူးပေါ့။ နိုင်ငံတော်ကနေ အခု လွန်ခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ ကာလအထိက ငွေတွေကိုပြန်သွင်းခိုင်းတယ်။ ပြီးတော့ငြိမ်သွားပြီး  အခု ၂၀၂၁ ကိုးလ ဆယ်လ ၁၁ လပိုင်းကနေ စပြီး ငါးလစာပြန်သွင်းခိုင်းပြန်ရော” လို့ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အခုနောက်ပိုင်း လုပ်ငန်းရှင်တွေကို စသုံးလုံးကခေါ်ယူစစ်ဆေးပြီး ဘယ်နှလအတွင်း ငွေသွင်းပါမယ်ဆိုတဲ့ ခံဝန်ကတိကိုအာမခံနှစ်ဦးနဲ့အတူ ခေါ်ယူပြီး ရေးထိုးခိုင်းတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ဆို ခံဝန်ထိုးခိုင်းတာပေါ့နော်။ ဘယ်နှလအတွင်းအကျေသွင်းပါမယ်ဆိုပြီးတော့အာမခံ ၂ ဦးပါ ခေါ်ခိုင်းတယ်” လို့ သူကဆိုပါတယ်။

အခုလို ပို့ကုန်ရငွေကို နောက်ကြောင်းပြန်ပြီး ဒေါ်လာနဲ့သွင်းဖို့ဖိအားပေးခံနေရတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ဗဟိုဘဏ်နဲ့ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနထံကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

ပြီးခဲတဲ့လပိုင်း ကျပ်ငွေတန်ဖိုးကျဆင်းမှု မထိန်းချုပ်နိုင်တာနဲ့ ပို့ကုန်မူဝါဒ အပြောင်းအလဲတို့ကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-မဲဆောက် လမ်းကြောင်းက ကုန်သွယ်ရေး သိသိသာသာကျဆင်းနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မီဒီယာဖိနှိပ်မှုရှိနေပေမဲ့ အရေးယူခံရမှုကနေ မြန်မာ ကင်းလွတ်ခွင့်ရနေဆဲ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့က မြန်မာသံရုံးရှေ့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာသတင်းသမားတွေအရေး ဆန္ဒဖော်ထုတ်မှုတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့က မြန်မာသံရုံးရှေ့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာသတင်းသမားတွေအရေး ဆန္ဒဖော်ထုတ်မှုတစ်ခု

နိုင်ငံအတွင်း သတင်းသမားတွေနဲ့ မီဒီယာတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေပေမဲ့  အရေးယူခံရမှုကနေ ကင်းလွတ်နေတဲ့ ကမ္ဘာ့ နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံလည်း ပထမဆုံးအကြိမ် ပါဝင်လာပါတယ်။

သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ)က ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာတဝန်းမှာ သတ်ဖြတ်ခံရတဲ့ သတင်းသမားတွေရဲ့ အမှုပေါင်း ၂၆၀ ကျော်ကို စာရင်းပြုစုထားတဲ့  ကမ္ဘာလုံးဆိုင်ရာ အရေးယူမှုကနေကင်းလွတ်ခွင့်ရနေတဲ့ညွှန်းကိန်းအစီရင်ခံစာ Global Impunity Index မှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်း ဖော်ပြလာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ သတင်းသမား ၃ ဦးထက်မနည်းရှိပြီး အဲဒီထဲမှာ စစ်အာဏာသိမ်းဆန္ဒပြပွဲတွေကို မှတ်တမ်းရိုက်ကူးပြီးနောက် စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရချိန် သေဆုံးခဲ့တဲ့ စစ်ကိုင်းက ဓာတ်ပုံဆရာ ကိုအေးကျော်နဲ့ ရန်ကုန်မြို့က အလွတ်တန်းဓာတ်ပုံဆရာ ကို စိုးနိုင်တို့ပါဝင်တယ်လို့ အဲဒီအစီရင်ခံစာပါရှိပါတယ်။

မြန်မာမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် သတင်းတုသတင်းမှား ဖြန့်ဝေတယ်လို့ဆိုပြီး ဒါဇင်နဲ့ချီတဲ့သတင်းထောက်တွေကို ထောင်ချခဲ့တာကြောင့် ကမ္ဘာမှာ သတင်းသမားတွေကို ထောင်ဒဏ်ချမှတ်မှုအဆိုးရွာဆုံးနိုင်ငံတွေစာရင်းမှာ နံပါတ် ၈ နေရာမှာရပ်တည်နေတယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း သတင်းအလုပ်လုပ်လို့ သတ်ဖြတ်ခံရတဲ့ သတင်းသမား ၂၆၃ ယောက်ရှိခဲ့ပေမဲ့ အဲဒီထဲက ၂၀၆ မှုမှာဆိုရင် ကျူးလွန်သူတွေဟာ အရေးယူခံရတာ မရှိသေးဘဲ ပြစ်ဒဏ်ချမှတ်ခံရမှုကနေ ကင်းလွတ်ခွင့်ရနေသေးတယ်လို့ CPJ ဘက်က ပြောသလို သက်ဆိုင်ရာအစိုးရတွေဟာလည်း ဒီအရေးကို ဖြေရှင်းဖို့ စိတ်ဝင်စားမှုနည်းတာကို ပြသနေတယ်လို့ ပြောထားပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ပြည်တွင်းမီဒီယာလုပ်ငန်း ၁၀ ခုထက်မနည်းဟာ စစ်ကောင်စီလက်အောက် ပြန်ကြားရေးဌာနရဲ့ လိုင်စင်ရုတ်သိမ်းတာခံခဲ့ရပြီး အခုနောက်ဆုံးအနေနဲ့ ဧရာဝတီ သတင်းဌာနဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ သတင်းလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ပိတ်သိမ်းခံခဲ့ရပါတယ်။

ပန်းတောင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲဒင်နဲ့ သမီး ဖြစ်သူ တိုင်းဒေသကြီးအမတ် ဒေါ်ဇင်မိုးထိုက်တို့ ပြန်လွတ်

ပြည်အကျဥ်းထောင်

ဓာတ်ပုံ ရင်းမြစ်, မြေလတ်အသံ

စစ်ကိုင်းတိုင်းဥပဒေချုပ်လည်း မုံရွာထောင်ကပြန်လွတ်လာ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပန်းတောင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲဒင်နဲ့ သမီးဖြစ်သူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်တို့ မနေ့နိုဝင်ဘာ ၁ ရက်က ပြည်မြို့အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။

"ဟုတ်ပါဗျ။ လွတ်ရက်စေ့လို့ လွတ်ပါတယ်။ ပုဒ်မ ၂၅ နဲ့ပါ။ ၂ လပိုင်းထဲမှာ စစ်အာဏာသိမ်းမှုကို ကျွန်တော်တို့ ဆန္ဒပြတော့ လူစုလူဝေးလုပ်လို့ ဆိုပြီးဖမ်းတာပါ။ လပေါင်း ၂၀ နဲ့ ရက် ပေါင်း ၂၀ တိတိ ပြည်အကျဥ်းထောင်ထဲမှာ နေခဲ့ရပါတယ်။ အကျဥ်းသားအခွင့်အရေးတွေရပါတယ်" နိုင်ငံရေးနဲ့ပတ်သက်လို့တော့ ခုထိတော့ဘာမှမလေ့လာရဘူး။ နိုင်ငံရေးသမားကတော့ နိုင်ငံရေးလုပ်မှာပဲ” လို့ ဦးရဲဒင်ကပြောပါတယ်။

ဦးရဲဒင်တို့သားအဖကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ပန်းတောင်းမြို့နေအိမ်မှာလာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးစဥ် သမီးကြီးဖြစ်သူ ဒေါ်မိုးသွယ်ကြည်နဲ့ လာရောက်ဖမ်းဆီးတဲ့ ရဲတို့ စကားများခဲ့တာကြောင့် သမီးကြီးဖြစ်သူကိုပါ ဖမ်းဆီးပြီး ဝတ္တရားနှောင့်ယှက်မှုနဲ့ ထောင် ၆ လချမှတ်ခံခဲ့ရပါတယ်။

အဲဒီနောက်ပြန်လွတ်ပြီး မကြာခင် ပြန်လည်ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့်တရားစွဲထားလို့ အခုအခါ ပြည်အကျဥ်းထောင်ထဲမှာ အချုပ်နဲ့တရားရင်ဆိုင်နေရပါတယ်။

တစ်ခါ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်လှလည်းမနေ့ နိုဝင်ဘာ ၁ ရက်က မုံရွာအကျဥ်းထောင်ကနေပြန်လည်လွတ်မြောက်လာတယ်လို့ NLD ပါတီဝင်တစ်ဦးက အတည်ပြုပါတယ်။

“ဥပဒေချုပ်ကြီးက ပြန်လွတ်လာပါပြီ။ သူလည်း ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတည်းက ဖမ်းဆီးခံထားရတာပါ” လို့ သူက ဆိုပါတယ်။

ဦးခင်မောင်လှကို နိုင်ငံ့ဝန်ထမ်းတွေရုံးမတက်ဖို့ ရုံးပိတ်ရက်ရှည်ကိုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာကြောင့် စစ်ကောင်စီက ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ထောင် ၂ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။