သြဂုတ်လ ၂၁ ရက် ထိပ်တန်းသတင်းများ - နိုင်ငံရေး၊ စစ်ရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ RCSS တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
မြန်မာ့ နိုင်ငံရေး၊ စစ်ရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတာ အကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့် သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအနေနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က တိုက်တွန်းပြောဆိုလာပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မယ်ဆိုရင်လည်း တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ပြုလုပ်ရမှာဖြစ်တာကြောင့် ယုံကြည်မှု တည်ဆောက်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ RCSS က တိုက်တွန်းလိုက်တာပါ။
RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းမှာ သြဂုတ်လ ၁၈ ရက်ကနေ ၂၀ ရက်အထိပြုလုပ်တဲ့ ၆ လပတ် အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ အခုလို ပြောဆိုလာတာဖြစ်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ဟာ တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကနေ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ဖြစ်ပေမဲ့ အလျှော့အတင်း မလုပ်နိုင်တာကြောင့် အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေ ရှေ့မတိုးနိုင်ခဲ့ဘူးလို့ ပြောသလို RCSS ကတော့ NCA အနှစ်သာရကို စွဲကိုင်ထားဆဲလို့ ဆိုပါတယ်။
မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာထဲက သျှမ်းဧကရာဇ် စဝ်ဆေခန်ဖ လက်ထက်က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းမြို့ရိုးကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်(TNLA) က ဖြိုဖျက်ခဲ့တယ်ဆိုတဲ့ SSPP/SSA ဘက်ကပြောဆိုချက်ကို RCSS ရဲ့ အခုထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားတာလည်းတွေ့ရပါတယ်။
RCSS ဘက်ကတော့ ဒီလုပ်ရပ်ဟာ လူထုကြား မကျေနပ်မှု နာကြည်းမှု ဖြစ်ပေါ်စေပြီး သျှမ်းတိုင်းရင်းသားတွေကြား ပဋိပက္ခ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
TNLA ဘက်ကတော့ မြို့ရိုးကို ဖျက်ဆီးတာမဟုတ်ဘဲ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ စစ်ဆေးရေးဂိတ်ဖွင့်ထားတဲ့နေရာကို မြေတူးစက်နဲ့ဖြိုခဲ့တာဖြစ်ပြီး အဲဒီနေရာဟာ မြို့ရိုးနဲ့ မီတာ ၃၀ အကွာမှာရှိတယ်လို့ ပြန်လည်တုံ့ပြန်ပြောဆိုထားပါတယ်။
ပုဂံမြို့ဟောင်းထဲ မြောင်းတူးနေ

ဓာတ်ပုံ ရင်းမြစ်, Zay Myo Lin
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံမြို့ဟောင်းထဲမှာ စစ်ကောင်စီက မြောင်းရှည်တစ်ခုကို မြေတူးစက်ငယ်သုံးပြီး တူးဖော်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပုဂံ-ညောင်ဦးကို ဆက်ထားပြီး ပုဂံမြို့ဟောင်းထဲအထိပေါက်တဲ့ နှစ်လမ်းသွားအနော်ရထာလမ်းဘေးမှာ တူးဖော်နေတာလို့လည်း ဆိုပါတယ်။
‘’ပုဂံမျှော်ဘုရားနားကနေ မြို့ဟောင်း မြို့ရိုးနားအထိ တူးနေတာပါ။ တစ်လ နီးပါးလောက်ရှိပြီ’’လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဘာကြောင့် အခုလိုတူးဖော်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ အခုနှစ်မိုးကာလ ပုဂံဘုရားတွေမှာ ရေဝပ်တာတွေဖြစ်ခဲ့အပြီးမှာ အခုလိုမြောင်းတူးတာဖြစ်လို့ ရေတင်တာကို ဖြေရှင်းဖို့ စစ်ကောင်စီ ဒေသန္တရအာဏာပိုင်တွေက ကြိုးပမ်းတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆပါတယ်။
ရှေးဟောင်းသုတေသနပညာရှင်တွေကတော့ ပုဂံမှာ မိုးရေတင်လို့ ရေဝပ်တာကို ဖြေရှင်းဖို့အရေး ရေစီးမြောင်းဖော်တယ်ဆိုရင် တစ်ပေထက်နက်အောင် မတူးသင့်ဘူးလို့ ထောက်ပြကြပါတယ်။
အကြောင်းကတော့ မြေအောက်တစ်ပေဝန်းကျင်မှာ မြုပ်နေတဲ့ ရှေးဟောင်း သုတေသန အထောက်အထားတွေရှိနေတဲ့မြေဆီလွှာကို စတွေ့ရတတ်တာကြောင့်လို့ ဆိုပါတယ်။
ပုဂံမှာ မြို့ပြပညာရှင်တွေက ၁၁ ရာစု နဲ့ ၁၃ ရာစုကာလတွေကတည်းက ပုဂံကို ရေမဝပ်စေတဲ့ ရေစီမံခန့်ခွဲမှုစနစ်ကို ဖန်တီးနိုင်ခဲ့ပေမဲ့ပေမဲ့ ခေတ်ကာလတွေ ရွေ့လျားတာနဲ့ အလျောက် ယဥ်ကျေးမှုနယ်မြေတွေနဲ့ ဘုရားတွေအနီးနားမှာ ဟိုတယ်နဲ့အခြားအဆောက်အဦတွေ ခွင့်ပြုခဲ့တာကနေ ပုဂံရဲ့ မြောက်များလှတဲ့ရေဆင်းမြောင်းတွေ၊ ရေနုတ်မြောင်းတွေဟာ ပျောက်ကွယ်ခဲ့တယ်လို့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းမှုဆိုင်ရာပညာရှင်တွေက ထောက်ပြကြပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် ပုဂံမှာ ပြုပြင်ထိန်းသိမ်းမှုပုံစံတွေလွဲမှားလာပြီး အထူးသဖြင့် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးလမ်းညွှန်ချက်တွေနဲ့ လက်ရှိပုဂံမှာ ထိန်းသိမ်းရေးလုပ်နေတဲ့အချက်တွေက သွေဖည်လာတယ်လို့ ဆိုပါတယ်။
ပုဂံမြို့ဟောင်းထဲ အခုလို မြောင်းတူးနေတာနဲ့ပတ်သက်လို့ မှတ်ချက်တစုံတရာရဖို့ စစ်ကောင်စီရဲ့ ရှေးဟောင်းသုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ ပြည်ပ ပညာရှင်တွေရဲ့ အကူအညီနဲ့ အသေအချာ လေ့လာစိစစ်ပြီးမှ မြောင်းတူးဖော်တာလို့ တုံ့ပြန်ဖြေကြားပါတယ်။
မြောင်းတွေ နက်ရတဲ့အကြောင်းရင်းဟာ ရေကို ကျုံးထဲအထိ ဆွဲထည့်ဖို့ ရည်ရွယ်ပြီး ဒီလိုမလုပ်ခင်လည်း မြေပြင်အနိမ့်အမြင့်တိုင်းတာပြီးမှ မြေတိုင်းကုမ္ပဏီတစ်ခု ငှားရမ်း တူးဖော်စေတာလို့ ဘီဘီစီကို ပြန်လည်ဖြေကြားထားပါတယ်။
Netflix မှာ ပထမဆုံးပြသခွင့်ရတဲ့မြန်မာရုပ်ရှင်ဇာတ်ကား

"လိပ်ပြာစံအိမ်" ရုပ်ရှင်ဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင်တွေကို အွန်လိုင်းကနေ ကြည့်ရှုလို့ရတဲ့ ပလက်ဖောင်းတခုဖြစ်တဲ့ Netflix မှာ ပထမဆုံးပြသခွင့်ရတဲ့ မြန်မာဇာတ်ကားဖြစ်လာပါတယ်။ Netflix ရဲ့ ဒေသအလိုက်သာ ကြည့်ရှုနိုင်တဲ့ ကန့်သတ်ချက်ကြောင့် ထိုင်းနိုင်ငံတနိုင်ငံတည်းကနေသာ ကြည့်လို့ရပါသေးတယ်။
၂၀၁၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားကို ထိုင်းဒါရိုက်တာ Chartchai Ketnust က ရိုက်ကူးခဲ့ပြီး နိုင်နိုင်း၊ ဝတ်မှုန်ရွှေရည်၊ ဒေါင်း တို့အပါအဝင် ပြည့်ပြည့်၊ တုန်တုန် စတဲ့ ကလေးသရုပ်ဆောင်တွေလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။
အင်္ဂလိပ်လို "The Only Mom" လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားဟာ သည်းထိတ်ရင်ဖို (Horror) အမျိုးအစားဖြစ်ပြီး မြန်မာပြည်မှာရုံတင်ပြသခဲ့ချိန်ကလည်း ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တာဖြစ်ပါတယ်။
အခုနှစ်ပိုင်းတွေထဲ ဒီရုပ်ရှင်ဇာတ်ကားကို အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့က ရုပ်ရှင်ရုံတွေမှာ ပြသနိုင်ခဲ့ပါတယ်။
အာရှရုပ်ရှင်ဆုပေးပွဲတခုဖြစ်တဲ့ (Asian Academy Creative Awards)ရဲ့ ၂၀၁၉ ခုနှစ်ဆုပေးပွဲ မှာ ကလေးသရုပ်ဆောင် ပြည့်ပြည့်က အကောင်းဆုံးဇာတ်ပို့ဆုရရှိခဲ့သလို ဒီဇာတ်ကားကနေ ဆု ၆ ဆုအထိ ရရှိခဲ့ပါတယ်။
ပြည်တွင်းရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲမှာလည်း လိပ်ပြာစံအိမ်ဇာတ်ကားကနေ ဆုတွေ ရနိုင်တယ်လို့ ကနဦးမှာခန့်မှန်းခဲ့ကြပေမဲ့ ကိုဗစ်ကြောင့်ရော စစ်အာဏာသိမ်းမှုကြောင့်ပါ မကျင်းပဖြစ်ခဲ့တဲ့ သုံးနှစ်စာ အကယ်ဒမီပေးပွဲကို ၂၀၂၃ ခုနှစ်မှာ ပြန်ကျင်းပချိန်မှာတော့ ဒီဇာတ်ကားနဲ့ ဆုရရှိခဲ့တာမတွေ့ရပါဘူး။
ရုရှားမှာ ဒုတိယကမ္ဘာစစ် မြန်မာစစ်သည်ရုပ်ထုဖွင့်

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
အာဏာသိမ်းပြီးတဲ့နောက် မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေးတိုးမြှင့်လာတဲ့ ရုရှားဟာ အခုနောက်ဆုံးအနေနဲ့ ရုရှားမျိုးချစ်ပန်းခြံမှာ ဒုတိယကမ္ဘာစစ် မြန်မာစစ်သည်မဟာမိတ်ရုပ်ထုတွေကို ထားရှိလာပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်စနစ် ဆန့်ကျင်ရာမှာ မဟာမိတ်တပ်တွေရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုတယ်ဆိုပြီး ရုရှားမြို့တော် မော်စကိုအပိုင်ထဲမှာရှိတဲ့ ကူဘင်ကာမြို့ မျိုးချစ်ပန်းခြံမှာ ရုပ်ထုတွေ ထားလာတာဖြစ်ပါတယ်။
ဖွင့်ပွဲကိုတော့ မြန်မာစစ်ကောင်စီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu တို့ သြဂုတ်လ ၁၄ ရက်မှာဖွင့်လှစ်ခဲ့တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
အဲဒီမျိုးချစ်ပန်းခြံထဲမှာ ဒုတိယကမ္ဘာစစ်အတွင်း ရုရှားတပ်နီတော်အပါအဝင် နိုင်ငံအသီးသီးကနေ တိုက်ပွဲဝင်ခဲ့ကြသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ် ရုပ်တုတွေ ထားရှိထားတာဖြစ်ပါတယ်။








