ဒီဇင်ဘာ ၁၆ ရက်ထိပ်တန်းသတင်းများစုစည်းမှု-တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို ကူညီဖို့အချက်ပါဝင်တဲ့ NDAA ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော် အတည်ပြု
မန္တလေးက ပျောက်ဆုံးနေတဲ့ ငါးနှစ်ကလေးငယ်ကို ဘေးချင်းကပ်အိမ်ကနေ ပြန်လည်တွေ့ရှိတာဖြစ်တယ်လို့ မိသားစုဝင်ပြော

ဓာတ်ပုံ ရင်းမြစ်, Han Myo Win facebook
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ငါးရက်ကြာပျောက်ဆုံးနေတဲ့ အသက် ငါးနှစ်အရွယ် ကလေးငယ်မောင်ဇွဲဝေယံထွန်းကို ဘေးကပ်လျက်အိမ်က ပြန်တွေ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
"ကလေးက ကျန်းမာပါတယ်။ ရဲစခန်းမှာ စစ်ဆေးချက်ယူနေလို့ အမှုဖွင့်မလား၊ တရားစွဲမလား မသိရသေးပါဘူး။ ကလေးကို လိမ်ဆွဲထားတဲ့ ဒဏ်ရာတချို့တော့တွေ့ပါတယ်"လို့ မောင်ဇွဲဝေယံထွန်းရဲ့ မိသားစုဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မိသားစုဝင်ဖြစ်သူရဲ့ ပြောဆိုချက်အရကတော့ ကလေးငယ်ပျောက်ဆုံးသွားတာနဲ့ပတ်သက်လို့ ဘေးအိမ်ကို မသင်္ကာလို့ ဒီနေ့မနက်မှာ ရပ်ကွက်ဒေသခံတချို့နဲ့အတူ ဝင်ရောက်ရှာဖွေရာကနေ ကလေးငယ်ကို ပြန်လည်တွေ့ရှိတယ်လို့ ဆိုပါတယ်။ ပြန်လည်တွေ့ရှိခဲ့တဲ့ ကလေးငယ်ကိုရော ကလေးရဲ့မိဘတွေကိုပါ အမှတ် (၃) ရဲစခန်းမှာ စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
ကော့ကရိတ်မှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီဘက်ကတော့ သတင်းမထုတ်ပြန်သေး
ကော့ကရိတ်မြို့ အခြေစိုက် စကခ ၁၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် အနီး လှိုင်ကွယ်/ တံတားကျိုး ကျေးရွာအနီးရှိ စစ်ကောင်စီ လက်အောက်ခံ ၂၃၀၊ ၂၃၁ ခြေလျင်တပ်ရင်းနဲ့ KNLA ပူးပေါင်းတပ်တွေ ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက် မနက် ၅ နာရီက စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် သေဆုံးထိခိုက်မှုတွေရှိတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအပါအ၀င် တပ်ဖွဲ့၀င် ၅ ဦး ထက်မနည်း သေဆုံးခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့ဘက်က တစ်ဦး သေဆုံးကာ ရဲဘော် ၅ ဦး ခန့် ဒဏ်ရာရရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
"မနက် ၅ နာရီ ကျော်ကတည်းက၂၃၀ တပ်၊ ၂၃၁ တပ်နဲ့ လှိုင်ကွယ်/တံတားကျိုးစစ်ဆေးရေး ဂိတ်ဘက်တွေကို KNLA ပူးပေါင်းအဖွဲ့ တွေက ၀င်တိုက်တယ်။ ၂၃၀ တပ်ထဲ ၀င်ပစ်တာမှာ ဗိုလ်မှူးတစ်ယောက်၊ တပ်ရေးဗိုလ်ကြီးတစ်ယောက်၊ စစ်သည်ရဲမေ ၂ ယောက်၊ ရဲဘော် ၃ ယောက် သေတယ်။ စစ်တပ် ရဟတ်ယာဉ်က ရုတ်တရက် ရောက်လာပြီးပစ်၊ အမြောက်တွေက ပစ်ဆိုတော့ မစိစစ်ရသေးခင် ပြန်ဆုတ်လိုက်တော့ ကိုယ့်ဘက်က တစ်ယောက် ကျတယ်။ ၅ ယောက်လောက် မစိုးရိမ်ရ ဒဏ်ရာရတယ်။ လမ်းသွားလမ်းလာကားတွေတော့ ပိတ်ကုန်တယ်။ ရွာသားတွေလည်း တခြားနေရာ ရှောင်နေရတယ်"လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
"အခုက မြ၀တီ နယ်စပ်က သေ့ဘောဘိုးဘက် ငြိမ်ပြီး ကော့ကရိတ်ဘက် တိုက်ပွဲတွေ လာပြန် ဖြစ် နေသလို ဖြစ်နေတယ်။ အခုတော့ မြ၀တီ -ကော့ကရိတ်- ဘားအံ သွားလို့ မရတော့ဘူး။ ကော့ကရိတ် လမ်းမတစ်လျှောက် စစ်ကြောင်းတွေ ပတ်လှည့်နေတယ်" လို့ စစ်ကောင်စီရဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။ ဒေသခံပြည်သူတွေကတော့ ဒီကနေ့ မနက်အစောပိုင်း ၅ နာရီလောက်ကစပြီး ပစ်ခတ်သံတွေကြားရပြီး လျှပ်စစ်မီးလည်း ဒီဇင်ဘာ ၁၆ ရက်ညနေပိုင်း ပြတ်တောက်နေတယ်လို့ မြ၀တီ မြို့ခံတွေက ပြောကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မနက် ၇ နာရီလောက်မှာ လေယာဉ်သံတွေနဲ့ လက်နက်ကြီး သံတွေ ကြားရတယ်လို့လည်း မြို့ခံတွေက ဆိုကြပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ စစ်ရေးတင်းမာနေတဲ့ ကော့ကရိတ် အာရှလမ်းသစ်က တောနော်ရေတံခွန် အနီး တံတား တစ်စင်း မိုင်းခွဲ ခံရမှုကြောင့် ကျိုးကျ ပျက်စီးခဲ့ကြောင်း၊ အသင်္ဃန်းညီ နောင်ကျေးရွာ အနီးရှိ လျှပ်စစ်ဓါတ်အားခွဲ ရုံ မီးလောင်ပေါက်ကွဲ မှု ဖြစ်ပွားလို့ ဓာတ်အားပြတ်တောက်နေတယ်လို့ ကော့ကရိတ် အုပ်ချုပ်ရေး ဌာနနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ဒီကနေ့ဖြစ်ပွားတဲ့ ထိတွေ့သုံးနေရာက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော တစုံတရာ ထုတ်ပြန်လာတာ မရှိသေးသလို တပ်ရင်းဌာနချုပ်ထံ KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ငါးဦးထက်မနည်း သေဆုံးခဲ့တယ်ဆိုတဲ့အချက်ကိုလည်း ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီရဲ့သတင်းတွေကိုထုတ်ပြန်လေ့ရှိတဲ့တယ်လီဂရန်ချန်နယ်တွေမှာတော့ ထိုင်းမြန်မာ ချစ်ကြည်ရေးလမ်းပိုင်း အာရှလမ်းမကြီးပေါ်က တံတားတစ်ခုကို KNU က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြနေတာတွေ့ရပါတယ်။
မန္တလေးမှာ ဒီနေ့ တစ်ရက်တည်း ငလျင် သုံးကြိမ်လှုပ်

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးမှာ ဒီနေ့ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နှစ်နာရီခွဲအထိ နေ့တစ်ပိုင်းမှာတင် ငလျင်သုံးကြိမ် လှုပ်ခဲ့ပြီး ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရကြောင်း မြို့ခံတွေကပြောပါတယ်။
ဒီနေ့ မနက် ၆ နာရီ ၄၅ မိနစ်ခန့်မှာ တစ်ကြိမ်၊ မွန်းလွဲတစ်နာရီခွဲမှာ တစ်ကြိမ်နဲ့ မွန်းလွဲ ၂ နာရီမှာ တစ်ကြိမ် စုစုပေါင်းသုံးကြိမ်ငလျင်လှုပ်ခတ်တာကိုခံစားခဲ့ရတယ်လို့မြို့ခံတွေကဆိုပါတယ်။
"”မနက်က လှုပ်တာ သိပေမဲ့ ခဏပဲ။ အခုနေ့လယ်က အသံမြည်ပြီး ရမ်းခါသွားတာ။ ဘုရားစင်က ရေအိုးတောင် လဲကျတယ်”လို့ မန္တလေးမြို့ဒေသခံ တစ်ဦးကပြောပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၁၆ ရက် မနက် ၆ နာရီ ၄၅ မိနစ်မှာ ပြည်ကြီးတံခွန်မြို့ရဲ့အရှေ့တောင်ဘက်ကိုဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်တစ်ကြိမ်နဲ့ မွန်းလွဲ တစ်နာရီခွဲခန့်မှာ မြစ်ငယ်မြို့ရဲ့ အရှေ့ဘက် သုံးမိုင်အကွာကိုဗဟိုပြုတဲ့ အင်အား ရစ်ချ်တာစကေး ၃.၃ အဆင့်ရှိအင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။
အခု မွန်းလွဲ၂ နာရီမှာလှုပ်ခတ်သွားတဲ့ငလျင်သတင်းကိုတော့ ထုတ်ပြန်တာမတွေ့ရသေးပါဘူး။
မနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့မနက် အရုဏ်မတက်မီမှာ တံတားဦးမြို့အနီးကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့အင်အား ၅ ဒသမ ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့လို့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းထဲက ရှေးဟောင်း အဆောက်အဦတချို့ ပြိုကျထိခိုက်ပျက်စီးခဲ့ရပါတယ်။
အဲဒီငလျင်ရဲ့ နောက်ဆက်တွဲငလျင်ငယ်(after shock) တွေ ဒီနေ့ မှာ ဆက်တိုက်လှုပ်လာတာဖြစ်နိုင်တယ်လို့လည်း ယူဆပြောဆိုမှုတွေရှိနေပါတယ်။
ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို စစ်ကောင်စီ ထောင် အနှစ် ၂၀ ချမှတ်

ဓာတ်ပုံ ရင်းမြစ်, Social Media
NLD အစိုးရလက်ထက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလမှာ အမှုဖွင့်ခဲ့တဲ့ အဂတိလိုက်စားမှုအပါအဝင် စွဲဆိုချက် ၂ ခုအတွက် ထောင်အနှစ် ၂၀ ချမှတ်လိုက်တယ်လို့ အိုးဘိုအကျဥ်းထောင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။
ဦးဘိုဘိုငယ်ကို စစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ ဖမ်းဆီးခဲ့တဲ့နောက် တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် မေလမှာ အဂတိပုဒ်မ တပ်ပြီး တရားစွဲအမှုဖွင့်ခဲ့တာပါ။
ဦးဘိုဘိုငယ်ကို စစ်ကော်စီက ဖမ်းဆီးသွားပြီးတဲ့နောက် ပျောက်ဆုံးနေပြီး အဆက်အသွယ်မရကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီလမှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာတော့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဦးဘိုဘိုငယ် ရိပ်သာတစ်ခုမှာ ကျန်းမာစွာရှိနေပြီး ဖမ်းဆီးချုပ်နှောင်ထားတာမရှိကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီနောက်တစ်နှစ်အကြာမှာ အဂတိပုဒ်မတပ်ပြီး တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့အဂတိကော်မရှင်ရဲ့ စွပ်စွဲချက်ထဲမှာတော့ ဦးဘိုဘိုငယ်ဟာ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူချိန် ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်တွေက အမေရိကန် ဒေါ်လာ တစ်သောင်းနဲ့အထက် ငွေလွှဲပြောင်းမှု အကြိမ်ပေါင်း ၂၉၀၀၀၀ ကျော်(အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀,၀၀၀ ကျော်) မှုတွေအနက် ဗဟိုဘဏ်သို့ ခွင့်ပြုချက်တောင်းခံမှု ၃၅၂ ကြိမ်နဲ့ ငွေကြေးဆိုင်ရာမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ သတင်းပေးပို့မှု ၉ ကြိမ်သာ ရှိခဲ့တယ်ဆိုပြီး ဒါကြောင့် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရ ဘဏ်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ကြီးကြပ်မှုအားနည်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခွင့်ပြုချက်တောင်းခံခဲ့တဲ့ ငွေလွှဲပြောင်းမှုတွေအနက် ၇ ခု (ငွေတန်ဖိုး အမေရိကန်ဒေါ်လာ ၇၃ သန်းကျော်၊ ဂျပန်ယန်း သန်း ၃၀ ကျော်၊ ယူရို ၁ သိန်းကျော်)ကို ကောက်နုတ်စိစစ်ခဲ့ရာ သက်ဆိုင်ရာပုဂ္ဂိုလ်နှင့်ကုမ္ပဏီများထံကနေ တံဆိပ်ခေါင်းအခွန် တစ်မျိုးတည်း အတွက်ပင် နိုင်ငံတော်အနေဖြင့် ငွေကျပ် ၁၀၂ သန်းကျော် နစ်နာမှုဖြစ်ပေါ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် Open Society Myanmar-OSM ငွေစာရင်းကိစ္စနဲ့ပတ်သက်လို့လည်း ဗဟိုဘဏ်ကို သတင်းပို့ခဲ့ပေမဲ့ ဗဟိုဘဏ်က ကြီးကြပ်နိုင်ခြင်းမရှိဘဲ OSM ရဲ့ ငွေစာရင်းကို ထည့်သွင်းပေးခဲ့လို့ ငွေကျပ် သန်း ၃၆၀ ကျော် နိုင်ငံအခွန် ဆုံးရှုံးခဲ့ကြောင်းနဲ့ ချေးငွေရထားတဲ့ငွေတွေကိုလည်း အတိုးပိုရတဲ့ဘဏ်မှာ မအပ်ဘဲ တဦးတည်းဆုံးဖြတ်ချက်နဲ့ စင်ကာပူက SMBC ဘဏ်မှာ အပ်ခဲ့လို့ နိုင်ငံဘဏ္ဍာငွေ ၆၆၅ သန်း နစ်နာဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဦးဘိုဘိုငယ်ကို အဂတိလိုက်စားမှုပုဒ်မ ၅၅ အရ နေပြည်တော် ဥတ္တရသီရိမြိုန့ယ် ဘုရားကုန်းမြို့မရဲစခန်းမှာ မေလ ၁၀ ရက်နေ့ကအမှုဖွင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဦးဘိုဘိုငယ်ဟာ လက်ရှိမှာ မန္တလေး အိုးဘိုအကျဥ်းထောင်တိုက် ၂ မှာရှိနေပြီး ထောင် အနှစ် ၂၀ ချမှတ်ခံရတာ ဟုတ်မှန်ကြောင်း အိုးဘိုထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
သင်္ဃန်းကျွန်းပို့စ် မီဒီယာက အယ်ဒီတာချုပ်နဲ့ တာဝန်ခံအယ်ဒီတာတို့ကို စစ်ကောင်စီ ထောင်ငါးနှစ်စီ ချမှတ်

ဓာတ်ပုံ ရင်းမြစ်, Social Media
သင်္ဃန်းကျွန်းပို့စ်မီဒီယာက အယ်ဒီတာချုပ်ကိုဝေလင်းယုနဲ့ တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်တို့ကို ဒီနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ နဲ့ တစ်ဦးကို အလုပ်နဲ့ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းထံက သိရပါတယ်။ ကိုဝေလင်းယုနဲ့မထက်ထက်အောင်တို့ကို ၂၀၂၁ ခုနှစ်မေလမှာ မြောက်ဥက္ကလာပမြိုန့ယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး အမှုဖွင့်တရားစွဲဆိုပြီးတစ်နှစ်ကျော်အကြာမှာ ခုလို ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ "မြောက်ဥက္ကလာမှာ သတင်းသွားယူတဲ့နေရာကိုရောက်တော့ အဲဒီမှာ ဖမ်းဆီးခံရတာပါ။ အဲဒီနေရာမှာ ပေါက်ကွဲစေတတ်တဲ့ ယမ်းတို့၊ PVC ပိုက်တို့ တွေ့တော့ဒီပုဒ်မတပ်လိုက်တာပေ့ါ" လို့ တရားရုံးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။ အမှုအတွက် အပြီးသတ်လျှောက်လဲချက်ကို ဒီဇင်ဘာ ၁၄ ရက်က ပေးခဲ့တာဖြစ်ပြီး အခုအခါမှာတော့ အပြီးသတ်အမိန့်ချခဲ့တာဖြစ်ပါတယ်။ ပေါက်ကွဲစေတတ်တဲ့အက် ဥပဒေ ပုဒ်မ ၅ ဟာအမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပြီး အခု ထောင်ဒဏ် ငါးနှစ်အတွက်တော့ အယူခံသီးသန့်ထပ်မံတင်တော့မှာမဟုတ်ဘူးလို့လည်း နီးစပ်သူတွေကပြောပါတယ်။ လက်ရှိမှာ နှစ်ဦးလုံး အင်းစိန်အကျဥ်းထောင်မှာ ရှိနေတယ်လို့လည်း သိရပါတယ်။ စစ်တပ်ကအာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ သတင်းဌာန ၁၀ ခုထက်မနည်း လိုင်စင်ပိတ်သိမ်းခဲ့ထားရသလို သတင်းထောက်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ သတင်းသမား ဆယ်နဲ့ချီဟာ အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။
စစ်တပ်ကအာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ သတင်းဌာန ၁၀ ခုထက်မနည်း လိုင်စင်ပိတ်သိမ်းခဲ့ထားရသလို သတင်းထောက်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ သတင်းသမား ဆယ်နဲ့ချီဟာ အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။
Su 30 အပါအဝင် ရုရှား၊ တရုတ်နဲ့ ပါကစ္စတန် တိုက်လေယာဥ်အသစ်တွေ စစ်တပ်အားဖြည့်

ဓာတ်ပုံ ရင်းမြစ်, Military

ဓာတ်ပုံ ရင်းမြစ်, Military

ဓာတ်ပုံ ရင်းမြစ်, Military
Su 30 တိုက်လေယာဥ်တွေအပါအဝင် ရုရှား၊ တရုတ်နဲ့ပါကစ္စတန်ထုတ် တိုက်လေယာဥ်အသစ်တွေကို ဒီဇင်ဘာ ၁၅ ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် လေတပ်မွေးနေ့မှာ တပ်တော်ဝင်အခမ်းအနားမှာ စစ်တပ်က ထုတ်ပြခဲ့ပါတယ်။
Su 30 တိုက်လေယာဥ်ကို မနေ့က တရားဝင် ထုတ်ပြတာဖြစ်ပြီး စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်ကို မြန်မာလေတပ်က ပထမဆုံးပိုင်ဆိုင်လာတာဖြစ်ပါတယ်။
ဒါ့အပြင် ရုရှားထုတ် KA 28 ရေငုတ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်ကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး ဒီရဟတ်ယာဥ်ဟာ ပင်လယ်ပြင်ကင်းထောက်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်အောက်မှာရှိတဲ့ ရေငုတ်သင်္ဘောတွေကို ရှာဖွေတိုက်ခိုက်နိုင်တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မနေ့က တပ်တော်ဝင်တဲ့အထဲ တရုတ်နိုင်ငံထုတ် FTC 2000 G ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေး လေယာဉ်တွေလည်း ပါဝင်တာတွေ့ရပါတယ်။
Su 30၊ KA 28 နဲ့ FTC 2000 G လေယာဥ်တွေဟာ မြန်မာလေတပ်က ပထမဆုံးပိုင်ဆိုင်လာတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။
လေတပ်မှာရှိပြီးသားဖြစ်တဲ့ တရုတ်နဲ့ ပါကစ္စတန် ဖက်စပ်ထုတ်ထားတဲ့ တိုက်လေယာဉ် K-8W နဲ့ တရုတ်ထုတ် တိုက်လေယာဥ် FT-7 တွေကိုလည်း ထပ်မံအားဖြည့်လာတာတွေ့ရပါတယ်။
၇၅ နှစ်မြောက် လေတပ်မွေးနေ့မှာ မြန်မာလေတပ်က ထုတ်လုပ်တဲ့ အမောင်းသင်လေယာဥ်အမျိုးအစား MTX-1A လေယာဉ်တွေ နဲ့ ဒရုန်းတွေကိုလည်း ပြသသွားခဲ့ပါတယ်။
တစ်ဖက်မှာလည်း ပြည်တွင်းပဋိပက္ခအတွင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြုလုပ်နေတဲ့ စစ်ကောင်စီထံကိုလေယာဥ်ဆီတွေ မရောက်ရှိရေး ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက တိုက်တွန်းဖိအားပေးမှုတွေ ရှိနေပါတယ်။
ကနေဒါနိုင်ငံဟာ မြန်မာစစ်တပ်ထံ လေယာဥ်လောင်စာဆီနဲ့ တင်သွင်းတဲ့ ကုမ္ပဏီ၁ နဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူပေးတဲ့ ကုမ္ပဏီ ၂ခုတို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့ပြီး ဒါဟာ မြန်မာစစ်တပ်ထံ လေယာက်ဆီတင်သွင်းမှုနဲ့ပတ်သက်လို့ ပထမဆုံးပိတ်ဆို့အရေးယူမှုချမှတ်တဲ့နိုင်ငံလည်းဖြစ်လာတယ်လို့ Justice for Myanmar က ထုတ်ပြန်ထားပါတယ်။
မြန်မာ့စီးပွားရေးလုပ်ငန်းစုကြီးတစ်ဖြစ်တဲ့ Asia Sun Group ကို ကနေဒါက ဒဏ်ခတ်ပိတ်ဆို့ခဲ့တာဖြစ်ပြီး အဲဒီ ကုမ္ပဏီဟာ မြန်မာစစ်ပတ်အတွက် လေယာဥ်ဆီတွေ ဝယ်ယူတာ၊ သိုလှောင်တာနဲ့ ဖြန့်ဖြူးတာတွေကိုဆောင်ရွက်ပြီး လေယာဥ်လောင်စာဆီတွေကို မြန်မာစစ်တပ်ထံ တိုက်ရိုက်ပို့ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကနေဒါနိုင်ငံဟာ မြန်မာစစ်တပ်ရဲ့အဓိကလက်နက်ပွဲစားတွေဖြစ်တဲ့ Dynasty International Company Limited နဲ့ International Gateways Group တို့ကိုလည်း ပိတ်ဆို့အရေးယူမှုချမှတ်ခဲ့ပါတယ်။
NDAA ဥပဒေကြမ်းကိုအမေရိကန်လွှတ်တော်အတည်ပြုမှု NUG ယာယီသမ္မတ ချီးကျူးဂုဏ်ပြု

ဓာတ်ပုံ ရင်းမြစ်, NUG Acting President
သမ္မတ ဘိုင်ဒန်လက်မှတ်ထိုးအတည်ပြုဖို့ စောင့်မျှော်နေတယ်လို့ဆို
မြန်မာ့အရေးအကူအညီပေးမယ့် Burma Act ဥပဒေအစိတ်အပိုင်းကို ထည့်သွင်းထားတဲ့ အမေရိကန််ရဲ့ကာကွယ်ရေး အသုံးစရိတ် ဥပဒေ မူကြမ်း (Bill of National Defense Authorization Act - NDAA) ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ် အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ မြန်မာ့ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေက ချီးကျူးဂုဏ်ပြုကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာ ၁၆ ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန် သမ္မတဘိုင်ဒင်က ဥပဒေအဖြစ် မကြာခင်မှာ လက်မှတ်ထိုးဖို့ မျှော်လင့်နေပါတယ်လို့လည်း သူက ဆိုပါတယ်။
ဒီအရေးကြီးတဲ့ ဥပဒေဟာ မြန်မာပြည်သူပြည်သားတွေနဲ့ NUG၊ NUCC၊ CRPH၊ CDM နဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတို့အတွက် စစ်ကောင်စီကို ဆန့်ကျင့်တိုက်ပွဲဝင်နေကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒကို ရှင်းရှင်းလင်းလင်း ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ သူ့ရဲ့ ခရိုနီစီးပွားရေးသမားတွေ၊ စွမ်းအင်ကဏ္ဍနဲ့ ဆက်စပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေချမှတ်ဖို့ လုပ်ပိုင်ခွင့်တွေကို ထပ်တိုးချဲ့ထွင်ထားတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပိုမိုပေးအပ်ဖို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအထောက်အပံ့အကူအညီတွေပေးအပ်ဖို့အချက်လည်း ပါဝင်သလို စစ်ကောင်စီတပ်ဖွဲ့ဝင်ဟောင်းတွေကို ထောက်ပံ့ပေးမယ့်အစီအစဥ်တွေလည်းပါဝင်တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။
အခုအောင်မြင်မှုအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့ကြတဲ့ အမေရိကန်ပြည်ထောင်စုတစ်ဝန်းက မြန်မာပြည်သူအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ ဒီဥပဒေဟာ ရုန်းကန်တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေကို မျှော်လင့်ချက်နဲ့ ပံ့ပိုးကူညီမှုတွေ ဖြည့်စွမ်းပေးနိုင်မယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို ကူညီဖို့အချက်ပါဝင်တဲ့ NDAA ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော် အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Reuters
သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ထိုးဖို့သာ ကျန်ရှိ
အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) မူကြမ်းအမေရိကန်အထက်လွှတ်တော်အတည်ပြုလိုက်ကြောင်း ရိုက်တာသတင်းက ရေးပါတယ်။
ဒီမူကြမ်းကို အမေရိကန်အထက်လွှတ်တော်က ဒီဇင်ဘာ ၁၆ ရက်မှာ ထောက်ခံမဲ ၈၃ မဲ ၊ ကန့်ကွက်မဲ ၁၁မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး အခုအခါ လွှတ်တော်နှစ်ရပ် အတည်ပြုပြီးဖြစ်လို့ ဥပဒေအဖြစ် သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ထိုးဖို့သာ ကျန်ရှိပါတော့တယ်။
ဒီဥပဒေထဲမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ (Ethnic Armed Organizations – EAOs) တွေ ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ (PDFs) တွေကိုလက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေထောက်ပံ့ဖို့အချက်တွေ ထည့်သွင်းထားပါတယ်။
အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ နှစ်စဉ် အသေအချာ ဆွေးနွေးလေ့ရှိတဲ့၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ မူကြမ်း (Bill of National Defense Authorization Act - NDAA) က ဥပဒေ အဖြစ် အတည်ဖြစ်လာပြီဆိုရင် ဒါဟာ အမေရိကန်ရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒပိုင်းမှာ အရေးကြီးတဲ့ အရွေ့လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက မြင်ကြပါတယ်။
ဒီ NDAA ဥပဒေ မူကြမ်းထဲမှာ Burma Unified through Rigorous Military Accountability (BURMA) Act of 2022 ကို စတင်ထည့်သွင်းလိုက်နိုင်တာက “ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့ အောင်ပွဲ” လို့ ဒီမူကြမ်းကို ဦးဆောင်တင်သွင်းခဲ့တဲ့ လွှတ်တော်အမတ်လည်းဖြစ်၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဂရေဂရီ မိခ် က ပြောကြားထားပါတယ်။
ဒါ့အပြင် “စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေ၊ လူအခွင့်အရေး ချိုးဖောက် ခဲ့ကြသူတွေနဲ့ စစ်တပ်ကို ဘဏ္ဍာငွေထောက်ပံ့နေတဲ့ နိုင်ငံပိုင် ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူဆောင်ရွက်သွားဖို့ ဒီဥပဒေက အခွင့်အာဏာ ပေးထားတယ်” လို့လည်း မစ္စတာ မိခ်က ပြောပါတယ်။
ဒီဥပဒေပါအချက်တွေအပေါ် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ဖြစ်တဲ့ KNUက ကြိုဆိုလိုက်ပြီး ဒါဟာ ရှေ့တစ်လှမ်းတိုးတဲ့အနေအထားလို့ ဘီဘီစီကိုပြောကြားထားပါတယ်။
အရင်က မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေကို ကူညီဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေပေးဖို ရန်ပုံငွေတောင်းတာမျိုးတွေသာ ထည့်သွင်းလေ့ရှိတဲ့ အမေရိကန် လွှတ်တော်ရဲ့ ဒီလို ဥပဒေမူကြမ်းမှာ အခုတော့ လက်နက်မဟုတ်တဲ့ အကူအညီကို ခုခံဆန့်ကျင်ရေး အင်အားစုတွေကို ပေးဖို့အထိ တောင်းဆိုလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အမေရိကန်ရဲ့ ခြေလှမ်းက အကြမ်းဖက်မှုတွေကို အားပေးဖို့ လုပ်တာလို့ ဘီဘီစီကို ပြောကြားထားပါတယ်။
မန္တလေးမှာ ငါးရက်ကြာ ပျောက်ဆုံးနေတဲ့ ကလေးငယ်ပြန်တွေ့

ဓာတ်ပုံ ရင်းမြစ်, Han Myo Win facebook
မန္တလေး၊ ချမ်းအေးသာစံမြိုန့ယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ပျောက်ဆုံးသွားတဲ့ အသက် ငါးနှစ်အရွယ် ကလေးငယ် မောင်ဇွဲဝေယံထွန်းကို ပြန်တွေ့ပြီလို့ ဖခင်ဖြစ်သူက လူမှုကွန်ရက်ကနေ ဒီနေ့ ဒီဇင်ဘာ ၁၆ ရက်မနက်မှာ အသိပေးရေးသားထားပါတယ်။
ဒီကလေးငယ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဘွားဖြစ်သူရဲ့နေအိမ်မှာ ကစားနေစဥ် ရုတ်တရက်ပျောက်ဆုံးသွားတာဖြစ်ပြီး ရက်အတန်ကြာတဲ့အထိ ကလေးနဲ့ပတ်သက်လို့ ဘာသတင်းအစအနမှမရခဲ့ကြောင်း မိခင်ဖြစ်သူက ဘီဘီစီကို ပြောကြားထားပါတယ်။
အခုတော့ ကလေးငယ်ကို ပြန်တွေ့ပြီဖြစ်ပြီး ပြန်လည်ရှာဖွေတွေ့ရှိအောင် ဆုတောင်းပေးကြတဲ့ နိုင်ငံတဝန်းက ပြည်သူအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ဖခင်ဖြစ်သူက လူမှုကွန်ရက်မှာရေးသားထားပါတယ်။
အသက် ၁၀ နှစ်အောက် ကလေးငယ်တွေ အခု ဒီဇင်ဘာလအတွင်းမှာ ပျောက်ဆုံးတာ အနည်းဆုံး လေးယောက်ရှိပါတယ်။
မန္တလေးတိုင်းမှာ အသက် ၅ နှစ်ဝန်းကျင်နဲ့ အသက် ၁၂နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ ရန်ကုန်မှာ အသက် ၄ နှစ်အရွယ်တစ်ဦး၊ မြဝတီမြို့က အသက် ၇ နှစ်အရွယ် တစ်ဦးတို့ဖြစ်ပြီး ဒါဟာ လူမှုကွန်ရက်ပေါ်မှာ ပျောက်ဆုံးကလေးငယ်တွေရဲ့မိသားစုဝင်တွေက စိုးရိမ်ပူပန်စွာ ရေးသားထားတဲ့ ဖြစ်စဥ်တွေဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုပြီးပျောက်ဆုံးအရေအတွက်များနိုင်မယ်လို့ ယူဆပြောဆိုတာတွေရှိနေပါတယ်။








