မေလ ၂၇ ရက် ထိပ်တန်းသတင်းများ- ရသေ့တောင်မှာ မုန်တိုင်းဒဏ်သင့်ကလေးငယ် မိုးကြိုးပစ်ခံရပြီးသေဆုံး

မိုခါမုန်တိုင်း တိုက်ခတ်ခံရအပြီး အပျက်အစီးတွေကြား မြင်ရတဲ့ ပြိန်းတောရွာ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, မိုခါမုန်တိုင်း တိုက်ခတ်ခံရအပြီး အပျက်အစီးတွေကြား မြင်ရတဲ့ ပြိန်းတောရွာ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောရွာက မိုခါမုန်တိုင်းဒဏ်သင့် ကလေးငယ် တစ်ဦးဟာ မိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သေဆုံးခဲ့တဲ့ ကလေးငယ်ဟာ အသက် ၄ နှစ်အရွယ်၊ မောင်ငယ်ဆိုသူဖြစ်ပြီး မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့နေအိမ်ထဲမှာ နေထိုင်ရင်း ပြီးခဲ့တဲ့မေလ ၂၄ ရက် ညနေ လေးနာရီမှာ မိုးကြိုးပစ်ခံခဲ့ရတာလို့ သိရပါတယ်။

မောင်ငယ်ဟာ အမွှာညီအကို ၂ ဦးမှာ အငယ်ဖြစ်ပြီး အကြီးဖြစ်သူ ကလေးငယ်ဟာ မိုးကြိုးပစ်ချိန် နေအိမ်မှာ မရှိခဲ့တာကြောင့် အသက်ဘေးက လွတ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

‘‘မုန်တိုင်းကြောင့် အိမ်ခေါင်မိုးတွေ ဘာမှမရှိဘူး။ အားလုံးပြိုပျက်ကုန်တယ်။ ရွာမှာ အိမ်ခြေ ၂၃၀ ကျော်ရှိတယ်။ ဘာအကူညီမှ အခုထိ မရသေးဘူး။ ရသေ့တောင်မြို့နဲ့ ၁၀ မိုင်၊ ၁၁ လောက်ဝေးတယ်။ ကလေးကိုတော့ အဲဒီနေ့မှာပဲ မြေမြှုပ်ခဲ့တယ်’’ ကူညီကယ်ဆယ်ရေးမှာပါဝင်ခဲ့တဲ့ ပြိန်းတောဒေသတိုးတက်ရေးလူငယ်များအသင်းက ဘီဘီစီကို သတင်းပေးပို့ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲ မိုခါ မုန်တိုင်းဝင်ရောက်ခဲ့တာ သီတင်း ၂ ပတ်ကျော် ကြာမြင့်လာပြီဖြစ်ပေမဲ့ ဝေးလံခေါင် သီတဲ့အရပ်တွေကို ကူညီကယ်ဆယ်ရေးတွေ ရောက်ဖို့ ခက်ခဲနေဆဲလို့ ဒေသခံတွေက ဘီဘီစီကို ပြောဆိုထားကြပါတယ်။

အုတ်တွင်းမှာ ဆရာမ ၂ ဦး ဆွဲကြိုးလုခံရလို့ ၁ ဦးသေဆုံး

အုတ်တွင်းမှာ ဆရာမ ၂ ဦး ဆွဲကြိုးလုခံရလို့ ၁ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ရှင်သန်ရေးကူညီမှုအသင်း

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ အလယ်တန်းပြဆရာမ ၂ ဦး ဆိုင်ကယ်စီးလာချိန် ဆွဲကြိုးဖြတ် လုယက်ခံရတာကြောင့် ဆိုင်ကယ်မှောက်ပြီး တစ်ဦးသေဆုံးတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းကနေ သိရပါတယ်။

အုတ်တွင်းမြို့နယ်၊ အင်ဒိုင်းကျေးရွာမှာနေတဲ့ အဲဒီဆရာမ ၂ ဦးဟာ တောင်ငူမြို့ကနေ ကလေးကျောင်း သုံးပစ္စည်းတွေ ဝယ်ယူပြီး ပြန်လာချိန် ရွာထိပ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ဦးက ကပ်ပြီး ဆွဲကြိုးကို ဖြတ်ယူမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

လုယက်ခံရချိန် ဆိုင်ကယ်မှောက်ခဲ့တာကြောင့် ဒေါ်ဝတ်ရည်ဝင်းဆိုသူဟာ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ တောင်ငူ ဆေးရုံကြီးကို ပို့ခဲ့ရအပြီးမှာ ဆေးရုံမှာပဲ ဆုံးပါးခဲ့တာလို့ ကူညီရေးအသင်းက ပြောပါတယ်။

ဒေသခံတွေကတော့ ဒီဖြစ်ရပ်ဟာ အုတ်တွင်းမြို့နယ်ထဲမှာ လောင်းကစားဝိုင်းတွေပေါ်ပေါ်ထင်ထင် ပေါ်ပေါက်လာမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဆိုပြီး ဝေဖန်ပြောဆိုနေကြပါတယ်။

ရေလယ်ကျွန်းဒေသမှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ဦးသေဆုံး

မီးရှို့ခံရပြီး အပျက်အစီးတွေကို ရှင်းလင်းနေတဲ့ ဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, ရေလယ်ကျွန်းသတင်း

ဓာတ်ပုံ ပုံစာ, မီးရှို့ခံရပြီး အပျက်အစီးတွေကို ရှင်းလင်းနေတဲ့ ဒေသခံတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နေအိမ်ဆယ်ချီ ဆက်တိုက် မီးရှို့ခံနေရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေကြောင့် ပြီးခဲ့တဲ့ ၂ ရက်အတွင်း မိဖုရားရွာက အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးသလို၊ နေအိမ် ၆၀ နီးပါးနဲ့ ကျေးလက်ဆေးပေးခန်းတစ်ခုလည်း မီးရှို့ခံထားရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

လက်ရှိမှာ အင်အားရာနဲ့ချီ ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း ၂ ကြောင်းဟာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေတာ ဒီနေ့နဲ့ပါဆိုရင် ၂ ရက်ရှိပြီလို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

မေလ ၂၆ ရက်မှာ မဲကုန်းရွာနဲ့ မိဖုရားရွာတွေကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကနေ ပစ်ခတ်တာကြောင့် မိဖုရားရွာက ကလေးနှစ်ယောက်မိခင် အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး မဲကုန်းရွာက ကလေးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းအခြေအနေတွေကို ဖော်ပြနေတဲ့ ရေလယ်ကျွန်း သတင်းစာမျက်နှာက ဆိုပါတယ်။

အဲဒီစစ်ကြောင်းတွေကြောင့် ဆင်တဲရွာက နေအိမ် ၂၅ လုံးနီးပါး၊ ကြွယ်ကုန်းကျေးရွာကနေအိမ် ၈ လုံး၊ မိဖုရားရွာက နေအိမ် ၄ လုံး၊ နွယ်နီရွာက လူနေအိမ် ၂၆ လုံးနဲ့ ကျေးလက်ဆေးပေးခန်း ၁ ခုတို့ မီးရှို့ ဖျက်ဆီးခံထားရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာမရှိဘဲ အင်အားရာချီတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာ ရေလယ်ကျွန်းဒေသကို ဘာကြောင့်ဝင်ရောက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

အဲဒီဒေသက ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဟာ ရေယာဥ်တွေကို ဖြတ်သန်းသွားလာခွင့် ငွေကြေးကောက်ယူနေတယ်လို့ စစ်ကောင်စီဘက်ကသတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေက ရေးသားပြောဆိုအပြီးမှာ အခုအခြေအနေဖြစ်လာတာပါ။

ကျေးရွာပေါင်း ၄၂ ရွာအထိရှိတဲ့ ရေလယ်ကျွန်းဒေသဟာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တို့ ဖြတ်သန်းစီးဆင်းမှု ကြားမှာရှိတဲ့ဒေသဖြစ်ပြီး ရေကြောင်းသွားလာမှု အချက်အခြာကျတဲ့နေရာလည်းဖြစ်ပါတယ်။

ထိုင်းယာဥ်ထိန်းရဲတပ်ဖွဲ့က မြန်မာကိုယ်ဝန်ဆောင်ကို ရင်သွေးမွေးဖွားပေး

မိခင်ရော ကလေးကိုပါ သီရိဒုံ ဆေးရုံကို လွှဲပြောင်းပေးပို့ခဲ့တယ်လို့ ထိုင်းယာဥ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထိုင်းယာဥ်ထိန်းရဲတပ်ဖွဲ့

ဓာတ်ပုံ ပုံစာ, မိခင်ရော ကလေးကိုပါ သီရိဒုံ ဆေးရုံကို လွှဲပြောင်းပေးပို့ခဲ့တယ်လို့ ထိုင်းယာဥ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဟိုတယ်တစ်လုံး ဧည့်ဆောင်မှာ ကလေးမွေးဖွားခဲ့တဲ့ မြန်မာကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ထိုင်းယာဥ်ထိန်းရဲတပ်ဖွဲ့က ကူညီပြီး ဆေးရုံပို့ပေးခဲ့တယ်လို့ သိရပါတယ်။

ဘန်ကောက်မြို့၊ ရမ်အမ်ဟဲ လမ်း ၅၀ က ဟိုတယ်တစ်လုံးမှာ အမျိုးသမီးတစ်ယောက် ကလေးမွေးဖွားတော့ မယ်ဆိုတဲ့ သတင်းကြောင့် သွားရောက်ကူညီခဲ့တာလို့ ဆိုပြီး ထိုင်းရဲတပ်ဖွဲ့ဘက်က မေလ ၂၆ ရက်မှာ ပြောပါတယ်။

ထိုင်းယာဥ်ထိန်းရဲတပ်ဖွဲ့ ရောက်ရှိချိန်မှာ အမျိုးသမီးက သမီးငယ်လေးကို မွေးဖွားပြီးဖြစ်တာကြောင့် မွေးမွေးပြီးချင်း ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်အောင် ရဲတပ်ဖွဲ့က ဆေးရုံပို့ပေးခဲ့တာလို့ သိရပါတယ်။

အကူအညီပေးခဲ့တာကတော့ ‘‘ယာဥ်ထိန်းရဲနဲ့ စေတနာ့ဝန်ထမ်းတွေဟာ ရောက်ရောက်ချင်းမှာ ကလေးပါးစပ်နဲ့ နှာခေါင်းထဲက အရည်တွေကို ဘာရာစုပ်ခွက်နဲ့ စုပ်ထုတ်တယ်။ ကလေးကို သန့်ရှင်းပြီး နွေးထွေးအောင်လုပ်ပေးတယ်။ ဆရာဝန်လာတဲ့အခါ အသင့်ဖြစ်ပြီး ချက်ကြိုးဖြတ်နိုင်အောင် ပြင်ဆင် ထားတယ်။ အမေ့ရဲ့ အခြေအနေကိုလည်း အကဲခတ်တယ်။ အကုန်လုံးပြင်ဆင်ပြီး ဆရာဝန်လာတော့မှ ချက်ကြိုးဖြတ်ပြီး အမေရော၊ ကလေးကိုပါ သီရိဒုံဆေးရုံပို့ခဲ့တယ်’’ လို့ ထိုင်းရဲတပ်ဖွဲ့ဒုတိယရဲမှူးကြီးက ပြောပါတယ်။

အခုတစ်ကြိမ်ဟာ အလားတူ မွေးဖွားမှုတွေကို ထိုင်းယာဥ်ထိန်းရဲတပ်ဖွဲ့ကအကူအညီပေးတာ ၂၅၇ ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း ဘန်ကောက်မြို့မှာ မြန်မာအမျိုးသမီးကိုယ်ဝန် ဆောင်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ကူညီမွေးဖွားပေးခဲ့ဖူးပါတယ်။

MPA သတင်းထောက် ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခံရ

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တုန်းက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲ ဖြိုခွင်းခံရပြီးနောက် ဒဏ်ရရခဲ့သူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တုန်းက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲ ဖြိုခွင်းခံရပြီးနောက် ဒဏ်ရရခဲ့သူတွေ

ပန်းပင်ကြီးလမ်းသပိတ်ကို စစ်တပ်ကဖြိုခွဲချိန် ဖမ်းဆီးခံရတဲ့ Myanmar Pressphoto Agency(MPA) ရုပ်သံ သတင်းထောက် မမှူးရတနာ ခက်မို့မို့ထွန်းကို စစ်ကောင်စီရဲ့ သင်္ကန်းကျွန်းခရိုင်တရားရုံးက မေလ ၂၆ ရက်မှာ အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက် တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၃၀ ရက်မှာ တာမွေရဲစခန်း စခန်းမှူးက တရားလိုပြုလုပ်ပြီးတိုင်ကြားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ကြောင့် အခုလို ထောင်ဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ အလှူခံပို့စ်နဲ့ Kpay ငွေကြေး အဝင်အထွက်တွေကြောင့် ထောက်ပို့ လုပ်တယ်လို့ စွပ်စွဲခံရပြီး အခုလိုထောင်ဒဏ်ချမှတ်ခံလိုက်ရတာလို့ အမှုလိုက်ပါဆောင်ရွက်တဲ့ရှေ့နေက ပြောပါတယ်။

မမှူးရတနာ ခက်မို့မို့ထွန်းဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း အင်းစိန်ထောင်တွင်းတရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသူဖြစ်ပါတယ်။

သူဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တုန်းက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း ဆန္ဒပြသပိတ်ကို အခြားသတင်းထောက် ၂ ယောက်အတူ သတင်းယူနေတုန်း သပိတ်ကို စစ်တပ်က ကားနဲ့ဝင်တိုက်ပြီး ဖြိုခွဲဖမ်းဆီးချိန် နောက်ထပ် လူငယ် ၉ ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

မမှူးရတနာခက်မို့မို့ထွန်းဟာ ကားနဲ့တိုက်ပြီးဖမ်းဆီးခံခဲ့ရတာကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးဝါးကုသမှုတွေ ခံယူခဲ့ရတာကြောင့် အခုအချိန်အထိ လူကောင်းပကတိအတိုင်း သွားလာလှုပ်ရှားနိုင်မှု မရှိသေးဘူးလို့လည်း သိရပါတယ်။

သူဟာ ၅၀၅-ကဖြင့်တရားစွဲဆိုခံထားရမှုအတွက် ထောင်ဒဏ်ကျခံရန် ၅ လနဲ့ ရက် ၂၀ သာ ကျန်တော့တာဖြစ်ပေမဲ့ အခုတော့ အဲဒီအမှုကနေ လွတ်မှသာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည) အတွက် ပြစ်ဒဏ်ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်ကိုတင်ပို့တဲ့ မြန်မာ့သရက် စျေးထိုးကျ

တရုတ်နိုင်ငံကိုတင်ပို့မယ် စိန်တလုံးသရက်ခြင်းတွေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံကိုတင်ပို့မယ် စိန်တလုံးသရက်ခြင်းတွေ

တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေး မူဆယ်နယ်စပ်က တဆင့် တရုတ်ကို တင်ပို့ရောင်းချနေတဲ့မြန်မာထွက်သရက်သီးတွေ အရည်အသွေးကျလို့ ဝယ်လိုအားလျော့ဈေးကောင်းမရဖြစ်နေတယ်လို့မူဆယ်နယ်စပ်ကုန်သွယ်ရေးက သစ်သီးကုန်သည် တွေကပြောပါတယ်။

ပုံမှန် ၁၆ ကီလို စိန်တလုံးသရက်တခြင်းကို ယွမ် ၁၀၀/ ၁၃၀ ကြား ကနေ ၁၅၀ အထိရခဲ့တာဖြစ်ပြီး အခုရက်ပိုင်းမှာတော့ ၁၆ ကီလိုတခြင်းကို ယွမ် ၅၀/၆၀ လောက်အထိဈေးကျသွားပြီး ဈေးကောင်းမရဖြစ်နေတာပါ။

အလားတူ ရွှေဟင်္သာ သရက်အမျိုးအစား ၁၆ ကီလို တခြင်းကို ပုံမှန်စျေး ယွမ် ၈၀/၁၂၀ ကြားကနေ ပြီးခဲ့တဲ့ရက်ကဆို ၂၀/၃၀ ကြားအထိဖြစ်သွားခဲ့တာပါ။

"တောင်သူတွေက အခုနှစ် အရည်အသွေးမထိန်းတာလည်းပါတယ်။ သရက်သီးကဗြုတ်တွေထတာလည်းပါတယ်။ မိုးမိသွားတော့လည်း သရက်အရည်အသွေးကျသလိုဖြစ်တယ်။ အဓိကတောင်သူတွေက ဈေးကွက်ထဲအများကြီးထည့်လိုက်တာလည်းပါတယ်။အဓိကရောင်းတန်းမဝင်သလိုဖြစ်သွားတယ်။ခူးတာစောပြီးစျေးကွက်ထဲထည့်တာလည်းပါတယ်" လို့ သရက်ကုန်သည်တဦးကပြောပါတယ်။

မြန်မာ့သရက်ကို ယှဉ်ပြိုင်တဲ့ တရုတ်ထွက်သရက်တွေပေါ်လာချိန်လည်းဖြစ်နေသလို တရုတ်ဘက်က အကောက်ခွန်စစ်ဆေးမှု ကြန့်ကြာတာတွေကြောင့် သရက်ကားတွေ ပိတ်မိပြီး အရည်အသွေးကျပြီးစျေးလျော့တာလည်းပါတယ်လို့ ကုန်သည်တချို့ကပြောပါတယ်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်‌ကနေ တရုတ်ဘက်ကို နေ့စဥ်သရက်ကား အစီးရေ ဆယ်ချီဝင်ရောက်နေတာလည်းဖြစ်ပါတယ်။

မိုခါမုန်တိုင်းဒဏ်ခံ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို EU က ယူရို ၂ သန်းခွဲကူညီမယ်

မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, AFP

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက မုန်တိုင်းသင့်ပြည်သူတွေ အရေးပေါ် လိုအပ်နေတဲ့အကူအညီတွေ ရဖို့ လူသားချင်းစာနာမှုအကူအညီ ယူရိုငွေ ၂.၅ သန်းကို ကူညီမယ်လို့ ဥရောပသမဂ္ဂ(အီးယူ)က ပြောလာပါတယ်။

မုန်တိုင်းဒဏ်သင့်ဒေသတွေကို ရောက်ရှိနိုင်ဖို့ အကန့်အသတ်တွေရှိနေလို့ ပျက်စီးမှုအတိုင်းအဆကို ပြည့်ပြည့်စုံစုံ မသိနိုင်သေးပေမဲ့ သန့်ရှင်းရေ၊ အစားအစာနဲ့အမိုးအကာလိုအပ်ချက်ဟာ အတော်လေးမြင့်မားနေတယ်ဆိုတဲ့သတင်းတွေကြောင့် အခုလို ကူညီတာလို့ဆိုပါတယ်။

အကြပ်အတည်းစီမံရေး ဥရောပသမဂ္ဂဆိုင်ရာမဟာမင်းကြီး Janez Lenarčič ကတော့ '' အရေးပေါ် အခြေအနေဖြစ်လာတဲ့ အခါ အမြန်တုံ့ပြန်နိုင်ရေးက အကြီးပါတယ်။ဒါ့ကြောင့် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတွေ လိုအပ်တာတွေရရှိအောင် မြေပြင်က မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ လုပ်သွားမှာဖြစ်ပါတယ်'' လို့ ပြောပါတယ်။

ဒါ့အပြင် လာမယ့်ရက်ပိုင်းအတွင်း နှစ်နိုင်ငံစလုံးမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ အီးယူဘက်က သတိပေးပါတယ်။

အရေးပေါ်အခြေအနေအကို တုံ့ပြန်နိုင်ဖို့နဲ့ မြေပြင်မှာ အပျက်အစီးအတိုင်းအဆတွေကို အချက်အလက်ကောက်ကူနေတဲ့ပညာ ရှင်တွေကို ကူညီနိုင်ဖို့ အချိန်နဲ့တပြေးညီသိရှိနိုင်တဲ့မြေပြင် မြေပုံထုတ်နိုင်အောင် အရေးပေါ် စီမံရေးဆိုင်ရာ ကော့ပါးနီးကပ်စ် ဂြိုဟ်တုစနစ်ကို အသုံးပြုနေပြီလို့လည်းပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)ကတော့ မုန်တိုင်းဒဏ်သင့်ဒေသခံ ၁ သန်းခွဲကျော်ကို ကူညီနိုင်ဖို့ မြန်မာလူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေက ဒေါ်လာ ၃၃၃ သန်းအရေးပေါ် ရန်ပုံငွေတောင်းခံထားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် သဘာဝဘေးဒဏ်သင့်ဒေသခံတွေဆီ သွားလာကူညီခွင့်ရတဲ့မိတ်ဖက်အဖွဲ့အစည်းတွေဟာ စားနပ်ရိက္ခာအကူအညီနဲ့ လူမှုကယ်ဆယ်ရေးအကူအညီတွေ ပေးနေပြီလို့လည်းပြောပါတယ်။

ဗန်းမော်ဆရာတော်ကြီးရဲ့အန္တိမဈာပနကို ဇွန်လ ၆ ရက်မှာပြုလုပ်မယ်

ဗန်းမော်ဆရာတော်ကြီးရဲ့အန္တိမဈာပနကို ဇွန်လ ၆ ရက်မှာပြုလုပ်မယ်

ဓာတ်ပုံ ရင်းမြစ်, အရှင်ရဋ္ဌပါလ

နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်ကြီး) ရဲ့ အန္တိမဈာပနအခမ်းအနားကို လာမယ့်ဇွန်လ ၆ ရက် နေ့လယ် ၂ နာရီအချိန် မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ရုပ်ကလာပ်မီးပူဇော်ပွဲကို ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနေရာမှာကျင်းပမှာဖြစ်ပြီး ဆရာတော်ကြီးရဲ့အရိုးပြာကို ဧရာဝတီမြစ်ထဲမျောမှာဖြစ်ပါတယ်။

ဇွန်လ ၄ ရက် နဲ့ ၅ ရက်မှာတော့ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်မှာ ဈာပနာတရားပွဲအနေနဲ့ မစိုးရိမ် တိုက်ဆရာတော်ကြီးအပါအဝင် ဆရာတော်ကြီးတွေရဲ့တရားပွဲတွေပြုလုပ်မှာဖြစ်ပါတယ်။

နဝမြောက်ဗန်းမော်ဆရာတော်ကြီး ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၉၄ နှစ် ဝါတော် ၇၄ နှစ်ရှိပြီဖြစ်ပါတယ်။

ဆရတော်ကြီးဟာ မြန်မာနိုင်ငံမှာ သာသနာဆိုင်ရာအမြင့်ဆုံးဘွဲ့တံဆိပ်တော်များစွာကို ဆက်ကပ်ခြင်းခံထားရသလိုပါဠိဘာသာနဲ့ ဓမ္မာစရိယ (၉)ကျမ်းကို တစ်နှစ်တည်းအောင်မြင်သူမှာ ဗန်းမော်ဆရာတော်ကြီးတစ်ပါးသာရှိပါတယ်။

ဓမ္မစာပေတင်သာမက လောကီစာပေဆိုင်ရာ အတန်းစာများကိုလည်း တက်ရောက်သင်ယူခဲ့ပြီး မန္တလေးတက္ကသိုလ်က ဝိဇ္ဇာဘွဲ့ရရှိခဲ့ပါတယ်။