အစ္စရေးဘက် ကသေဆုံးသူ ၆၀၀ ကျော်လာပြီလို့ အစ္စရေး ဘက်ကပြော

ဓာတ်ပုံ ရင်းမြစ်, AFP
အစ္စရေး ပါလက်စတိုင်း တိုက်ခိုက်မှုတွေ အတွင်းမှာ နှစ်ဖက်သေဆုံးသူ ၉၇၀ နီးပါးရှိလာပြီ လို့ နှစ်ဖက်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပါလက်စတိုင်း အစ္စလာမ်မစ် စစ်အုပ်စု ဟားမတ်စ်အဖွဲ့ရဲ့ ရုတ်တရက်တိုက်ခိုက်မှုခံရတဲ့ စနေနေ့က စပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၀၀ ကျော်ရှိလာပြီ ဖြစ်တယ်လို့ အစ္စရေးအစိုးရရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။
လူပေါင်း ၁၀၀ ကျော် ပြန်ပေးဆွဲခံရပြီး ၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ပါလက်စတိုင်းဘက်က တော့ ဂါဇာမှာ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၁၃ ဦး သေဆုံးခဲ့တယ် ပါလက်စတိုင်း တာဝန်ရှိသူတွေ အစောပိုင်းက ပြောကြားခဲ့ပါတယ်။
ဒီကနေ့ နောက်ဆုံး ထပ်မံရရှိတဲ့ သတင်းအရ ပြီးခဲ့တဲ့ စနေနေ့က စတင်ခဲ့တဲ့ အစ္စရေးတို့ဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဘက်မှာ သေဆုံးသူ ၃၇၀ ခန့်ထိရှိလာနေတယ်လို့ ပါလက်စတိုင်း တာဝန်ရှိသူတွေ ဘက်က ပြောပါတယ်။
ဒီတိုက်ခိုက်မှု အတွင်း ပါလက်စတိုင်းဘက်က လူပေါင်း ၂၂၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဟားမတ်စ်အဖွဲ့ တိုက်ခိုက်မှုခံရပြီးနောက် နယ်မြေထိန်းချုပ်နိုင်ရေး အစ္စရေးကြိုးပမ်းနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ္စရေးဟာ ပါလက်စတိုင်း အစ္စလာမ်မစ် စစ်အုပ်စု ဟားမတ်စ်အဖွဲ့ရဲ့ ရုတ်တရက်တိုက်ခိုက်မှုခံရပြီး နောက်တစ်ရက်ဖြစ်တဲ့ ဒီနေ့ အောက်တိုဘာလ ၈ ရက်မှာတော့ နယ်မြေထိန်းချုပ်နိုင်ရေးကို ဦးတည် လုပ်နေပါတယ်။
စနေနေ့မနက်တုန်းက ဖြစ်ပွားခဲ့တဲ့ ရုတ်တရက်တိုက်ခိုက်ခံရမှုအပြီးမှာ ပါလက်စတိုင်းစစ်အုပ်စု ဟားမက်စ် အဖွဲ့ ထိုးဖောက်ဝင်ရောက်လာတဲ့နေရာ ၈ နေရာအရေးကို ကိုင်တွယ်နေပြီလို့ အစ္စရေးဘက်က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဟားမက်စ်အဖွဲ့ ကျူးကျော်တဲ့ တောင်ပိုင်းက တည်နေရာ ၂၂ ခုကို ပြန်လည် ထိန်းချုပ်နိုင်ပြီလို့ အစ္စရေး စစ်တပ်ပြောခွင့်ရက ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။
ဂါဇာ ကမ်းမြောင်နဲ့ အနီးနား ပတ်ဝန်းကျင်အရပ်မှာ နေထိုင်သူတွေကို အစ္စရေး အာဏာပိုင်တွေက တဖြည်းဖြည်း ရွှေ့ပြောင်းပေးနေတယ်လို့ လည်း ပြောခွင့်ရက ပြောပါတယ်။
အစ္စရေးဟာ လက်ဘနွန်ဘက်က လာတဲ့ တိုက်ခိုက်မှုတွေကိုလည်း တုံ့ပြန်ဖို့ အသင့်ရှိနေပြီး ဘယ်လိုတုံ့ပြန်မှုတွေလုပ်မယ်ဆိုတာကိုတော့ ထုတ်ပြောသွားတာမရှိပါဘူး။
အစ္စရေးဟာ ‘‘စစ်ပွဲဖြစ်နေပါတယ်။ ... အစ္စရေးနယ်မြေတွေနဲ့ အသိုက်အဝန်းတွေကို ဟားမက်စ်အဖွဲ့ဆီကနေ အပြည့်အဝ ပြန်လည်ရယူထိန်းချုပ်နိုင်ဖို့ အားထုတ်နေပါတယ်’’ လို့ သူက ပြောပါတယ်။
ပါလက်စတိုင်း အစ္စလာမ်မစ် စစ်အုပ်စု ဟားမတ်စ်အဖွဲ့က ရုတ်တရက် တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ အစ္စရေးဘက်ကလည်း ဂါဇာကမ်းမြောင်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်နေပါတယ်။
ဂါဇာမှာနေထိုင်သူ လူပေါင်း ၂၃၀ ကျော် သေဆုံးထားပြီး ဒဏ်ရာရသူ နောက်ထပ် အယောက် ၁,၀၀၀ ကျော်ရှိတယ်လို့ အဲဒီက အရာရှိတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
ဂါဇာကမ်းမြောင်ထဲက နေရာ ၇ ခုမှာနေထိုင်သူတွေကိုတော့ နေအိမ်တွေကို စွန့်ခွာပြီး မြို့လယ်မှာဖွင့်ထားတဲ့ ဒုက္ခသည်ခိုလှုံရေးစခန်းတွေကို သွားရောက်ကြဖို့ အစ္စရေး စစ်တပ်က တိုက်တွန်းနေပါတယ်။
ပါလက်စတိုင်း သေနတ်သမား ရာချီသေဆုံးပြီး ဒါဇင်ချီဖမ်းဆီးခံထားရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဇာမှာ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း စစ်သွေးကြွတွေဟာ အစ္စရေးကို စိမ့်ဝင် ထိုးဖောက်ခဲ့ပြီး အစ္စရေးက နေရာအချို့ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
အခုတော့ အဲဒီထဲက ရာနဲ့ချီတဲ့ ပါလက်စတိုင်းသေနတ်သမားတွေ သေဆုံးပြီလို့ အစ္စရေး စစ်တပ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။
ဒါ့အပြင် ဒါဇင်နဲ့ချီတဲ့သေနတ်သမားတွေကိုလည်း အကျဥ်းသားအဖြစ် ဖမ်းထားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးဟာ အစောပိုင်းတုန်းတော့ နေရာ ၈ ခုမှာ ပါလက်စတိုင်း ဟားမတ်စ် စိမ့်ဝင်မှုကို ဖြေရှင်းနေတယ်လို့ ပြောထားပါတယ်။
ဒီအတောအတွင်းမှာပဲ ဂါဇာ ကမ်းမြောင်နဲ့ အစ္စရေးတောင်ပိုင်းမှာ သေဆုံးတဲ့ ပါလက်စတိုင်းစစ်သွေးကြွ အယောက် ၄၀၀ ကျော်တယ်လို့ အစ္စရေးကာကွယ်ရေးတပ် IDF ပြောခွင့်ရ ဒန်နီယယ် ဟာဂါရီရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Times of Israel သတင်းဌာနက သတင်းဖော်ပြပါတယ်။
အစ္စရေးကို ဟားမတ်စ်တိုက်ခိုက်မှုမှာ ထိုင်း ၁ ဦးသေဆုံး၊ ၁၁ ဦးဖမ်းဆီးခံထားရ

ဓာတ်ပုံ ရင်းမြစ်, ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန
အစ္စရေးကို ပါလက်စတိုင်း စစ်အုပ်စု ဟားမတ်စ်အဖွဲ့က မနေ့တုန်းက တိုက်ခိုက်မှုဖြစ်ချိန် ထိုင်းနိုင်ငံသား ၁ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရပြီး ၁၁ ဦး ဖမ်းဆီးခံထားရတယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့ မနက်ပိုင်းမှာပဲ သတင်းထုတ်ပြန်လာပါတယ်။
ဒီအတောအတွင်းမှာပဲ အစ္စရေး နိုင်ငံထဲက ထိုင်းနိုင်ငံသားတွေကို ကယ်ထုတ်လို့ရအောင် ထိုင်းဝန်ကြီးချုပ်က ထိုင်းတော်ဝင်လေတပ်ကို အသင့်ပြင်ထားခိုင်းလိုက်ပြီလို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်းနိုင်ငံသားတွေကို ကယ်ဆယ်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့လည်း ဆိုပါတယ်။
ထိုင်းအစိုးရကတော့ ဘယ်လို အကြမ်းဖက်မှုကိုမဆို ရှုတ်ချကြောင်းပြောထားပြီး အကြမ်းဖက်မှုလျှော့ချဖို့၊ အပြစ်မဲ့အရပ်သားတွေကို လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
လက်ရှိမှာ အစ္စရေးမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းလုပ်သား နှစ်သောင်းခွဲနီးပါးရှိပြီး အဲဒီထဲမှာ ငါးထောင်နီးပါးဟာ အခုနောက်ဆုံးတိုက်ခိုက်မှုဖြစ်ပွားရာ ဂါဇာကမ်းမြောင်အနီးမှာ လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ ဘီဘီစီထိုင်းဘာသာစကားဌာနက သတင်းဖော်ပြပါတယ်။
ပစ်မှတ်ပေါင်း ၁၅၀ နီးပါးကို အစ္စရေး တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Screengrab
ဟားမတ်စ်ခေါင်းဆောင်တွေရဲ့နေအိမ်တွေအပါအဝင် ပစ်မှတ်ပေါင်း ၁၅၀ နီးပါးကို အစ္စရေးက တိုက်လေယာဥ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ပါလက်စတိုင်းလုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ဘီဘီစီကို ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့အထဲမှာ ဟားမတ်စ်ခေါင်းဆောင်တွေ နေထိုင်နေတယ်လို့ ယူဆရတဲ့ ခြံဝင်းအတော်များများလည်းပါဝင်ပါတယ်။
မနေ့ည သန်းခေါင်ကတည်းကဆိုရင် အမျိုးသမီး ၂ ဦးနဲ့ ကလေး ၄ ဦးအပါအဝင် ပါလက်စတိုင်း ၂၄ ဦးသေဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။
အခုဆို အရပ်သား ၂၅၀ ကျော်သေဆုံးထားပြီးဖြစ်တယ်လို့ ပါလက်စတိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။
အစ္စရေး စစ်တပ်ကတော့ တိုက်လေယာဥ်တွေဟာ ဂါဇာကမ်းမြောင်က ဟားမတ်စ် ထောက်လှမ်းရေးခေါင်းဆောင်ပိုင်တဲ့ခြံဝင်းကို တိုက်ခိုက်ခဲ့တယ်လို့ အစောပိုင်းမှာပြောထားပါတယ်။
အစ္စရေးလေတပ်ဘက်ကတော့ ဟားမတ်စ်အဖွဲ့ကို ငွေကြေးရနေစေတဲ့ ဟားမတ်စ်အဖွဲ့ပိုင် ဘဏ် ၂ ခု၊ ဟားမတ်စ်အဖွဲ့ရဲ့ ခွဲထွက်အဖွဲ့ဖြစ်တဲ့ Islamic Jihad အဖွဲ့ရဲ့ လက်နက်ထုတ်တဲ့နေရာ၊ လက်နက်နဲ့ စစ်ဘက်သုံးပစ္စည်းတွေ သိုလှောင်ထားတဲ့ ရုံးနဲ့သိုလှောင်ရုံတွေရှိရာ အဆောက်အအုံ ၁ ခု တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ပြောထားပါတယ်။
(ဟားမတ်စ်က အစ္စရေးကို ရုတ်တရက်တိုက်ခိုက်မှု၊ အစ္စရေးက ပြန်လည်တိုက်ခိုက်မှု ...စတဲ့နောက်ဆုံးရ သတင်းတွေကို ဒီစာမျက်နှာမှာ ဖြည့်စွက်ဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်)










