ရုရှား စစ်သင်္ဘောတွေကို တိုက်ဖို့ ကြိုးစားတဲ့ ယူကရိန်းရဲ့ မောင်းသူမဲ့ မော်တော်ဘုတ်တွေကို ဖျက်ဆီး- သြဂုတ် ၁ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ပင်လယ်နက်ထဲမှာ ရုရှား ရေတပ်က သင်္ဘော နှစ်စင်းကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ ယူကရိန်းရဲ့ မောင်းသူမဲ့ မော်တော်ဘုတ် ၃ စင်းကို ဖျက်ဆီးခဲ့တယ်လို့ ရုရှားက ပြောပါတယ်။

ခရိုင်းမီးယားထဲမှာရှိတဲ့ ဆဲဗက်စတိုပိုး အနောက်တောင်ပိုင်း ကီလိုမီတာ ၃၄ဝ အကွာမှာ မနက်အစောပိုင်းက ဖြစ်ခဲ့တာလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

ဘိုဖောရပ်စ် ရေလက်ကြားထဲကို ဦးတည်နေတဲ့ ရုရှားရဲ့ ကုန်သွယ်ရေး သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းရဲ့ ဒရုန်းတွေကို ရုရှား ရေတပ်က ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။

တခါ ရုရှားရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ကြဖို့ ညွှန်ကြား ထားပါတယ်။

မော်စကိုမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အခြေစိုက်တဲ့ ဒီဝန်ကြီးဌာနရဲ့ မိုးမျှော်တိုက်ကို ဒရုန်းနဲ့တိုက်ခိုက်တာခံရပြီး အခုလို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

လူတွေက အခုထိ တည်ငြိမ်နေကြပြီး ဒရုန်းတိုက်ခိုက်မှုက ရုရှားတွေကို မထိတ်လန့် မတုန်လှုပ်စေဘူးလို့ မော်စကိုမြို့ခံတစ်ဦးက ပြောပါတယ်။

‘အားလုံးက ပုံမှန်ပါဘဲ၊ ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားရပါတယ်၊ လူတွေက သိပ် မကြောက်လန့်ကြပါဘူး၊ အားလုံး အပြင်ကို ထွက်ကြည့်တယ်၊ အဲဒီမှာ ဘာများ စိုးရိမ် စရာ ရှိလဲ၊ ကျွန်တော်တို့ မကြောက်ပါဘူး၊ အရေးပေါ် ဌာနက ချက်ချင်း ရောက်လာပါတယ်၊ ဘုရားကျေးဇူးကြောင့် အသေအပျောက် မရှိပါဘူး၊ အခုလူတွေ စည်းစည်းလုံးလုံးနေရင် အားလုံး အဆင်ပြေသွားပါလိမ့်မယ်’ လို့ သူက ပြောသွားပါတယ်။

လွန်ခဲ့တဲ့ ည နှစ်ညကလည်း အလားတူ တာဝါတခုကို ဒရုန်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်။

မနေ့ ညကလည်း မြို့တော်ပေါ်ကို ရောက်လာတဲ့ ဒရုန်းတွေကို ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေးက ပစ်ချနိုင်ခဲ့တယ်လို့ မော်စကို မြို့တော်ဝန်က ပြောပါတယ်။

တရုတ်မှာ မုန်တိုင်းကြောင့် လူ ၁၁ ဦးသေ၊ ၂၇ ဦး ပျောက်ဆုံး

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

တရုတ်နိုင်ငံ မြောက်ပိုင်းကို ဆက်လက် ဖြတ်သန်းတိုက်ခတ်နေတဲ့ ဒေါ့ခ်ဆူရီမုန်တိုင်းကြောင့် ဘေကျင်းမှာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပြီး လူ ၂၇ ဦး ပျောက်ဆုံးနေပါတယ်။

မိုးသည်းထန်ပြီး ရေကြီးခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ လူတွေ သူတို့ရဲ့ အိုးအိမ် စည်းစိမ်ကို စွန့်ခွာ ထွက်ပြေးခဲ့ ရပါတယ်။

ကားတွေ မျောပါသွားပြီး တံတားတွေ ပျက်စီးနေတဲ့ ဓာတ်ပုံတွေလည်း အွန်လိုင်းမှာ ပျံ့နှံ့နေ ပါတယ်။

တရုတ်နိုင်ငံမြို့တော် ဘေကျင်းမှာ မြေအောက်ရထား လိုင်းတွေ ခေတ္တရပ်နားလိုက်ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မိုးရေချိန်မှတ်တမ်းက လွန်ခဲ့တဲ့ ၁ဝ စုနှစ်က မှတ်တမ်းတွေထက် ကျော်လွန်နေတယ်လို့ မြို့တော် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေသအတော်များများမှာလည်း အနီရောင် သတိပေးချက်တွေကို ထုတ်ပြန်ထားပြီး မိုးသည်းသည်းထန်ထန် ဆက်လက်ရွာသွန်းနိုင်ဖွယ်ရှိနေပါတယ်။

အဓိက သတ္တုနှစ်မျိုး တင်ပို့ဖို့ တရုတ်က ထိန်းချုပ်တဲ့ စည်းမျဉ်း စအသက်ဝင်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အီလက်ထရွန်နစ်ပစ္စည်းတွေမှာ အသုံးပြုတဲ့ တပိုင်းလျှပ်ကူး ပစ္စည်း ပြုလုပ်ဖို့ အဓိကကျတဲ့ သတ္တုနှစ်မျိုး တင်ပို့ဖို့ တရုတ်က ထိန်းချုပ်လိုက်တဲ့ စည်းမျဉ်း စတင် အသက်ဝင်ပြီ ဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီတွေက Galliumနဲ့ Germanium သတ္တု ဒြပ်စင် ကို တင်ပို့ချင်တယ်ဆိုရင် လိုင်စင် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်သူတွေဆီကို တင်ပို့မယ် ဒီကုန်ကြမ်းတွေကို ဘယ်လို အသုံးပြုမယ်ဆိုတဲ့ အသေးစိတ်ကိုပါ တင်ပြရမှာ ဖြစ်ပါတယ်။

တရုတ်ကို မိုက်ခရိုချစ် တင်ပို့ဖို့ အမေရိကန် အပါအဝင် နိုင်ငံတချို့က တားမြစ်လိုက်တဲ့ အပေါ် တရုတ်က ပြန်လည် လက်စားချေတဲ့ သဘောလို့လည်း ဆိုပါတယ်။

တရုတ်က ဒီလို တားမြစ်လိုက်တဲ့အပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိလာမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့လည်း ဆိုပါတယ်။

အိန္ဒိယမှာ ကရိန်းပြိုကျလို့ အနည်းဆုံး လူ ၁၇ ဦးသေဆုံး

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာ ရက်ရှ်ထရာ ပြည်နယ်မှာ ဇူလိုင် ၃၁ ရက်နေ့က ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ ကရိန်း ပြိုကျသွားတာကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

ဒီဆောက်လုပ်ရေး လုပ်ငန်းမှာ တံတားတခုကို တည်ဆောက်နေတဲ့ လုပ်ငန်းခွင် ဖြစ်ပါတယ်။ ဒီလို ပြိုကျခဲ့ပြီးတဲ့နောက်မှာ တခြား အလုပ်သမားတွေလည်း ပိတ်မိနေပါတယ်။

ပြိုကျသွားတဲ့ ကွန်ကရစ် အစိတ်အပိုင်းတွေနဲ့ သံမဏိတိုင်တွေ အကြားထဲမှာ ကျန်ရစ်နေတဲ့ သူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေပါတယ်။ ဒီအထဲက ၃ ယောက်ကို ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

အီရန်မှာ မထင်မှတ်တဲ့ အပူချိန် မြင့်တက်မှုကြောင့် အရေးပေါ် အားလပ်ရက် ကြေညာ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အီရန်နိုင်ငံမှာ မထင်မှတ်ဘဲ အပူချိန် မြင့်တက်လာတာကြောင့် သြဂုတ် ၂ ရက်နေ့ စတင်ပြီး အရေးပေါ် အားလပ်ရက် ၂ ရက်ကို ကြေညာလိုက်ပါတယ်။

ဒီသီတင်းပတ်အတွင်း မြို့တော် တီဟီရန်မှာ အပူချိန် ၄ဝ ဒီဂရီ ဆဲလ်စီယပ်စ် အထိ ရောက်ရှိ နိုင်ဖွယ် ရှိနေပြီး လူတွေရဲ့ လုံခြုံရေး အပေါ် စိုးရိမ်မှုတွေ ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနှစ်ပိုင်းတွေမှာ အီရန်မှာ ပြင်းထန်တဲ့ နွေရာသီ အပူလှိုင်းဒဏ်ကို ခံနေရပြီး တချို့နေရာတွေမှာ ၅ဝ ဒီဂရီ ဆဲလ်စီယပ်စ်ကျော်အထိ မြင့်တက်ခဲ့ပါတယ်။