သြဂုတ် ၁၄ ရက်ထိပ်တန်းသတင်းများ - မောင်တောမှာ အာဆာ ဖမ်းသွားတယ်လို့ယူဆရတဲ့ မွတ်ဆလင် ၂ ဦး အဆက်အသွယ်ပြတ်နေ

ဓာတ်ပုံ ရင်းမြစ်, Western News
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်(အာဆာ)အဖွဲ့ဝင်တွေလို့ ယူဆရတဲ့ လက်နက်ကိုင်တွေက ဖမ်းဆီးသွားတဲ့ စံပါယ်ကုန်းကျေးရွာသား မွတ်ဆလင် ၂ ဦးဟာ ၃ ရက်ကြာတဲ့အထိ အဆက်အသွယ်မရဖြစ်နေဆဲလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
အဲဒီအမျိုးသား ၂ ဦးဟာ ဩဂုတ်လ ၁၂ ရက်ညနေပိုင်းမှာ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာနဲ့ လောင်းဒုံရွာကြား ကားလမ်းပေါ်မှာ လက်နက်အပြည့်အစုံကိုင်ထားပြီး တူညီစစ်ဝတ်စုံတွေ ဝတ်ထားတဲ့အမျိုးသားတစုရဲ့ ဖမ်းဆီးတာခံခဲ့ရတာလို့ ဆိုပါတယ်။
လက်နက်ကိုင်တွေဟာ အဲဒီလမ်းပိုင်းမှာသွားလာခဲ့တဲ့လူတွေနဲ့ ယာဥ်တွေကို ရပ်တန့်စစ်ဆေးခဲ့သလို စစ်ဆေးခံခဲ့ရတဲ့ယာဉ်တွေထဲက စံပါယ်ကုန်းရွာသား ၂ ဦးရဲ့ကားကို မီးရှို့ဖျက်ဆီးပြီးနောက် လူတွေကို ဖမ်းသွားတာလို့လည်း ပြောပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ စစ်ကောင်စီရဲ့ အခြေချတပ်ရင်းတပ်စခန်းတွေနဲ့ ရဲတပ်ဖွဲ့တွေလည်းရှိတဲ့ ကြိမ်ချောင်းကျေးရွာနဲ့ မနီးမဝေးမှာရှိပါတယ်။
မောင်တောမြောက်ပိုင်းဒေသဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မတိုင်ခင်က အာဆာတပ်ဖွဲ့တွေခြေကုတ်ယူလှုပ်ရှားခဲ့တဲ့နယ်မြေဖြစ်ပြီး စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းရေး စီမံချက်ကြောင့် အာဆာဟာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါတယ်။
ဒါပေမဲ့ အာဆာအဖွဲ့ဟာ လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ပြန်လည်ဝင်ရောက်လာတဲ့လှုပ်ရှားမှုတွေကို တွေ့မြင်လာနေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
စံပါယ်ကုန်းရွာသား မွတ်ဆလင် အမျိုးသား ၂ ဦးကို အာဆာအဖွဲ့က ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာလည်း လှုပ်ရှားတဲ့ အာဆာအဖွဲ့ဟာ သူတို့ကို မထောက်ခံသူလို့နားလည်ရတဲ့ စခန်းအတွင်းက ရိုဟင်ဂျာအချို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။
ဒီအခြေအနေကြောင့် စခန်းအတွင်းက အာဆာတွေ လှုပ်ရှားနေမှုကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာလူ့ အခွင့်အရေးအဖွဲ့တွေက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို တိုက်တွန်းနေပါတယ်။
လူ ၆ သောင်းကျော် ရေကြီးမှုဒဏ်ခံရတယ်လို့ ကုလပြော

ဓာတ်ပုံ ရင်းမြစ်, ပုလဲဖြူလူမှုကူညီရေးအသင်း
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တနင်္သာရီနဲ့ကချင်မှာ မိုးပိုလာနိုင်တယ်လို့ မိုးဇလခန့်မှန်း
ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန်စတဲ့ ပြည်နယ်တွေအပါအဝင် တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ရန်ကုန်လို တိုင်းဒေသကြီးတွေမှာပါ သြဂုတ်လ ပထမအပတ်အတွင်း မိုးများပြီး ရေကြီးခဲ့တာကြောင့် လူဦးရေ ၆ သောင်းကျော်အပေါ် ထိခိုက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ပြောပါတယ်။
ရေကြီးမှုအတွင်း လူ ၅ ယောက်လည်း သေဆုံးခဲ့တယ်လို့ ကုလရဲ့ စာရင်းမှာဖော်ပြပါတယ်။တခါ လူဦးရေ ၂ သောင်းနီးပါး ရေဘေးရှောင်ခဲ့ရတဲ့ ပဲခူးမြို့က နေရာအချို့မှာ ရေပြန်ကျလို့ နေရပ်ပြန်သူတွေရှိနေပေမဲ့ ရေဘေးရှောင်စခန်း ၁၃ ခုတော့ ဆက်ဖွင့်လှစ်ထားရဆဲလို့ ကူညီပေးသူတွေဆီက သိရပါတယ်။
"ဥက္ကာမြို့သစ် ရပ်ကွက်ကြီး ၇ ၊ ကျွန်းသာယာရပ်ကွက်အနိမ့်ပိုင်းတွေ ကျောက်ကြီးစု၊ ရွာသစ် ဒီတကြောက ရေမကျသေးလို့ မပြန်ရသေးပါဘူး" လို့ ကူညီပေးသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နောက်နှစ်ရက်အတွင်း မိုးပိုလာနိုင်တယ်လို့ ပြောထားပြီး ကျန်ဒေသတွေမှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
မြစ်ရေအခြေအနေကိုကြည့်ရင်လည်း ဒီကနေ့ ဩဂုတ် ၁၄ ရက်မှာ ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၁ လက်မခန့် ကျော်နေပြီး ချင်းတွင်းမြစ်ရေစီးဆင်းတဲ့ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာတကြောမှာ မြစ်ရေတက်နေတာကို တွေ့ရပါတယ်။
ဩဂုတ်လ ပထမ ၁၀ ရက်တာအတွင်း ရေတက်ခဲ့တဲ့ သံလွင်၊ သောင်းရင်း၊ ပဲခူးမြစ်ရေတွေကတော့ သိသိသာသာပြန်ကျလာတာကို မိုးဇလရဲ့ ဒီကနေ့ မြစ်ရေအခြေအနေတိုင်းထွာချက်အရ သိရပါတယ်။
သားကို မတွေ့လို့ ဖမ်းဆီးခံရတဲ့ဖခင် ၅၀၅ ကနဲ့ အမှုဖွင့်ခံရ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ မြို့နယ်သပိတ်ကို ဦးဆောင်နေသူတစ်ဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးချိန် အလိုရှိသူကို မတွေ့တာကြောင့် ဖမ်းဆီးခဲ့တဲ့ ဖခင်ဖြစ်သူကို ပုဒ်မ ၅၀၅ က နဲ့ အမှုဖွင့် လိုက်တယ်လို့ သိရပါတယ်။
လောင်းလုံးသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းလွင်ကို စစ်ကောင်စီတပ်က နေအိမ်မှာ လာရောက်ဖမ်းဆီးချိန် ဖခင်ဖြစ်သူ အသက် ၆၁ နှစ်အရွယ် ဦးအောင်ဖေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
လာရောက်ဖမ်းဆီးချိန်မှာ နေအိမ်အတွင်း ကျောင်းသားသမဂ္ဂလက်ပတ်တစ်ခုနဲ့ နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ စာတန်းပါ တီရှပ်အင်္ကျီတစ်ထည်တို့ကို တွေ့ခဲ့တာကြောင့် အခုလို ပုဒ်မတပ်ခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဦးအောင်ဖေကိုတော့ မိသားစုက မနေ့ သြဂုတ်လ ၁၃ ရက်မှာ တွေ့ဆုံခွင့်ရခဲ့ပြီး ပုဒ်မ ၅၀၅ က နဲ့ အမှုဖွင့်ခံထားရတဲ့အကြောင်းကိုလည်း သိခဲ့ရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့အလိုရှိသူအဖြစ်ကြေညာခံထားရသူ ကိုမင်းလွင်ဦးကတော့ ‘’ လက်ပတ်တွေ့တယ်။ အင်္ကျီတွေ့တယ်ဆိုလည်း ဒါတွေဟာ ကျွန်တော့်ပစ္စည်းတွေပဲ ဖြစ်တယ်။ ကျွန်တော်နဲ့ပဲ သက်ဆိုင်တယ်။ ကျွန်တော့်အဖေနဲ့သက်ဆိုင်တာမရှိဘူး။ ဒါကို ၅၀၅ က နဲ့ အမှုဖွင့်တယ်ဆိုတာ သူတို(စစ်တပ်)လုပ်နေကျ အတိုင်း ဖမ်းချင်တဲ့သူကို မတွေ့ရင် မိသားစုဝင်ကို ဖမ်းဆီးထောင်ချတဲ့လုပ်ရပ်လို့ပဲ ကျွန်တော် ပြောချင်တယ်’’ လို့ ကိုမင်းလွင်ဦးက ဘီဘီစီကို ပြောပါတယ်။
ကိုမင်းလွင်ဦးဟာ စစ်ကောင်စီတပ်က ဆုကြေးထုတ်တဲ့အထိ အလိုရှိတဲ့အကြောင်း ကြေညာခံရတဲ့ ဒေသတွင်း သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူ့သတင်းပေးမယ်ဆိုရင် ဆုကြေး ကျပ်ငွေ သိန်း ၃၀၀ အထိ ပေးမယ်လို့ စစ်ကောင်စီက ဧပြီလတုန်းက ကြေညာခဲ့ပါတယ်။
ဖားကန့်မှာ ပျောက်ဆုံး ရေမဆေးကျောက်ရှာသူ ၃၀ ကျော်ကို သေဆုံးပြီလို့ သတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, တာလင်းမောင်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်အတွင်းမှာ ကျောက်ကျင်းတူး ရေမဆေးကျောက်ရှာနေချိန် မြေပြိုကျမှုကြောင့် ရေကန်ထဲက ရေလှိုင်းရိုက်ခတ်ပြီး ပျောက်ဆုံးသွားသူ ၃၀ ကျော်ကို သေဆုံးပြီလို့ သတ်မှတ်ထားတဲ့အကြောင်း သိရပါတယ်။
ကနဦးစာရင်းတွေအရ ရေမဆေးကျောက်ရှာဖွေနေသူ ၃၁ ဦးဟာ မနေ့ သြဂုတ်လ ၁၃ ရက်ညနေပိုင်းကတည်းက ရေလှိုင်းရိုက်ခတ်ခံရပြီးနောက် ကန်ရေပြင်အောက် နာရီနဲ့ချီကြာအောင် ပျောက်ဆုံးနေတာကြောင့် သေဆုံးပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေက သတ်မှတ်ထားတာလို့ သိရပါတယ်။
ပေရာချီမြင့်တဲ့ မြေစာပုံဟာ ဘေးနားက ရေနွံကန်ထဲကို ပြိုကျချိန်ပေါ်လာတဲ့ ရေလှိုင်းတွေက နွံကန်ဘေးမှာ ကျောက်ကျင်းသူတွေကိုတွေကို ရိုက်ခတ်ပြီး ကန်ရေလှိုင်းနဲ့မျောပါ ပျောက်ဆုံးခဲ့တာလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
‘‘ကယ်ဆယ်ရေးအဖွဲ့ လေး ငါးဖွဲ့လောက် စောင့်ကြည့်နေတယ်။ မြေပြိုကျတဲ့နေရာကနေ ရေတွေ စိမ့်ကျနေလို့ နောက်ထပ် မြေပြိုမယ့် အန္တရာယ်ကလည်း ရှိနေတော့ ရေထဲ ဆင်းကယ်ဖို့ ဆက်နေတယ်။ ပျောက်တဲ့သူတွေလည်း ရေအောက်ရောက်တာနာရီနဲ့ချီကြာပြီဆိုတော့ သေဆုံးပြီလို့ ကနဦး သတ်မှတ်ထားကြတယ်’’ လို့ မြေပြင်အခြေအနေသိတဲ့ဒေသခံတစ်ဦးကပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေရဲ့ပြောစကားအရ မြေပြိုမှုဖြစ်ချိန် ရေလှိုင်းဒဏ်ခံရပြီး ပျောက်ဆုံးသွားသူ အယောက် ၄၀ ကနေ ၅၀ ကြားရှိနိုင်တယ်လို့ ဆိုတာကြောင့် စာရင်းအတိအကျရဖို့ ကြိုးပမ်းနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဖားကန့်မှာ စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် လူထိခိုက်သေဆုံးမှုဖြစ်ရပ်တွေ မကြာခဏဖြစ်လေ့ရှိပြီး အခုလ အစောပိုင်းတုန်းကလည်း ဖားကန့်က မှော်စီစာကျေးရွာမှာ လုပ်ကွက်ထူးဖော်ထားတဲ့ ရေကန်ထဲကို မြေပြိုကျတာကြောင့် ကမ်းစပ်မှာရေချိုးနေတဲ့ အမျိုးသမီးနဲ့ ကလေးငယ် ၂ ဦးဟာ ရေလှိုင်းရိုက်ပုတ်ခံရပြီးနောက် ရေနစ်သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီနဲ့ လာအို ပြည်ထဲရေးဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းမှုတိုးမြှင့်မယ်

ဓာတ်ပုံ ရင်းမြစ်, Ministry of Public Security, Lao
လာအိုနဲ့ နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးအသစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လာအိုဒုတိယဝန်ကြီးချုပ်လည်းဖြစ် ပြည်သူ့လုံခြုံရေးဝန်ကြီးလည်းဖြစ်တဲ့ Mr .Vilay Lakhamfong နဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ နှစ်ရက်တာကျင်းပခဲ့တဲ့ ၈ ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေးကို တက်ရောက်ခဲ့ပြီးနောက် လာအိုထိပ်ပိုင်းခေါင်းဆောင်အချို့နဲ့ အခုလိုသီးသန့်ထပ်မံတွေ့ဆုံခဲ့တာပါ။
နှစ်နိုင်ငံနယ်စပ်ဒေသထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါး လူကုန်ကူးမှု လက်နက်မှောင်ခိုမှုနဲ့ အွန်လိုင်းလိမ်လည် ရာဇဝတ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့အပါအဝင် မြန်မာ - လာအို ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် နားလည်မှုစာချွန်လွှာအရလည်း နှစ်စဉ် အပြန်အလှန်အစည်းအဝေးတွေ ပြန်စတင်နိုင်ဖို့၊ နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံးတွေနဲ့ ချစ်ကြည်ရေးတံတားတွေ အမြန်ဆုံး ပြန်ဖွင့်လှစ်ရေးတွေကိုပါ ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။
မူးယစ်ဆေးဝါးဆိုင်ရာအစည်းအဝေးမှာလည်း စစ်ကောင်စီအနေနဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် အထူးစစ်ဆင်ရေးတွေကိုဆောင်ရွက်နေသလို တိုက်ဖျက်ရေးလုပ်ငန်းတွေကိုလည်း နိုင်ငံတကာနဲ့ ပူးတွဲဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းတွေအရလည်း ကမ္ဘာမှာ ဘိန်းစျေးတွေကြီးလာတာတွေနဲ့အတူ မြန်မာမှာလည်း စစ်အာဏာသိမ်းခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း စီးပွားရေးကျပ်တည်းတာ၊ လူမှုဘဝ လုံခြုံမှု လျော့ကျလာတာတွေအပြင် ဘိန်းထုတ်လုပ်မှု နှစ်ဆနီးပါးပြန်မြင့်တက်လာခဲ့တယ်လို့ ထောက်ပြထားကြပါတယ်
ကမ္ဘာတဝန်းမှာ မူးယစ်ဆေးသုံးစွဲသူဦးရေဟာ ၂၀၂၁ ခုနှစ်မှာဆိုရင် ၂၉၆ သန်းအထိရှိနေပြီး လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ နှိုင်းယှဉ်ရင် ၂၃ ရာခိုင်နှုန်းအထိ တိုးလာတာဖြစ်သလို အရှေ့နဲ့ အရှေ့တောင်အာရှဒေသတွေဟာ ကမ္ဘာ့အကြီးဆုံး စိတ်ကြွဆေးစျေးကွက်ထဲမှာ ပါဝင်နေတာကြောင့် အာဆီယံဒေသတွင်း မူးယစ်ဆေးထိန်းချုပ်ဖို့ ဆောင်ရွက်တာဖြစ်ကြောင်း သက်ဆိုင်ရာနိုင်ငံတွေကလည်း ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာတွေကို လူကုန်ကူးမှုနဲ့ ထိုင်း ၃ ဦးဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, ထိုင်းရဲတပ်ဖွဲ့
ထိုင်း-မြန်မာနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်ထဲမှာ အထောက်အထားမဲ့မြန်မာတွေကို လူကုန်ကူးမှုနဲ့ ထိုင်းနိုင်ငံသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ထိုင်းကလာတဲ့သတင်းတွေက ဖော်ပြပါတယ်။
အဲဒီအမျိုးသား ၃ ဦးဟာ မယ်ဟောင်ဆောင်မှာရှိတဲ့ ဒုက္ခသည်စခန်းထဲကနေ မြန်မာ ၁၀ ဦးကို ကားနဲ့ သယ်ယူပို့ဆောင်ဖို့ ကြိုးပမ်းချိန် ခရိုင်ရဲတပ်ဖွဲ့က အခုသီတင်းပတ်ကုန်ပိုင်းမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
အဖမ်းခံတဲ့ထိုင်းနိုင်ငံသားတွေကတော့ သူတို့ဟာ အထောက်အထားမဲ့အဖြစ် ဖမ်းဆီးခံရတဲ့ ဒီမြန်မာလူမျိုး ၁၀ ဦးကို ချင်းမိုင်ခရိုင်ထဲမှာရှိတဲ့ ဘန်မယ်ခီးရွာကို ကားနဲ့ သွားပို့မှာဖြစ်ပြီး မြန်မာတွေဟာ သူတို့ဆွေမျိုးနီးစပ်တွေအကူအညီနဲ့ အဲဒီကနေ ခရီးဆက်ကြမှာဆိုပြီး ထွက်ဆိုထားတယ်လို့လည်း ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ကတော့ မြန်မာတွေကို ဦးဆောင်ပို့သူလို့ ယူဆရသူ အနိုင်ဆိုတဲ့အမျိုးသားနဲ့ သူ့လက်ထောက် အမျိုးသား ၂ ယောက်တို့ကို တရားမဝင်ရွှေ့ပြောင်းတွေကို ကူညီမှုနဲ့ တရားစွဲထားပြီး အခုဖြစ်ရပ်ဟာ ပိုကျယ်ပြန့်တဲ့လူကုန်ကူးမှုကွန်ရက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့လည်း ပြောထားတဲ့အကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။








