အောက်တိုဘာ ၅ ရက်နေ့ထိပ်တန်းရောက် သတင်းများ

ရေးသားခဲ့သည်။

ဂျပန်မှတ်တမ်းရုပ်ရှင် ဒါရိုက်တာကို စစ်ကောင်စီ ထောင်ခုနစ်နှစ်ချ

မြန်မာနိုင်ငံမှာ ဇူလိုင်လတုန်းက ဖမ်းဆီးအမှုဖွင့်ခံထားရတဲ့ ဂျပန် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ မစ္စတာ တိုရူကူဘိုတာကို စစ်ကောင်စီက ဒီကနေ့ ထောင်ခုနစ်နှစ်ချမှတ်လိုက်တယ်လို့ ဂျပန်သတင်းမီဒီယာတွေက ဖော်ပြလာပါတယ်။

သူ့ကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုနေပေမဲ့ အခုလို ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

တိုရူ ကူဘိုတာဟာ ရန်ကုန်မြို့မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု သတင်းကို မှတ်တမ်းတင်စဥ် ဇူလိုင်လ ၃၀ ရက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို လှုံ့ဆော်မှု၊ သတင်းမှားဖြန့်ဝေမှု ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မနဲ့ အမြင့်ဆုံး ၇ နှစ် တစ်ပေါင်းတည်း ခုနစ်နှစ် ချမှတ်လိုက်တယ်လို့ မှတ်ယူနိုင်ပါတယ်။

ဒါ့အပြင် သူ့ကို လဝက ပုဒ်မ ၁၃(၁) နဲ့လည်း စွဲဆိုထားပါသေးတယ်။ သူဟာ တိုးရစ်ဗီဇာနဲ့ ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံကို ဝင်ရောက်လာပြီး ဆန္ဒပြမှုကို မှတ်တမ်းတင်နေစဥ် ဖမ်းဆီးမိခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ထောင်ဒဏ်ချမှတ်လိုက်တဲ့ အောက်တိုဘာ ၅ ရက်မှာ သူဟာ ကျန်းမာနေပြီး ဒဏ်ရာရထားတာလည်း မရှိဘူးလို့ ဂျပန်အာဏာပိုင်တွေက ပြောတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

သူ့ရဲ့ လုံခြုံရေးအတွက်တော့ ဂျပန်အစိုးရဘက်က တတ်စွမ်းနိုင်သလောက် လုပ်မယ်လို့ ဂျပန်အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

သူ့ကို ပြန်လွှတ်ပေးရေးတောင်းဆိုထားတာတွေကို အမှုအားလုံးပြီးပြတ်သွားမှ လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်မယ်လို့လည်း စစ်ကောင်စီဘက် ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ နှစ် ဧပြီတုန်းကလည်း ဂျပန်သတင်းထောက် ခီတာဇုမိ ယူကီ ကို သတင်းမှားဖြန့်ဝေမှုနဲ့ ဖမ်းဆီးခဲ့ပေမဲ့ ဂျပန်အစိုးရရဲ့ တောင်းဆိုမှုနဲ့ တစ်လအကြာမှာ ပြန်လွှတ်ခဲ့ပါတယ်။

မုံရွာ၊ မုံရွေးကြေးမုံရွာမှာ ဒေသခံအများအပြားဖမ်းဆီးခံထားရ ကျေးရွာအတွင်းလည်း နေအိမ်တွေမီးရှို့ခံနေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွေး-ကြေးမုံရွာထဲကို မနေ့အောက်တိုဘာ ၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံအများအပြားဖမ်းဆီးခံထားရတယ်လို့ဒေသခံတွေကပြောပါတယ်။

မနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေရွာထဲဝင်ရောက်လာတာပြီး ကျေးရွာအတွင်းကပြည်သူတချို့ကို နေအိမ်တွေထဲကနေခေါ် ထုတ်ပြီး ဘုန်းကြီးကျောင်းထဲမှာဖမ်းဆီးထားတာဆိုရင် ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းအထိ ဆက်ပြီးဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း ရွာထဲကတာယာလုပ်ငန်း လုပ်ကိုင်တဲ့ နေအိမ်တချို့ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေတာကြောင့် နေအိမ် ၇ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ မုံရွေးသတင်းမှန်ပြန်ကြားရေးကလည်း ဓါတ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြန်ထားပါတယ်။

အလားတူပဲ မုံရွာမြို့နယ်ထဲက အမြင့်လမ်း၊ လယ်ဇင်စံပြကျေးရွာနဲ့ ကျေးရွာတချို့ကလမ်းပိုင်းတွေကို စစ်ကောင်စီတပ်တွေဟာဘူဒိုဇာနဲ့ထိုးနေတာကြောင့်လမ်းသွားလမ်းလာတချို့အခက်အခဲဖြစ်နေကြပါတယ်။ မုံရွာနယ်ထဲက လက်ရှိစစ်ကြောင်းထိုးခံနေရတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဆားလင်းကြီးဘက်ကိုမနေ့ညကတည်းက ထွက်ပြေးတိမ်းရှောင်လာကြပြီး စစ်ရှောင်တစ်ထောင်လောက်ဟာ ဆားလင်းကြီးဘက်မှာ ခိုလှုံနေရတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။

တိုက်ပွဲနဲ့ပစ်ခတ်သံတွေဆက်တိုက်ကြားနေရတာကြောင့် မန်တုံတစ်မြို့လုံးနီးပါးစစ်ဘေးရှောင်နေကြ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်တဲ့ မန်တုံမြို့‌ပေါ်ရပ်ကွက်တွေအနီးမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာ ၅ ရက်ထက်မနည်းရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲတွေကြား မနေ့အောက်တိုဘာ ၄ ရက်နေ့မှာတော့ မန်တုံမြို့ပေါ် ရပ်ကွက်ကနေအိမ်တစ်လုံးကို လက်နက်ကြီးကျတာကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့ မနက်ပိုင်းအထိ မြို့ပေါ် ရပ်ကွက်တွေအနီးအထိလက်နက်ကြီးသံတွေဆက်တိုက်ကြားနေရတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေဆီကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မန်တုံဒေသခံတွေကပြောပါတယ်။

‘’ပြီးခဲ့တဲ့ ရက်တွေကတော့ တိုက်ပွဲကြောင့် စိတ်ပူရတယ်။ ဒီကနေ့ မနက်အထိလည်း လက်နက်ကြီးသံတွေကဆက်ကြားနေရတော့ မနေရဲကြတော့ဘူး။ မြို့မှာ အိမ်ကိုစောင့်တဲ့လူအနည်းစုပဲကျန်မယ်။ အကုန်ဘေးလွတ်ရာပြေးလာကြပြီ။ ဘယ်သူမှတော့ မပြေးချင်ဘူးလေ။ ဘယ်လောက်ထိပြေးရမလဲမသိသေးဘူး။ အခြေအနေတွေပိုဆိုးလာရင်တော့ အေးချမ်းနေတဲ့ မန်တုံမြို့လေးပျက်စီးသွားမလားစိတ်ပူကြတယ်”’ လို့ မန်တုံဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

လက်ရှိစစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတာဟာ ဒေသခံတွေဘက်ကပြောပြချက်အရ ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေလို့ ဆိုပေမယ့်လည်း အဖွဲ့အမည်အတိအကျကိုသိရှိနိုင်ဖို့ ဘီဘီစီက ဆက်လက်အတည်ပြုမေးမြန်းနေပါတယ်။

မန်တုံမြို့နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ မြို့တွင်းတိုက်ပွဲပြီးကတည်းက ဖုန်းလိုင်းတချို့နဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတယ်လို့လည်း‌ ဒေသခံတွေကပြောပါတယ်။

စစ်ပွဲကြောင့် ပြည်သူ့နစ်နာနေမှု ထုတ်ပြန်လို့ ANP ပါတီကို ကော်မရှင်က တွေ့ဆုံဖို့ ဆင့်ခေါ်ထား

ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ တစ်ကျော့ပြန်စစ်ပွဲမှာ ပြည်သူတွေထိခိုက်နစ်နာမှုတွေနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ထားတာကြောင့် ရခိုင်အမျိုးသားပါတီ ANP ကို စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တွေ့ဆုံဖို့ ဖိတ်ခေါ်ထားတယ်လို့ ပါတီကအတည်ပြုပြောပါတယ်။

တစ်ကျော့ပြန်စစ်ပွဲကြား ပြည်သူတွေထိခိုက်နေရသလို အသွားအလာနဲ့ ကုန်စည်သယ်ယူခွင့်နဲ့ဆေးဝါးသယ်ခွင့်ပိတ်တဲ့ ကိစ္စတွေကို ပါတီအနေနဲ့ရူတ်ချကြောင်း ပြီးခဲ့တဲ့စက်တင်ဘာ ၂၉ ရက်နေ့က ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က တိုက်ပွဲတွေကိုအကြောင်းပြုပြီး တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့နေရာတွေမှာရှိတဲ့ လူနေကျေးရွာဝန်းကျင်တို့ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်မှုတွေရှိနေတာကြောင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင် အရပ်သားတွေ အများအပြားထိခိုက်နေလို့ ဒီကြေညာချက်ကိုထုတ်ရတာဖြစ်တယ်လို့လည်း ANP ဘက်ကပြောပါတယ်။

အခုလို ပြည်သူတွေဘက်ကရပ်တည်ပြီး ထုတ်ပြန်ကြေညာမှုကြောင့် ရွေးကောက်ပွဲကော်မရှင်ကနေ တွေ့ဆုံဖို့ခေါ်ယူတဲ့အပေါ်မှာသွားသင့်မသွားသင့် ပါတီရဲ့သဘောထားကို ဆွေးနွေးကြရဦးမှာဖြစ်တယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

“ကော်မရှင်ကတော့ ကြေညာချက်နဲ့ပတ်သက်လို့ ဆွေးနွေးဖို့ဆိုပြီး ဖိတ်ခေါ်တဲ့စာကို မနေ့ကလက်ခံရရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ပါတီရဲ့သဘောထားကို ရယူရဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ပြည်သူတွေနစ်နာမှုတွေကို တင်ပြခဲ့တာဖြစ်ပါတယ်။”လို့ ဦးသာထွန်းလှက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲတွေအတွင်း ပြည်သူတွေထိခိုက်နစ်နာနေရတာနဲ့ပတ်သက်လို့ ပါတီအနေနဲ့ ပြောဆိုဖို့လိုအပ်လာလို့ ထုတ်ဖော်ပြောဆိုလိုက်ရခြင်းသာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲ နိုင်အောင်လုပ်မယ့်လို့ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌသစ် ဦးခင်ရီပြော

ပါတီခေါင်းဆောင်ပိုင်းကို လူဟောင်းတွေပဲ လွှမ်းမိုးထား

ရဲချုပ်ဟောင်းနဲ့ လဝက ဝန်ကြီးဟောင်း ဦးခင်ရီဟာ ပြည်ထောင်စု ကြံ့ခိုင်နဲ့ဖွံ့ဖြိုး‌ရေးပါတီ ဥက္ကဋ္ဌသစ် ဖြစ်လာပြီး ဒီကနေ့နေ့လည်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ နိုင်အောင်လုပ်မယ်လို့ သူ့မိန့်ခွန်းထဲ ထည့်ပြောပါတယ်။ ဒုတိယ ဥက္ကဋ္ဌ ရာထူးနေရာတွေကို လက်ရှိ ဒုဥက္ကဋ္ဌ နှစ်ယောက်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ)ဟောင်း ဦးမြတ်ဟိန်းနဲ့ သမ္မတရုံးနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးလှထွန်းတို့ ပဲ ပြန်အရွေးခံရပါတယ်။

ဗဟိုအတွင်းရေးမှူးဖြစ်သူ အငြိမ်းစားဗိုလ်ချုပ် ဦးတင်အောင်ချစ်က တွဲဘက်အထွေထွေအတွင်းရေးမှူး ဖြစ်လာပါတယ်။

ဒုတိယ ဥက္ကဋ္ဌ တစ်နေရာနဲ့ အထွေထွေအတွင်းရေးမှူး တစ်နေရာစာ ကြေညာဖို့ ကျန်သေးလို့ ညီလာခံတက်ရောက်သူတွေထံက သိရပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ တတိယအကြိမ် ညီလာခံ ဒုတိယနေ့မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အသစ်အပါအဝင် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌတွေ နဲ့ အထွေထွေအတွင်းရေးမှူးတွေကို ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပုဂံညောင်ဦးမြို့ရှောင်လမ်းမှာ NLD ပါတီဝင်တွေနဲ့ နီးစပ်တဲ့ ဒေသခံ နှစ်ဦးအလောင်းတွေ့ရှိ

ပါတီဝန်းရံသူ ၁၀ ဦးထက်မနည်းအဲဒီဒေသမှာ သတ်ဖြတ်ပြီးအလောင်းစွန့်ပစ်ခံထားရတယ်လို့ NLD ပြော

မန္တလေးတိုင်းဒေသကြီး၊ ပုဂံ၊ ညောင်ဦးမြို့ရှောင်လမ်းပေါ်မှာ သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံးနေတဲ့ဒေသခံ နှစ်ဦးရဲ့ အလောင်းကို မနေ့ အောက်တိုဘာ ၄ ရက်နေ့က တွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူတွေဟာ ညောင်ဦးမြို့ဒေသခံတွေဖြစ်ပြီး အဲဒီထဲက အသက် ၅၀ ဝန်းကျင်အရွယ်ရှိတဲ့ ဦးမြင့်ဇော်ကတော့ နေအိမ်ကနေ ဆိုင်ကယ် နှစ်စီးနဲ့လာရောက်ခေါ် ဆောင်ခံသွားရတာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။

‘’ မနက် ၈နာရီလောက်က လူတစ်စုလာဖမ်းသွားတာ။ သေနတ်ကိုင်ထားပြီး မျက်နှာကို ထိုးကြိတ်ခေါ် သွားတယ်။ ဆိုင်ကယ်နဲ့လာဖမ်းပြီး ဆိုင်ကယ်ကနေကားပေါ် ပြောင်းဖို့ကြိုးစားချိန်မှာ ဦးမြင့်ဇော်က ထွက်ပြေးဖို့ကြိုးစားတယ်။ ချော်လဲသွားပြီး ပြန်ဖမ်းမိသွားတယ်’’ လို့ ဖြစ်စဥ်ကိုသိရှိတဲ့ မိသားစုနဲ့ နီးစပ်သူက ပြန်ပြောပါတယ်။

ဒီဖြစ်စဥ်ဖြစ်တဲ့နေရာဟာ ညောင်ဦးရဲစခန်းနဲ့ ကိုက်တစ်ရာအကွာမှာဖြစ်ခဲ့တာလို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

သေဆုံးသူ ဦးမြင့်ဇော်ဟာ ညောင်ဦးမြို့တွင်းက ဇီးကွက်ပုန်းရည်ကြီးဆိုင်ပိုင်ရှင်ဖြစ်ပြီး လူချစ်လူခင်ပေါများသူဖြစ်ကာ သူ့ရဲ့ အကိုဖြစ်သူကတော့ NLD အစိုးရလက်ထက်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးမြင့်စိန်ဖြစ်တယ်လို့လည်းနီးစပ်သူတွေကပြောပါတယ်။

ဦးမြင့်ဇော်နဲ့ အတူ အလောင်းစွန့်ပစ်ခံရသူတစ်ဦးကတော့ အာနန္ဒာဘုရားအနီးက လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တယ်လို့သိရပြီး သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ဘီဘီစီကအသေးစိတ်သိရတာမရှိသေးပါဘူး။

‘’လက်ဖက်ရည်ဆိုင်ပိုင်ရှင်လို့ပဲသိရတယ်။ လက်ဖက်ရည်ဆိုင်ထဲမှာလည်းအမြဲတွေ့နေရတာသူ့ကို။ အခုအပြင်မှာပြောနေကြသလို ဘုရားဂေါပကဆိုတာတော့ မဟုတ်ဘူး’’ လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

သူတို့နှစ်ဦးရဲ့ အလောင်းတွေကိုတော့ အောက်တိုဘာ ၄ ရက်နေ့မှာ လမ်းသွားလမ်းလာတွေကမြို့ရှောင်လမ်းအနီးမှာတွေ့ခဲ့တာဖြစ်ပြီး နာရေးကူညီမှုအသင်းကသယ်ဆောင်သွားကာညနေပိုင်းမှာ မိသားစုတွေဆီပြန်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ပုဂံမြို့ရဲစခန်းကို ဘီဘီစီကဆက်သွယ်မေးမြန်းကြည့်ရာမှာတော့လတ်တလော ဖြေကြားလို့ မရသေးကြောင်းနဲ့ ပြန်ဆက်သွယ်ပြောပြမယ်ဆိုတဲ့အကြောင်းပြောပါတယ်။

အလားတူပဲ မန္တလေးတိုင်းထဲက ညောင်ဦး၊ နွားထိုးကြီးနဲ့ တောင်သာဒေသတွေမှာ အခုရက်ပိုင်းအတွင်း သတ်ဖြတ်ခံထားရပြီး အလောင်းစွန့်ပစ်ခံထားရသူ ၁၀ ဦးအထိရှိနေပြီး သေဆုံးသူအားလုံးဟာ NLD ပါတီဝင်တွေနဲ့ ပါတီကို ဝန်းရံသူတွေဖြစ်တယ်လို့ လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

န္တလေးတိုင်း ညောင်ဦး၊ နွားထိုးကြီး၊ တောင်သာဒေသမှာ ဒီရက်ပိုင်းအတွင်း သတ်ဖြတ်ခံရပြီး လမ်းဘေး အလောင်းစွန့်ပစ်ခံရသူ ၁၀ဦးလုံးဟာ NLD ပါတီဝင်နဲ့ ပါတီကို ဝန်းရံသူတွေဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီလို NLD ပါတီဝင်တချို့ ဖမ်းဆီးသတ်ဖြတ်ခံရကာ လမ်းဘေးအလောင်းစွန့်ပစ်တာတွေ အမရပူရအပါအဝင်မန္တလေးကမြို့နယ်တွေအတွင်းမှာ ဒီနှစ်ဆန်းပိုင်းကလဲ ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၉ယောက်သေဆုံးခဲ့ပါတယ်။

သေဆုံးသူ အားလုံးရဲ့ လည်ပင်းမှာလဲ အနီရောင် သွေးသောက်အဖွဲ့ ကဒ်ပြားကို ချိတ်ဆွဲခဲ့တာ တွေ့ရပါတယ်။

လက်ရှိ ပုဂံညောင်ဦးမှာတော့ ဒီဖြစ်စဥ်ကြောင့် လုံခြုံရေးထူးထူးခြားခြားတင်းကျပ်ထားတာမရှိသလိုပြည်တွင်းခရီးသွားလာမှုတွေလည်း ဆက်ရှိနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ရသေ့တောင်က ကျေးရွာတွေအနား စစ်တပ်လက်နက်ကြီးရော၊ လေကြောင်းကပါ ပစ်ခတ်နေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းမှာ အောက်တိုဘာ ၅ ရက် ဒီကနေ့မနက်ပိုင်း၉ နာရီဝန်းကျင် လောက်ကစလို့ ကျေးရွာအနီးဝန်းကျင်နေရာတွေကို စစ်ကောင်စီက ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့ သောင်းတရားကျေးရွာသားတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုဟာ ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေဖြစ်တဲ့ ထီးစွဲ၊ ဆောက်ခတ်၊  မညှင်းတောင်နဲ့ ရသေ့တောင်ဗျူဟာတို့ကနေ လက်နက်ကြီးတွေဖြစ်ခတ်နေတာဖြစ်ပြီး ဂျက်တိုက်လေယာဉ်တစ်စီးနဲ့လည်း လာရောက်ပစ်ခတ်ခဲ့တယ်လို့ အနီးဝန်းကျင်ကျေးရွာသားတွေက ပြောဆိုကြပါတယ်။

ဒီကနေ့စစ်ကောင်စီကပစ်ခတ်နေတဲ့နေရာဟာ ကျောက်တန်းနယ်မြေအတွင်းမှာရှိတဲ့ ကျေးရွာတွေကို ပစ်ခတ်နေတာဖြစ်ပြီး ပစ်ခတ်မှုကြောင့် မောင်ဖြူကျေးရွာက အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“မနက် ၉ နာရီလောက်ကစပစ်တယ်။ စပစ်တာက ထီးစွဲဘက်ကနေပစ်တယ်။ ခဏကြာတော့ ဂျက်တစ်စီးလာပစ်တယ်။ မနေ့ကလည်း ဗျူဟာနဲ့ ဆောက်ခတ်တို့ဘက်ကပစ်တယ်။ အဓိက မညှင်းတောင်အနီးဝန်းကျင်က ရွာတွေကိုပစ်တယ်လို့သိရတာပေါ့။ တိုက်ပွဲဖြစ်တာတော့မရှိဘူးဗျ။ စစ်တပ်က နေဘဲပစ်နေ တာ”လို့ သောင်းတရားကျေးရွာသားက ပြောပါတယ်။

အခု မွန်းလွဲပိုင်းမှာလည်းရသေ့တောင်မြိုအနီးမှာရှိတဲ့ အခြေစိုက်စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကျည်တွေဟာ အောင်မြေကုန်းကျေးရွာ၊ ကျောက်ရံ သာစည်ကျေးရွာအနီးဝန်းကျင် နေရာတွေမှာ ကျရောက်ပေါက်ကွဲတာတွေရှိနေတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ်မြောက်ပိုင်းကကျေးရွာအများစုတို့မှာ တစ်ကျော့ပြန်တိုက်ပွဲတွေစတင်ဖြစ်ပွားတဲ့ စက်တင်ဘာလကစပြီး ဒေသခံတွေထွက်ပြေးခဲ့ကြပြီဖြစ်ကာ ရွာမှာစောင့်ရှောက်နေကြတဲ့ လူအနည်း အကျည်းလောက်သာ ကျန်နေပါတယ်။

ကျန်နေသူတွေဟာလည်း လမ်းခရီးအသွားအလာတွေပိတ်ဆို့ထားတာကြောင့် ဘယ်မှသွားလာလို့မရကြဘဲ ပိတ်မိနေကြသလို စားရေးသောက်ရေးအခက်အခဲတွေလည်း ရှိနေတယ်လို့ ပြောဆိုကြပါတယ်။

ကမ္ဘာ့ဆရာများနေ့မှာ မြန်မာနိုင်ငံကပညာရေးဝန်ထမ်းတချို့ဟာ သက်စွန့်ဆံဖျားစာသင်ကြားနေရ

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရင်း ကျဆုံးခဲ့သော ဆရာ၊ဆရာမနဲ့ ကျောင်းသူကျောင်းသားတွေကို မော်ကွန်းဝင် တော်လှန်ပညာသူရဲကောင်းများအဖြစ် NUG ကြေညာ

 ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့ကတော့ အပြည်ပြည်ဆိုင်ရာအလုပ် သမားအဖွဲ့ချုပ် (ILO) နဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) တို့က အထူးညီလာခံကြီးကနေ သတ်မှတ်ထားတဲ့ ကမ္ဘာ့ဆရာများနေ့ ၅၅ နှစ်မြောက်နေ့ဖြစ်ပါတယ်။

 စစ်အာဏာသိမ်းမှုအောက်မှာကျရောက်နေတဲ့ မြန်မာနိုင်ငံက ဆရာ၊ဆရာမတွေဟာ ကြားကာလပညာရေးစနစ်တစ်ခုကို အကောင်အထည်ဖော်ရင်း မြေပြင်စာသင်ကျောင်းတွေမှာ သက်စွန့်ဆန်ဖျားစာသင်ကြားနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ကမ္ဘာ့ဆရာများနေ့မိန့်ခွန်းမှာပြောပါတယ်။

 အနီးစပ်ဆုံးဖြစ်စဥ်အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်ဟာလည်း စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ကြောင်းထောက်ပြခဲ့ကြပါတယ်။

 စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကောင်အထည်ဖော်ခဲ့တဲ့ ကြားကာလပညာရေးမှာလည်း ဆရာ၊ဆရာမတွေဟာ မြေပြင်စာသင်ကျောင်းတွေမှာ သက်စွန့်ဆံဖျား ပညာသင်ကြားပို့ချနေပြီး လက်ရှိအချိန်ထိ မြေပြင်ပြည့်သူပညာရေးကျောင်းပေါင်း တစ်ထောင်ကျော်နဲ့ အွန်လိုင်းကျောင်းပေါင်း ၆၀ ကျော်အပြင် တက္ကသိုလ်အသွင်သင်ကြားပို့ချနိုင်တဲ့ အခြေအနေတွေအထိ ပေါ်ထွက်လာနိုင်ပြီလို့ လည်း NUG ကထုတ်ပြန်ပါတယ်။

 ဒီလိုကြားကာလပညာရေးအစီအစဥ်မှာပါဝင်တဲ့ ကျောင်းတည်ထောင်သူတွေနဲ့ စေတနာ့ ဝန်ထမ်းဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေလည်း ဆက်တိုက်ဆိုသလိုဖြစ်ခဲ့ပါတယ်။

 စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရင်း စစ်ကောင်စီကိုခုခံရင်း ကျဆုံးသွားတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများဆုံးရှုံးစွန့်လွှတ်ခဲ့ရသူတွေ ၊ ဖမ်းဆီးထိန်းသိမ်းခံရသော CDM ဆရာ၊ ဆရာမ၊ ပညာရေးဝန်ထမ်း၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးကို မော်ကွန်းဝင် တော်လှန်ပညာ သူရဲကောင်းများ အဖြစ် ဂုဏ်ပြုသတ်မှတ်ကြေညာတယ်လို့ လည်း NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်။

 ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာသိမ်းဆန့်ကျင်ရေးမှာ ပါဝင်တဲ့ ဆရာ၊ဆရာ မတွေဟာလည်း စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းထားတာခံထားရပြီး တချို့ကတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

တဖက်မှာလည်း CDM လှုပ်ရှားမှုမှာမပါဝင်ကြတဲ့ ကျောင်းဆရာ၊ ဆရာမတွေအပေါ်မှာလည်း စစ်အာဏာသိမ်းမှုကို မဆန့်ကျင်ကြသူတွေအဖြစ်သတ်မှတ်ခံရတာတွေနဲ့ ဖိအားပေးခံရတာတွေ ကြောင့် အခက်အခဲနဲ့ရင်ဆိုင်နေကြရတဲ့ ဆရာ၊ဆရာမတွေလည်းရှိနေပါတယ်။

ကဗျာဆရာ ကြည်ဇော်အေးရဲ့ နောက်ဆုံးခရီး

ကဗျာဆရာ ကြည်ဇော်အေးရဲ့ နောက်ဆုံးခရီးခေတ်ပေါ်ကဗျာမျိုးဆက်ထဲ ထင်ရှားတဲ့ ကဗျာဆရာတစ်ဦးဖြစ်တဲ့ ကဗျာဆရာကြည်ဇော်အေးရဲ့နာရေးကို ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့က ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရေဝေးသုသာန်မှာပြုလုပ်ခဲ့ကြပါတယ်။

သူ့ရဲ့နောက်ဆုံးခရီးကိုတော့ ဆွေမျိုး၊မိတ်ဆွေတွေနဲ့ ကဗျာစာပေအသိုင်းအဝိုင်းကလိုက်ပါပို့ဆောင်ပေးခဲ့ကြတာတွေ့ရပါတယ်။

ကဗျာဆရာကြည်ဇော်အေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြောဌာနမှာဦးနှောက်သွေးကြောပေါက်တာကိုကုသရင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

၁၉၇၇ခုနှစ်ဖွား ကဗျာဆရာကြည်ဇော်အေးဟာ စစ်ကိုင်းတိုင်း ၊မုံရွာဇာတိဖြစ်ပြီး ၂၀၀၀ခုနှစ်မှာ ချယ်ရီမဂ္ဂဇင်းကတဆင့် စာပေလောက ၊ ကဗျာလောကထဲရောက်ခဲ့တာပါ။

သူဟာ ခေတ်ပေါ်ကဗျာတွေ၊ နိုင်ငံရေးအငွေ့အသက်ကိုထင်ဟပ်စေတဲ့ကဗျာအက်ဆေးတွေနဲ့ ကဗျာစာပေအသိုင်းအဝိုင်းအပြင်ဆိုရှယ်မီဒီယာအသုံးပြုသူ လူငယ်တွေကြားမှာ ထင်ရှားလူကြိုက်များတဲ့ ကဗျာဆရာတစ်ဦးဖြစ်ပါတယ်။

ကဗျာဆရာကြည်ဇော်အေးဟာဆိုရင် သူရဲ့ အသက် ၄၄ နှစ်ပြည့်မွေးနေ့မတိုင်ခင်တစ်ရက်မှာ ကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။

နိုင်ငံရဲ့ စီးပွားရေး ဦးမော့နေပြီလို့ စစ်ခေါင်းဆောင်ပြော

ပြည်မြို့မှာလျှပ်စစ်ရထားပြေးဆွဲဖို့ ရည်ရွယ်နေကြောင်းထပ်ပြောပြန်

နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ပြန်လည်ဦးမော့နေပြီဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အခက်အခဲရှိနေရင် နိုင်ငံတော်က ချေးငွေထုတ်ပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

အောက်တိုဘာ၄ရက်နေ့ကပြည်မြို့မှာအသေးစား၊အငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းရှင်(MSME) တွေနဲ့ မနေ့အောက်တိုဘာ ၄ ရက်နေ့ကတွေ့ဆုံချိန်မှာပြောကြားခဲ့တာကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာဖော်ပြလာတာပါ။

ရှေးဟောင်းယဥ်ကျေးမှု နယ်မြေဖြစ်တဲ့ ပြည်မြို့မှာ ကိုဗစ်ရောဂါကြောင့် ခရီးသွားလာရေးကျဆင်း ခဲ့တာကြောင့် ဖြေလျော့မှုတွေလုပ်ပေးဖို့နဲ့ သက်သာတဲ့အတိုးနှုန်းနဲ့ချေးငွေထုတ်ပေးဖို့ ပြည်ခရိုင်ထဲက (MSME) လုပ်ငန်းရှင်တချို့က ပြောဆိုတာတွေလည်းတွေ့ရပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌကတော့ နိုင်ငံရဲ့ စီးပွားရေးဦးမော့ လာပြီဖြစ်လို့ (MSME) လုပ်ငန်းတွေကို ချေးငွေထုတ်ပေးဖို့ ဆောင်ရွက်ပေးမယ်လို့ ပြန်ပြောခဲ့ပေမယ့် ဘယ်အချက်တွေက နိုင်ငံရဲ့ စီးပွားရေး ဦးမော့နေတာကိုထောက်ပြနေကြောင်းတော့ ပြောသွားတာမတွေ့ရပါဘူး။

အောက်တိုဘာ ၃ ရက်နေ့က ရန်ကုန်ကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန်မှာတော့ အခွန်တိမ်းရှောင်သူတွေမရှိစေလို့ နိုင်ငံတော်ကိုပေးသွင်းရမယ့် အခွန်အခတွေအပြည့်အဝပေးသွင်းဖို့ နဲ့

ကိုဗစ်ချေးငွေတွေကို အချိန်မှီပြန်ဆပ်ဖို့ ပြောဆိုတာလည်းရှိခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဥက္ကဋ္ဌရဲ့ မိန့်ခွန်းတွေမှာ မကြာခဏပြောလေ့ရှိတဲ့ လျှပ်စစ်ရထားလမ်းစီမံကိန်းကိုလည်း ရှေးဟောင်းယဥ်ကျေးမှုနယ်မြေပြည်ခရိုင်ထဲမှာ ဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်း ထပ်ပြောသွားပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းမငြိမ်မသက်မှုတွေနဲ့ ကုန်စျေးနှုန်းကြီးမြင့်တဲ့ အထွေထွေအကျပ်အတည်းတွေကြား တိုင်းပြည်စီးပွားရေးကျဆင်းနေကြောင်း နိုင်ငံတကာရဲ့ သုံးသပ်ချက်တွေ ကမ္ဘာဘဏ်က မြန်မာ့စီးပွားရေးကိုခန့်မှန်းမရဖြစ်နေချိန်မှာ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ပြောဆိုချက်တွေအပေါ်တေ့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်တာကြောင့် လူထုနေ့စဥ်ဘဝအကျပ်အတည်းဖြစ်နေချိန်မှာလည်း လျှပ်စစ်ရထားလမ်း၊ ကားလမ်း စီမံကိန်းတွေလုပ်မယ်လို့ အကြိမ်ကြိမ်ထုတ်ပြော နေတာကိုလည်း လူမူကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။