ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကရင်နီစစ်ရှောင်နေရာကို လက်နက်ကြီးကျတာကြောင့် ကလေးငယ်အပါအဝင် နှစ်ဦး ဒဏ်ရာရ
ကယား (ကရင်နီ) ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တဝိုက်က စစ်ရှောင်တွေရှောင်တိမ်းနေတဲ့ နေရာဘက်ကို စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၆နှစ်အရွယ် ယောကျ်ားလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးစောင့်ကြည့် ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
"လက်နက်ကြီးက အရင်လိုအသံအကျယ်ကြီးမဟုတ်တော့ဘူး၊ အနားရောက်မှ အလင်းတန်းနဲ့ ရောက်လာပြီးပေါက်ကွဲတော့တာပဲ။ လက်နက်ကြီးတွေပိုသုံးလာတယ်၊ အောက်တိုဘာ ၇ရက်၊ ၈ရက်ကို ညတိုင်းလူနေကျေးရွာတွေဘက်ကို ဦးတည်ပြီးကို ပစ်နေတာ။ အခုနောက်ပိုင်း ကရင်နီမှာက ခေါင်းပေါ်က လက်နက်ကြီးနဲ့ မြေအောက်က မြေမြှုပ်မိုင်းတွေကို ကြောက်နေရတယ်" လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ တာဝန်ရှိသူ ကိုဗညားက ပြောပါတယ်။
အခုလိုပစ်ခတ်မှုကြောင့် အရပ်သားတွေဟာ ပစ်ခတ်ခံရတဲ့ စစ်ရှောင်နေရာတွေမှာ ဆက်မနေရဘဲ ထပ်မံ ထွက်ပြေးတိမ်းရှောင်ဖို့ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
ကရင်နီဒေသမှာ စက်တင်ဘာလကနေ အခုအောက်တိုဘာလဆန်းအတွင်း လက်နက်ကြီးကြောင့် အရပ်သား ၁၀ဦးသေဆုံးကာ အယောက် ၂၀ကျော် ထိခိုက်ဒဏ်ရာရထားသလို မြေမြှုပ်မိုင်းကြောင့်လည်း တစ်ဦးသေဆုံးကာ ၃ဦးထိခိုက်ထားတယ်လို့ ဆိုပါတယ်။
ရေးတံတားကြီး စစ်ဆေးရေးဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ မွန်ကာကွယ်ရေးအဖွဲ့ပြော
ဒီကနေ့ အောက်တိုဘာ ၉ရက်၊ မနက် ၁၀နာရီ ၄၅မိနစ်မှာ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ MSRO ကပြောပါတယ်။
ပစ်ခတ်မှုကြောင့် ကင်းဂိတ်ပေါက်ကွဲခဲ့ပြီး ဂိတ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရနိုင်တယ်လို့ MSRO က ဆိုပါတယ်။
"ဖြစ်စဉ်ကြောင့် အရေးပေါ်ကားနဲ့ နှစ်ယောက်တင်သွားတယ်။ အထိအခိုက်များပြီး၊ သေဆုံးနိုင်ချေရှိတယ်" လို့ MSRO ဘက်က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် အနီးတဝိုက်ကို လမ်းပိတ်ကာ စစ်ကောင်စီဘက်က စစ်ဆေးမှုတွေလုပ်ခဲ့သလို ကျုံလောင်းရွာဟောင်းအနီးကိုပါ လာရောက်စစ်ဆေးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို ရေးမြို့နယ်ကဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ကန့်ဘလူ၊ သေတ္တာရွာက စစ်ရှောင်တစ်ဦး မြွေကိုက်ခံရ
ကန့်ဘလူမှာ ခြောက်လအတွင်း မြွေကိုက်ခံရသူ အယောက် ၂၀ကျော်ရှိ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သေတ္တာကျေးရွာက စစ်ဘေးရှောင်တစ်ဦးဟာ ဒီကနေ့ အောက်တိုဘာ ၉ရက်မနက်ပိုင်းမှာ မြွေကိုက်ခံရတာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၀ရက်ကလည်း ရှားချောင်းရွာမှာ စစ်ဘေးရှောင်တစ်ဦး မြွေကိုက်ခံရလို့ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ကန့်ဘလူမြို့နယ်၊ ကျေးရွာတွေမှာ မိုးကာလကစပြီး ခြောက်လတာအတွင်း စစ်ရှောင်ဒေသခံ အယောက် ၂၀ကျော် မြွေကိုက်ခံရပြီး အဲ့ဒီထဲက နှစ်ဦးသေဆုံးထားပြီလို့ ဒေသခံတွေကဘီဘီစီကို ပြောပါတယ်။
"မြွေပွေး၊ မြွေဟောက်အကိုက်ခံရတာများတယ်ဗျ။ နဂိုထဲက ကျွန်တော်တို့ဘက်မှာက မိုးအကုန် ဆောင်းအကူးဆို မြွေအန္တရာယ်တအားဆိုးလို့ ရွာတိုင်းမှာက မြွေဆိပ်ဖြေဆေးဆောင် ထားကြတာ။ အခုကစစ်ဘေးရှောင်ရင်းဆိုတော့ တောတောင်ထဲ မြွေကိုက်ခံရ၊ တဖက်က မြွေဆိပ်ဖြေဆေးကရှာရမလွယ်နဲ့ ဆေးတွေလိုအပ်နေတယ်" လို့ ကန့်ဘလူဒေသခံတစ်ဦးက ပြောပါတယ်။ ကန့်ဘလူဒေသတဝိုက်က မြို့ပေါ်တွေမှာပါ မြွေဆိပ်ဖြေဆေးဝယ်ယူရခက်နေတာကြောင့် အနည်းဆုံးဖြေဆေးအလုံးရေ ၂၀၀ နီးပါး အရေးပေါ်လိုအပ်နေတယ်လို့ပြောပါတယ်။
မန္တလေးမြို့၊ ၆၂ လမ်းက လမ်းလယ်ပန်းခုံ ပေါက်ကွဲမှု အမျိုးသမီးတစ်ဦး ဒဏ်ရာရ
မန္တလေးမြို့၊ ၆၂ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းအလယ်က လမ်းလယ်ပန်းခုံမှာ ဒီနေ့ အောက်တိုဘာလ ၉ ရက် မနက်ပိုင်းတုန်းက ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲဒီပေါက်ကွဲမှုဖြစ်ချိန် အနီးနားက ဖြတ်သန်းသွားတဲ့ကားပေါ်က အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မန္တလေး မြို့ပြပြောက်ကျားအဖွဲ့(GZP)ကတော့ တိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာဖြစ်ပြီး အရပ်သားပြည်သူ ထိခိုက်မှုအတွက် အနူးအညွတ်တောင်းပန်တဲ့အကြောင်း စာထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်သား ၈ ယောက်ပါတဲ့ Double Cab(DC)ကားကို ပဒေသာမိုင်းနဲ့ ပစ်မှတ်ထား ဖောက်ခွဲဖို့လုပ်ပေမဲ့ ကားပေါ်မှာ ဖောက်ခွဲရေး ပိတ်ဆို့တဲ့ စက်ရိယာကြောလှု်ရှားမှု မအောင်မြင်ခဲ့ဘူးလို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်အပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားတွေနဲ့ရောက်လာပြီး စစ်ဆေးမှုလုပ်ခဲ့သလို မန္တလေးမြို့တွင်းကနေရာအတော်များများမှာလည်း လမ်းပေါ်ဖြတ်သန်းသွားလာသူတွေကို ဆိုင်ကယ်ထိုင်ခုံအောက်ပစ္စည်းထည့်အကန့်ကို ဖွင့်ခိုင်းပြီး စစ်ဆေးတဲ့အထိ စစ်ဆေးမှုတင်းကျပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြောင်၊ ညောင်ကားယားရွာ ဒီမနက်မီးထပ်ရှို့ခံရ
ဒီရက်ပိုင်းအတွင်း စစ်ကောင်စီစစ်ကြောင်းထိုးခံနေရတဲ့ စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ ညောင်ကားယားရွာကို ဒီကနေ့ အောက်တိုဘာ ၉ရက်၊ မနက် ၇နာရီလောက်မှာ မီးထပ်ရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
နေအိမ် ၉လုံးထပ်မံမီးရှို့ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်တွေပြန်ထွက်ခွာပြီးနာရီပိုင်းအကြာမှာ ဒေသခံတွေ ရွာထဲပြန်လည်ဝင်ရောက်မီးငြှိမ်းဖို့ကြိုးစားပေမဲ့ လောင်စာဆီမလုံလောက်တာကြောင့် ရေစက်တွေမောင်းနှင်မရတဲ့အခက်အခဲကြုံရတယ်လို့ ရွာခံတွက ဆိုပါတယ်။
"လောင်စာဆီအင်အားရော ရေစက်အင်အားပါမလုံလောက်တော့ မြောင်မြို့နယ်၊ ကျောင်းစုကျွန်းဘက်က လာပြီးမီးဝိုင်းငြှိမ်းပေးရတဲ့အနေအထားရောက်တာဗျ၊ ဘုန်းကြီးကျောင်းထဲ ပိတ်မိနေတဲ့ သူတွေကိုလည်း ဖုန်းတွေသိမ်းထားကြတော့ သူတို့ထွက်ထွက်ချင်း မသိလိုက်ရဘူး။ ပြီးမှဝင်မီးသတ်တော့ အကုန်ပြာကျသွားတာပေါ့ဗျာ" လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ညောင်ကားယားရွာကို မနေ့အောက်တိုဘာ ၈ရက်ကလည်း စစ်ကောင်စီတပ်တွေဝင်ရောက်လာကာ နေအိမ်တချို့မီးရှို့ဖျက်ဆီးခံရပြီးနောက် ပန်းညိုရွာဘက်ကိုထွက်ခွာသွားခဲ့တာပါ။ အဲ့ဒီကနေ မနေ့ညပိုင်းမှာပဲ ညောင်ကားယားရွာကို ထပ်မံဝင်ရောက်လာတာလို့ သိရပါတယ်။
အဲ့ဒီလိုပြန်ဝင်ရောက်လာချိန်မှာတော့ ညောင်ကားယားဘုန်းကြီးကျောင်းထဲမှာကျန်ရစ်ခဲ့တဲ့ ဆရာတော်တွေနဲ့ ထွက်ပြေးတိမ်းရှောင်ဖို့မလွယ်ကူတဲ့ သက်ကြီးရွယ်အို ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းတွေကိုသိမ်းဆည်းခံရကာ ပိတ်မိခဲ့ကြတယ်လို့ဆိုပါတယ်။
ဒီကနေ့နေ့လယ်ပိုင်းစစ်ကောင်စီတပ်တွေဟာ မန္တလေးတိုင်း၊ မြင်းခြံဘက်ကို ရေလမ်းကတဆင့်ပြန်ထွက်ခွာသွားတာကြောင့်ဒေသခံတွေ ပြန်လွတ်မြောက်လာပြီလို့ သိရပါတယ်။
ပခုက္ကူမှာ ချောင်းရေနဲ့မျောပါပြီး ကလေး ၂ ဦးနဲ့ မိခင်ဖြစ်သူတို့သေဆုံး၊ ဖခင်မှာ ပျောက်ဆုံးနေ
မကွေးတိုင်း၊ ပခုက္ကူမြို့၊ အောက်တိုဘာလ ၈ ရက်မနက်အစောပိုင်းတုန်းက ဆင်ပေါက်လှချောင်းရေလျှံခဲ့တာကြောင့် အိမ်ထောင်စုတစ်စုက ကလေးငယ် ၂ ဦးနဲ့ မိခင်ဖြစ်သူတို့ ချောင်းရေနဲ့မျောပါ သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူလည်း ပျောက်ဆုံးနေပါတယ်။
မနေ့ အောက်တိုဘာလ ၈ ရက် မနက်အစောပိုင်းမှာ မိုးသည်းပြီးတဲ့နောက် ချောင်းရေမြင့်တက်ခဲ့တာကြောင့် ပခုက္ကူမြို့၊ အမှတ် ၁၅ ရပ်ကွက်၊ ဆင်ပေါက်လှ ၈ လမ်းက အဲဒီမိသားစုဟာ ချောင်းတစ်ဖက်ကမ်းကို ဖြတ်ဖို့ ကြိုးစားကြချိန် ရေစီးနဲ့အတူ မျောပါသွားခဲ့တာဖြစ်ပါတယ်။
‘‘ ညပိုင်းက ၁၂ နာရီလောက်ကနေ မနက် ၅ နာရီလောက်အထိ မိုးကြီးလေကြီးကျတယ်။ မနက်ခင်းပိုင်း ချောင်းရေတက်လာတော့ တစ်ဖက်ကမ်းက ဦးလေးလုပ်တဲ့သူနေအိမ်ဆီ ကလေး ၂ ယောက်ကို အရင်သွားနေကြဖို့ လုပ်ခိုင်းတာ။ ကလေးတွေက ရေနဲ့မျောတော့ အဖေနဲ့အမေကလည်း နောက်က လိုက်ကယ်တာပေါ့။ သူတို့ပါ မျောပါ သွားတာ’’ လို့ မြို့ခံပရဟိတအဖွဲ့မှာပါဝင်သူတစ်ဦးက ပြောပါတယ်။
ကလေး ၂ ဦးကို မနေ့မနက်ပိုင်းမှာပဲ သေဆုံးလျက်ပြန်တွေ့ခဲ့ရတာကြောင့် နေ့ချင်းပြီး စျာပန ပြုလုပ်ခဲ့ပါတယ်။
မနေ့ညနေပိုင်းမှာ ပြန်တွေ့ခဲ့တဲ့ မိခင်ဖြစ်သူအလောင်းကိုတော့ ပခုက္ကူဆေးရုံကြီးကို ပို့ခဲ့ပြီး ဒီနေ့မနက်မှာပဲ စျာပနပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရေစီးနဲ့အတူ မျောပါသွားတဲ့ ဖခင်ဖြစ်သူကိုတော့ မြို့ခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတာတွေ ဆက်လုပ်နေပါတယ်။
အောက်တိုဘာလ ၈ ရက် မိုးသက်လေပြင်းကြောင့် ပခုက္ကူမြို့ထဲ နေအိမ်တစ်ချို့ ပျက်စီးတာ၊ သစ်ပင်တွေ ပြိုလဲတာနဲ့ အုတ်တံတိုင်းတချို့ ပြိုကျပျက်စီးတာတွေရှိခဲ့ပါတယ်။
လက်ယက်ကုန်းရွာက ကလေးငယ်တွေ မိသားစုနဲ့ဖုန်းပြောခွင့်ရ
ဖမ်းဆီးထိန်းသိမ်းခံရတဲ့ကလေးတွေကို မိသားစုနဲ့ တွေ့ဆုံခွင့်ပေးဖို့တောင်းဆိုနေကြ
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ရက်နေ့က စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခေါ်ဆောင်သွားခံရတဲ့ ကလေးငယ်တွေထဲက အချို့ဟာမိသားစုနဲ့ ဖုန်းပြောခွင့်ရထားတယ်လို့ မြေပြင်အခြေအနေသိရှိသူ ဒီပဲယင်းဒေသခံတွေကနေ သိရပါတယ်။
" ကလေးက ၇ဦးအသက်ရှင်လျက်ဖမ်းခံရတယ်။ အဲ့ဒီထဲက တစ်ဦးကတော့ မိဘတွေက အရဲစွန့်ပြီး မုံရွာလိုက်သွားတဲ့အတွက် ပြန်လွတ်လာတယ်။ ကျန်တဲ့ ၆ဦး ထဲက ကလေးငယ် ၅ ဦး က ရေဦး၊ ၁ဦးက ရန်ကုန်မှာလို့သိထားရတယ်၊ ရန်ကုန်ရောက်တဲ့ ကလေးက ခြေထောက်အတော်ထိတယ်ပြောတယ်။ မိသားစုနဲ့ ဖုန်းပြောခွင့်ရပေမဲ့ အနောက်ကနေ ကျန်းမာရေးကောင်းပြီလို့ ပြောလိုက်၊ အဆင်ပြေတယ်ပြောလိုက်ဆိုပြီး ပြောခိုင်းတော့ အဆင်ပြေတယ်ချည်းပြောနေတာလို့ပြောတယ်။ မိသားစုကလူချင်းတွေ့ခွင့်တောင်းပေမဲ့ အခုထိမရသေးဘူး" လို့ မိသားစုနဲ့ နီးစပ်သူ ဒီပဲယင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကလေးငယ်တွေကို ပြန်လွှတ်ပေးမယ်လို့သာ မိသားစုတွေကိုပြောဆိုနေပေမဲ့လက်ရှိအချိန်အထိမလွှတ်ပေးသေးသလို လူချင်းတွေ့ဆုံခွင့်လည်းမရတာကြောင့် မိသားစုတွေစိုးရိမ်ပူပန်နေရတယ်လို့ ဆိုပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ကလေးငယ်ဟာလည်း လေယာဉ်ကြီးနဲ့ခေါ်သွားတယ်ဆိုတာက လွဲပြီး စကားပြန်လည်ပြောဆိုနိုင်တာမျိုးမရှိသေးတာကြောင့် လုံခြုံရေးအရ မိသားစုပါ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ကလေးငယ်တွေနဲ့အတူ ဖမ်းဆီးခံထားရတဲ့ ဆရာ၊ဆရာမတွေထဲက ဆရာတစ်ဦးနဲ့ ဆရာမတစ်ဦးဟာ ဖမ်းဆီးခံရချိန်ကတည်းက ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပြီး နောက်ဆက်တွဲအခြေအနေ အသေးစိတ် စုံစမ်းလို့မရသေးလို့ ဒီပဲယင်းဒေသခံတွေက ပြောကြပါတယ်။
အဲ့ဒီနေ့က ကလေးငယ် ၇ဦးနဲ့ ဆရာဆရာမအပါအဝင် စုစုပေါင်း ၁၅ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုကြပေမဲ့ ဒီအရေအတွက်နဲ့ပတ်သက်လို့ တိတိကျကျအတည်ပြုလို့ရတာမရှိသေးပါဘူး။
စက်တင်ဘာ ၁၆ရက်မှာဖြစ်ခဲ့တဲ့ လက်ယက်ကုန်းရွာကိုလေကြောင်းနဲ့တိုက်ခိုက်တဲ့ဖြစ်စဉ်မှာမြေပြင်မှာတင် ကလေးငယ်၆ဦးအထိ သေဆုံးခဲ့တယ်လို့ ကနဦးသိထားရသလို ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်တွင်းရော နိုင်ငံတကာကပါ စစ်ကောင်စီကို အပြင်းအထန်ရှုတ်ချထားကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒါဟာ ကာကွယ်ရေးအဖွဲ့တွေရှိတယ်လို့ သတင်းရတာကြောင့်တိုက်ခိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး ကာကွယ်ရေးအဖွဲ့တွေက ကလေးငယ်တွေကိုလူသားဒိုင်းအဖြစ်အသုံးပြုခဲ့တာလို့ စွပ်စွဲထားတာပါ။
ဖမ်းဆီးခံထားရဆဲ ကလေးငယ်နဲ့ဆရာတွေရဲ့ နောက်ဆက်တွဲသတင်းနဲ့ ပတ်သက်လို့ ဒီကနေ့အချိန်အထိ တစုံတရာထုတ်ဖော်ပြောတာမရှိသေးပါဘူး။
အလုပ်သမားတွေအတွက် အဆိုးရွားဆုံး ၁၀ နိုင်ငံထဲမြန်မာပါဝင်
Global Rights Index-2022 ကမ္ဘာလုံးဆိုင်ရာအခွင့်အရေးညွှန်းကိန်း-၂၀၂၂ အရ မြန်မာနိုင်ငံ ဟာ အလုပ်သမားတွေအတွက် ကမ္ဘာ့အဆိုးရွားဆုံး ၁၀ နိုင်ငံထဲ ပါဝင်တယ်လို့အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (ITUC) က ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း အလားတူသတ်မှတ်ခံခဲ့ရပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် ဒုတိယအကြိမ်ထပ်မံသတ်မှတ်ခံရတဲ့ အခြေအနေပါ။
မြန်မာနိုင်ငံဟာ တရားဥပဒေစိုးမိုးရေး ပျက်ပြားနေပြီးအလုပ်သမားတွေရဲ့ ရပိုင်ခွင့် ၊ အခွင့်အရေးနဲ့လုံခြုံမှုအတွက် အာမခံချက်မရှိလို့ အခုလို ထည့်သွင်းသတ်မှတ်ရတာလို့ဆိုပါတယ်။ နှစ်စဥ် ဧပြီလ ကနေ မတ်လအထိတစ်နှစ်တာစောင့်ကြည့်မှတ်တမ်းတင်ပြီး ထုတ်ပြန်တာလည်းဖြစ်ပါတယ်။
ပြည်တွင်းမှာတော့ အလုပ်သမားတွေအနေနဲ့ တရားဝင်သတ်မှတ်ပေးထားတဲ့ တစ်ရက် မြန်မာငွေကျပ် ၄၈၀၀ ဟာ လက်ရှိ ကုန်စျေးနှုန်း ကြီးမြင့်လာမှုတွေအရ ဖူလုံတဲ့လုပ်ခ လစာမဖြစ်တော့ဘူးလို့ အလုပ်သမားတွေက ဆိုပါတယ်။ ဒါကြောင့် လုပ်အားခ မလုံလောက်တာနဲ့ ကုန်စျေးနှုန်းမြင့်တက်လာတဲ့ဒဏ်ကို အလုပ်သမား အများစု ရင်ဆိုင်နေရတယ်လို့ပြောကြပါတယ်။
တဖက်မှာ အလုပ်သမားအခွင့်အရေး အခြေအနေကို ပြန်ကြည့်ရင်လည်း အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း လုပ်ငန်းခွင်ထဲ အလုပ်သမားတွေကို အကြောင်းပြချက်မရှိဘဲ အလုပ်က ထုတ်ပယ်တာ၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ခံစားခွင့် မပေးတာအပြင် အကျိုးစီးပွားဆိုင်ရာသဘော တူစာချုပ်တွေပါ ချိုးဖောက်ခံရတာတွေရှိနေတယ်လို့ဆိုပါတယ်။
အာဏာသိမ်းကာစ လပိုင်းအတွင်းမှာပဲ အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ သမဂ္ဂ၊ အဖွဲ့အစည်း စတဲ့အဖွဲ့ ပေါင်း (၁၈)ဖွဲ့ကို စစ်ကောင်စီကနေ တရားမဝင် အဖွဲ့အစည်းတွေအဖြစ် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အလုပ်သမားတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ရပ်တည်ဖြေရှင်းပေးနိုင်တဲ့ အသင်းအဖွဲ့တွေမရှိတော့ဘဲ အခုလို အခွင့်အရေး ချိုးဖောက်ခံရတာတွေ ဆက်တိုက်ရှိလာနေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေကပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားသမဂ္ဂအသီးအသီးက ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် ၁၁၈ဦးအထိ ဖမ်းဆီးခံခဲ့ရသလို၊ သေဆုံးခဲ့ရသူအလုပ်သမား ၃၀ ကျော်နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေလည်းရှိနေတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ရဲ့ ပြီးခဲ့တဲ့မေလ စာရင်းတွေအရသိရပါတယ်။
Global Rights Index-2022 အစီရင်ခံစာမှာတော့ မြန်မာနဲ့အတူ အဆိုးရွားဆုံး ၁၀ နိုင်ငံထဲ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရုစ်၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ အီဂျစ်၊ ဂွာတီမာလာ၊ ဖိလစ်ပိုင်၊ တူရကီနဲ့ တောင်အာဖရိကနိုင်ငံ အက်စ်ဝါတီနီတို့ ပါဝင်နေပါတယ်။ ITUC ဟာ နိုင်ငံပေါင်း ၁၆၃ နိုင်ငံက အလုပ်သမား သန်း ၂၀၀ ကို ကိုယ်စားပြုပြီး နိုင်ငံအလိုက် ဆက်နွှယ်နေတဲ့ လုပ်ငန်းပေါင်း ၃၀၀ကျော်ရှိပါတယ်။
ဘူးသီးတောင်က ပရဟိတဆရာ ရိုဟင်ဂျာအမျိုးသား ပစ်သတ်ခံရမှု အပြန်အလှန်စွပ်စွဲမှုတွေရှိနေ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ပရဟိတဆရာ ရိုဟင်ဂျာအမျိုးသားတစ်ဦး မနေ့မနက်ပိုင်းက ပစ်သတ်ခံရမှုမှာ အပြန်အလှန်စွပ်စွဲမှုတွေရှိနေပါတယ်။
ပရဟိတကျောင်းဆရာ ဦးရှေကုလ်အစ္စလာမ်ဟာ စစ်ရှောင်နေရာကနေ တိရိစ္ဆာန်တွေကို အစာကျွေးဖို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ) တိုက်ပွဲဖြစ်ပွားနေတဲ့ ဂူတာပြင်ကျေးရွာထဲကို သွားရောက်အချိန်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာလို့ တူမတော်စပ်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေ နုက ပြောပါတယ်။
''ရွာမှာ တိုက်ပွဲဖြစ်တော့ ဦးလေးက မိန်းမနဲ့ကလေးတွေကို စစ်တွေကို ပို့ထားလိုက်ပြီး သူက အလုပ်တွေကျန်နေသေးတော့ အနီးနားရွာမှာပဲ စစ်ရှောင်နေတာ၊ မနေ့တုန်းက အိမ်က တိရိစ္ဆာန်တွေကို အစာကျွေးဖို့ ဆိုင်ကယ် ကယ်ရီသမားနဲ့အတူ အသွားမှာ အပစ်ခံရတာ။ ကယ်ရီသမားကတော့ လွတ်သွားတယ်။ အေအေနဲ့ စစ်တပ်က ဂူတာပြင်ကျေးရွာ အနီးတဝိုက်မှာ ခြေကုတ်ယူပြီး သူတို့စစ်ပွဲဖြစ်နေတာ တစ်ပတ်ကျော် ဆယ်ရက်ရှိနေပြီ။ အေအေခြေကုတ်ယူထားတဲ့ရေကန်ကြီးရှိတယ်။ ရေကန်ကြီးရဲ့တောင်ဘက်မှာ ခြုံပုတ်ရှိတယ်။ အဲဒီခြုံပုတ်ဘက်ကနေ လှမ်းပစ်တာတဲ့။ အဝေးပစ်သေနတ်နဲ့ပစ်တဲ့အခါမှာ ကျွန်မဦးလေးက ရင်ဘတ်ကို ထိပြီး ပွဲချင်းပြီးသေသွားတာ''လို့ ရွာခံတွေက ပြောပြတယ်လို့ တူမဖြစ်သူ မဝေဝေနုက ပြောပါတယ်။
တစ်ဖက်မှာလည်း ဦးရှေကုလ်ဟာ နေအိမ်က အပြန် ဂူတာပြင်ကျေးရွာထဲက သောက်ရေကန်နားမှာပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ရွာထဲက စာသင်ကျောင်းနဲ့ ဗလီမှာ စစ်သားတွေရှိတာကြောင့် အဲဒီက စစ်ကောင်စီတပ်သားတွေက ပစ်ခတ်လိုက်တာဆိုပြီး ဒေသခံပြောကြားချက်ကို ကိုးကားကာ Arakan Princess သတင်းဌာနက သတင်းဖော်ပြပါတယ်။
ဦးရှေကုလ်အစ္စလာမ် ပစ်ခတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး အေအေဘက်ကရော၊ စစ်ကောင်စီတပ်ဘက်ကပါ တစ်စုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
သေဆုံးခဲ့သူဟာ စစ်တွေတက္ကသိုလ်ကနေ မဟာသိပ္ပံဘွဲ့ရရှိထားသူဖြစ်ပြီး လက်ရှိမှာ ဒေသခံကလေးငယ်တွေအတွက် စာသင်ပေးနေတဲ့ပရဟိတသမားတစ်ဦးဖြစ်ပါတယ်။
ဦးရှေကုလ်အစ္စလာမ် ၂၀၁၆ ခုနှစ်မှာ စစ်တပ်ရဲ့ဖမ်းဆီးတာခံခဲ့ရပြီးနောက် တနှစ်ကျော်အကြာ ၂၀၁၇ ခုနှစ်မှာ ဘူးသီးတောင်ထောင်ကနေ ပြန်လွတ်လာခဲ့သူဖြစ်တယ်လို့ တူမဖြစ်သူ မဝေဝေနုက လူမှုကွန်ရက်မှာရေးသား ပြောဆိုပါတယ်။
ဂူတာပြင်ကျေးရွာဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းမှာ ဒေသခံရွာသားအများအပြားအသတ်ခံရလို့ လက်ရှိ နိုင်ငံတကာတရားရုံး(ICC)ရဲ့ တရားစီရင်ရာမှာ အဓိကကျတဲ့အထောက်အထားတွေရှိတဲ့နေရာလည်း ဖြစ်ပါတယ်။
ထိုင်းရဲတွေကို ရှောင်တိမ်းရင်း CDM သူနာပြုတစ်ဦးသေဆုံး
ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးကနေ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်နေတဲ့ သူနာပြုဆရာမ ဒေါ်သိင်္ဂီစိုးဟာ ထိုင်းရဲတွေလိုက်လံဖမ်းဆီးတာကို ရှောင်ရှားရင်း ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ် ဝမ်းနည်းကြောင်း CDM ကျန်းမာရေးအသိုင်းအဝိုင်းက သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီကCDM ဝန်ထမ်းတွေကိုလိုက်လံဖမ်းဆီးနှိပ်စက်နေတာကြောင့် ရှောင်တိမ်းနေရချိန်မှာ အခုလိုဖြစ်စဉ်ဖြစ်ပေါ်တဲ့အတွက် CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ထပ်တူ CDM Medical Network ကနေ စစ်ကောင်စီကိုပြင်းထန်စွာရှုံ့ချတယ်လို့ ပြောပါတယ်။
သူနာပြုဆရာမကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးနေတာကြောင့် ထိုင်း - မြန်မာနယ်စပ်က မော်ဖိုးကေဒေသမှာ တိမ်းရှောင်နေခဲ့ရတယ်လို့ဆိုပါတယ်။ အဲ့ဒီကတဆင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၇ရက်က ထိုင်းနိုင်ငံဘက်ခြမ်းက မယ်တန်စျေးကို စျေးဝယ်သွားခဲ့ချိန်မှာ ထိုင်းရဲတွေဖမ်းဆီးတာကြောင့် မြစ်ကိုဖြတ်ကူးပြီး ပြန်ပြေးလာချိန်မှာ ရေနစ်သေဆုံးခဲ့ရတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဆရာမဒေါ်သိင်္ဂီစိုးမှာ လေးနှစ်အရွယ်သားငယ်လေးတစ်ဦး လည်းကျန်ရစ်ခဲ့ပါတယ်။
အခုလို စစ်ကောင်စီဖမ်းဆီးမှုကိုရှောင်တိမ်းနေရတဲ့ ကျန်းမာရေး CDMဝန်ထမ်းတွေ၊ အခြား CDM ဝန်ထမ်းတွေသာမက မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ အပြစ်မဲ့ CDMဝန်ထမ်းတွေအားလုံးရဲ့ အသက်ဘေးကို အလွန်စိုးရိမ်နေတယ်လို့လည်း ကျန်းမာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တစ်နှစ်အတွင်း ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံ၊ ဆေးခန်းအဆောက်အဦတွေကို စစ်တပ်ကနေ ပစ်မှတ်ထား တိုက်ခိုက် ခြိမ်းခြောက်မှုပေါင်း ၄၁၅ ခုအထိ ရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာသမားတော်များ (PHR) အဖွဲ့ က အခုနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီ က ထုတ်ပြန်ထားပါတယ်။
PHR အစီရင်ခံစာရဲ့ အစောပိုင်းစာရင်းအရဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ဆရာဝန်၊ သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းပေါင်း ၂၈၆ ဦး၊ သေဆုံးသူပေါင်း ၃၀ ဦး၊ တိုက်ခိုက်ခံရတဲ့ ဆေးရုံနဲ့ ကျန်းမာရေး အဆောက်အဦပေါင်း ၁၂၈ ခုထိ ရှိကြောင်း ဖေါ်ပြထားတာပါ။
အဘိဓမ္မာအခါတော်နေ့- ရွှေတိဂုံမြင်ကွင်းများ
ဒီနေ့ အောက်တိုဘာလ ၉ ရက်၊ သီတင်းကျွတ်လပြည့်နေ့မှာ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် ရင်ပြင်က ဘုရားဖူးသူရဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
မနေ့ သီတင်းကျွတ်အဖိတ်နေ့ညတုန်းကလည်း ရွှေတိဂုံစေတီတော်မှာ မီးထွန်းပွဲတော်ကို ကျင်းပခဲ့ပါတယ်။
မနေ့ညပိုင်းတုန်းကတော့ ပြည်သူ့ရင်ပြင် နဲ့ လသာ(၁၉)လမ်းမှာ သီတင်းကျွတ်မီးထွန်းစျေးရောင်းပွဲတော်ကို ကျင်းပတာတွေ့ခဲ့ရသလို ရန်ကုန်မြို့က စျေးဝယ်စင်တာအချို့မှာလည်း ရောင်စုံမီးပုံတွေနဲ့ အလှဆင်ထားတာ တွေ့ရပါတယ်။
စစ်ကောင်စီဟာ ပြည်သူ့ရင်ပြင်နဲ့ နေပြည်တော်တို့မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး သီတင်းကျွတ်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
စစ်အာဏာသိမ်းဆန့်ကျင်ရေးအင်အားစုတွေကတော့ လူထုအနေနဲ့ စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ဒီနှစ်သီတင်းကျွတ်ပွဲတော်ကိုလည်း တတ်နိုင်သမျှ ပူးပေါင်းပါဝင်တာမလုပ်ဘဲ ဆန့်ကျင်ကြောင်း ပြသဖို့ တိုက်တွန်းနေပါတယ်။