ဆိုးလ်မှာ အမျိုးသမီးသီးသန့်ကားရပ်ခွင့်နေရာတွေဖျက်သိမ်း - ဖေဖော်ဝါရီလ ၁၆ ရက် ညနေခင်း ထိပ်တန်း နိုင်ငံတကာသတင်းများ

အမျိုးသမီးသီးသန့်ကားရပ်ခွင့်ဟာ ခွဲခြားမှုသက်သက် ဖြစ်တယ်လို့ အမျိုးသားတချို့ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆိုးလ်မြို့တော်မှာ အမျိုးသမီးတွေသာ ရပ်ခွင့်ရတဲ့ ကားရပ်ရာနေရာတွေဖျက်သိမ်း
ရေးသားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ လွန်ခဲ့တဲ့ ၁၄နှစ်တုန်းက ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသမီးသီးသန့် ကားရပ်နားခွင့်ပေးတဲ့ နေရာတွေကို ဖျက်သိမ်းလိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီနေရာတွေမှာ မိသားစုတွေအတွက် ကားရပ်နားခွင့် အဖြစ်ပြောင်းလဲသွားမှာဖြစ်ပြီး မတူကွဲပြားတဲ့သူတွေကြား ပိုမိုသုံးစွဲခွင့်ရသွားနိုင်မှာ ဖြစ်တယ်လို့ မြို့တော်၀န်က ဆိုပါတယ်။

မြေအောက်ခန်းမှာ ရှိတဲ့ကားရပ်နားတဲ့ နေရာတွေမှာ အမျိုးသမီးတွေ တိုက်ခိုက်ခံရမှု အတော်များများ ဖြစ်ခဲ့ပြီးနောက် အခုလို အမျိုးသမီးတွေအတွက် သီးသန့်ကားရပ်နေရာတွေက ပိုပြီး လုံခြုံမှု ရှိခဲ့တာပါ။

ကားရပ်နား နေရာတွေကို စီမံအုပ်ချုပ်တဲ့ မန်နေဂျာတွေက ကားရပ်ရာနေရာ ၃၀ မှာ အမျိုးသမီး သီးသန့်နေရာ ၁၀ ခု ချန်ထားပေးရတာ ဖြစ်ပေမဲ့ ဒီပေါ်လစီဟာ ခွဲခြားမှုသက်သက်သာ ဖြစ်တယ်လို့ အမျိုးသားတချို့က ပြောပါတယ်။

အခုလို အမျိုးသမီးသီးသန့်ကားရပ်နားခွင့် နေရာတွေ ဖျက်သိမ်းလိုက်တာဟာ တောင်ကိုရီးယားမှာ အမျိုးသမီးအရေးအပေါ် ဆန့်ကျင်မှုကြီးထွားလာနေတာကို နမူနာ ပြသလိုက်တာပဲလို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေက ထောက်ပြကြပါတယ်။

လက်ဘနွန်မှာ ငွေထုတ်မှုကို ကန့်သတ်လို့ ဘဏ်တွေကို တိုက်ခိုက်မီးရှို့

ဘဏ်တွေ မီးတင်ရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လက်ဘနွန်ငွေတန်ဖိုး ကျဆင်းလာလို့ ဘဏ်တွေက ဒေါ်လာထုတ်တာကန့်သတ်

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်မှာ ဘဏ်တွေမှာ စုဆောင်းထားတဲ့ငွေ ထုတ်မရတာကြောင့် ဒေါသထွက်နေသူတွေက ဘဏ်တော်တော်များများကို တိုက်ခိုက် မီးတင်ရှို့ခဲ့ကြပါတယ်။

ငွေထုတ်မှု ကန့်သတ်တဲ့အပေါ် ဆန့်ကျင်သူတွေက လမ်းတွေပေါ်မှာ ဆန္ဒပြခဲ့ကြပြီး လမ်းတချို့ကိုလည်း ပိတ်ဆို့ထားပါတယ်။

၂၀၁၉ ကတည်း လက်ဘနွန်မှာ စီးပွားရေး ကျဆင်လာတာနဲ့အတူ နိုင်ငံသုံး ငွေကြေး ပေါင် တန်ဖိုးလည်း ထိုးကျလာတာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ဘနွန်ဘဏ်တွေကလည်း သူတို့ဖောက်သည်တွေ ဘဏ်ကနေ အမေရိကန် ဒေါ်လာထုတ်တာကို အကြီးအကျယ် ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းကို စစ်ဆင်နွှဲဖို့ ရုရှားကသူ့နယ်မြေအသုံးပြုမယ်ဆိုရင် အဆင်သင့်ပဲလို့ ဘယ်လာရုစ်ခေါင်းဆောင်ပြော

ရုရှားတွေကို သူ့နယ်မြေသုံးခွင့်ပြုတာ ဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ပွဲသစ်အတွက် သူ့နိုင်ငံကို သုံးခွင့်ပြုမယ့် ဘယ်လာရုစ် သမ္မတနဲ့ ရုရှားသမ္မတ ပူတင်

ယူကရိန်းကို စစ်ဆင်ရေးသစ်တရပ် ဆင်နွှဲဖို့ သူ့နိုင်ငံကို ရုရှားကအသုံးပြုမယ်ဆိုရင် အဆင်သင့်ပဲလို့ ဘယ်လာရုစ်ခေါင်းဆောင် က ပြောကြားလိုက်ပါတယ်။

သေနတ်တလက်နဲ့ ယူကရိန်းစစ်သားတယောက်က ဘယ်လာရုစ်နယ်ထဲ လာရောက်ခဲ့မယ်ဆိုရင် အဲဒီလိုအခြေအနေ တရပ်အတွက် ဘယ်လာရုစ်မြေကနေ ရုရှားတို့နဲ့အတူ တိုက်ပွဲ၀င်ဖို့ အသင့်ပါဘဲလို့ မစ္စတာ လူခါရှန်းကိုးက ဘီဘီစီကို ပြောပါတယ်။

လွန်ခဲ့တဲ့ တနှစ်တုန်းက ရုရှားသမ္မတပူတင်ဟာ ဘယ်လာရုစ်ကို သူ့တပ်သားတွေ စေလွှတ်ပြီး ယူကရိန်းကျူးကျော်စစ်အပြည့်အဝ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။

အဲဒါမျိုး စစ်ပွဲ ထပ်ဆင်နွှဲဖို့ ပြင်နေပြီလို့ မစ္စတာ လူခါရှန်းကိုးက ပြောပေမဲ့ ဘဲလာရုစ် စစ်သားတွေဟာ သူတို့မြေကို တိုက်ခိုက်လာမှ တုံ့ပြန်မှာပါလို့လည်း သူက ပြောခဲ့ပါတယ်။

ကျားကောင်ရေ လျော့ကျလာလို့ အိန္ဒိယ စိုးရိမ်

သားရိုင်းတိရစ္ဆာန်မှောင်ခိုသမားတွေလက်ချက်ဖြစ်မှာစိုးလို့ စုံစမ်းစစ်ဆေးနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မျိုးသုန်းလုနီးပါး ဖြစ်လာတဲ့ ကျားမျိုးစိတ်တွေ ပျောက်ကွယ်မှာ စိုးရိမ်နေ

အိန္ဒိယမှာ အခုနှစ်အတွင်း သေဆုံးတဲ့ကျားအရေအတွက် မြင့်တက်လာနေတဲ့အတွက် အာဏာပိုင်တွေ စိုးရိမ်ပူပန်နေပါတယ်။

လတ်တလောမှာ မျိုးသုန်းလုနီးပါး ဖြစ်နေတဲ့ကျားမျိုးစိတ်ထဲက ၂၄ကောင် သေဆုံးသွားခဲ့ပြီး မနှစ်ကဆိုရင်လည်း ပထမသီတင်း ၆ပတ်မှာ ကျား ၁၆ကောင် သေဆုံးခဲ့တာပါ။

၂၀၂၁ ခုနှစ် ကဆိုရင် အလားတူကာလအတွင်း ကျား အကောင်၂၀ သေဆုံးခဲ့ပြီး အများစုဟာ အသက်အရွယ်ကြီးရင့်မှု ၊ နယ်မြေလုမှုတွေကြောင့် ဆုံးပါးခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ သားရိုင်းတိရစ္ဆာန် မှောင်ခိုသမားတွေ လက်ချက်ကြောင့် သေဆုံးမှု မရှိစေရေး စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပြီး အိန္ဒိယတနိုင်ငံလုံးမှာ ကျားအကောင်ရေ သုံးထောင်၀န်းကျင်သာ ကျန်ရှိတယ်လို့ ပြောပါတယ်။