ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီ ၁၆ ရက် နိုင်ငံတဝန်းသတင်း အနှစ်ချုပ်- ရွှေဘို၊ ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးကို သတ်ဖြတ်ခဲ့တဲ့အဖွဲ့ကို ဖမ်းမိထား
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာမှာ ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ ဖာသာ ဒေါ်နယ်မာတင် (ခေါ် ) ရဲနိုင်ဝင်းကို သတ်ဖြတ်သွားတဲ့ အဖွဲ့ကို ဖမ်းမိပြီလို့ ရွှေဘိုခရိုင် စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ဘုန်းတော်ကြီးကို သတ်သွားတဲ့အဖွဲ့ဟာ တအုံကျေးရွာ ဒေသကာကွယ်ရေးအဖွဲ့ဖြစ်ပြီး ခေါင်းဆောင်အပါအဝင် သတ်ဖြတ်မှုမှာ ပါဝင်ကျူးလွန်သူ ၁၀ ယောက်ကို ရွှေဘိုခရိုင် တပ်ရင်း ၅ က ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
"စစ်ဆေးနေကြပါတယ်။ သူတို့သတ်ခဲ့ကြောင်း ဝန်ခံချက်ရထားပေမယ့် ဘာ့ကြောင့်သတ်တယ်ဆိုတာ စစ်ချက်ယူနေတုန်းပါပဲ"လို့ ရွှေဘိုခရိုင် ရေဦးမြို့နယ်အခြေပြု People's Defense Comrade က ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။
အသက် ၄၄ နှစ်အရွယ်၊ ဝါတော် ၇ နှစ်ရှိတဲ့ ဖာသာဒေါ်နယ်မာတင် ဟာ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှာ သာသနာ့တာဝန်ကို ထမ်းဆောင်နေတာ ၂ နှစ်နီးပါးရှိတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီကျော်မှာ ကံကြီးတောရွာက လုဒ်မယ်တော်သခင်မ ဘုရားကျောင်းထဲကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ဘုန်းတော်ကြီးကို ဓားနဲ့ ခုတ်သတ်ဖြတ်သွားတာလို့ သိရပါတယ်။
ဘုန်းတော်ကြီးရဲ့ အလောင်းကို ကံကြီးတောရွာကနေ ရွှေဘိုမြို့ကို ဖေဖော်ဝါရီ ၁၅ ရက်က သယ်ယူသွားပြီး ရွှေဘိုမြို့ကနေမှ ပြင်ဦးလွင်မြို့ကို ထပ်သယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူ့ကို ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။
အသတ်ခံရတဲ့ ဘုန်းတော်ကြီးဟာ နိုင်ငံရေး အရှုပ်အရှင်းလည်း ကင်းရှင်းသလို ရပ်ရွာကလည်း ကြည်ညိုလေးစား အားထားရသူဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖာသာ ဒေါ်နယ်မာတင်ဟာ ၂၀၁၈ ခုနှစ်မှာ ပြင်ဦးလွင်မြို့ Our Lady of Lourdes's Parish ဘုရားကျောင်းမှာ ထာဝရ ရဟန်းသိက္ခာကို ခံယူခဲ့သူဖြစ်ပြီး တာဝန်ထမ်းဆောင်ရင်း အသတ်ခံရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ မန္တလေးဂိုဏ်းချုပ် သာသနာကလည်း ထုတ်ပြန်ထားပါတယ်။
ကံကြီးတောရွာဟာ ရွှေဘိုမြို့နဲ့ ဝက်လက်မြို့နယ် ဟန်လင်းပျူဟောင်း မြို့ကြားမှာရှိပြီး တော်လှန်ရေးအဖွဲ့အစည်းတွေ အားကောင်းတဲ့ ဒေသထဲမှာ ပါဝင်တာကြောင့် ဘာသာရေး ခေါင်းဆောင်တစ်ယောက် အသတ်ခံရတာကို အမှုမှန် ပေါ်ပေါက်အောင် စစ်ဆေးပေးဖို့ တောင်းဆိုနေကြပါတယ်။
ပြည်ပလုပ်သားစေလွှတ်ခွင့်ထပ်ပြီးကန့်သတ်ဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီး ဆွေးနွေး
ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေရဲ့ လိုင်စင်ကြေးကို တိုးမြှင့်ကောက်ပြီး ပြည်ပလုပ်သားစေလွှတ်တာကို အရေအတွက်နဲ့ သတ်မှတ်ဖို့ဆိုတဲ့ အချက်တွေကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးအသစ် ဦးချစ်ဆွေက အေဂျင်စီတွေကို ဆွေးနွေးထားတယ်လို့ အေဂျင်စီတွေဘက်က ဘီဘီစီကိုပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး ဦးချစ်ဆွေနဲ့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ (MOEAA)က အလုပ်အမှုဆောင် အဖွဲ့ဝင်တွေက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှာ တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
အဲဒီအစည်းအဝေးမှာ ပြည်ပကို စေလွှတ်မယ့် အလုပ်သမားတွေကို တစ်လမှာ ထိုင်းကိုအယောက် ၂၀၀၊ ဂျပန်ကို အယောက် ၂၀၀၊ မလေးရှားကို အယောက် ၁၀၀ အထိ ကန့်သတ်ဖို့ဆိုတဲ့ အချက်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ အေဂျင်စီတချို့က ပြောပါတယ်။
"ဝန်ကြီးကတော့ ပြောတာပေါ့။ ဒါပေမဲ့ အလုပ်သမားတွေကို အဲဒီလောက်ထိ ကန့်သတ်လာရင် ဘယ်နိုင်ငံက မြန်မာအလုပ်သမားတွေကို ခေါ်တော့မှာလဲ၊ တခြားနိုင်ငံသားတွေကိုပဲ ခေါ်မှာပေါ့၊ အခုဖြစ်နေတဲ့ အခက်အခဲတွေကိုလည်း အေဂျင်စီတွေဘက်က ပြန်ပြောတာတွေတော့ ရှိခဲ့တယ်။ ဆွေးနွေးပွဲမှာ အဖြေတော့ သေချာထွက်တာမရှိခဲ့ပါဘူး"လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုက တာဝန်ရှိသူတစ်ယောက်က အပြန်အလှန်ဆွေးနွေးခဲ့တဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။
ဒါ့အပြင် အေဂျင်စီရဲ့ လိုင်စင်ကြေးတိုးမြှင့်သတ်မှတ်မယ့်ကိစ္စကိုလည်း ထည့်သွင်းပြောကြားခဲ့ပေမဲ့ ဘယ်လောက်ပမာဏအထိ တိုးမြှင့်မယ်ဆိုတာကိုတော့ တိတိကျကျ ပြောတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။
လိုင်စင်ကြေးကို ငွေကျပ် သိန်း ၅၀၀၀ အထိ ငွေပေါင်တင်ရန် ပြောဆိုတယ်ဆိုတဲ့ သတင်းတွေထွက်နေပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
ထိုင်းနိုင်ငံကို လတ်တလော အလုပ်သမားပို့ဆောင်ခွင့် ရပ်ဆိုင်းထားတာကြောင့် ပြန်ဖွင့်မယ့်အချိန်ကို စောင့်ဆိုင်းနေတဲ့ အလုပ်သမားတွေကိုလည်း ပြန်လည်ဖြေလျှော့ ပို့ဆောင်ခွင့်ပေးဖို့ အေဂျင်စီတွေဘက်က ဆွေးနွေးခဲ့ပါတယ်။
အလုပ်သမားဝန်ကြီးဘက်ကတော့ အကန့်အသတ်နဲ့ ပြန်ခွင့်ပြုဖို့ စီစဉ်ပေးမယ့်အကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်အပြန်အလှန် ဆွေးနွေးမှုက ရရှိတဲ့ အချက်အလက်တွေကို လာမယ့် ရက်ပိုင်းအတွင်းအလုပ်သမားဝန်ကြီးဌာနက စာထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဦးချစ်ဆွေက MOEAA အနေနဲ့ ခေတ်နဲ့လျော်ညီတဲ့ လုပ်ငန်းစနစ်တွေကို လေ့လာပြီး အားနည်းချက်၊ အားသာချက်တွေကို ရှာဖွေဖော်ထုတ်ဖို့၊ အဖွဲ့ဝင် ကုမ္ပဏီတွေရဲ့ တင်ပြချက်တွေအပေါ် စိတ်ရှည်သည်းခံ ထိန်းညှိဆောင်ရွက်ဖို့၊ ဂုဏ်သိက္ခာရှိရှိ ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်နိုင်ရေး ကြိုးပမ်းကြဖို့ တွေကို ပြောခဲ့တယ်လို့ စစ်ကောင်စီရဲ့ နေ့စဉ်ထုတ် သတင်းတွေကတော့ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီပေါင်း ၅၉၅ ခုရှိပြီး အဲဒီထဲမှာ ယာယီပိတ်သိမ်းခံရတဲ့ ကုမ္ပဏီ ၄ ခုရှိပါတယ်။
ရန်ကုန်၊ တောင်ဥက္ကလာ ငွေကြာရံဘုန်းကြီးကျောင်းကိုဝင်ရောက်ပြီး ဖုန်းခိုးသူတချို့ ဖမ်းဆီးရမိ
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ငွေကြာရံစာသင်တိုက်မှာ အဖွဲ့လိုက်ဖုန်းခိုးဖို့ ကြိုးစားခဲ့သူ ၃ ဦးကို ဝိုင်းဝန်းဖမ်းဆီးကြလို့ တစ်ဦးကိုလက်ဝယ်မိခဲ့တယ်လို့ ငွေကြာရံကျောင်းတိုက် ဆရာတော်တစ်ပါးက ထုတ်ပြောထားသလို လူမှုကွန်ရက်မှာလည်းပျံ့နှံ့နေပါတယ်။
သံဃာတော်တွေ ဆွမ်းခံထွက်ချိန်မှာ မနက် ၅ နာရီဝန်းကျင်မှာ တက္ကစီနဲ့အတူ လူသုံးယောက်က ကျောင်းသံဃာတော်တွေရဲ့ ဖုန်းကို ဝင်ရောက်ခိုးယူနေတာကို ကျောင်းသားတစ်ယောက်က တွေ့ပြီး အော်ဟစ် ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။
ဖုန်းလာခိုးသူ ၃ ယောက်ထဲက တစ်ယောက်ကိုသာ မိလိုက်ပြီး သူ့လက်ထဲမှာ ဘုန်းကြီးကျောင်းကနေ ခိုးယူထားတဲ့ ဖုန်း ၅ လုံးကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဖမ်းမိထားသူကို ရပ်ကွက်တာဝန်ရှိသူတွေက မေးမြန်းပြီး ရဲစခန်းကို ပို့လိုက်ပြီးနောက် သူ့မိသားစုဝင်တွေကို ဆက်သွယ်ခဲ့ချိန်မှာ လာရောက်တောင်းပန်ကြတာကြောင့် ကျေအေးပြီး လွှတ်ပေးလိုက်ပေမဲ့ အမှုဖွင့်ဖို့လိုအပ်တယ်ဆိုကာ သက်ဆိုင်ရာက ဖုန်းတွေကို ပြန်သိမ်းသွားတယ်လို့ သိရပါတယ်။
"မိသားစုက တောင်းပန်သဖြင့် သံဃာတော်များက ကျေအေးခွင့်လွှတ်ပေးလိုက်ကြသော်လည်းဒီသတင်းလိုင်းပေါ်တက်လာသဖြင့် အမှုဖွင့်ရန်ဟုဆိုကာ ခိုးယူထားသောဖုန်းများ သက်ဆိုင်ရာမှ လာရောက်တောင်းယူသွားကြလေသည်"လို့ ငွေကြာရံကျောင်းတိုက် ဆရာတော်တစ်ပါးက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အုပ်စုဖွဲ့ ဖုန်းခိုးယူသူကို ဖမ်းမိပြီးနောက်ပိုင်း ဆောင်ရွက်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးရုံးကို ဖုန်းဆက်မေးမြန်းပေမဲ့ ပြန်ပြီးဖြေဆိုတာ မရှိပါဘူး။
မြဝတီ ကျားဖြန့်ဂိုဏ်းတွေက နိုင်ငံခြားသား ၈၀၀ နီးပါးကို စစ်ကောင်စီ ထိန်းသိမ်းထား
ထိုင်း-မြန်မာနယ်စပ် ၊ ကရင်ပြည်နယ်၊ မြဝတီမြို့ထဲက ကျားဖြန့် ဂိုဏ်း ၂ ခု ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက် ကနေ ဖေဖော်ဝါရီ ၁၅ ရက် အထိ ၁၇ ရက်အတွင်း တရားမဝင်နိုင်ငံခြားသား ၈၀၀ နီးပါးကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ထိန်းသိမ်းထားတဲ့အထဲမှာ တရုတ်၊ အင်ဒိုနီးရှား၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဗီယမ်နမ်၊ ယူဂါန်ဒါ၊ ထိုင်း စတဲ့ နိုင်ငံသားတွေပါတယ်လို့ဆိုပါတယ်။
မြဝတီမြို့ထဲက ရွှေကုက္ကိုနဲ့ KK Park တွေထဲက အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နဲ့ တရားမဝင် အွန်လိုင်း လောင်းကစားတွေက ဒုစရိုက်မှုကျူးလွန်သူတွေကို စစ်ဆေးဖော်ထုတ်ချိန်မှာ ဒီနိုင်ငံခြားသား ၇၉၉ ဦးကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
ထိန်းသိမ်းထားသူတွေထဲကို ဇန်နဝါရီ ၃၁ ရက် မှာ ၆၁ ယောက်၊ ဖေဖော်ဝါရီ ၁၁ ရက် မှာ ၆၉ ယောက်၊ ဖေဖော်ဝါရီ ၁၄ ရက်မှာ အယောက် ၂၀၀၊ ဖေဖော်ဝါရီ ၁၅ရက် မှာ ၄၆၉ ယောက်တွေ့ရှိခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အဲဒီထဲက ဇန်နဝါရီ ၃၁ ရက်မှာ ထိန်းသိမ်းရမိတဲ့ ၆၁ ယောက်ကိုတော့ ထိုင်းနိုင်ငံကို လွှဲပြောင်းပေးလိုက်ပြီဖြစ်ပြီး ကျန်တဲ့ သူတွေကိုလည်း သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လွှဲပို့ဖို့ မှတ်တမ်းကောက်ယူထားပြီလို့လည်း ဆိုပါတယ်။
မြဝတီမြို့ထဲမှာ ရွှေကုက္ကို၊ KK Park တို့သာမက တခြား ကျားဖြန့်လုပ်ငန်းခွင်မှာ လုပ်ကိုင်နေသူတွေ နှစ်ထောင် ဝန်းကျင်လောက် ရှိနိုင်တယ်လို့ မြဝတီမြို့ ဒေသခံတွေက ယူဆထားကြပါတယ်။
စစ်ကောင်စီက တွေ့ရှိထားတဲ့ ကျားဖြန့်အလုပ်သမားတွေကို လက်ရှိအချိန်မှာ မြဝတီမြို့က ဘောလုံးကွင်းထဲမှာထားထားတယ်လို့ သိရှိရပါတယ်။
ကျားဖြန့်လုပ်ငန်းခွင်ကနေ ထိန်းသိမ်းထားတဲ့ တရားမဝင်နိုင်ငံခြားသားတွေကို လွှဲပြောင်းရယူဖို့ကိုလည်း ထိုင်းနဲ့မြန်မာ ပြည်ထဲရေးဌာန တာဝန်ရှိသူတွေ ဖေဖော်ဝါရီ ၁၅ ရက် မနေ့က ဆွေးနွေးခဲ့ကြပါတယ်။
ကျားဖြန့်ကနေ လူကုန်ကူးခံရသူတွေကို တစ်ရက် အယောက် ၅၀၀ အထိ လက်ခံနိုင်ဖို့ ထိုင်းက အဆင်သင့်ပြင်ထားသလို လွှဲပြောင်းရေး လုပ်ငန်းစဉ်တွေကိုလည်း ဖေဖော်ဝါရီ ၁၇ မှာ စတင်ဖို့ မျှော်လင့်တယ်လို့လည်း ထိုင်းဘက်က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်၊ လှိုင်ရတနာဈေး အချိန် ၁ နာရီကျော်မီးလောင်၊ ဆိုင်ခန်းအများစုဆုံးရှုံး
ရန်ကုန်မြို့၊ လှိုင်မြို့နယ်က လှိုင်ရတနာဈေး ဖေဖော်ဝါရီ ၁၆ ရက် မနက်အစောပိုင်း ၁၂ နာရီကျော်က မီးလောင်မှုကြောင့် ဆိုင်ခန်းအများစု ဆုံးရှုံးပြီး စျေးမျက်နှာစာက ဆိုင်ခန်းတွေသာ ကျန်ခဲ့တယ်လို့ လှိုင်မြို့ခံက ဘီဘီစီကိုပြောပါတယ်။
ထပ်မံသိရှိရတဲ့ သတင်းအချက်အလက်ကတော့ လှိုင်ရတနာဈေးနဲ့ ကပ်ရပ် နေအိမ်မှာ နေထိုင်တဲ့ အသက် ၇၀ ကျော်အရွယ် သက်ကြီးရွယ်အို အမျိုးသားတစ်ယောက်ဟာ မီးလောင်တာကို ထိတ်လန့်ပြီး နှလုံးရောဂါနဲ့ ဆေးရုံပို့ချိန်မှာ သေဆုံးတယ်လို့ လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။
မီးငြိမ်းသတ်ဖို့ ကူညီပေးတဲ့ ပရဟိတအဖွဲ့ဝင် နှစ်ယောက်လည်း ထိခိုက်ဒဏ်ရာတချို့ ရရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက် အရ Level 2 အဆင့် ရောက်ရှိခဲ့ပြီး မနက် ၁ နာရီကျော်မှာ မီးငြိမ်းခဲ့တာကြောင့် မီးလောင်ကျွမ်းချိန် ၁ နာရီ ကျော်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ မီးသတ်ဦးစီးဌာနကတော့ မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ဆုံးရှုံးမှု ပမာဏကိုထုတ်ပြန်တာမရှိသေးပါဘူး။
လှိုင်မြို့ခံတစ်ယောက်ကတော့ အလှည့်ကျ မီးလာချိန် ည ၉ နာရီ နောက်ပိုင်းမှာ ဆိုင်ခန်းတစ်ခုကနေ မီးစလောင်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။
" မီးသတ်ကားတွေ တော်တော်လာကြရတယ်၊ မီးကတော်တော်ပြင်းတယ်၊ ပိုက်တွေဆွဲပြီးတော့ပဲ မီးသတ်ကြရတာ၊ စျေးအတွင်းပိုင်းနဲ့ အလယ်ပိုင်းက ဆိုင်ခန်းတွေတော့ အကုန်ပါသွားတာပဲ"လို့ လှိုင်မြို့ခံတစ်ယောက်က ပြောပါတယ်။
အထည်အလိတ်ဆိုင်တွေ၊ လူသုံးကုန်ပစ္စည်းဆိုင်တွေကတော့ မီးလောင်တဲ့အထဲ ပါသွားတာများတယ်လို့လည်း သိရပါတယ်။
ကုန်ခြောက်ဆိုင်၊ အလှကုန်ပစ္စည်းဆိုင်တွေအပါအဝင် လှိုင်ရတနာဈေး မျက်နှာစာမှာ ကျန်ခဲ့တဲ့ဆိုင်တွေကနေ ပစ္စည်းတွေကို ဒီနေ့မနက်ပိုင်းမှာ လာသယ်ခိုင်းပြီး ဈေးထဲကို အဝင်အထွက်တွေ ကန့်သတ်ထားတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက် ကလည်း ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာဈေးမှာ မနက် ၄ နာရီဝန်းကျင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင် မိသားစုက ရွှေတိဂုံစေတီတော်ကို ရွှေ ၁၂ ကျပ်သားလှူ
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့အဖွဲ့ဝင်တွေ ဟာ ဖေဖော်ဝါရီ ၁၅ ရက်က ရွှေတိဂုံစေတီတော်နဲ့ အထက်ပစ္စယံကိုတက်ရောက်ပြီး ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ်ကိုဖူးမြော်သလို စိန်ဖူးတော်ရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးခဲ့တယ်ဆိုပြီး စစ်ကောင်စီက ဓာတ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင်မိသားစုက ငှက်ပျောဖူးတော်နေရာမှာ ရွှေစင် ၆ ကျပ်သားရှိတဲ့ ရွှေပြားသင်္ကန်း ၂ ချပ်ကို လှူဒါန်းတာလည်းတွေ့ရပါတယ်။
အနည်းဆုံး လေးနှစ် တကြိမ် ရွှေသင်္ကန်းကပ်လှူတဲ့ ရွှေတိဂုံစေတီတော်ကို အခုနှစ်မှာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူဖို့အတွက် အလေးချိန် ၆ ကျပ် သားရှိ ၁ ပေပတ်လည် ရွှေပြား(Gold Plate) စုစုပေါင်း ၁,၂၀၀ ချပ် လိုအပ်မှာဖြစ်ပြီး လက်ရှိ ကပ်လှူပြီးစီးမှုမှာ ၁,၀၆၀ ချပ်ဖြစ်တာကြောင့် အချပ်ရေ ၁၄၀ ချပ် လိုအပ်တယ်လို့ စစ်ခေါင်းဆောင်ကို ဂေါပကအဖွဲ့က တင်ပြပါတယ်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို ၁၈၉၉ ခုနှစ်ကစတင်ပြီး ရွှေသင်္ကန်းတော်ကပ်လှူပူဇော်မှုစတင်ခဲ့တာဖြစ်ပြီး ၁၉၈၀ ခုနှစ်နောက်ပိုင်းနဲ့ အဲဒီနောက်ပိုင်း ၂၀၁၀ ခုနှစ်ကြားကာလတွေမှာ စစ်အစိုးရခေါင်းဆောင်တွေက ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းနှစ်တွေကနေ ၂၀၁၉ ခုနှစ်အထိ ၄ နှစ် တစ်ကြိမ် ဒါမှမဟုတ် ၅ နှစ် တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြတယ်လို့ ဂေါပကမှတ်တမ်းတွေကဖော်ပြပါတယ်။
အထင်ရှားဆုံးကတော့ ၁၉၉၀ နောက်ပိုင်း နဝတ/နအဖ လက်ထက်မှာ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ရွှေတိဂုံစေတီတော်ဘက်စုံပြုပြုင်ရေးဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ ရွှေတိဂုံဘုရားကို ထီးတော်သစ်တင်လှူတာနဲ့ ရွှေသင်္ကန်းကပ်လှူတာကို အကြီးကျယ်ဆုံးပြုလုပ်ခဲ့တာဖြစ်ပါတယ်။
တရုတ်မှာဆွေးနွေးပွဲရှိချိန် စစ်တပ်က နောင်ချို ကို ဗုံးကြဲတယ်လို့ TNLA ပြော
မြန်မာစစ်တပ်နဲ့ တအာင်းတပ် - TNLA ရဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့ က ဆွေးနွေးပွဲရှိနေချိန်မှာပဲ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ထဲက နာဆွေကျေးရွာနဲ့ အုမ္မတီးကျေးရွာ အပါအဝင် ကျေးရွာ ၄ ရွာထက်မနည်းကို ဖေဖော်ဝါရီ ၁၅ ရက် တနေ့လုံးနီးပါး လေကြောင်းကနေ ဗုံးကြဲတာနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
TNLA အပြောအရ နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာနဲ့ တောင်ရွှေကျေးရွာတိုကို တောင်ခမ်းစခန်း - ခမရ (၄၀၆)၊ တပ်ရင်း (၃၅၄)နဲ့ တပ်ရင်း (၉၀၂)တို့က လက်နက်ကြီးနဲ့ ကျည် အလုံးရေ ၁၀၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
နေ့လယ်ပိုင်းမှာတော့ Y-12 လေယာဉ်ကိုသုံးပြီး လေကြောင်းကနေ နာဆွေကျေးရွာထဲကို ဗုံးအလုံးရေ အကြိမ် ၃၀ ကျော် ကြဲခဲ့တယ်လို့ လည်းဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ နောင်ချိုမြို့နယ်ထဲက ကျေးရွာ ၄ ရွာ ဗုံးကြဲခံရတာနဲ့ လက်နက်ကြီးပစ်ခတ်ခံရတယ်ဆိုတာနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
တရုတ်ရဲ့ ကြားဝင်စေ့စပ်ကြောင့် TNLA နဲ့ မြန်မာစစ်တပ် ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာ ကူမင်းမြို့ကို ရောက်နေကြပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
လက်ရှိစစ်ရေးပြဿနာတွေကို ပြေလည်အောင်ဆွေးနွေးမယ်လို့ဆိုပြီး မြန်မာစစ်တပ်ဘက်က ကထစ (၁) ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ TNLA ဘက်က ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်တဲ့ ကိုယ်စားလှယ် ၉ ယောက်တို့ တွေ့ဆုံမယ်လို့ TNLA က အစောပိုင်းကထုတ်ပြန်ထားပါတယ်။
TNLA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီ ၆ ရက်မှာ နောင်ချိုမြို့ သပြေတောင်ဘုရားကုန်းပေါ်က ဘိုးဘွားရိပ်သာကို လေကြောင်းတိုက်ခိုက်တာကြောင့် အမျိုးသား ၁ ယောက် ထိခိုက်ခဲ့သလို ဖေဖော်ဝါရီလ ၁၀ ရက်မှာတော့ မိုးကုတ်မြို့ကို လေကြောင်းကနေ ဗုံးကြဲတဲ့တွက် ဒေသခံ ၅ ယောက် သေဆုံးခဲ့ပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။