မေ ၁၇ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- အန်ကောဝပ်မှာ မိုးကြိုးပစ်လို့ သုံးဦးသေဆုံး

မိုးကြိုးပစ်ခံရလို့ ဆေးရုံရောက်လာသူတွေ

ဓာတ်ပုံ ရင်းမြစ်, Khmer Times

ဓာတ်ပုံ ပုံစာ, မိုးကြိုးပစ်ခံရလို့ ဆေးရုံရောက်လာသူတွေ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

ကမ္ဘောဒီးယားနိုင်ငံက အန်ကောဝပ်ဘုရားကျောင်းတော်မှာ မနေ့က မိုးကြိုးပစ်တာကြောင့် သုံးဦးသေဆုံးပြီး လူဒါဇင်ချီ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကမ္ဘောဒီးယားနဲ့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာမှာ ဒေသခံတွေရော ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေပါ ရှိနေချိန် ညနေ ငါးနာရီလောက်မှာ ဖြစ်ခဲ့တာပါ။

အရေးပေါ်ကုသရေးဝန်ထမ်းတွေ အခင်းဖြစ်ပွားရာကိုရောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေကို အနီးဝန်းကျင်က ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။

ထိခိုက်မှုရှိသူတွေဟာ ဖနွမ်ပင်နဲ့ ကမ်ပေါ့ ဒေသခံတွေဖြစ်တယ်လို့ ကနဦးစစ်ဆေးမှုတွေအရသိရပါတယ်။

မြန်မာနိုင်ငံက ရခိုင်ပြည်နယ် ကျောက်တော်မြို့၊ ဇင်းခါရှည်ရွာမှာလည်း မေ ၁၄ ရက်က မိုးကြိုးပစ်တာကြောင့် အသက် ၄ နှစ်အရွယ် ကလေးအပါအဝင် သုံးယောက်သေဆုံးခဲ့ပါတယ်။

လုပ်အားခ တိုးပေးဖို့ တောင်းဆိုနေတဲ့ ချန်းရိအလုပ်သမားတွေ အလုပ်ရှင်နဲ့ ညှိနှိုင်းလို့ မရသေး

တစ်ရက်လုပ်အားခ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတဲ့ အလုပ်သမားတွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တစ်ရက်လုပ်အားခ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတဲ့ အလုပ်သမားတွေ

ကမ္ဘာကျော် Adidas ဖိနပ်တွေကို ထုတ်လုပ်တဲ့စက်ရုံတစ်ရုံဖြစ်တဲ့ လှိုင်သာယာမြို့နယ် ချန်းရိ (Tsang Yih ) ဖိနပ်စက်ရုံမှာ တစ်ရက်လုပ်အားခသတ်မှတ်နှုန်းထား တိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမားတွေဟာ ၃ ရက်ကြာတဲ့အထိ ညှိနှိုင်းလို့ အဆင်မပြေသေးဘူးလို့ အလုပ်သမားရေးအကူအညီပေးသူတွေက ပြောပါတယ်။

တစ်ရက်လုပ်အားခ ၅၂၀၀ ကျပ်ကနေ ၁၂၀၀၀ အထိ တိုးပေးဖို့အပါအဝင် အချိန်ပိုကြေး၊ နှစ်စဉ်ကြေး၊ ကျွမ်းကျင်ကြေး၊ ရက်မှန်ကြေးတွေကို တိုးမြှင့်ပေးဖို့ အလုပ်သမား ၅ ထောင်ကျော်က မေ ၁၄ ရက်ကစပြီး ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

"အလုပ်သမားတွေက အလုပ်ချိန်လာပြီးဆန္ဒပြတယ်၊ အလုပ်ချိန်ပြီးရင် ပြန်ကြတာပေါ့။ ဒီနေ့ စနေနေ့ဆိုတော့ အလုပ်ပိတ်တယ်။ တနင်္လာနေ့အထိ သုံးရက်ဆက်ပိတ်မှာဖြစ်လို့ သပိတ်တော့ မဖြစ်ပေမဲ့ အလုပ်ရှင်နဲ့ ညှိနှိုင်းလို့ မရသေးတော့ တောင်းဆိုတာတွေက ဆက်ရှိနေသေးတာပေါ့"လို့ ဆန္ဒပြ အလုပ်သမားတွေကို ကူညီပေးနေတဲ့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) က တာဝန်ရှိသူ မအိက ပြောပါတယ်။

အလုပ်သမားတွေဟာ လက်ရှိ ကုန်ဈေးနှုန်းနဲ့ တစ်ရက်လုပ်အားခနဲ့ မလောက်ငှကြတာကြောင့် တောင်းဆိုကြတာ လို့ဆိုပါတယ်။

Adidas ဖိနပ်တံဆိပ်ဟာ နိုင်ငံတကာမှာ လူသိများတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပေမဲ့ အဲဒီဖိနပ်တွေကို ချုပ်လုပ်နေရတဲ့ မြန်မာအလုပ်သမားတွေကတော့ တစ်ရက်လုပ်အားက ၂ ဒေါ်လာတောင် မရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ အလုပ်သမား ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ရုရှားဒရုန်းတိုက်ခိုက်မှု ယူကရိန်းဘတ်စ်ကားတစ်စီးကိုထိမှန်၊ ကိုးဦးသေဆုံး

ယူကရိန်းရဲတပ်ဖွဲ့က ဘတ်စ်ကားတိုက်ခိုက်ခံရတာကို စစ်ရာဇဝတ်မှုလို့ ပြော

ဓာတ်ပုံ ရင်းမြစ်, Sumy regional military administration

ဓာတ်ပုံ ပုံစာ, ယူကရိန်းရဲတပ်ဖွဲ့က ဘတ်စ်ကားတိုက်ခိုက်ခံရတာကို စစ်ရာဇဝတ်မှုလို့ ပြော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရုရှားဒရုန်းရဲ့ တိုက်ခိုက်မှုတစ်ခုက အရပ်သားတွေလိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီးကို ထိမှန်ခဲ့တာကြောင့် လူကိုးဦးသေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာအစိုးရအရာရှိတွေက ပြောပါတယ်။

ရုရှားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ ဆူမီကို ထွက်ခွာလာတဲ့ ဘတ်စ်ကားဟာ စနေနေ့နံနက်ပိုင်းမှာ ဘီလိုပီလီယာမြို့မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး လူခုနစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆူမီဒေသဆိုင်ရာစစ်အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုထားပါတယ်။

ယူကရိန်းရဲတပ်ဖွဲ့ကတော့ ဘတ်စ်ကားတိုက်ခိုက်ခံရတာကို စစ်ရာဇဝတ်မှုပဲလို့ ပြောခဲ့ပြီး ရုရှားကတော့ ဆူမီက စစ်ဘက်ဆိုင်ရာနေရာတစ်နေရာကို ထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စနေနေ့ နံနက်ပိုင်းကတိုက်ခိုက်မှုမှာ ရုရှားလုပ် လန်းဆက်ဒရုန်းကို အသုံးပြုခဲ့တဲ့အကြောင်း ဆူမီဒေသအကြီးအကဲ အိုလာ ဟရိုင်ဟိုရော့ဗ်က ပြောပါတယ်။

၂၀၂၂ ခုနှစ်ကစလို့ ပထမဆုံးအကြိမ်အဖြစ် ရုရှားနဲ့ ယူကရိန်းကြား မျက်နှာချင်းဆိုင် ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် နာရီအနည်းငယ်အကြာမှာ ဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲဟာ စစ်သုံ့ပန်းချင်းဖလှယ်ဖို့ သဘောတူတာကလွဲလို့ တိုးတက်မှုမရှိခဲ့ပါဘူး။

မလေးရှားကိုပို့မယ့် ကျပ် ၂၈၂ ဘီလျံ တန်ကြေးရှိ မူးယစ်ဆေးတွေဖမ်းမိ

မလေးရှားနိုင်ငံကို ပို့မယ့်မူးယစ်ဆေးတွေကို စစ်ကောင်စီက ဖမ်းမိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, မလေးရှားနိုင်ငံကို ပို့မယ့်မူးယစ်ဆေးတွေကို စစ်ကောင်စီက ဖမ်းမိခဲ့ပါတယ်။

မလေးရှားကိုပို့မယ့် ကာလငွေတန်ဖိုး ကျပ် ၂၈၂ ဒသမ ၃၂၅ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးတွေကို ဖမ်းမိတဲ့အကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

တိုင်းဒေသကြီး လေးခု က မြို့နယ် ၆ ခုကနေ ICE နဲ့ ကတ်တမင်းတွေ သယ်ဆောင်တဲ့ ကွင်းဆက် တရားခံ ၂၆ ဦးအထိ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ ဖျာပုံက စက်လှေတစ်စင်းပေါ်မှာ မူးယစ်ဆေးတွေ စတင်ဖမ်းမိရာကနေ တနင်္သာရီတိုင်းထဲက ကော့သောင်းနဲ့ ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ လှည်းကူး၊ မင်္ဂလာဒုံနဲ့ ပဲခူးတိုင်းထဲက ပြည်မြို့တွေကနေ ဆက်တိုက်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

တရားခံတွေထဲမှာ အာရက္ခတပ်တော်- AA ကို ထောက်ပံ့ပေးနေတဲ့သူတွေလည်း ပါဝင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

ဒါနဲ့ပတ်သက်လို့ အာရက္ခတပ်တော်- AA ပြန်ကြားရေးတာဝန်ရှိသူ ဦးခိုင်သုခကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ ဒီမူးယစ်ဆေးတွေကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကနေ ဝယ်ယူခဲ့ပြီး မလေးရှားကို ပို့ဆောင်တာ လို့ သိရပါတယ်။

ချက်တူချက်အဆောက်အအုံပြိုကျမှု ကန်ထရိုက်အပါအဝင် ၁၅ ဦး အမှုရင်ဆိုင်

ဘန်ကောက်မှာ ငလျင်လှုပ်ခတ်တာကြောင့် ပြိုကျပျက်စီးသွားတဲ့အဆောက်အဦ

ဓာတ်ပုံ ရင်းမြစ်, Ponnapa

ဓာတ်ပုံ ပုံစာ, ဘန်ကောက်မှာ ငလျင်လှုပ်ခတ်တာကြောင့် ပြိုကျပျက်စီးသွားတဲ့အဆောက်အဦ

ဘန်ကောက် ချက်တူချက်က ဆောက်လက်စ နိုင်ငံတော်စာရင်းစစ်ရုံးမိုးမျှော်အဆောက်အအုံ ပြိုကျမှုနဲ့ တရားစွဲခံထားရတဲ့ အဓိကကန်ထရိုက်တာ အီတာလျံ-ထိုင်းဖွံ့ဖြိုးရေးကုမ္ပဏီ(ITD) ရဲ့ ဥက္ကဋ္ဌ အပါအဝင် ၁၅ ဦး မနေ့က ရဲစခန်းကို လာရောက်ခဲ့ကြပါတယ်။

လူကိုးဆယ်ကျော်သေဆုံးခဲ့တဲ့ အဆောက်အအုံပြိုကျမှု စွဲချက်တွေကို ရင်ဆိုင်ဖို့ အသက် ၇၁ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်ငန်းရှင် ပရမ်ချိုင် ကာနာဆူတာ ဟာ ဘန်ဆူးရဲစခန်းကို ဘီးတပ်ကုလားထိုင်နဲ့လာရောက်ခဲ့တယ် လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ရဲစခန်းကိုလာရောက်သူတွေထဲမှာ ITD အမှုဆောင်ဒုတိယဥက္ကဋ္ဌနဲ့ မူလဒီဇိုင်းကို အတည်ပြုပေးခဲ့တဲ့ အင်ဂျင်နီယာ ပီမို ချာရွန်ယင်းတို့လည်း ပါဝင်ပါတယ်။

သူတို့ဟာ ငလျင်ကြောင့် အထပ် ၃၀ အဆောက်အအုံပြိုကျမှုနဲ့ဆက်စပ်လို့ ဖမ်းဆီးမိန့်ထုတ်ခံရသူ ၁၇ ဦးထဲမှာ ပါဝင်သူတွေဖြစ်ပြီး နောက်ထပ်သံသယရှိသူနှစ်ဦးက တနင်္လာနေ့မှာ အာဏာပိုင်တွေဆီ လာရောက်မှာဖြစ်ပါတယ်။

အဆောက်အအုံဒီဇိုင်းဟာ လုံခြုံရေးဆိုင်ရာစည်းမျဉ်းတွေချိုးဖောက်ထားပြီး အရည်အသွေးမပြည့်မီတဲ့ ပစ္စည်းတွေ သုံးထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက စစ်ဆေးတွေ့ရှိပြီးနောက်မှာ ဖမ်းမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။

ဗိသုကာဒီဇိုင်းက ဝန်ကြီးဌာနသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာခြင်းမရှိသလို နည်းပညာပိုင်းဆိုင်ရာစံနှုန်းတွေနဲ့လည်း မညီဘူးလို့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်မှာ ဖော်ပြထားတဲ့အကြောင်း ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဒါပေမဲ့ သံသယတရားခံ ၁၅ ဦးက စွပ်စွဲချက်တွေကို ငြင်းပယ်ထားပါတယ်။

ဆောက်လက်စ နိုင်ငံတော်စာရင်းစစ်ရုံးမိုးမျှော်အဆောက်အအုံကို ဘတ် ၂ ဒသမ ၁ ဘီလျံ အကုန်အကျခံ တည်ဆောက်နေတာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးထောင်ကျော် သေဆုံးခဲ့ကြောင်း NUG ထုတ်ပြန်

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားတွေ နှစ်ဒါဇင် သေဆုံးခဲ့ရတဲ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း စာသင်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားတွေ နှစ်ဒါဇင် သေဆုံးခဲ့ရတဲ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း စာသင်ကျောင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်နှစ်ကျော်အတွင်း အရပ်သား သုံးထောင်ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၂၃ ခုနှစ် ကနေ ၂၀၂၅ ခုနှစ် မေ ၁၂ ရက်အထိ စာရင်းပြုစုထားတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၆၇၉ ကြိမ်အထိရှိခဲ့တယ် လို့ ဆိုပါတယ်။

သေဆုံးသူ သုံးထောင်ကျော်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၄၄၁ ယောက် အထိရှိနေတာပါ။

ရန်ကုန်နဲ့ နေပြည်တော်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ် ၁၃ ခုမှာ လေကြောင်းတိုက်ခိုက်ခံကြရပြီး စာသင်ကျောင်းပေါင်း ၂၄၀၊ ဆေးရုံဆေးခန်း ၉၆ ခုနဲ့ ဘာသာရေး အဆောက်အဦပေါင်း ၄၃၅ ခုတို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာလည်း မေ ၁၄ ရက်နဲ့ ၁၅ ရက်မှာ ကျော်တော်မြို့ ရပ်ကွက်တွေထဲကို လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၈ ယောက်သေဆုံးပြီး ဒဏ်ရာရသူ ၁၄ ယောက်ရှိတယ်လို့ AA က မေ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေအတွက် တာဝန်ခံရမယ့်သူတွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာ တရားရုံးတွေ၊ နိုင်ငံအလိုက် တရားရုံးတွေမှာသာမက ပြည်တွင်းတရားဥပဒေတွေနဲ့ပါ တရားမျှတမှု ဖော်ဆောင်သွားမယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို ရပ်တန့်အောင် လက်တွေ့ကျတဲ့ အရေးယူ ဖိအားပေးဆောင်ရွက်တာတွေ လုပ်ဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။

စစ်သုံ့ပန်း မိသားစုဝင် အမျိုးသမီးနဲ့ ကလေး အယောက် ၂၀၀ ကျော် AA ပြန်လွှတ်

ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေကို အာရက္ခတပ်တော်က ပြန်လွှတ်ပေးတဲ့ အခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, AA စစ်ရေးအရင်းအမြစ်

ဓာတ်ပုံ ပုံစာ, ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေကို အာရက္ခတပ်တော်က ပြန်လွှတ်ပေးတဲ့ အခမ်းအနား

မင်းပြားမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော် AA က ဖမ်းမိထားတဲ့ စစ်သုံ့ပန်း မိသားစုဝင် အမျိုးသမီးနဲ့ ကလေး စုစုပေါင်း ၂၁၅ ယောက်ကို မေ ၁၆ ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ AA စစ်ရေးအရင်းအမြစ် က ဘီဘီစီကို ပြောပါတယ်။

စစ်သုံ့ပန်း မိသားစုဝင် အမျိုးသမီး ၉၅ ယောက်၊ ကလေး ကျား၊မ အယောက် ၁၂၀ တို့ကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

သူတို့တွေဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှာ သိမ်းပိုက်ရရှိတဲ့ တိုင်းဗဟို ၉ တန်းမြင့်လေ့ကျင့်ရေးကျောင်းက မိသားစုဝင်တွေ ဖြစ်တယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

"လူသားချင်း စာနာမှုခေါင်းစဉ်အောက်ကနေ လွှတ်ပေးတာပါ။ အပြင်က သူတို့မိသားစုတွေကို ဆက်သွယ်ခေါ်ယူပြီး အပ်ပေးလိုက်တာ။ သူတို့မိသားစုဝင် စစ်သုံ့ပန်းတွေကိုတော့ ဆက်ထိန်းသိမ်းထားတုန်းပါပဲ"လို့ ပြောပါတယ်။

NUG ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာခင်မောင်လွင် ဖြစ်လာ

NUG ကျန်းမာရေး ဒုဝန်ကြီးဖြစ်လာတဲ့ ဒေါက်တာခင်မောင်လွင်

ဓာတ်ပုံ ရင်းမြစ်, တယ်လီကျန်းမာ

ဓာတ်ပုံ ပုံစာ, NUG ကျန်းမာရေး ဒုဝန်ကြီးဖြစ်လာတဲ့ ဒေါက်တာခင်မောင်လွင်

အမျိုးသား ညီညွတ်ရေးရေးအစိုးရ NUG က မန္တလေး ဆေးတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာခင်မောင်လွင်ကို ကျန်းမာရေးဒုတိယဝန်ကြီး ခန့်အပ်လိုက်ပါတယ်။

ဒေါက်တာခင်မောင်လွင်ဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မန္တလေး ဆေးတက္ကသိုလ်ကို CDM တက္ကသိုလ်အဖြစ် ကျောင်းရှေ့ဝင်းတံခါးမှာ ဗီနိုင်းချိတ်ဆွဲထားခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

မန္တလေး ဆေးတက္ကသိုလ်ကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ ရှောင်တိမ်းခဲ့တာကနေ လက်ရှိအချိန်အထိ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ဒေါက်တာခင်မောင်လွင်ဟာ မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ် ၊ ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီးဖြစ်ပြီး CDM ဝင်ပြီးနောက် NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာန အကြံပေး၊ ဖက်ဒရယ် ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တာပါ။

ရန်ကုန်ဆေးတက္ကသိုလ် ၁ ကနေ ၁၉၈၇ ခုနှစ်မှာ M.B,B.S ဘွဲ့ရခဲ့တဲ့ ‌ဒေါက်တာခင်မောင်လွင်ဟာ ဘွဲ့ရပြီး နှစ်နှစ်အကြာ ၁၉၈၉ ခုနှစ်မှာ တပ်မတော် ဆေးတပ်ဖွဲ့မှာ ပြန်တမ်းဝင် ဆေးမှူးအနေနဲ့ ၃ နှစ်ကြာ တာဝန်ထမ်းခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာ တပ်မတော်ဆေးတပ်ဖွဲ့ကနေ ထွက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်အထူးကုဌာန၊ ၁၉၉၇ ခုနှစ်မှာ ဆေးမညာမဟာသိပ္ပံ(ခွဲစိတ်ပညာ) ဘွဲ့ ကို ရရှိခဲ့သလို ၂၀၀၀ ပြည်နှစ်မှာတော့ ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ် အထူးကုဆရာဝန်အဖြစ် မန္တလေးဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်တယ်လို့ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

၂၀၀၈ ခုနှစ်မှာ မန္တလေးဆေးရုံကြီးမှာ တွဲဖက်ပါမောက္ခအဖြစ် ရာထူးတိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ ပါမောက္ခ/ဌာနမှုး အဖြစ် ထပ်ရာထူးတိုးခဲ့တာပါ။

၂၀၁၅ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်ရာထူးဖြင့် ပြောင်းရွှေ့တာဝန်ထမ်းခဲ့ပြီး ကိုဗစ်ကာကွယ်ကုသရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ဟာ ဖေဖော်ဝါရီ ၈ ရက်မှာ မန္တလေးဆေးတက္ကသိုလ်ကို CDM ကျောင်းအဖြစ် ကြေညာတာ၊ မန္တလေးဆေးတက္ကသိုလ်က ဆရာဝန်နဲ့ ဝန်ထမ်းတွေကို ဦးဆောင်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်အောင် ကူညီတာ၊ CDM မဝင်တဲ့ ဆရာဝန်နဲ့ ဝန်ထမ်းတွေကို စည်းရုံးလှုံ့ဆော် ဖိအားပေးတာတွေ လုပ်ခဲ့တာကြောင့် ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၈) နယ်မြေရဲစခန်းကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅ -က နဲ့ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စိက ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ဒေါက်တာ ခင်မောင်လွင်ကို ဝိုင်းဖမ်းပေးဖို့နဲ့ တွေ့ရှိရင် နယ်မြေခံတပ်၊ ရဲစခန်းတွေကို အကြောင်းကြားဖို့၊ လက်ခံထားသူတွေကိုလည်း အရေးယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

တော်လှန်ရေးနယ်မြေက အရပ်သားထိခိုက်သေဆုံးမှုတွေ မရှောင်နိုင်လို့ဖြစ်ရတာလို့ စစ်ကောင်စီသတင်းစာရေးသား

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဆရာမနဲ့ ကျောင်းသား ၂၄ ယောက် သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းပကဖ

ဓာတ်ပုံ ပုံစာ, ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဆရာမနဲ့ ကျောင်းသား ၂၄ ယောက် သေဆုံးခဲ့ပါတယ်။

တော်လှန်ရေးအဖွဲ့တွေရှိတဲ့နေရာတွေကို စစ်ကောင်စီတပ်က တိုက်ခိုက်လို့ ဒေသခံတွေ ထိခိုက်ပျက်စီးတာတွေနဲ့ပတ်သက်ပြီး ဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။

''လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ အဓမ္မဝင်ရောက် နေထိုင်ကြသည့် မြို့၊ ရွာများကို နိုင်ငံတော်က ကြိုတင်သတိပေး အထပ်ထပ်နှိုးဆော်ထားသည့်အတိုင်း သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်တို့အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်လျက်ရှိရာ ရှောင်ရှားခြင်းမပြုနိုင်သည့်မြို့၊ ရွာများမှ ဒေသခံ ပြည်သူအချို့အနေဖြင့် လက်နက်ကိုင်အကြမ်းဖက်သမားများ၏ လူသားတံတိုင်းအဖြစ်အသုံးပြုမှုနှင့် အသိဉာဏ်ဆင်ခြင်တုံတရား၊ ကိုယ်ခံအားနည်းပါးမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အနည်းအများဖြစ်ပေါ်ခဲ့သည်ကို ကြားသိကြရမည်ဖြစ်သည်'' လို့ ကြေးမုံသတင်းစာမှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်း၊ရခိုင်၊ရှမ်းနဲ့ မန္တလေးတိုင်းထဲက တော်လှန်ရေးနယ်မြေတွေ မှာ နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ပြီး ထိခိုက်သေဆုံးမှုတွေဖြစ်လာပြီးတဲ့နောက် အခုလိုရေးသားလာတာဖြစ်ပါတယ်။

သတင်းစာဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မနှစ် စက်တင်ဘာလ ၃ ရက်က ပြောတဲ့ ''လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ အသုံးချခံမဖြစ်စေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်သည့်အချက်'' ဆိုတဲ့ မိန့်ခွန်းကို ပြန်လည်ကိုးကားဖော်ပြခဲ့ပါတယ်။

ဒီသတိပေးလမ်းညွှန်ချက်ကို အလေးအနက်မှတ်သားပြီး တပ်မတော်နှင့်လုံခြုံရေး တပ်ဖွဲ့များနှင့်လက်တွဲပူးပေါင်းကာ မိမိတို့ဒေသများ တည်ငြိမ်အေးချမ်းမှုရှိလာအောင် ပါဝင်ဆောင်ရွက်ရမယ် လို့ ရေးသားပါတယ်။

"သူတို့မှာ အကြောင်းပြချက်က ဘယ်လိုရှိနေပါစေ သေချာတာက လူထုတွေကို အကြောက်တရား သွင်းတာပဲ" လို့ ပြီးခဲ့တဲ့ မေ ၁၂ ရက်က စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က မှတ်ချက်ပေးပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်က မေ ၁၆ ရက် ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် မေ ၉ ရက်ကနေ ၁၅ ရက် အထိ တစ်ပတ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၉၄ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၄၅ ယောက်ရှိတယ်လို့ သိရပါတယ်။

လူသေဆုံး၊ ဒဏ်ရာရတာတွေ ရှိခဲ့တဲ့ နေရာတွေဟာ ငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး(အရှေ့) ဘက်ဒေသအပါအဝင် ဒေသ ၁၄ ခုမှာ ဖြစ်ပြီး စစ်ကိုင်းတိုင်းက သေဆုံးသူ ၄၇ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၁၄၀ နဲ့အများဆုံး ဖြစ်ပါတယ်။