တရုတ်ဖိအားနဲ့ ယာယီအပစ်ရပ်ဘယ်လောက်ခိုင်မာမှုရှိလဲ

စစ်ဆင်ရေးနယ်မြေထဲက TNLA တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, စစ်ဆင်ရေးနယ်မြေထဲက TNLA တပ်ဖွဲ့ဝင်တွေ
ရေးသားခဲ့သည်။

တရုတ်ကမကထလုပ်တဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ရဲ့ ၃ ကြိမ်မြောက်ဆွေးနွေးပွဲကတော့ ယာယီအပစ်ရပ်သဘောတူညီချက်ရခဲ့ပါတယ်။

ဇန်နဝါရီ ၁၀ ရက်ကနေ ၁၁ ရက်အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့က ၂ ရက်ကြာ ဆွေးနွေးပွဲမှာ တရုတ်ရဲ့ ဖိအားပေးမှုတွေရှိခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူတွေကပြောပါတယ်။

စစ်တပ်နဲ့ ညီနောင် ၃ ဖွဲ့ကြားမှာ နှစ်ဖက်တောင်းဆိုချက်တွေအတွက် အကျိတ်အနယ် ပြောဆိုရမှုတွေရှိခဲ့ပြီး နောက်ဆုံးရက်မှာတော့ ရှမ်းပြည်မြောက်ပိုင်းမှာ အပစ်ရပ်ဖို့သဘောတူခဲ့တာလို့ ဆိုပါတယ်။

ဒီတစ်ခေါက်မှာလည်း စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ - NMSC က ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်တက်ရောက်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ်တပ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် - MNDAA ၊ တအာင်းတပ် - TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့ ၃ဖွဲ့လုံး တက်ရောက်ခဲ့ပါတယ်။

ဒုတိယအကြိမ်ဆွေးနွေးပွဲမှာကတည်းက ရလဒ်မထွက်ခဲ့တဲ့ နယ်မြေပိုင်းခြားသတ်မှတ်ရေးဆိုတာကို အခု တတိယအကြိမ်ဆွေးနွေးပွဲမှာ လုံးဝဆွေးနွေးလို့မရခဲ့ဘူးလို့ ဆွေးနွေးပွဲအကြောင်း သိရှိထားသူက ပြောပါတယ်။

အခုသဘောတူခဲ့ကြတဲ့ ယာယီအပစ်ရပ်ရေးဆိုတာမှာ နှစ်ဖက်တပ်တွေ လက်ရှိရောက်နေတဲ့နေရာကနေ ရှေ့ဆက်မတိုးဖို့နဲ့ လုံးဝအပစ်ရပ်ထားဖို့ဖြစ်ပြီး မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဘက်က စခန်းသိမ်းနဲ့ မြို့သိမ်းတိုက်ပွဲတွေဆက်မလုပ်ဖို့ စစ်ကောင်စီဘက်ကတောင်းဆိုပါတယ်။

ညီနောင် ၃ ဖွဲ့ဘက်ကလည်း စစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာ မလုပ်ဖို့ကိုတောင်းဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲအကြောင်းသိရှိထားသူသတင်းရင်းမြစ်ကတော့ တရုတ်ဘက်က ညီနောင်မဟာမိတ် ၃ဖွဲ့ - အထူးသဖြင့် TNLA ဘက်က အပစ်ရပ်ရေးကို ဖိအားပေးတယ်လို့ ‌ပြောပြပါတယ်။

''တရုတ်ဖိအားကြောင့်ပဲ ယာယီအပစ်ရပ်ဖြစ်သွားတာပေါ့။ အပစ်ရပ်ကာလ သတ်မှတ်ချက်မပါဘူး။ သဘောတူညီချက်တွေချိုး‌ဖောက်ရင် ပြန်ပျက်ပြယ်မယ်ဆိုတာမျိုး ဖြစ်တယ်။ အချိန်မရွေးလည်း တိုက်ပွဲပြန်ဖြစ်နိုင်တယ်'' လို့ ဆွေးနွေးပွဲအကြောင်းသိရှိသူကပြောပါတယ်။

တရုတ်နိုင်ငံခြားရေးပြောခွင့်ရမော်နင်း

ဓာတ်ပုံ ရင်းမြစ်, CMFA

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးပြောခွင့်ရမော်နင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီဆွေးနွေးပွဲကို ကူမင်းမြို့မှာ ၂ ရက်တာကျင်းပခဲ့ပြီး ကမကထလုပ်ပေးခဲ့တဲ့အကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးပြောခွင့်ရမော်နင်းက '' နှစ်ဖက်ကြားမှာ ချက်ချင်းအပစ်ရပ်စဲဖို့ ၊ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေး၊ မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့တွေအပါအဝင် အပစ်အခတ်ရပ်စဲဖို့ နှစ်ဖက်လုံးက ကတိပြုခဲ့တယ်'' လို့ ပြောပါတယ်။

တရုတ်နဲ့ နီးကပ်နေတဲ့ မြန်မာမြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲတာဟာ မြန်မာက သက်ဆိုင်တဲ့ပါဝင်ပတ်သက်သူအားလုံးအတွက် အကျိုးရှိပြီး တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေး အတွက် အထောက်အကူ ဖြစ်စေတယ်လို့လည်း ထည့်ပြောသွားပါတယ်။

ကိုးကန့်တပ် MNDAA ရဲ့ အပစ်ရပ်သဘောတူညီချက်နဲ့ပတ်သက်ပြီး ဇန်နဝါရီ ၁၂ ရက်ညပိုင်းထုတ်ပြန်ချက်မှာလည်း ချက်ချင်းအပစ်အခတ်ရပ်စဲရေး၊ စစ်ရေးတပ်ဖွဲ့ဝင်အချင်းချင်းကြား ထိတွေ့မှုမရှိစေရေး၊ အငြင်းပွားမှုတွေနဲ့ လိုလားချက်တွေကို ငြိမ်းချမ်းတဲ့တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်နဲ့ ဖြေရှင်းရေး စတဲ့အချက်တွေအပေါ် သဘောတူညီမှုရရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါအပြင် တရုတ်ရဲ့ မြန်မာပြည်က ရင်းနှီးမြှုပ်နှံမှုနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်တွေကို အကာအကွယ်ပေးဖို့ ကတိကဝတ်ပြုတယ်လို့ ထည့်ပြောထားပါတယ်။

အပစ်အခတ်ရပ်စဲပြီးနောက် အခြေအနေလိုအပ်ချက်အရ ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပပြီး အခြားကိစ္စတွေကို ထပ်မံညှိနှိုင်းဆွေးနွေးသွားပါမယ်လို့ ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၂ လခွဲကျော်ကာလမှာ ရှမ်းမြောက်ဒေသထဲက မြို့ပေါင်း ၁၇ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၀၀ကျော်ကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားတာပါ။ ဒီထဲမှာ TNLA တအာင်းတပ်သိမ်းပိုက်ထားတဲ့မြို့ ၇ မြို့အထိရှိနေပါတယ်။ လက်ရှိမှာ TNLA ဟာ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်စတဲ့ ၇ မြို့ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ မိန့်ခွန်းမှာတော့ TNLA ရဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ၂၀၂၄ ခုနှစ်မှာ စစ်ရေးအရှိန်ပိုပြင်းထန်လာနိုင်လို့ လူထုအနေနဲ့ ရိက္ခာတွေကိုအလေအလွင့်မရှိစနစ် တကျသုံးစွဲကြဖို့ဆိုပြီး ထည့်ပြောထားပါတယ်။

စစ်တပ်ဘက်ကဖျက်အားပြင်းလက်နက်တွေ တပ်ဆင်ပြီး လေကြောင်းတိုက်ခိုက်မှုပိုလုပ်လာနိုင်တာကြောင့် ဒေသခံလူထုတွေ စစ်ရေးသတိရှိကြဖို့ကိုလည်း သတိပေးထားပါတယ်။

မြောက်ပိုင်းညီနောင် ၃ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, AA INFO

ဓာတ်ပုံ ပုံစာ, မြောက်ပိုင်းညီနောင် ၃ဖွဲ့

ဒီတတိယအကြိမ်ဆွေးနွေးပွဲမှာ TNLA တအာင်းတပ် ရဲ့ နယ်မြေသိမ်းပိုက်မှုနဲ့ ထိန်းချုပ်နိုင်ထားနိုင်မှု အပေါ် စစ်တပ်ဘက်က အဓိကဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူက ပြောပါတယ်။

TNLA နဲ့ နီးစပ်သူတစ်ဦးလည်းဖြစ် စစ်ရေးအကဲခတ်တစ်ဦးလည်းဖြစ်တဲ့ သတင်းရင်းမြစ်ကတော့ TNLA - တအာင်းတပ်ရဲ့ ရည်ရွယ်ရင်းထဲမှာ ကျောက်မဲ၊ မိုးမိတ်၊ လားရှိုးနဲ့ မူဆယ်မြို့တွေကိုဆက်ပြီး သိမ်းယူဖို့ရှိနေချိန်မှာ ဒီအပစ်ရပ်သဘောတူညီချက်ပေါ်လာတာလို့ ပြောပါတယ်။

'' TNLA ပြောတဲ့ တအာင်းပြည်နယ်ထဲမှာ ကျောက်မဲပါ ပါတာပါ။ အဲဒါဆိုရင် မေးကြမှာပေါ့ ကျောက်မဲက ရှမ်း/ SSPP နယ်မဟုတ်ဘူးလားဆိုရင်။ သူတို့ FPNCC မဟာမိတ်ချင်းနယ်မြေပိုင်းပြီးသတ်မှတ်ထားလို့ပေါ့ '' လို့ ရှမ်းမြောက်အရေးစစ်ရေးအကဲခတ်က သုံးသပ်ပါတယ်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (Federal Political Negotiation and Consultative Committee – FPNCC) မှာ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဖြစ်တဲ့''ဝ''တပ်ဖွဲ့ UWSA၊ ကချင်တပ်ဖွဲ့ KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ မိုင်းလားအဖွဲ့ NDAA၊ ကိုးကန့်အဖွဲ့ MNDAA၊ ရက္ခိုင့်တပ်တော် AA၊ တအာင်းပလောင်တပ် TNLA တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ယာယီအပစ်ရပ်သဘောတူညီချက် ၂၄ နာရီမပြည့်သေးတဲ့ ဇန်နဝါရီ ၁၂ ရက်မှာပဲ ရှမ်းမြောက်ပိုင်း ကျောက်မဲ၊သီပေါ၊ လားရှိးမြို့နယ်ထဲက ကျေးရွာတွေနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်စခန်းတွေဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့တယ်ဆိုပြီး တအာင်းတပ် - TNLA တပ်က သတင်းထုတ်ပြန်ထားပါတယ်။

''ဒေသခံတွေကြားမှာတော့ အချိန်ကာလမပါတော့ ဒီအပစ်ရပ်ဆိုတာကိုယုံကြည်မှုအားနည်းတယ်။ နောက်တစ်ခုက နှစ်ဖက်လုံးကလည်း ချက်ချင်းအစာကြေစရာမရှိဘူးလေ။ တရုတ်နှစ်သစ်ကူး‌နီးလို့ ခဏငြိမ်တယ်လို့ထင်တယ်''လို့ ကွတ်ခိုင်မြို့ခံ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်တပ်ဘက်ကလည်း မှားသွားတဲ့စစ်ဗျူဟာကို ပြန်လည်သုံးသပ်ဖို့ အချိန်ယူတာမျိုးဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း စစ်ရေးအကဲခတ်တချို့ဆီက ကြားရပါတယ်။

''နှစ်ဖက်လုံးကအချိန်ယူပြီး ပြန်တိုက်နိုင်တယ်။ ဒီတစ်ကြိမ်နားပြီးပြန်တိုက်ရင်တော့ ပိုပြင်းထန်တဲ့စစ်ရေးအခြေအနေဖြစ်နိုင်တယ်'' လို့ ‌အကဲခတ်တစ်ဦးကပြောပါတယ်။

တချိန်တည်းမှာပဲ ယာယီအပစ်ရပ်သဘောတူညီချက်ဟာ ရှမ်းမြောက်ဒေသတစ်ခုတည်းအတွက်သာ ဖြစ်တာကြောင့် TNLA နဲ့ PDF ပူးပေါင်းတပ်တွေတိုက်နေတဲ့ ပြင်ဦးလွင်၊ မိုးမိတ်၊ မိုးကုတ်၊ မတ္တရာနဲ့ AA ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဆက်ပြီး ပြင်းထန်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။

ရှမ်းမြောက်ဒေသအပစ်ရပ်လို့ဆိုတာကြောင့် ရက္ခိုင့်တပ်တော် အေအေ ဦးဆောင်တဲ့ ညီနောင် ၃ ဖွဲ့ရဲ့ ရခိုင်ပြည်နယ်တွင်း ‌တိုက်ပွဲတွေနဲ့ပတ်သက်လို့ မေးခွန်းထုတ်မှုတွေရှိနေတာပါ။

''၂၀၁၉ ၊၂၀၂၀ တုံးကလည်း AA သူတစ်ဖွဲ့ထဲ တိုက်နေတာဘဲလေ။ အခု တရုတ်ဖိအားနဲ့မြောက်ပိုင်းမှာရပ်ရင် အေအေအတွက် အကျိုးမရှိဘူးလားဆိုရင် အေအေကတော့ သူတို့နိုင်ငံရေးရည်မှန်းချက်ရတဲ့အထိဆက်တိုက်နေမှာပဲ'' ရက္ခိုင့်တပ်တော် အေအေနဲ့ နီးစပ်သူတစ်ဦးက သုံးသပ်ပါတယ်။

တရုတ်အစိုးရလိုလားနေတဲ့ နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ဖို့ကိုသဘောတူခဲ့ပေမဲ့ မြေပြင်မှာ လက်တွေ့ဖွင့်နိုင်ရေးကိုတော့ တရုတ်၊ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ကြားပြန်ဆွေးနွေးရမယ်လို့ ဆွေးနွေးပွဲအကြောင်းသိထားသူက ပြောပါတယ်။

''သူတို့ပြောကြတာက နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ဖို့အတွက်က တိုက်ပွဲတွေရပ်တဲ့အပေါ်မူတည်ပြီး ဘယ်‌တော့ဖွင့်မယ်ဆိုတာကို ထပ်ပြီးတော့ နောက်တစ်ကြိမ်ဆွေးနွေးမယ်လို့ ညှိခဲ့တာပါ'' လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်နိုင်ဖို့ တရုတ် - မြန်မာနှစ်နိုင်ငံ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဖြေကြားထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၇၈ ရက်မြောက်ဖြစ်လာသလို တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်နဲ့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းတွေကိုပိတ်ထားရတာလည်း ၂ လခွဲကျော်ရှိလာပြီဖြစ်ပါတယ်။

‘’စစ်တပ်ဘက်ကလည်း နမ့်ခမ်းဘက်နဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ပြန်လိုချင်တယ်။ ဒါကို တပ်ဘက်ကလည်း ဆွေးနွေးတာပေါ့။ ဒါပေမဲ့ လုံးဝအပစ်ရပ်ပြီးမှ လမ်းပြန်ဖွင့်မယ်ဆိုပြီး တစ်ဖက်ကလည်းပြောတယ်။ တရုတ်ကတော့ ဒီကုန်သွယ်ရေးလမ်းပြန်ဖွင့်ဖို့ စတုတ္ထအကြိမ်ကို ခပ်မြန်မြန်ပြန်စလိမ့်မယ်’’လို့ ဆွေးနွေးပွဲအကြောင်းသိရှိတဲ့ စစ်တပ်နဲ့နီးစပ်သူကပြောပါတယ်။