တရုတ်ဘဏ်ကြီးတစ်ခုကို ဝေဖန်တဲ့ အရာရှိ ထွက်ပြေးနေရ - ဇွန်လ ၁၅ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံ ဘေဂျင်း အခြေစိုက်ဘဏ်ကြီးတခုက ထိပ်တန်းအရာရှိ ကနေဒါနိုင်ငံသားဟာ သူ့လုံခြုံရေးကြောင့် တိုင်းပြည်ထဲကနေ ထွက်ပြေးခဲ့ရပါတယ်။
သူတို့ဘဏ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ပြီးနောက် အခုလို အခြေအနေ ပေါ်ပေါက်ခဲ့တာပါ။
ဘော့ဘ်ပစ်ခါ့ဒ်ဟာ Asian Infrastructure Development Bank ဘဏ်ရဲ့ ပြန်ကြားရေး အရာရှိအဖြစ် အခုသီတင်းပတ် အစောပိုင်းအထိ ထမ်းဆောင်ခဲ့တာပါ။
တရုတ်ကွန်မြူနစ်ပါတီက ပြည်ပတိုင်းပြည်တွေက အဖွဲ့အစည်းကို ထိန်းချုပ်ထားတယ်လို့ ဝေဖန်ပြောကြားခဲ့ပြီးနောက် သူရာထူးက နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
ကနေဒါ နိုင်ငံကတော့ တရုတ်နိုင်ငံအရေးမှာ ပါဝင်ပတ်သက်မှုကို အခုအခါ ရပ်ဆိုင်းထားပါတယ်။
Asian Infrastructure Development Bank ကတော့ မစ္စတာ ပစ်ခါ့ဒ်ရဲ့ ပြောဆိုချက်ဟာ အခြေအမြစ်မရှိလည်း မရှိဘူး စိတ်ပျက်ဖို့ကောင်းတယ်လို့ ပြောပါတယ်။
အိန္ဒိယ နပန်း ဥက္ကဋ္ဌ လိင်အရှုပ်တော်ပုံနဲ့ တရားစွဲခံထားရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယမှာ နပန်း အဖွဲ့ချုပ် ဥက္ကဋ္ဌကို မဖွယ်မရာလုပ်မှု၊ လိုက်လံနှောင့်ယှက်မှုတွေနဲ့ တရားစွဲထားတယ်လို့ ရဲက ပြောပါတယ်။
Brij Bhushan Sharan Singh ကို ဖမ်းဖို့ ထိပ်တန်းအမျိုးသမီး နပန်းသမားတွေက တောင်းဆို ဆန္ဒပြနေတာ လအတန်ကြာခဲ့ပါပြီ။
လေ့ကျင့်ရေးဆင်းတဲ့အခါနဲ့ ပြိုင်ပွဲကျင်းပတဲ့အခါတွေမှာ လိင်စော်ကားတာတွေ ၊ မဖွယ်မရာလုပ်တာတွေ ရှိတယ်လို့ သူ စွပ်စွဲခံထားရပါတယ်။
အာဏာရ ဘီဂျေပီ ပါတီက အမတ်တယောက်လည်း ဖြစ်တဲ့ မစ္စတာ ဆင်းဂ် ကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ဒါဟာ သူ့ကို ပါလီမန်အမတ်အဖြစ်ကနေ နုတ်ထွက်သွားအောင် လုပ်ဇာတ်ခင်းတာလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ မျက်မြင်သက်သေ ၁၀၀ ကျော်လောက်ဆီက အထောက်အထားတွေ ရထားတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဆိုပါတယ်။
အာဏာတည်မြဲရေးအတွက် မြောက်ကိုရီးယားခေါင်းဆောင် လုပ်ဆောင်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယားမှာ အစိုးရက ဖိနှိပ်မှုတွေ တိုးလုပ်နေပြီး လူတွေအနေနဲ့ ရပ်တည်ဖို့ ပိုခက်ခဲလာတယ်လို့ မြောက်ကိုရီးယားမှာ နေထိုင်နေသူတွေက ပြောပါတယ်။
ဥပဒေအသစ်တွေ၊ ဖမ်းဆီး အပြစ်ပေးမှုတွေ လုပ်နေသလို စောင့်ကြည့်မှုတွေလည်း တိုးလာတာကြောင့် လူတွေကြောက်ရွံ့စိတ် ကြီးထွားလာနေတယ်လို့ ဆိုပါတယ်။
သတင်းနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေ အပါအဝင် ပြည်ပကို သတင်းပေးသူတွေဟာ အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ် အရ ကွပ်မျက်ခံရနိုင်တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားမှာ ကိုဗစ်ကပ်ဘေးကြောင့် နယ်စပ်တွေ ပိတ်ထားတာ ၂ဝ၂ဝ ကတည်းကပါ။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ နယ်စပ်ပိတ်ပြီး သူ့အာဏာတည်မြဲရေးနဲ့ လူထုကို ထပ်ပြီး အထီးကျန်အောင် စီမံလုပ်ဆောင်နေပုံရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အိန္ဒိယ၊ပါကစ္စတန်-ဆိုင်ကလုန်း၀င်တော့မှာမို့ ကယ်ဆယ်ရေး စတင်လုပ်ဆောင်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယ အနောက်တောင်ပိုင်း နဲ့ ပါကစ္စတန်တောင်ပိုင်းမှာ ပြင်းထန်တဲ့ ဆိုင်ကလုန်းဝင်တော့မှာမို့ လှိုင်းထန်နေပါတယ်။
ဆိုင်ကလုန်း Biparjoy ဝင်ရောက်မလာခင် လူတသိန်းခွဲကျော်ကို ဘေးလွတ်ရာရွှေ့ပေးဖို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ စီစဉ်နေကြပါတယ်။
Jakhau ဆိပ်ကမ်းကို နာရီပိုင်းအတွင်း မုန်တိုင်း ဝင်ရောက်နိုင်တယ်လို့ အိန္ဒိယ မိုးလေဝသက ခန့်မှန်းထားပါတယ်။
ဒီမုန်တိုင်းဟာ နှစ်ပေါင်း ၂၅ နှစ်အတွင်း အဆိုးရွားဆုံး ဖြစ်နိုင်တယ်လို့ ဂူဂျာရက် အာဏာပိုင်တွေက သတိပေးထားပါတယ်။
မိုးကြီးမှုကြောင့် ရေလျှံတာတွေ၊ သစ်ပင်တွေ လဲပြို၊ မီးပြတ်ကာ မြေသားအုတ်စီ ဆောက်ထားတဲ့ ရိုးရာအိမ်တွေ ပြိုကျပျက်စီး နိုင်တယ်လို့လည်း ဆိုပါတယ်။








