မတ်လ ၁၁ ဘီဘီစီရဲ့ ထိပ်တန်းသတင်းများ စုစည်းချက်- အခုလပိုင်းအတွင်း NLD ပါတီဝင်တချို့ မိသားစုလိုက် ဖမ်းဆီးခံရတာတွေရှိနေ

ရေးသားခဲ့သည်။

KNU ထိန်းချုပ်နယ်မြေမှာ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ၄၀၀ ကျော် ဖြစ်ပွား နှစ်ဖက်အကျအဆုံးအရေအတွက်လည်း ထုတ်ပြန်လာ

KNU

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကရင်အမျိုးသားအစည်းအရုံး ( KNU) ကော်သူးလေအုပ်ချုပ်နယ်မြေမှာ ဖေဖော်ဝါရီ တစ်လအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း ၄၁၈ ကြိမ် ဖြစ်ခဲ့တယ်လို့ KNU ဗဟိုက မတ်လ ၁၁ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၃၈၆ ဦး သေဆုံးပြီး ၂၆၇ ဦး ဒဏ်ရာရခဲ့သလို K.N.L.A၊ K.N.D.O တပ်ဖွဲ့တွေဘက်က ၂ ဦး သေဆုံးပြီး ၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပါဝင်ပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F)တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့ ပြည်သူ လူထု နေထိုင်တဲ့ ကျေးရွာတွေ အတွင်းနဲ့ လုပ်ကိုင် စားသောက်တဲ့ လုပ်ငန်းခွင်တွေ အတွင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ပြည်သူလူထု သွားလာတဲ့လမ်းမှာ မိုင်းထောင်တာ၊ အကြောင်းမဲ့သေနတ်နဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူ ၁၁ ဦး အသက်သေဆုံးပြီး သံဃာတော် ၃ ပါး ၊ ကိုရင်၂ ပါး နဲ့ အရပ်သားပြည်သူ စုစုပေါင်း ၄၁ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေရှိ ခလယ်လွီထူခရိုင်၊ မူတြော်ခရိုင်၊ ဒူးပလာယာခရိုင်တွေမှာ စစ်ကောင်စီတပ်တွေဟာ တိုက်ခိုက်ရေးသုံးလေယာဉ်တွေကိုအသုံးပြုပြီး ၂၁ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) တွေက လက်နက်ကြီးအလုံးရေ ၃၅၁ လုံး ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကြောင့် နေအိမ် ၄၄ လုံး ပျက်စီးခဲ့တဲ့ အပြင် ဘာသာရေး အဆောက်အဦတွေဖြစ်တဲ့ Junior collage ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်း၊ ဆေးပေးခန်း ၂ လုံး၊ ပြည်သူပိုင်အဆောက်အဦ ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရပြီး နေအိမ် ၂၁ လုံးကိုလည်း မီးရှို့ခံရတဲ့အတွက် မီးလောင်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ကရင်ပြည်နယ်အတွင်းက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ သီးခြားထုတ်ပြန်ထားတာမရှိသေးသလို အခုလို စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပင်လောင်းမှာ လက်နက်ကြီး ထိမှန်လို့ ဒေသခံတစ်ဦး သေဆုံး

ပင်လောင်း

ဓာတ်ပုံ ရင်းမြစ်, IPDF

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် ထဲက နမ့်နိန်း ကျေးရွာကို စစ်ကောင်စီတပ်တွေက မနေ့ မတ်လ ၁၀ ရက်နေ့မှာ လေကြောင်းနဲ့ ပစ်ခတ်ခဲ့သလို လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ တစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ အများအပြား စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာလည်း မနက် ၅ နာရီလောက်ကတည်းကစပြီး နမ့်နိန်းကျေးရွာကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၂၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

" မနေ့က ညနေမှာ လက်နက်ကြီးထိတော့ တစ်ယောက်သေပါတယ်။ အဲဒါ ပြီးတော့ ‌အကုန် ထွက်ပြေးကြတယ်။ အခု ဒီမနက်တော့ ရွာထဲ သိပ် လူမကျန်ဘူး။ လက်နက်ကြီးနဲ့ ထပ်ပစ်ပြန် မီးရှို့ ပြန် ဝော့ာ အိမ်တွေ ဆုံးရှုံးတယ်။ လူတွေကတော့ မရှိနေတော့ မထိတော့ဘူး " လို့ ပြောပါတယ်။

ပင်လောင်းဘက်က တိုက်ပွဲတွေက ဖေဖော်ဝါရီ ၂၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ KNDF တို့အကြား စတင် ဖြစ်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်းက ပင်လောင်းမြို့နယ်နဲ့ အနီးတဝိုက်က လုံးပြင်၊ တောင်စလုံး၊ မြောက်စလုံး၊ ဆောင်းပြောင်း ရွာ စတဲ့ ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရတာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီ တပ်တွေဟာ ပင်လောင်းမြို့နယ်ရဲ့ တောင်ဘက်မှာ တပ်စွဲထားတယ်လို့လည်း သိရပါတယ်။

ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်တပ် တည်ထောင်ခြင်း ၃၄ နှစ်ပြည့်ပြီ

ကိုးကန့်

ဓာတ်ပုံ ရင်းမြစ်, The Kokang

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အကြီးအကဲ ဖုန်ကြားရှင်တည်ထောင်ခဲ့တဲ့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တည်ထောင်ခဲ့တာ ဒီကနေ့ မတ်လ ၁၁ ရက်မှာ ၃၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ကိုးကန့်တပ်ကို ဦးဆောင်ခဲ့တဲ့ ဖုန်ကြားရှင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။

ကိုးကန့်ဒေသဟာ ခေတ်အဆက်ဆက် စော်ဘွားအုပ်ချုပ်မှုရှိခဲ့ပြီးလွတ်လပ်ရေးရပြီးနောက် ကိုးကန့်လူမျိုးစုခေါင်းဆောင်တွေက ဆက်လက်အုပ်ချုပ်ခဲ့ပါတယ်။

၁၉၆၀ ပြည့်နှစ်ကစလို့ ကိုးကန့်တိုင်းရင်းသားတွေနဲ့ ကိုးကန့်ကာကွယ်ရေးတပ်ကို ဖွဲ့စည်းခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ အောလစ်ယန်းကို ထိုစဥ်က မဆလအစိုးရက ဖမ်းဆီးခဲ့တဲ့နောက် ဦးဖုန်ကြားရှင်က ကိုးကန့်တပ်ကို ဆက်ခံခေါင်းဆောင်ခဲ့ပါတယ်။

၁၉၆၆ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ချိတ်ဆက်ခဲ့တဲ့နောက် ဗကပတပ်ရင်း (၄၀၄) ကိုးကန့်ဒေသခံတပ်ရင်း၏ တပ်ရင်းမှူးအထိဖြစ်လာခဲ့ပါတယ်။

၁၉၈၈ မှာ ဗကပနဲ့ အာဏာသိမ်းစစ်အစိုးရတို့ အကြီးအကျယ်တိုက်ပွဲဖြစ်ပွားပြီးနောက် ဖုန်ကြားရှင်က ဗကပအောက်နေခွဲထွက်ပြီး MNDAA ကိုဖွဲ့စည်းခဲ့ကာ နဝတအစိုးရနဲ့ ပူးပေါင်းခဲ့တဲ့နောက် ၁၉၈၉ မှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (အထူးဒေသ ၁) ဖြစ်လာခဲ့ပါတယ်။

ဖုန်ကြားရှင်ရဲ့ MNDAA တပ်ဟာ နဝတနဲ့ ပထမဆုံးအပစ်အခတ်ရပ်စဲပြီး အစော ဆုံးငြိမ်းချမ်းရေးရယူခဲ့တဲ့အဖွဲ့လည်းဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လမှာ မြန်မာစစ်တပ်က ကိုးကန့်တပ်ကို နယ်ခြားစောင့်တပ်အသွင်းပြောင်းဖို့ ပြောတာကိုလက်မခံရာကစလို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူထုကိုငဲ့ညှာတာကြောင့် အဲဒီဒေသကို ကိုးကန့်တပ်က စွန့်ခွာခဲ့တာ ၁၄ နှစ်ရှိခဲ့ပြီလို့ ကိုးကန့်ရဲ့ညီနောင် မဟာမိတ်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့တအာန်းပလောင်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ပေးပို့တဲ့သဝဏ်လွှာမှာဖော်ပြထားပါတယ်။

စွန့်ခွာခဲ့ရတဲ့ကိုးကန့်ဒေသကို MNDAA လက်ထဲပြန်ရောက်ရေး ဘုံစစ်ရေးနိုင်ငံရေးရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ရာမှာ ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားမယ်လို့လည်း အဲဒီသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ဦးဖုန်ကြားရှင်အလွန် ကိုးကန့်တပ်ကို ဦးဖုန်တာရွှင်က ဥက္ကဋ္ဌ အဖြစ်ဦးဆောင်နေပြီး ကိုးကန့်ဒေသပြန်လည်ရရှိရေး ညီနောင်မဟာမိတ်တွေ၊ နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အတူ တိုက်ပွဲဝင်နေတယ်လို့လည်း ဆိုပါတယ်။

ဇလုံကြီး လုပ်ငန်းကို စစ်ကောင်စီဝင်ရောက်ဖမ်းဆီးခဲ့တဲ့နောက် ပြင်ပမှာ ရောင်းချမှု ရပ်ဆိုင်း

ဇလုံကြီး

ဓာတ်ပုံ ရင်းမြစ်, ဇလုံကြီး ဟင်းအနှစ်ထုပ်

ဇလုံကြီးဟင်းအနှစ်ထုပ် လုပ်ငန်းကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ပြည်တွင်းမှာ ဟင်းအနှစ်ထုပ် ကိုယ်စားလှယ် ယူရောင်းသူတချို့ ရောင်းချမှု ရပ်ဆိုင်းလိုက်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

"သူတို့(ဇလုံကြီးဟင်းအနှစ်ထုပ်)က ဆက်မထုတ်ဖြစ်လို့ မဟုတ်ပါဘူး။ ကျွန်မတို့က ယူမရောင်း ဖြစ်တော့တာပါ"လို့ မန္တလေးမြို့က ဇလုံကြီးဟင်းအနှစ်ထုပ် ကိုယ်စားလှယ်ယူရောင်းသူက ပြောပါတယ်။

စစ်အာဏာသိမ်း ဆန့်ကျင်ရေးမှာ ထောက်ပို့အဖြစ် ဆောင်ရွက်နေတဲ့သူဖွင့်လှစ်တဲ့ ကုန်စုံဆိုင်မှာ ဇလုံကြီး ဟင်းအနှစ်ထုပ် တင်ရောင်းတာနဲ့ပက်သက်ပြီး စစ်ကောင်စီက ဇလုံကြီးဟင်းအနှစ်ထုပ် ဆိုင်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

မတ်လ ၉ ရက်နေ့မှာ မန္တလေးမြို့ ၆၆ လမ်း ၃၁ x ၃၂လမ်းကြား ဇလုံကြီးဟင်းအနှစ် အထုပ်ရောင်းဆိုင်ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ နောက်ရက်မှာ ရန်ကုန်က ဇလုံကြီးဟင်းအနှစ် အထုပ်ဆိုင်ကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေပါ ပြုလုပ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ ဖမ်းဆီးမခံရခင်က ဇလုံကြီးဟင်းအနှစ်ထုပ်ဆိုင်ရဲ့ လုပ်ငန်းသုံးစာမျက်နှာမှာ ဘယ်အဖွဲ့စည်းနဲ့မှ ပက်သက်မှုမရှိဘူးလို့ ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပြီး ဝင်ရောက်စီးနင်းဖမ်းဆီးခံခဲ့ရတဲ့နောက် လုပ်ငန်းရဲ့ဖေ့စ်ဘွတ်စာမျက်နှာလည်း မရှိတော့တာကိုတွေ့ရပါတယ်။

ဒေသတချို့ လာမယ့်ရက်တွေအတွင်း အချိန်အခါ မဟုတ် မိုးရွာပြီး လေပြင်းတိုက်ခတ်နိုင်

မိုးရွာနိုင်

ဓာတ်ပုံ ရင်းမြစ်, မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန

မတ်လ ၁၃ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်၊ မြစ်ဝကျွန်းပေါ် ဒေသ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာတိုင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသအချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

"နေ့အပူချိန်မြင့်မယ်။ လေမငြိမ်သက်မှုဖြစ်စဉ်တွေကြောင့် မိုးရွာချိန်မှာ ထစ်ချုန်းမိုးဖြစ်နိုင်တယ်။ လေပြင်းတိုက်တာတို့ ၊ တခါတရံ မိုးသီးကြွေတာတို့ ဖြစ်နိုင်ပါတယ်။ မိုးသက်လေပြင်းတိုက်မယ်ဆိုတဲ့ ခန့်မှန်းချက်တော့မရှိပါဘူး။ လေပြင်းတစ်နာရီကို မိုင် ၂၀ - ၂၅ အထိ အမြင့်ဆုံး တိုက်နိုင်ပါတယ် " လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

မတ်လ ၁၃ ၊ ၁၄ ရက်တွေမှာ ရွာရန် ရာခိုင်နှုန်းများပြီး ၁၅ ရက်မှ ၂၀ ရက်အတွင်းမှာလည်း ရွာနိုင်ချေရှိတယ်လို့ ဆိုပါတယ်။

"တစ်နိုင်ငံလုံး တပြိုင်နက် ရွာနေမှာ မဟုတ်ဘူးပေါ့ ၁၃၊ ၁၄ တွေမှာ ရွာရန်ရာနှုန်းများသလို ၂၀ ရက်လောက်အထိလည်း မိုးဆက်ရွာနိုင်တယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသက မတ်လ ၁၄ နောက်ပိုင်းမှာ ရွာနိုင်တယ်။ ရွာတာ နောက်ကျမယ် " လို့ သူက ဆက်ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့ထုတ်ပြန်တဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တွေမှာ မိုးရေချိန်ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဆားတောင်မှာ ကင်းလှည့်ဖို့ ထွက်လာတဲ့ ရဲတွေ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ပြော

မီးရှို့

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ကင်းလှည့်ထွက်လာတဲ့ ရဲတွေရဲ့ ဆိုင်ကယ်ကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦး သေဆုံးနိုင်တယ်လို့ ဆားတောင် ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

မနေ့က မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ခွဲ လောက်မှာ ဆားတောင်ရဲစခန်းထဲကနေ ဆိုင်ကယ် ၄ စီးနဲ့ ကင်းလှည့်ဖို့ ထွက်လာတဲ့ ရဲ တွေကို ဒေသကာကွယ်ရေး အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် နေရာတင် ၃ ဦးသေဆုံးပြီး ဒဏ်ရာတစ်ဦး ရရှိခဲ့တာလို့ သိရပါတယ်။

ဆားတောင် ဒေသကာကွယ်ရေး က တာဝန်ရှိသူတစ်ဦးက " သူတို့ ကင်းလှည့်ဖို့ ထွက်လာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ၃ ဦးက မိုင်းတွေပေါ် ပြုတ်ကျပြီး သေတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ အဲဒီဖြစ်စဉ်ဖြစ်ပြီး ဒီကနေ့ အထိ သူတို့က မြို့ထဲမှာပဲ ဆက်ရှိနေတယ်။ မြို့ပြင်တွေ တခြားနေရာတွေတော့ ဆက်ကင်းလှည့်တာ၊ ပတ်တာ မတွေ့ရဘူး" လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်း တစုံတရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ဆားတောင်ရဲစခန်းဘက်ကိုလည်း ဘီဘီစီကဆက်သွယ်ဖို့ကြိုးစားနေပေမဲ့အဆက်အသွယ်မရသေးပါဘူး။

ငွေယူပြီး ပတ်စ်ပို့ ပြုလုပ်ပေးတယ်ဆိုတဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

ပတ်စ်ပို့

ဓာတ်ပုံ ရင်းမြစ်, CJ

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်က အမျိုးသမီးတစ်ဦးကို ငွေကျပ် နှစ်သိန်းလေးသောင်းနဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ပြုလုပ်ပေးတယ်ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားဖော်ပြတာကြောင့် မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

အသက် ၄၂ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ မတ်လ ၇ ရက်နေ့က နေပြည်တော်အသိုင်းအဝိုင်း အမည်နဲ့ ဖေ့စ်ဘွတ်ဂရုမှာ ‘နေပြည်တော်၈ မြို့နယ်အိမ်ထောင်စုနဲ့ ပတ်စ်ပို့အမျိုးမျိုးကို ယုံကြည်စွာဖြင့်အပ်နှံနိုင်ပါပြီ’ဆိုတဲ့ စတေးတပ်နဲ့အတူ ဖုန်းနံပါတ်နဲ့ တင်ထားတာကြောင့် မတ် ၈ ရက်မှာ အဲဒီဖုန်းနံပါတ်ကို ပတ်စ်ပို့ပြုလုပ်ဖို့အတွက် ဆက်သွယ်မေးမြန်းပြီးနောက် ပတ်စ်ပို့အပါအဝင် အလုပ်သမားကတ်ပါလုပ်ဆောင်ပေးကြောင်း၊ သာမန်နိုင်ငံကူးလက်မှတ်ကို နှစ်ပတ်အတွင်း ရရှိအောင်ဆောင်ရွက်ပေးမယ်လို့ဖြေကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် မတ်လ ၉ ရက်မှာ လိပ်စာအတိုင်း သွားရောက်ဖမ်းဆီးခဲ့ပြီး ပျဥ်းမနားရဲစခန်းမှာအမှုဖွင့်ထားတယ်လို့ဆိုပါတယ်။

နိုင်ငံကူးလက်မှတ် လျှောက်ထားမှုနဲ့ စာအုပ်ထုတ်ပေးမှုတွေကို ၂ လနီးပါးကြာ ရပ်နားထားခဲ့ရာကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်မှာ စစ်ကောင်စီက ပြန်လည်ခွင့်ပြုခဲ့ပါတယ်။

စတင်လျှောက်ထားခွင့်ပြုတဲ့နေ့မှာပဲ လျှောက်ထားသူများလွန်းလို့ ဝဘ်ဆိုက် ယာယီရပ်သွားခဲ့ရပါတယ်။

ပတ်စ်ပို့လျှောက်ထားမှုတွေကို ရန်ကုန်ကဆို အွန်လိုင်းကသာလျှောက်ထားရမှာဖြစ်ပြီးကျန်တိုင်းနဲ့ပြည်နယ်တွေမှာတော့ လူကိုယ်တိုင်သွားရောက်လျှောက်ထားရတာဖြစ်ပါတယ်။

ရန်ကုန်အတွက် ဝဘ်ဆိုက်ကနေလျှောက်ထားမှုကို ၂၄ နာရီ ဖွင့်ပေးထားပြီး တစ်ရက်ကို လူ ၂၅၀၀ ဝန်းကျင် ထုတ်ပေးနေတယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

ဒါပေမဲ့ စာအုပ်ထုတ်ဖို့နဲ့ ရက်ချိန်းမှာ လျှောက်ထားမှုလုပ်ငန်းစဥ်ဆောင်ရွက်ဖို့ ရန်ကုန်မြို့က ပတ်စ်ပို့ရုံးရှေ့မှာ ရာနဲ့ချီတဲ့ လူတန်းရှည်ကို ခု စနစ်သစ်မှာလည်းဖြေရှင်းနိုင်ခြင်းမရှိတာကိုတွေ့ရပါတယ်။

ဒါ့အပြင် အခုစနစ်သစ်နဲ့လျှောက်ထားမှုမှာ ကြားခံဆောင်ရွက်တဲ့ပွဲစားတွေနဲ့မပြုလုပ်ဖို့ ထုတ်ပြန်ထားပေမဲ့ ပြင်ပမှာတော့ပတ်စ်ပို့လျှောက်ထားမှုအတွက်တစ်ဦးကို ကျပ် သိန်းနဲ့ချီပေးလုပ်ဆောင်မှုတချို့ရှိနေပါတယ်။

ခင်ဦး

ဓာတ်ပုံ ရင်းမြစ်, Khin U NLD

အာဏာသိမ်းကာလနှစ်နှစ်ကျော်အတွင်း ဖမ်းဆီးခံရစဥ် သေဆုံးတဲ့ NLD ပါတီဝင် ၈၆ ဦးရှိ

စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ စစ်ကိုင်းတိုင်းထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်တွေနဲ့ မိသားစုတွေကို စစ်ကောင်စီက ဒီရက်ပိုင်းမှာ ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာနေပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့ သမီးအပါဝင် ဒေသခံ ၁၅ ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ရက်ကတည်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီလို အဖမ်းမခံရခင် တစ်ရက်က ဒေါက်တာဝင်းအောင်ရဲ့ သမီးအငယ်နဲ့ သမက်ဟာ ရွာတစ်ရွာမှာ ယမ်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ခံဝန်နဲ့နေထိုင်ရတဲ့ ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့သမီးကြီးကို စစ်ကောင်စီက နောက်ရက်မှာနေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဖမ်းခံရပြီး လဝက်နီးပါးရှိပေမဲ့ အခုချိန်ထိ မြို့မရဲစခန်းအချုပ်ထဲမှာသာ ရှိပြီး တရားစွဲဖို့ပြင်ဆင်နေတာကို သိရကြောင်း ဒေသခံ နှစ်ဦးသာ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

အလားတူ မတ်လ ၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ ဆိပ်သာကျေးရွာက NLD ပါတီရပ်ကျေး ဥက္ကဋ္ဌ ဦးသိန်းဝင်းနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် အပါအဝင် မိသားစုလေးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းမှာလည်း NLD ပါတီဝင်၊ ပါတီထောက်ခံသူနဲ့ အရပ်သားတွေ အကြောင်းမဲ့ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတယ်လို့ ဒေသတွင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းက ပြောပါတယ်။ အဲဒီဒေသမှာ တစ်ကြိမ်ကို လေး၊ငါးယောက် အစုလိုက်အသတ်ခံရပြီး သုံးလအတွင်းမှာ အယောက် ၄၀ ကျော် အသတ်ခံရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

မတ်လ ၇ ရက်နေ့ကလည်း ရမည်းသင်းအကျဥ်းထောင်မှာ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ ထောင် ငါးနှစ်ချမှတ်ခံထားရတဲ့ NLD ပါတီဝင် ဦးခင်မောင်တင့်ဟာလည်း ကျန်းမာရေးဆိုးရွားလာလို့ ရမည်းသင်းဆေးရုံမှာ ဆေးကုရင်းကနေ သေဆုံးသွားတယ်လို့နီးစပ်သူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ မန္တလေးတိုင်း မင်းတဲအီကင်းရပ်က NLD ပါတီဝင် ဦးကိုကြီးနဲ့သူ့ညီအပါဝင် ၃ ဦး၊ မကွေးတိုင်း ပွင့်ဖြူမှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းနဲ့ ဦးထွန်းထွန်းတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း NLD ပါတီကိုယ်စားပြု အမတ် ၈၀နဲ့ ပါတီဝင်ပေါင်း ၁၂၀၀ကျော် ဖမ်းဆီးခံရတယ်လို့ NLD ပါတီက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲ ဖမ်းဆီးခံရစဉ် အသက်ဆုံးရှုံးခဲ့သူပေါင်း ၈၆ ဦးရှိပြီး မြေပြင်မှာ ပါတီထောက်ခံသူတွေပါ ဖမ်းဆီးအသတ်ခံရတာတွေ ရှိနေလို့ သေဆုံးသူရာကျော်ရှိနေပြီ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် NLD ပါတီဝင်တွေကို ဖမ်းဆီးတာဟာ ခြိမ်းခြောက်အကြပ်ကိုင်တာဖြစ်သလို ဒီနှစ်ဆန်းပိုင်းမှာ NLD ပါတီဝင်နဲ့ ထောက်ခံသူတွေ ရက်ပိုင်းဆိုသလို ဆက်တိုက်ဖမ်းဆီးခံရတာကလဲ စစ်ကောင်စီဟာ နောက်ထပ်ခြေလှမ်းသစ်တခုနဲ့ လှမ်းဖို့ ပါတီဝင်တွေကို ဖိနှိပ်ထားချင်တာမျိုး ဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ NLD ပါတီကိုပစ်မှတ်ထားနေတာမရှိဘဲ ပါတီဝင်အချို့နဲ့ကိုယ်စားလှယ်အချို့ဟာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ဆက်စပ်နေလို့ အရေးယူမှုတွေလုပ်နေတာလို့ မီဒီယာအချို့မှာဖြေကြားတုံ့ပြန်ထားဖူးပါတယ်။