နေပြည်တော် ဆွေးနွေးပွဲ အပစ်ရပ် ၇ ဖွဲ့ မတက်ဘူးလို့ ပြော

ရေးသားခဲ့သည်။

လာမယ့်  ဒီဇင်ဘာလ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ နေပြည်တော်မှာတွေ့ဆုံဖို့ရှိတဲ့ စစ်ကောင်စီနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ဖွဲ့တို့ရဲ့ တွေ့ဆုံပွဲ ကို တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဘက်က တက်ရောက်နိုင်ခြင်းမရှိတော့ဘူးလို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဘီဘီစီ ကိုပြောပါတယ်။

ဒီ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဟာ အခုနှစ်အတွင်း နေပြည်တော်ကို နှစ်ကြိမ်တိုင်တိုင် စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ သွားရောက်တွေ့ဆုံထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ဒီလထဲမှာတွေ့ကြဖို့ဆိုပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ စစ်ကောင်စီက ဒီအဖွဲ့တွေဆီကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အဲဒီ ၇ ဖွဲ့က ငြိမ်းချမ်းရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးလိုတဲ့အကြောင်း စစ်ကောင်စီ ဘက်ကို ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ကမ်းလှမ်းခဲ့တာကို စစ်ကောင်စီဘက်က ငြင်းဆိုခဲ့အပြီးမှာ စစ်ကောင်စီဘက်က အခုလို ဖိတ်ကြားစာပေးပို့ခဲ့ပါတယ်။

တစ်ဖက်မှာလည်း အပစ်ရပ် ၇ ဖွဲ့က စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့ရဲ့ အခုနောက်ဆုံးအကြိမ် ဖိတ်ကြားမှုကို တက်ရောက်မှာ မဟုတ်တဲ့အကြောင်း အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။

အခုနှစ်အတွင်း စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အဖွဲ့ဟာ ၁၀ ဖွဲ့ဖြစ်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက ၇ ဖွဲ့ နဲ့ မထိုးထားတဲ့အဖွဲ့တွေထဲက ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နဲ့ မိုင်းလားအဖွဲ့(NDAA) တို့ ဖြစ်ပါတယ်။

 စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်အပေါ် လက်ခံထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေး‌နွေးမှုတွေကို ၂၀၂၂ ခုနှစ် မေလအတွင်းက စတင်ခဲ့တာဖြစ်ပြီးတော့ သြဂုတ်လ အတွင်းကလည်း ထပ်မံတွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီနဲ့တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေထဲမှာ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA/PC)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ကရင်အမျိုးသားဒီမိုကရေစီအကျိုးပြုတပ်(DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ တက်ရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

နေပြည်တော်မှာ ဒုတိယအကြိမ်တွေ့ဆုံမှုတွေ လုပ်နေစဥ်အချိန်တုန်းကလည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးပြီး လက်နက်ဆက်ကိုင်ချင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်နဲ့အတူ နယ်ခြားစောင့်တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခွင့် ပေးမယ်လို့ ဩဂုတ် ၂၂ ရက် နေပြည်တော်မှာလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဒီအချက်ဟာ အပစ်ရပ်လက်မှက်ထိုးထားပြီး လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာ ဝေဖန်ဆွေးနွေးစရာ ဖြစ်လာခဲ့ပါတယ်။

 စစ်ကောင်စီဘက်က  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက် ဖိတ်ကြားတဲ့စာမှာတော့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ ခေါင်းစဥ်အောက်မှာ ၂၀၀၈ အခြေခံဥပဒေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က ပြင်ဆင်ချင်တဲ့ အချက်တွေကို တွေ့ဆုံဆွေးနွေးဖို့ရှိသလို အခြားသော သီးခြားအကြောင်းအရာတွေရှိရင် တွေ့ဆုံဆွေးနွေးဖို့ ဆိုပြီး ဖော်ပြထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဘီဘီစီ ကိုပြောပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က ပေးပို့တဲ့ စစ်ကောင်စီရဲ့ ဖိတ်ကြားစာဟာ စစ်ကောင်စီနဲ့တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ တို့ရဲ့ ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ်တွေကို လိပ်မူထားပြီး အဲဒီ ၇ ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ အစည်းအဝေးတွေ့ဆုံပြီး ညှိနိုင်းဆွေးနွေးမှုတွေလုပ်ပြီး အခုလို ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

အခုတစ်ကြိမ်ဟာ စစ်ကောင်စီက သူနဲ့တွေ့ဆုံဆွေးနွေးထားတဲ့ အဖွဲ့တွေကို တစ်စုတစ်စည်းထဲ အစည်းအဝေးတက်ဖို့ ဖိတ်တာဖြစ်ပြီး အရင်ကတော့ တစ်ဖွဲ့ခြင်းစီအလိုက် တွေ့ဆုံမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

ဒုတိယအကြိမ်တွေ့ဆုံစဥ်က ကာကွယ်ရေးဦးစီးချုပ် နဲ့ တစ်ရက်သီးခြားတွေ့ရသလို စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ဆိုပြီးစစ်ကောင်စီကဖွဲ့စည်းလိုက်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ( NSPNC )နဲ့လည်းတွေ့ဆုံခဲ့ရတယ်လို့ ဆွေးနွေးပွဲတက်ခဲ့သူတွေက ပြောပါတယ်။

 

စစ်ကောင်စီဟာ ငြိမ်းချမ်းရေးဖိတ် ခေါ်ပြီး ဆွေးနွေးတုန်းကလည်း NCA တစ်နိုင်ငံလုံး အပစ်ရပ်လက်မှက်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထဲက အဖွဲ့ ၃ ဖွဲ့ဖြစ် တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ ကျောင်းသားတပ်(ABSDF)တို့ကတော့ ဆွေးနွေးပွဲကို  မတက်ရောက်ခဲ့ကြပါဘူး။

အခုလည်း နှစ်ကြိမ်သီးခြားတွေ့ဆုံအပြီးမှာ အရင်တက်ခဲ့တဲ့ ၇ ဖွဲ့က  ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်နိုင်တော့ဘူးလို့ အကြောင်းပြန်လာကြတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ စစ်ကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဥ် ၅ ရပ်ထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။

NCA လက်မှက်ထိုးမထားတဲ့  UWSA နဲ့ မိုင်းလား SSPP ရှမ်းလက်နက်ကို အဖွဲတို့က ပြီးခဲ့တဲ့ နှစ်ကြိမ်တက်ရောက်ခဲ့ပေမဲ့ လာမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ လုပ်မယ့်တွေ့ဆုံပွဲကို တက်ရောက်ဖို့ ရှိမရှိကို တော့ မသိရသေးပါဘူး။