ဘိုင်ဒင်နဲ့ ထရမ့် နောက်တချီ ထိပ်တိုက်တွေ့မယ့် အမေရိကန် ရွေးကောက်ပွဲ - မတ် ၁၃ ရက် နိုင်ငံတကာ ထိပ်တန်း သတင်းများ

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ဖူးသူ နှစ်ယောက် အခုလို နောက်တချီ ထိပ်တိုက် တွေ့ကြတာဟာ အနှစ် ၇၀ နီးပါးမှာ ပထမဆုံး အကြိမ် ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ဖူးသူ နှစ်ယောက် အခုလို နောက်တချီ ထိပ်တိုက် တွေ့ကြတာဟာ အနှစ် ၇၀ နီးပါးမှာ ပထမဆုံး အကြိမ် ဖြစ်
ရေးသားခဲ့သည်။

အမေရိကန် နိုင်ငံရေးကို ကြည့်ရင် လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒင်က ဒီမိုကရက်ပါတီကို ကိုယ်စားပြုပြီး၊ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ရီပတ်ဘလစ်ကင်ပါတီကို ကိုယ်စားပြုမှာ ဖြစ်တယ် ဆိုတဲ့အချက် သေချာ သွားပြီ ဖြစ်ပါတယ်။

အမေရိကန် ပြည်နယ် အများစုမှာ ပရိုင်မာရီလို့ ခေါ်တဲ့ ပါတီတွင်း လိုအပ်တဲ့ ကိုယ်စားလှယ် အရေအတွက် ရွေးချယ်ပွဲတွေ အတွင်း သူတို့နှစ်ဦးဟာ လိုအပ်တဲ့ ကိုယ်စားလှယ် အရေတွက်တွေကို အသီးသီး ပြည့်မီခဲ့ကြပြီ ဖြစ်ပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ဖူးသူ နှစ်ယောက် အခုလို နောက်တချီ ထိပ်တိုက် တွေ့ကြတာဟာ အနှစ် ၇၀ နီးပါးမှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

သမ္မတဘိုင်ဒင် အတွက် ဒီမိုကရက် ပါတီတွင်းမှာ "token opposition" "စာရွက်ပေါ်က အတိုက်အခံ" ရယ်လို့ ရည်ညွှန်းခေါ်လေ့ရှိတဲ့ အားမကောင်းလှတဲ့ အပြိုင် အရွေးခံသူတွေသာ ရှိခဲ့ပါတယ်။ ပါတီက သူ့အပေါ် ထပ်ပြီး ယုံကြည်မှု ပေးတဲ့ အတွက် ဂုဏ်ယူရတယ်လို့ သမ္မတဘိုင်ဒင်က ဆိုပါတယ်။

ထရမ့်ကတော့ ရီပတ်ဘလစ်ကင် ပါတီတွင်းမှာ အရင် အမေရိကန်ဆိုင်ရာ ကုလသံအမတ်ဟောင်း နီကီဟေလီနဲ့ အဓိက ပြိုင်ခဲ့ရပြီး၊ နီကီဟေလီဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ဆက်မပြိုင်တော့ပဲ ထွက်သွားပါတယ်။

အခုလို ပြိုင်ဘက်ဟောင်း ၂ ဦး ထပ်ပြီး ယှဉ်ပြိုင်တာ အမေရိကန် သမ္မတ ရွေးကောက်ပွဲ သမိုင်းမှာ ရှားပါးတယ် ဆိုပြီး ဒဲလပ်စ်ပြည်နယ် တောက်ပိုင်း မက်သဒစ် တက္ကသိုလ်က နိုင်ငံရေး သိပ္ပံ ပါမောက္ခ ကဲလ် ဂျီးလ်ဆင်က ပြောပါတယ်။

“အခု သမ္မတ ဘိုင်ဒင်နဲ့ သမ္မတဟောင်း ထရမ့်တို့ပဲ ပြန်တွေ့ကြမယ် ဆိုတော့ ဒါမျိုး ဖြစ်ခဲ့ဖူးလား ဆိုတာကို လူတွေ သိချင်လာကြပါတယ်။ ပြန်ကြည့်မယ်ဆို ခပ်ဆင်ဆင်တူတာမျိုး အကြိမ်ရေတချို့ ရှိပြီး သိပ်မများလှပါဘူး။ အဲဒီထဲက တစ်ခုကတော့ ၁၈၈၀ နဲ့ ၁၈၉၀ ပြည့်ကျော်နှစ်တွေမှာ ဂရိုဗာ ကလိဗ်လဲန်နဲ့ ဘင်ဂျမင် ဟယ်ရီဆင်တို့ရဲ့ ထိပ်တိုက်တိုးပွဲတွေ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးရဲ့ နာမည်ကို အခုခေတ်မှာ အများစုက မရင်းနှီးကြပါဘူး။ သူတို့လည်း လက်ရှိသမ္မတနဲ့ စိန်ခေါ်သူတို့ ပြန်တွေ့ကြတာမျိုး ဖြစ်ပါတယ်။ ဒီလိုမျိုး သမိုင်းတလျှောက် နောက်ထပ် ၆ ကြိမ်ပဲ ရှိခဲ့တဲ့ အတွက် အတော်လေး ကြုံတောင့်ကြုံခဲလို့ ပြောရမှာပါ” လို့ ပါမောက္ခ ဂျီးလ်ဆင်က ဆိုပါတယ်။

ဂါဇာမြောက်ပိုင်းကို အစာရေစာ တင်ပို့နိုင်တဲ့ ကုန်းလမ်းကြောင်းသစ်တစ်ခု ပွင့်လာ

ပါလက်စတိုင်းတွေ အစာငတ်မွတ် သေဆုံးရလုနီးနီး အခြေအနေကို ရောက်လာပြီလို့ ကုလ သတိပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါလက်စတိုင်းတွေ အစာငတ်မွတ် သေဆုံးရလုနီးနီး အခြေအနေကို ရောက်လာပြီလို့ ကုလ သတိပေး

ဂါဇာမြောက်ပိုင်းမှာ အရေးတကြီးလိုအပ်နေတဲ့ စားနပ်ရိက္ခာတွေကို သီတင်း ၃ ပတ်တာ ကာလအတွင်း ပထမဆုံး အကြိမ် အနေနဲ့ ကုန်းလမ်းကြောင်း အသစ်တစ်ခုကို အသုံးပြုပြီး သယ်ဆောင်လာနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂါဇာမြောက်ပိုင်းမှာ အပြင်းအထန် တိုက်ခိုက်တာတွေ ၆ လကြာ ပေါ်ပေါက် နေခဲ့တဲ့နောက်၊ အခုဆိုရင် ပါလက်စတိုင်းတွေ အစာငတ်မွတ် သေဆုံးရလုနီးနီး အခြေအနေကို ရောက်လာခဲ့တဲ့ အတွက်၊ စာနာမှုဆိုင်ရာ ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖွင့်ပေးဖို့ရာ အစ္စရေး အပေါ် ကမ္ဘာလုံးဆိုင်ရာ ဖိအားတွေ သက်ရောက် နေပါတယ်။

တခါ ဆိုက်ပရပ်စ်ကနေ စားနပ်ရိက္ခာ တန်ချိန် ၂၀၀ သယ်ဆောင်လာတဲ့ သင်္ဘောဟာလည်း မိုင် ၂၀၀ ကျော် ခရီးကို ထက်ဝက်ကျိုးလာပြီ ဖြစ်ပါတယ်။ ဒါဟာလည်း ဂါဇာထဲ အစာရေစာတွေ တင်ပို့နိုင်ရေး ပင်လယ် ရေလမ်းကနေပါ လမ်းပွင့်သွားဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ကြိုးစား နေတာ ဖြစ်ပါတယ်။ ဒီသင်္ဘာ ဆိုက်လာရင် သယ်ဆောင်လာတဲ့ အထုပ်အပိုးတွေကို ချနိုင်ဖို့ ယာယီ ဆိပ်ခံ တစ်ခုလည်း တည်ဆောက်ထားပါတယ်။

ဂျေရူဆလင်မ်မှာ ရှိနေတဲ့ နော်ဝေး ဒုက္ခသည်ဆိုင်ရာ ကောင်စီက တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ရှအီနာလိုက ဂါဇာထဲ အထောက်အပံ့ ပစ္စည်းတွေ ဝင်ရောက်နိုင်ဖို့ ဆိုရင် အစ္စရေးရဲ့ သဘောထားက အခရာပဲလို့ ဆိုပါတယ်။

“ထောက်ပံ့ရေးပစ္စည်းတွေ ဝင်ရောက်နိုင်ဖို့ အထိရောက်ဆုံးနဲ့ စားရိတ်အသက်သာဆုံးနည်းလမ်းက နယ်စပ်ဂိတ်တွေကနေ တဆင့် ဖြစ်တယ်ဆိုတာ အားလုံးသိပါတယ်။ အခုကို အီဂျစ်ဘက်ခြမ်း နယ်စပ်မှာ ထရပ်ကားတွေ ရာနဲ့ချီပြီး အသင့်စောင့်နေကြပါတယ်။ ဒါတွေကို အစ္စရေးဘက်က ဝင်ခွင့်ပေးဖို့ပဲ လိုအပ်နေတာပါ။ ငတ်မွတ်ပြီး သေဆုံးရလုဆဲဆဲ အခြေအနေကို အချိန်မှီ တားဆီးနိုင်မလား ဆိုတာ အစ္စရေး အပေါ်မှာပဲ မူတည်နေပါတယ်” ဆိုပြီး ရှအီနာလိုက ပြောပါတယ်။

ရုရှားအတိုက်အခံ လစ်သူအေနီးယားမှာ အပြင်းအထန် ရန်မူခံရ

သံရိုက်တူ အသုံးပြုပြီး ၁၅ ချက်ထက်မနည်း ထုနှက် တိုက်ခိုက်တာ ခံခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, IVAN ZHDANOV

ဓာတ်ပုံ ပုံစာ, သံရိုက်တူ အသုံးပြုပြီး ၁၅ ချက်ထက်မနည်း ထုနှက် တိုက်ခိုက်တာ ခံခဲ့ရ

ထောင်ထဲမှာ ကွယ်လွန်ခဲ့သူ ရုရှား အတိုက်အခံ ခေါင်းဆောင် အလက်ဇီ နဗာလ်နီရဲ့ ရုံးအဖွဲ့မှူး အဖြစ် အလုပ်လုပ်ခဲ့တဲ့ လီယိုနစ်ဒ် ဗော်လ်ကော့ဗ် ဟာ လူတစ်ယောက်ရဲ့ ရန်မူ တိုက်ခိုက်တာ ခံခဲ့ရတဲ့ အတွက် အပြင်းအထန် ဒဏ်ရာ ရသွားပါတယ်။

ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း နိုင်ငံတစ်ခု ဖြစ်တဲ့ လစ်သူအေးနီးယားမှာ ရှိတဲ့ နေအိမ် အပြင်ဘက်မှာပဲ၊ သူ့ကို သံရိုက်တူ အသုံးပြုပြီး ၁၅ ချက်ထက်မနည်း ထုနှက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မစ္စတာ ဗော်လ်ကော့ဗ်က ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် လက်မောင်းရိုး ကျိုးသွားသလို၊ မျက်နှာ အပါအဝင် တစ်ကိုယ်လုံး အနှံ့ ဒဏ်ရာတွေ ရသွားပါတယ်။ တိုက်ခိုက်သူ ဘယ်သူဘယ်ဝါမှန်း မသိသလို၊ အခုထက်ထိ မဖမ်းမိသေးပါဘူး။

လစ်သူအေးနီးယားရဲ့ ဝန်ကြီးချုပ်ဟောင်း ဖြစ်ပြီး လက်ရှိ ဥရောပ ပါလီမန် အမတ် တစ်ဦး ဖြစ်တဲ့ အဲန်ဒရီးယပ်စ် ကူဘီလီယပ်စ်ကတော့ အခု အဖြစ်အပျက်ကို ကြည့်ရင် ရုရှားအစိုးရဟာ သူတို့ရဲ့ အတိုက်အခံတွေ ဥရောပရဲ့ ဘယ်နေရာမှာ ရောက်နေနေ ရန်မူ အပြစ်ပေးနိုင်တာကို ပြသနေတယ်လို့ ဆိုပါတယ်။

ဆူဒန်မှာ ရာမဒန် ဥပုသ်လ ပေမယ့် စစ်မရပ်ဘူးလို့ နှစ်ဖက်စလုံးကပြော

ဆူဒန် ပြည်တွင်းစစ်ကြောင့် လူ ၈ သန်း အိုးအိမ်မဲ့ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆူဒန် ပြည်တွင်းစစ်ကြောင့် လူ ၈ သန်း အိုးအိမ်မဲ့ဖြစ်

ဆူဒန်နိုင်ငံ ပြည်တွင်းစစ်ကို မွတ်ဆလင်မ်တို့ရဲ့ ဘာသာရေး အထွတ်အမြတ် ရာမဒန် ဥပုသ်လ အတွင်း အပစ်ရပ်ထားကြဖို့ နိုင်ငံတကာ တိုက်တွန်းချက်တွေ ရှိနေပေမဲ့ တိုင်းပြည်ကို ထိန်းချုပ်နိုင်ရေး တိုက်ခိုက်နေကြတဲ့ ဆူဒန် စစ်တပ်ဘက်ကရော၊ RSF ပြည်သူ့စစ်တွေကရော လက်မခံဘဲ ဆက်လက် တိုက်ခိုက်သွားကြမယ်လို့ အသီးသီး ပြောကြပါတယ်။

ပြီးခဲ့ရက်ပိုင်းကပဲ နိုင်ငံရဲ့ ရုပ်သံလွှင့်ဌာနကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တဲ့ ဆူဒန်စစ်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒဲလ် ဖာ့ထာ အယ်လ် ဘူရ်ဟန်က RSF တွေကို နေရာအနှံ့ ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။

RSF ပြည်သူ့စစ်တွေဟာ မြို့တော် ခါတူးမ်ရဲ့ နေရာအများစုနဲ့ အနောက်ဒါဖာ ဒေသတို့ကို ထိန်းချုပ်ထားပါတယ်။

ဆူဒန် ပြည်တွင်းစစ်ကြောင့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတဲ့ လူ ၈ သန်း ကို အကူအညီ ပေးဖို့ရာ ဝင်ခွင့် မရှိ ဖြစ်နေသလို၊ လုံလောက်တဲ့ အလှူ ရန်ပုံငွေတွေလည်း မရှိ ဖြစ်နေတယ်လို့ ကူညီရေး အေဂျင်စီ အဖွဲ့တွေက ပြောပါတယ်။

ဂျပန် ပုဂ္ဂလိက ပထမဆုံး ဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်

ဒုံးပျံဟာ ထိုးတက် သွားပြီး စက္ကန့် အနည်းငယ်မှာပဲ ပေါက်ကွဲသွား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒုံးပျံဟာ ထိုးတက် သွားပြီး စက္ကန့် အနည်းငယ်မှာပဲ ပေါက်ကွဲသွား

ဂျပန်နိုင်ငံ အနောက်ဘက်ပိုင်း နေရာကနေ လွှတ်တင်လိုက်တဲ့ ဂျပန် အစိုးရရဲ့ စမ်းသပ်အဆင့် ဂြိုဟ်တုငယ်ကို တင်ဆောင်ထားတဲ့ ဒုံးပျံဟာ လွှတ်တင်ပြီး မကြာခင်မှာပဲ ပေါက်ကွဲ သွားပါတယ်။ ပေ ၆၀ နီးပါး ရှည်တဲ့ ဒုံးပျံဟာ ထိုးတက် သွားပြီး စက္ကန့် အနည်းငယ်မှာပဲ ပေါက်ကွဲသွားပြီး မီးခိုးလုံးကြီး နဲ့ မီးတောက်မီးလျှံတွေ အသွင် ကူးပြောင်းသွားပါတယ်။

ဒီ အစိုးရ ဂြိုဟ်တုကို ကမ္ဘာပတ် လမ်းကြောင်းထဲကို ပို့ဆောင်ဖို့ရာ တိုကျိုမြို့တော် အခြေစိုက် ပုဂ္ဂလိက ကုမ္မဏီ စပေ့စ်ဝမ်း က တာဝန်ယူထားတာ ဖြစ်ပါတယ်။ အောင်မြင်ခဲ့ရင်တော့ ဂျပန်ကုမ္ပဏီတွေထဲ ဂြိုဟ်တု လွှတ်တင်နိုင်တဲ့ ပထမဆုံး ကုမ္ပဏီဖြစ်လာဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ အခု ဘာကြောင့် ပေါက်ကွဲခဲ့ရသလဲ ဆိုတာကို စုံစမ်းနေတယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။