ဒီဇင်ဘာ ၁၇ ရက်ထိပ်တန်းသတင်းများ - ကော့ကရိတ်၊ ကော့နွဲ့တံတားကျိုး

ဓာတ်ပုံ ရင်းမြစ်, Social Media
ထို့ကော်ကိုးလမ်းပိုင်းကို အသွားတရက်၊ အဆင်းတရက်ယာယီသတ်မှတ်လိုက်တယ်လို့ ယာဉ်မောင်းတွေပြော
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက်မှာရှိတဲ့ ကော့နွဲ့ကျေးရွာချောင်းကူးတံတားဟာ မနေ့ ဒီဇင်ဘာ ၁၆ ရက်ညပိုင်းမှာ ပြိုကျပျက်စီးခဲ့တယ်လို့ ယာဉ်မောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ ဒီကနေ့အထိ ကော့ကရိတ်မြို့တဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အာရှလမ်းမကြီးတကြောကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားလာခွင့်ပိတ်ထားခဲ့ပြီး ထို့ကော်ကိုးလမ်းပိုင်းကနေ ပြောင်းလဲသွားလာနေရတာဖြစ်ပါတယ်။
"မနက်ဖြန်ကစပြီး ထို့ကော်ကိုးလမ်းပိုင်းမှာလည်း ရန်ကုန်ကနေ မြဝတီအတက် တစ်ရက်၊ မြဝတီကနေ ရန်ကုန် အဆင်းတစ်ရက် တစ်လှည့်စီသွားရတော့မယ်" လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ထို့ကော်ကိုးလမ်းပိုင်းဟာ အဝေးပြေးကားလမ်းမကြီးမဟုတ်တာကြောင့် လမ်းပန်းသွားလာရခက်ခဲလေ့ရှိသလို အခုလိုသတ်မှတ်လိုက်တာကြောင့်ပါ ကုန်ပစ္စည်းသယ်ယူတာနောက်ကျနိုင်ကြောင်း ထိုင်း - မြန်မာကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအချို့က သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ အသီးသီးရေးသားဖော်ပြထားကြပါတယ်။
အာရှလမ်းမကြီးပေါ်နဲ့ လမ်းဟောင်းပိုင်းကိုလည်း တော်လှန်အင်အားစုတွေစိုးမိုးထားတယ်လို့ သိရပြီး ကော့ကရိတ်မြို့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်စခန်းငယ်တွေကို သိမ်းယူရရှိထားတာရှိတယ်လို့ ကျားဖြူ တပ်ခွဲ ၁ ကနေ သိရပါတယ်။
"ဒီမနက်လည်း တိုက်ပွဲဖြစ်တာအချို့ရှိပါတယ်။ ကော့ကရိတ်အနှံ့မှာဖြစ်နေတာပါ။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းတွေတော့ လအစပိုင်းတုန်းက အတော်သုံးတယ်။ ရွာတွေထဲကျလို့ မီးလောင်တာတွေလည်းရှိတယ်" လို့ ကျားဖြူတပ်ခွဲ ၁ ရဲ့ တပ်ခွဲမှူးက ပြောပါတယ်။
ဒေသအခြေစိုက်မီဒီယာတွေရဲ့ ဖော်ပြချက်အရလည်း မြို့တွင်းတိုက်ပွဲကြောင့် ကုန်ပစ္စည်းပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကိုကြုံနေရပြီး ဒေသခံတွေ စားနပ်ရိက္ခာလိုအပ်မှုရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီကို ကြားက ကူညီနေတဲ့ဘဏ်နဲ့ကုမ္ပဏီတွေကိုဒဏ်ခတ်ရေး NUCC တောင်းဆို

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က စစ်ကောင်စီအပေါ်ချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ဂျက်လေယာဉ်လောင်စာဆီ၊ အရပ်သုံးနဲ့စစ်ကားသုံးနိုင်တဲ့ နှစ်မျိုးသုံးလောင်စာဆီတွေကို ဝယ်ယူနိုင်ဖို့ ဆောင်ရွက်ပေးနေတဲ့ ဘဏ်တွေ၊ ကုမ္မဏီတွေနဲ့ သင်္ဘောအေဂျင်စီတွေကို ပြစ်ဒဏ်ပေးဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တောင်းဆိုလိုက်ပါတယ်။
အခုလို စီးပွားရေးပိတ်ဆို့မှုစည်းမျဉ်းတွေကို အဓိကချိုးဖောက်နေတာဟာ အပြည်ပြည်ဆိုင်ရာဘဏ်တွေဖြစ်တယ်လို့ NUCC က ပြောပါတယ်။
ဒါအပြင် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ လောင်စာဆီတင်သင်္ဘော ၁၂ စင်း ဆိုက်ရောက်ခဲ့ပေမဲ့ ပြည်သူတွေကတော့ လောင်စာဆီပြတ်လပ်မှုကိုကြုံတွေ့နေရဆဲလို့ ထောက်ပြပါတယ်။
" ဒီဆီတွေက က က ရေ ဗိုလ်တထောင် (ရေတပ်စခန်းဌာနချုပ်)၊ MEC ထောက်ပို့ရေး မင်္ဂလာဒုံ၊ စစ်တပ်ပိုင်သံမဏိစက်ရုံ၊ လေကြောင်းပို့ဆောင်ရေးဦးစီးဌာနတွေဆီ အဓိက ရောက်နေတယ်ဆိုတဲ့ မှတ်တမ်းတွေ ကျွန်တော်တို့မှာရှိပါတယ်" လို့ NUCC ကောင်စီဝင် ဦးမောင်မောင်က ပြောပါတယ်။
ဒါအပြင် နိုင်ငံတကာအနေနဲ့ စီးပွားရေးပိတ်ဆို့ပေမဲ့ အရေးယူဒဏ်တပ်ခြင်းမရှိတာကြောင့် စစ်ကောင်စီအနေနဲ့ အခုအချိန်အထိ ဒေါ်လာအသုံးပြုလို့ရနေသလို လောင်စာဆီတွေဝယ်လို့ရနေတုန်းပဲလို့ သူက ဆက်ပြောပါတယ်။
အခုလို စစ်ကောင်စီကိုအရေးယူဖို့တောင်းဆိုတာဟာ NUCC နဲ့ NUG တို့တွေ့ဆုံဆွေးနွေးထားတဲ့ မဟာဗျူဟာအရလုပ်ဆောင်ရတာလို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် ဆောင်ရွက်နေတဲ့ NUCC ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဖွဲ့စည်းပေးခဲ့တဲ့အဖွဲ့ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အတူ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ သပိတ်ကော်မတီတွေ၊ CDMကိုယ်စားပြုအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေသာမက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပါ ပေါင်းစုဖွဲ့စည်းထားတာပါ။
လက်ရှိမှာတော့ စစ်ကောင်စီလက်အောက် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တို့ ပိတ်ဆို့အရေးယူခံထားသလို စင်္ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ရဲ့ ထပ်ဆင့်ပိတ်ဆို့မှုတွေကိုလည်း စစ်ကောင်စီကြုံတွေ့နေရတာဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကတော့ စက်သုံးဆီလိုအပ်ချက်အတွက် အချိန်မီဖြည့်ဆည်းပေးနေကြောင်း မကြာခဏထုတ်ပြန်ကြေညာခဲ့ပေမဲ့ နိုဝင်ဘာလဆန်းပိုင်းကစလို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာပါ စက်သုံးဆီပြတ်လပ်မှုတွေကြုံတွေ့နေရတာကို မြို့ခံတွေဆီက သိရပါတယ်။
အခွန်ဆောင်ရေး စစ်ကောင်စီတိုက်တွန်းမှုကို ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, CJ
ထိုင်းရောက် မြန်မာလုပ်သားတွေကို အခွန် ၂ ရာခိုင်နှုန်းပေးဆောင်ဖို့ စစ်ကောင်စီရဲ့ တိုက်တွန်းချက်ကို ကန့်ကွက်ကြောင်း ထိုင်းရောက်မြန်မာလုပ်သားတွေက ဘန်ကောက်မြို့မှာ ဒီနေ့ မနက်ပိုင်း ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။
ကုလသမဂ္ဂရုံးအရှေ့မှာ ပြုလုပ်ခဲ့တဲ့ဒီဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်သူတွေကတော့ အခွန်ဆောင်ရေး ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးရဲ့ အားထုတ်မှုကို ကန့်ကွက်တဲ့အပြင် အခွန် ၂ ရာခိုင်နှုန်းကိုလည်း ပေးဆောင်ဖို့ မရှိတဲ့အကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။
ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကတော့ ထိုင်းရောက် ကာယ ဉာဏ လုပ်သားတွေအနေနဲ့ လစာရဲ့ အခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက တိုက်တွန်းနှိုးဆော်နေပါတယ်။
ဝန်ငွေခွန်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေကို အခွန်သွင်းထားတဲ့ အထောက်အထားလက်မှတ်ထုတ်ပေးနေပြီး အဲဒီလက်မှတ်ကို သံရုံးမှာ နိုင်ငံကူးလက်မှတ်လဲလှယ် သက်တမ်းတိုးတာ၊ သက်သေခံလက်မှတ် (CI) ပြုလုပ်တာ၊ ကိုယ်စားလှယ်လွှဲစာ၊ ထောက်ခံစာနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) လုပ်တဲ့အခါမှာ ပြသဖို့ လိုမယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဟာ ပြည်ပရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဝင်ငွေခွန်ဆောင်ကြဖို့ သက်ဆိုင်ရာ သံရုံးတွေကနေတဆင့် ထုတ်ပြန်တိုက်တွန်းနေပါတယ်။
ပြည်ပရောက်နိုင်ငံသားတွေဟာ သူတို့ရောက်ရှိနေတဲ့ သက်ဆိုင်ရာနိုင်ငံတွေကိုလည်း အခွန်ဆောင်နေရတဲ့အတွက် အခုလိုသာ အခွန်ထပ်ဆောင်ရမယ်ဆိုရင် နှစ်နိုင်ငံအတွက် နှစ်ထပ်ကွမ်း အခွန်ဆောင်ရတော့မှာ ဖြစ်ပါတယ်။
လောက်ကိုင်ပြန် ထိုင်း ၁၀၀ ကျော်ထဲက ၁၀ ဦး ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, Royal Thai Army
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာပိတ်မိနေခဲ့တဲ့ထိုင်းနိုင်ငံသား ၁၁၁ ဦးကို အမှတ် (၂) ထိုင်း - မြန်မာချစ်ကြည်ရေးတံတားကတဆင့် မြန်မာကနေ ထိုင်းဘက်ကို ဒီဇင်ဘာ ၁၅ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး အဲဒီထဲက ၁၀ ဦးကတော့ အွန်လိုင်းငွေကြေးမှုတွေပါဝင်နေတာကြောင့် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။
နှစ်နိုင်ငံနယ်စပ် ချင်းရိုင်မြို့ကတဆင့် လွှဲပြောင်းရယူခဲ့သူတွေထဲက ထိုင်းနိုင်ငံသား အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို မယ်ဆိုင်ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ကျန်ရှိသူတွေထဲက အမျိုးသား ၆၇ ဦးကို ချင်းရိုင်စေတနာ့ဝန်ထမ်းကာကွယ်ရေးတပ်ဖွဲ့ဆီပို့ခဲ့ပြီး အမျိုးသမီး ၃၄ ဦးကိုတော့ အမျိုးသမီးအရေးလုပ်ဆောင်တဲ့ New Life Center Foundation ကို ပို့ဆောင်ကာ စစ်ဆေးမေးမြန်းမှုတွေဆက်လုပ်ဖို့ရှိနေပါတယ်။
လွတ်မြောက်လာသူတွေထဲက တစ်ဦးက ထိုင်းသတင်းထောက်တွေကိုပြောပြချက်အရ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မှာရှိတဲ့ ဝက်ဆိုဒ်စီမံခန့်ခွဲရေးလုပ်ဆောင်ဖို့ တစ်လကို လစာ ဘတ် နှစ်သောင်းပေးမယ်ဆိုပြီး ကမ်းလှမ်းတဲ့ကြေညာတစ်ခုကို ဖေ့စ်ဘုတ်မှာတွေ့ခဲ့ရာကနေ အခုလိုကြုံတွေ့ရတာလို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
အဲဒီထိုင်းနိုင်ငံသားဟာ ဇူလိုင်လတုန်းက မယ်ဆိုင်မြို့ကိုအရင်ရောက်ရှိခဲ့ပြီး အဲ့ကတဆင့် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ကိုရောက်ရှိခဲ့ပြီး တရုတ်ဂိုဏ်းတစ်ခုကို ရောင်းစားခံခဲ့ရသလို ထိုင်းနိုင်ငံသားတွေဆီကနေ တစ်ဦးကို ဘတ်ငွေ ကိုးသောင်းအထိ ငွေကြေးလိမ်လည်ဖို့ စေခိုင်းခံခဲ့ရတဲ့အကြောင်းအပါအဝင် စေခိုင်းတဲ့ပမာဏပြည့်မှီအောင်မလိမ်လည်နိုင်ရင် အစားအသောက်မကျွေးဘဲထားလေ့ရှိကြောင်း လွတ်မြောက်လာသူတွေက ထုတ်ပြောပါတယ်။
ဒီပိတ်မိနေသူရာနဲ့ချီကို ပြီးခဲ့တဲ့သောကြာနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့တုန်းက စစ်ကောင်စီရဲ့ တာချီလိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးဦးဆောင်ပြီး ထိုင်းစစ်တပ်တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးခဲ့တာလို့ ထိုင်းဘက်ကလာတဲ့သတင်းတွေအရ သိရပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရလည်း လောက်ကိုင်အပါအဝင် ရှမ်းပြည်ကမြို့အချို့ကနေကယ်ထုတ်ထားတဲ့ထိုင်းနိုင်ငံသား အယောက် ၄၀၀ ကျော်အထိရှိနေပါတယ်။
ရေဦးနဲ့ဒီပဲယင်းမှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာဒါဇင်နဲ့ချီက ဒေသခံတွေထွက်ပြေးနေရ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်စစ်ရှောင်ကူညီထောက်ပံ့ရေး
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ထဲကို ဒီဇင်ဘာ ၁၆ ရက်ကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာဒါဇင်နဲ့ချီက ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ဘီဘီစီကိုပြောပါတယ်။
မနေ့တုန်းက ရေဦးမြို့၊ မုတ်စီရွာကနေ စစ်ကြောင်းစထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ရေဦး - ဒီပဲယင်းအစပ်က မစိုးရိမ်ရွာကို ရောက်ချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)အဖွဲ့ဝင်တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကြတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
"မစိုးရိမ်ရွာအထွက် နေ့လယ် ၁၁ နာရီလောက်မှာ PDF တပ်ရင်းတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေပေါင်းပြီး တိုက်ကြတာ ၄၅ မိနစ်လောက်တော့ကြာမယ်။ စစ်ကောင်စီဘက်ကလည်း ရွာကနေအိမ်အချို့မီးရှို့ပြီး ထွက်ကြတာပေါ့လေ။ အချိန်မီ မီးငြိမ်းလိုက်နိုင်လို့ အပျက်အစီးမများဘူး" လို့ မြေပြင်အခြေအနေသိရှိသူ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ညပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညောင်လှရွာနဲ့ မူးခတွင်းရွာ လမ်းဆုံအနီးတပ်စွဲခဲ့ကြပြီး ဒီကနေ့ မနက်အစောပိုင်းမှာ ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်းက အောင်ချမ်းသာရွာကို လက်နက်ကြီးပစ်ခတ်ပြီး ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
အောင်ချမ်းသာရွာဟာ စစ်ကောင်စီတပ်တွေမကြာခဏ စစ်ကြောင်းထိုးလေ့ရှိတာကြောင့် ရွာခံအများစုစစ်ပြေးရှောင်နေကြရပြီး ဒီပဲယင်းမြို့နယ်အတွင်း အမြဲတမ်းစစ်ရှောင်နေရတဲ့ ကျေးရွာတွေထဲက တစ်ရွာဖြစ်တယ်လို့ ကူညီပေးနေသူက ပြောကြပါတယ်။








