ဖေဖော်ဝါရီ ၁၁ ရက် ညနေခင်း ထိပ်တန်း နိုင်ငံတကာ သတင်းများ
တူရကီ၊ ဆီးရီးယား ငလျင် သေဆုံးသူ နှစ်သောင်းငါးထောင်ကျော်ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တူရကီနဲ့ ဆီးရီးယား နိုင်ငံတွေမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ငလျင်ကြီး လှုပ်ခတ် ပြီးတဲ့ နောက်မှာ အေးခဲနေတဲ့ ရာသီဥတုကြားထဲက အပျက်အစီးပုံတွေအောက်မှာ အသက်ရှင် ကျန်ရစ်သူတွေ ရှိနိုင်လားဆိုပြီး ဆက်လက် ရှာဖွေမှုတွေ လုပ်နေ ကြပါတယ်။
နှစ်နိုင်ငံ နယ်စပ်က လူပေါင်း ၉ သိန်းလောက်ဟာ အရေးပေါ် စားနိုင်တဲ့ ပူပူနွေးနွေး အစားအစာတွေ လိုအပ် နေတယ်လို့ ကုလသမဂ္ဂ အဖွဲ့က ပြောကြားပါတယ်။
ဒါ့အပြင် ငလျင်ကြောင့် လူပေါင်း ၁ သန်းကျော်ဟာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့လည်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောကြားပါတယ်။
လတ်တလော ရရှိတဲ့ စာရင်းတွေ အရ ဆီးရီးယားနဲ့ တူရကီမှာ ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ နှစ်သောင်းငါးထောင်ကျော် ရှိသွားခဲ့ပါပြီ။
ငလျင်ကြောင့် တူရကီမှာ သေဆုံးသူ နှစ်သောင်း ကျော်ရှိနေပြီ ဖြစ်ကြောင်း သမ္မတ ရီကျက် တိုင်ရစ် အာဒိုဝန်က ပြောကြားပါတယ်။
အပျက်အစီးပုံတွေကြားထဲက အသက်ရှင် ကျန်ရစ်သူ အနည်းငယ်ကိုလည်း ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဆီးရီးယားထဲက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အကူအညီတွေပေးဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောကြားနေပါတယ်။
အမေရိကန်မှာ အမည်မသိ မိုးပျံအရာဝတ္ထု တစ်ခုကို ပစ်ချ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ပြည်ထောင်စု၊ အလက်စကာ ဒေသ လေပိုင်နက်ထဲရောက်နေတဲ့ အရာဝတ္ထု တစ်ခုကို ပစ်ချခဲ့ပြီးနောက်မှာ အပျက်အစီးအပိုင်းအစတွေကို ပြန်လည်ရှာဖွေနေကြပါတယ်။
အဲဒီ အရာဝတ္ထုဟာ မောင်းသူမဲ့ပြီး ထိန်းသိမ်းမောင်းနှင်နိုင်တဲ့ လေယာဥ် အမျိုးအစား မဟုတ်ဘဲ သာမန် ကားတစ်စီး အရွယ်လောက်ရှိကြောင်း ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပက် ရိုက်ဒါ က အကျဉ်းချုပ် ရှင်းပြပါတယ်။
အရပ်ဘက် လေကြောင်း သွားလာရေး နဲ့ တူညီတဲ့ အမြင့်မှာ ပျံသန်းနေတဲ့ အဲဒီ အရာဝတ္ထုဟာ ဘေးကင်း လုံခြုံရေးအတွက် ခြိမ်းခြောက်လာနိုင်တယ်ဆိုပြီး ပစ်ချ ဖို့ သမ္မတ ဂျိုးဘိုင်ဒန်က အမိန့်ပေးခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီ လေထဲမှာ ပျံသန်းနေတဲ့ အရာဝတ္ထုဟာ ဘာတွေစွမ်းဆောင်နိုင်သလဲ။ ဘယ်က ရောက်လာတာလဲ ဆိုတဲ့ ကိစ္စကိုတော့ ပင်တဂွန် စစ်ဌာနချုပ် ပြောရေး ဆိုခွင့် ရှိသူက ရှင်းပြခြင်း မရှိခဲ့ပါဘူး။
ဒါဟာ ပြီးခဲ့တဲ့ တစ်ပတ် က တရုတ် မိုးပျံ စပိုင် ပူဖောင်း တစ်လုံးကို အမေရိကန်တို့က ပစ်ချခဲ့ပြီးနောက်လေပိုင်နက်ထဲမှာ နောက်ထပ် တွေ့ရတဲ့ အရာဝတ္ထု တစ်ခုလည်း ဖြစ်ပါတယ်။
အီရန် အစိုးရ ထောက်ခံရေး ဆန္ဒပြပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်နိုင်ငံမှာ ဘုရင်စနစ်ကို ဖျက်သိမ်းပြီး ဘာသာရေးခေါင်းဆောင်တွေက နိုင်ငံကို အုပ်ချုပ်တဲ့ စနစ်ကို ထူထောင်တဲ့ ၄၄ နှစ်မြောက် အခမ်းအနားတွေကို နိုင်ငံတဝန်းမှာ ကျင်းပခဲ့ရာမှာ အီရန် အစိုးရကို ထောက်ခံသူတွေက မြို့ကြီးတွေမှာ လှည့်လည် ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။
တီဟီရန် မြို့က အက်ဇာဒီရင်ပြင်မှာ အစိုးရ ထောက်ခံသူတွေက အမေရိကန်နဲ့ အစ္စရေးနိုင်ငံတွေကို ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြပြီး၊ အီရန်က ထုတ်တဲ့ မစ်ဇိုင်း ဒုံးကျည်နဲ့ ဒရုန်းတွေရဲ့ အစွမ်းကို တွေ့မြင်ရမယ် ဆိုပြီးတော့လည်း ကြွေးကြော်ခဲ့ကြပါတယ်။
အီရန်နိုင်ငံမှာ ပြီးခဲ့လတွေတုန်းက ဘာသာရေး ရဲတွေဖမ်းဆီး ထိန်းသိမ်းထားစဉ် အမျိုးသမီး တစ်ဉီး သေဆုံးခဲ့ရမှုအတွက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး နောက်မှာ အစိုးရက စီစဉ်တဲ့ ထောက်ခံ ဆန္ဒပြပွဲတွေ ပြန်လည် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
မနေ့တုန်းကလည်း အီရန်နိုင်ငံက အစ္စလမ်မစ် သမ္မတ နိုင်ငံကို ဆန့်ကျင်တဲ့ လူသိများတဲ့ တော်လှန်ရေး သမားတွေဟာ အမေရိကန်နိုင်ငံ ဝါရှင်တန် မြို့မှာ တွေ့ဆုံခဲ့ကြပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
ယူကရိန်း အရှေ့ခြမ်းမှာ ရုရှား ထိုးစစ်ဆင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားတို့ အနေနဲ့ စစ်ရေးအရ သိသိသာသာ ဆုံးရှုံးမှုတွေ ရှိနေပေမဲ့လည်း ယူကရိန်း အရှေ့ခြမ်း ဒေသ ၅ ခုမှာ ထိုးစစ်တွေ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ယူကရိန်း စစ်ဘက် ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒွန်ညက်စ် ပြည်နယ်က ဘက်မြု၊ လေမန်ဒေသ နဲ့ နိုင်ငံမြောက်ဘက်ခြမ်းက ခါကိဗ် ဒေသတွေမှာ ရုရှားတို့က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။
မနေ့က ဘက်မြုဒေသထဲမှာ ဆိုရင် ရုရှားတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲ ၄၄ ကြိမ် အထိ ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်း စစ်တပ်ဘက်က ပြောပါတယ်။
ရုရှား အနေနဲ့ ဘက်မြုဒေသမှာ အဓိက ထောက်ပံ့ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ယူကရိန်းတို့ရဲ့ ပြင်းထန်တဲ့ ခုခံမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း ရုရှားရဲ့ ကြေးစားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ဗာဂနာ အဖွဲ့ ခေါင်းဆောင်က ပြောကြားသွားခဲ့ပါတယ်။
ယူကရိန်းကို တိုက်လေယာဉ်ထောက်ပံ့မှု အခက်အခဲရှိနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းရဲ့ အခိုင်မာဆုံး မဟာမိတ် ဖြစ်တဲ့ ပိုလန် နိုင်ငံ သမ္မတ က တိုက်လေယာဉ် တွေ ယူကရိန်းကို ထောက်ပံ့ပေးမဲ့ ကိစ္စဟာ အခက်အခဲဆုံး ဖြစ်လာနိုင်တယ် ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံထုတ် F16 ဂျက်တိုက်လေယာဥ်တွေ ယူကရိန်းကို ထောက်ပံ့မယ် ဆိုရင် နေတိုး စစ်မဟာမိတ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခွင့်ပြုချက် ရရှိဖို့ လိုအပ်မှာ ဖြစ်ကြောင်း ပိုလန် သမ္မတ အန်ဒရေ ဒူဒါးက ဘီဘီစီကို ပြောပါတယ်။
F16 တိုက်လေယာဉ်တွေ အတွက် နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့မှု လိုအပ်မှာ ဖြစ်ပြီး နေတိုး အဖွဲ့ဝင်နိုင်ငံတွေဆီကနေ နည်းပညာ ပံ့ပိုးမှု မဖြစ်မနေ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
ပိုလန် နိုင်ငံ အနေနနဲ့ ကိုယ်ပိုင် ကာကွယ်ရေးအတွက် F16 တိုက်လေယာဥ် အစီး ၅၀ လောက်သာ ရှိပြီး ယူကရိန်းကို ထောက်ပံ့ပေးဖို့အတွက် မဖြစ်နိုင်သေးဘူး ဆိုပြီး ဘီဘီစီ နဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားခဲ့ပါတယ်။








